ထနောင်းမေ
“တံခွန်မရှိတဲ့ ကုက္ကား၊ အလံမရှိတဲ့ ရထား၊ လင်သားမရှိတဲ့ မိန်းမ မတင့်တယ်”လို့ဆိုကာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဘဝကို လူမှုစံနှုန်းတွေကတစ်ဆင့် ကန့်သတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်တခုကိုအဆုံးသတ်ဖို့ကိစ္စကို မြန်မာ့လူမှုအသိုင်းက တားကြတာ များပါတယ်။ နောက်ပိုင်းပွင့်လင်းလာတဲ့ ခေတ်မှသာ ဒီအရေးအရာကို ထူးခြားဖြစ်စဉ်လို မမြင်ကြတော့တာပါ။
ဒီလိုလူမှုစံနှုန်း၊ကန့်သတ်ချက်တွေကို ကျော်လွန်ကာ ဘဝခရီးကိုခပ်ရဲရဲလျှောက်နေတဲ့ အမျိုးသမီးတွေရှိပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ စစ်ကောင်စီကိုတွန်းလှန်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်တွေထဲ ဝင်ရောက်သွားကြတဲ့ အမျိုးသမီးတွေကို မိသားစုတွေဘက်က အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာမှုတွေ အာဏာသိမ်းမှုအစောပိုင်းကာလမှာ ခပ်စိတ်စိတ်မြင်တွေ့ခဲ့ရပါတယ်။ မိဘက စစ်တပ်ထောက်ခံသူ၊ စစ်တပ် အသိုင်းအဝိုင်းက ဖြစ်တဲ့အတွက် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သားသမီးဖြစ်သူတွေနဲ့ ရှင်ခန်းဖြတ်ကြတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
ကိုယ်အားပေးကြိုက်နှစ်သက်တဲ့အဆိုတော်၊ စာရေးဆရာ၊ သရုပ်ဆောင်စတဲ့အနုပညာရှင်တွေထဲမှာလည်း စစ်ကောင်စီကိုထောက်ခံသူတွေဖြစ်သွားခဲ့ရင် မျက်ကွယ်ပြုကြတဲ့ ပရိတ်သတ်တွေရှိပါတယ်။
ဒီလိုဖြစ်စဉ်တွေထဲမှာမှ ဘဝတခုကိုအတူတူ ထူထောင်ပြီး အေးအတူပူအမျှဖြတ်သန်းခဲ့ကြပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ကျောခိုင်းလိုက်ရတဲ့ ဇနီးမောင်နှံတွေလည်းပါဝင်ပါတယ်။
နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက်မတူတဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့လမ်းခွဲကာ ဘဝကိုတစ်ဦးထဲဖြတ်သန်းနေတဲ့ CDM အမျိုးသမီးတွေလည်းရှိပါတယ်။
အဲ့ဒီအထဲမှာ မမြ(အမည်လွှဲ)တစ်ယောက်လည်းပါဝင်ပါတယ်။ အိမ်ထောင် သက်တမ်း(၈)နှစ်ရှိတဲ့ခင်ပွန်းဖြစ်သူနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ သဘောထားချင်းမတိုက်ဆိုင်တဲ့အတွက် တရားဝင်ကွာရှင်းပြတ်ဆဲခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့နောက်မှာ CDM လုပ်တဲ့အတွက် ခင်ပွန်းဖြစ်သူကသဘောမကျခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူကိုလည်း CDM လုပ်ဖို့တိုက်တွန်းခဲ့ပါသေးတယ်။နောက်ပိုင်း သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် သူလည်းသူ့လမ်း သူလျှောက် ကိုယ်လည်းကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းခွဲခဲ့ကြပါတယ်။
ကိုယ်တိုင်လည်း လူမှုကွန်ရက်မှာ CDMလုပ်ဖို့တိုက်တွန်းတာ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင်း ပေါ်ပေါ် ထင်ထင်ပြောဆိုတာ သတင်းမီဒီယာတွေမှာ အင်တာဗျူးဖြေတာတွေကြောင့် စစ်ကောင်စီထောက်ခံတဲ့ တယ်လီ ဂရမ်ချန်နယ်တွေကနေ လိပ်စာနဲ့တကွဖမ်းဆီးဖို့ ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက် ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။ မမြနဲ့အတူ လူမမယ်အရွယ် သားသမီး(၃)ယောက်အတူပါလာခဲ့တယ်။
ကလေးတွေ မွေးစကနေအသက်ငါးနှစ်အတွင်းအချိန်တွင်းမှာ မိခင်ရော ဖခင်ရောရဲ့အကူအညီ အရမ်းလိုအပ်တဲ့အချိန်ဖြစ်ပြီး ဖခင်မပါဘဲကလေးတွေကို ကိုယ်တိုင်ပြုစုပျိုးထောင်ရတာ ကလေးတွေအတွက်လည်းမကောင်းသလို ကိုယ်တိုင်လည်းအရမ်းပင်ပန်းခဲ့ရတယ်လို့ မမြကဖွင့်ဟပါတယ်။
အားသာချက်အနေနဲ့ကတော့ ကလေးတွေနဲ့ပတ်သက်ရင် ကိုယ့်စိတ်တိုင်းကျပြုစုပျိူးထောင်လို့ရသလို ခင်ပွန်းကိုမှီခိုပြီး သူ့ဩဇာအောက်မှာ နေရတာမဟုတ်တဲ့အတွက် သူနဲ့သာဆိုရင်ကိုယ်လုပ်နိုင်မှာမဟုတ်တဲ့ အရာတွေ၊ ဆုံးဖြတ်ချက်တွေကိုလွတ်လွတ်လပ်လပ်ချနိုင်ခဲ့တယ်လို့သူကဖွင့်ဟပါတယ်။“ကလေးတွေအတွက် အရေးကြီးတဲ့ကိစ္စအားလုံးမှာတာဝန်ကျေတယ်။ အရေးမကြီးတဲ့ကိစ္စတွေမှာ အနည်းငယ်ဖြေ လျော့ပေးလိုက်တာရှိတယ်။ ဥပမာ သူတို့ရဲ့ စည်းကမ်းမှာ သွားတိုက်တဲ့အကျင့်မရတာမျိုးကျန်မယ်။ နမူနာပြောတာ ဒါမျိုးကို မကျင့်ပေးနိုင်ဘူးဆိုတာရှိပေမယ့် အရေးကြီးတဲ့ကျန်းမာရေးပိုင်းဆိုရင် ကျန်းမာတဲ့ကလေးတွေဖြစ်အောင်မွေးနိုင်တယ်”လို့ ပြောပြပါတယ်။
ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာကျန်းမာ၊ ဝဖြိုးပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်အောင်၊ ကျောင်းစာလိုက်နိုင်တဲ့ ကလေးတွေဖြစ်အောင် ထားပေးနိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ပညာရေးအတွက် ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့အတွက်လည်း တခြားဆင်းရဲဒုက္ခတွေခံရတာမျိုးရှိပါတယ်။
“သူတို့မိခင်မေတ္တာကိုနားလည်တယ်။ အဲ့အတွက် ကျွန်မက ကြိုးစားအားထုတ်မှုအများကြီးလုပ်ရတယ်။ ပင်ပန်းတယ်။ ဒါပေမယ့် ဒါက မဖြစ်မနေလုပ်ရမှာဖြစ်လို့ အဲ့တာဝန်ကိုကျေနိုင်တယ်။ ရင်အုပ်မကွာ စောင့်ရှောက်နိုင်တယ်”လို့မမြကဆက်ပြောပါတယ်။
ခင်ပွန်းဟောင်းဖြစ်သူကလည်း အစိုးရဝန်ထမ်းဖြစ်တာကြောင့် နဂိုကတည်းက အဝေးမှာသာတာဝန်ကျပြီးကလေးတွေနဲ့ အနေဝေးသူဖြစ်ပါတယ်။
ဒီလိုလမ်းခွဲလိုက်တဲ့အတွက်လည်း မိဘ၊ မောင်နှမတွေကလည်း မမြဘက်မှာအပြည့်အဝရပ်တည်ခဲ့ပါတယ်။ တစ်ယောက်ထဲရပ်တည်တဲ့အခါမှာ အပြစ်တင်တဲ့ ပတ်ဝန်းကျင်မျိုးတော့မကြုံတွေ့ခဲ့ရပါဘူး။
“သူနဲ့လမ်းခွဲလိုက်မှဘဝက အရမ်းပြောင်းလဲသွားတာမဟုတ်ဘူး။ နဂိုကတည်းက ကိုယ်က ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်ပြီး ရပ်တည်နေတဲ့သူဖြစ်ခဲ့တယ်။ နဂိုကတည်းက ရှေးရိုးစွဲတဲ့အတိုင်းနေလာတာမဟုတ်ဘူး။ မိန်းကလေးဆိုတာ ဘယ်လိုဆိုတဲ့ဘောင်ထဲမှာမနေခဲ့ဘူး။ မိဘကလည်း မထားခဲ့ဘူး။ မိဘကလည်း ရှေးရိုးစွဲ မဟုတ်ဘူး။ ထူးခြားပြီးမရှိပါဘူး”လို့ကပြောပါတယ်။
သူကိုယ်တိုင်အနေနဲ့ နိုင်ငံရေးခံယူချက်မရှိဘဲ တာဝန်ကျေချင်တဲ့သူတစ်ယောက်မဖြစ်ခဲ့ဘူးဆိုရင် ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့မှာမဟုတ်ပါဘူး။
“ယုံကြည်ချက် နောက်ကိုလိုက်သွားတယ်။ လိုက်သွားတဲ့အခါမှာ မိသားစုအရေးတို့ နှလုံးသားအရေးတို့ ဝမ်းရေးတို့ တွေကမရှိတော့ဘူး။ မိန်းကလေးတယောက်ကို နိုင်ငံရေးခံယူချက်က အများကြီးပြောင်းလဲစေပါတယ်”လို့ သူ့ ယုံကြည်ချက်ကိုပြောပါတယ်။
မမြနည်းတူ CDM ပြုလုပ်ကာ ခက်ခဲကြမ်းတမ်းမှုတွေကို ဖြတ်ကျော်နေသူကတော့ ဒေါ်မူမူ (အမည်လွှဲ)ပါ။ အသက်(၅၁)နှစ်အရွယ် ဒေါ်မူမူဟာလည်း စစ်အာဏာသိမ်းပြီးနောက်မှာ CDM ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ ဒေါ်မူမူနဲ့အတူ အရွယ်ရောက်ပြီးတဲ့ သမီးနှစ်ဦးကလည်း မိခင်ကိုခွန်အားဖြည့်ရင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ပါတယ်။ နောက်ပိုင်း မလုံခြုံတော့တဲ့အခြေအနေတွေကြောင့် တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာရပါတော့တယ်။
“ဒီမှာကျ ကိုယ့်တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တယ်လေ၊ ဒီမှာကျတော့ ထောက်ပို့လည်းလုပ်လို့ရတယ်။ အလုပ်လုပ်ပြီး ထောက်ပို့လုပ်လို့ရတယ်။ pdf ထဲက ကလေးတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ ပြည်တွင်းမှာဆိုရင် အလုပ်လုပ်ရမှာခက်တယ်။ CDMတွေဆို ခက်တယ်။ တချို့အမျိုးတွေဆိုမလာစေချင်ဘူး။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက သတိထားမိနေပြီဆို တမြို့ပြောင်းရပြန်ရောကိုယ်ကြောင့် သူတို့ပါအန္တာရာယ် ဖြစ်မှာဆိုးလို့” လို့ဒေါ်မူမူက သူ့အတွေ့အကြုံတွေကိုပြောပြပါတယ်။
တဖက်နိုင်ငံကိုရောက်တဲ့အခါ အိမ်တစ်အိမ်မှာ အိမ်အကူအလုပ်တွေစလုပ်ပါတယ်။ နောက်ပိုင်း ကွေ့တီယိုဆိုင်၊ ဟင်းချက်ရောင်းတဲ့ဆိုင်တွေမှာ အောက်ခြေသိမ်းအလုပ်တွေဝင်လုပ်ပါတယ်။ အစိုးရအလုပ်ကို ၁၀ တန်းအောင်ပြီး အသက်(၁၈)နှစ်ထဲကလုပ်ခဲ့တဲ့ဒေါ်မူမူဟာ အလုပ်သမားဘဝကိုအသက်(၅၀)မှာ စတင်ရင်ဆိုင်ဖြတ်သန်းရပါတယ်။ မိသားစုအသိုင်းအဝိုင်းကလည်း ဒေါ်မူမူလုပ်ရပ်တွေအပေါ် အားပေးဂုဏ်ယူကြပါတယ်။
“ကျွန်မစိတ်ကကျတော့ တော်လှန်ရေးကမဖြစ်မနေလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ဘယ်ဘဝရောက်ရောက် ရုန်းကန်မယ်ဆိုတဲ့စိတ်နဲ့ ခေါင်းထဲမှာ ယောကျာ်းရှိတာမရှိတာ မရှိဘူး”လို့ဒေါ်မူမူကပြောပါတယ်။
တဖက်နိုင်ငံမှာ ခက်ခဲပင်ပန်းမှုတွေကြောင့် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိပေမယ့်လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ရင်ဆိုင် ဖြတ်သန်းနေပါတယ်။
“ကိုယ့်အပေါင်းအသင်းတွေဆိုလည်း အာဏာသိမ်းတာမှားတယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘဝအပျက်မခံနိုင်တဲ့အတွက် သူတို့က နဂိုအလုပ်ပဲဆက်လုပ်တယ်။ ကျွန်မတို့စိတ်ကျတော့ ဘဝပျက်ရင်ပျက် သူများတွေဆို အသက်တွေတောင် ပေးဆပ်နေကြတာလေ။ နောက်ဆုံး အသက်ပါပေးမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာဆိုတော့ ငါကျော်ဖြတ်မယ်ဆိုတဲ့စိတ် ငါ့မှာ ခွန်အားတွေရှိတယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်တယ်။ စိတ်ဓာတ်တွေကျခဲ့တဲ့၊ ကြိတ်ငိုခဲ့ ရတဲ့အချိန်တွေလည်းရှိတယ်”လို့ဒေါ်မူမူကဖွင့်ဟပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတဲ့အခါ စွန့်လွတ်အနစ်နာခံရတာတွေများပြီး မိသားစုတွေစွန့်ရတာရှိသလို ကိုယ်ကမစွန့် ရင်တောင် ကိုယ့်ကိုစွန့်ပစ်ခံရတဲ့အနေအထားတွေရှိနိုင်ကာ ဒါတွေကိုကြိုတင်တွေးဆပြီးမှ နိုင်ငံရေးလောကထဲကို ဝင်လာတဲ့ အမျိုးသမီးတွေရှိသလိုမျိုး ၊ ဒါတွေကဖြစ်မလား၊ မဖြစ်မလား မစဉ်းစားနိုင်ဘဲနဲ့ နိုင်ငံရေးရဲ့အရွေ့တခု နိုင်ငံရဲ့တိုက်တွန်းတောင်းဆိုချက်တွေရှိလာတဲ့အခါကျတော့ ကိုယ့်ရဲ့မခံချင်စိတ်တွေ တရားမျှတမှုကိုချစ်တဲ့ စိတ်တွေ မြတ်နိုးတဲ့စိတ်တွေနဲ့ တော်လှန်ရေးထဲမှာဝင်ပါလာရတဲ့ အမျိုးသမီးတွေလည်းရှိတယ်လို့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်တင်တင်ညိုက သူ့အမြင်ကို ပြောပါ တယ်။
“နိုင်ငံရေးအရ ခံယူချက်ရှိရှိနဲ့လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ချက်ချထားပြီးတဲ့အမျိုးသမီးတွေအတွက်ကတော့ ဘယ်လိုပဲစွန့်လွတ်ရတဲ့အနေအထားမျိုးတွေရှိပါစေ။ စွန့်လွှတ်ရဲ့တဲ့ သတ္တိတွေကရှိကြတယ်။ ဒါချီးကျုးဂုဏ်ပြုရမယ့် အသိအမှတ်ပြုရမယ့်အပိုင်းတွေဖြစ်တယ်”လို့ သူကမှတ်ချက်ပြုပါတယ်။
အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်လာတဲ့အခါ တခြားအမျိုးသားတွေနဲ့မတူတဲ့အရာတွေအများကြီးရှိပြီး အမျိုးသမီးတွေက နိုင်ငံရေးမှာပါလာရင်း အိမ်ထောင်တွေကွဲလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားပြီးရင် ပတ်ဝန်းကျင်က နွေးနွေးထွေးထွေးနဲ့ အားပေးမှာ၊ လက်ခံကြိုဆိုတာထက် ပြစ်တင်ဝေဖန်ရှုံ့ချတက်တဲ့ အဖြစ်မျိုးတွေ ဖြစ်တက်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ နှစ်ဆ သုံးဆ ဒီဒဏ်တွေကို ခံရနိုင်တဲ့အနေအထားတွေရှိတဲ့အတွက် ဒီလိုအမျိုးသမီးတွေကို လက်ကမ်းကြိုဆိုပြီးနွေးထွေးမှုတွေပိုပေးတာ အသိအမှတ်ပြုမှုတွေပိုပေးသင့်တယ်လို့ ဒေါ်တင်တင်ညို က ထောက်ပြပါတယ်။
လူမှုအသိုင်းအဝိုင်းမှာအများအားဖြင့် အမျိုးသမီးတွေဟာ ခင်ပွန်းဖြစ်သူ အမျိုးသားတွေနိုင်ငံရေး လုပ်ပြီးနောက် ဆက်တွဲအနေနဲ့ ဖမ်းဆီးခံရတာတွေ၊ ထောင်ချခံရတာဖြစ်ရင် ခင်ပွန်းဖြစ်သူအပေါ်မှာ ငြိုငြင်ခြင်းမရှိဘဲ အပြည့် အဝယုံကြည်ပြီးတော့ လိုအပ်တဲ့အရာတွေ အရာအားလုံးကိုအပြည့်အဝ ပံ့ပိုးပေးနိုင်ဖို့ကို အမြဲတမ်းအဆင်သင့်ဖြစ်နေတက်ကြသလို တဖက်မှာလည်း သားသမီးတာဝန်၊ မိသားစုတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်တယ် လို့ သူကဆက်ပြောပါတယ်။
“အများအားဖြင့် တောက်လျှောက် နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံရေးဖြစ်စဉ်တလျှောက်ကိုကြည့်မယ်ဆိုရင် အမျိုးသားတွေကပဲ နိုင်ငံရေးပိုင်းမှာပါဝင်တက်ကြပြီး အမျိုးသမီးတွေကဖြည့်ဆည်းပံ့ပိုးပေးတဲ့နေရာမှာ ဖြစ်လေ့ဖြစ်ထ ဖြစ်ခဲ့တာမျိုးတွေ ဒါတွေကလည်း အစဉ်အလာလိုဖြစ်သွားတယ်။ တဖက်က ဒီလုပ်ရိုးလုပ်စဉ်အပေါ်မှာ ထူးခြားပြီးတော့ မြင်တာမျိုးတွေကတော့ မရှိတော့ဘူး”လို့ဆိုပါတယ်။
ဒီလိုဖြစ်လေ့ဖြစ်ထရှိတာက အမျိုးသမီးတွေရဲ့ သဘောသဘာဝကိုက ဖြည့်ဆည်းပေးချင်တာ၊ ပံ့ပိုးပေးချင်တာ သားသမီးတွေရဲ့တာဝန်၊ မိခင်ရဲ့တာဝန်သတ်မှတ်ချက်တွေနဲ့ အသားကျနေတဲ့ အမျိုးသမီးတွေရဲ့တာဝန်ယူလိုစိတ်တွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။
“ဒါပေမယ့် သမိုင်းတလျှောက်ရော အစဉ်အလာအရက အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးလုပ်ဆောင်နိုင်မယ့်အနေအထားတွေမှာ ပံ့ပိုးပေးရမယ်။ ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အဲ့ပုံသေသတ်မှတ်ချက်တွေနဲ့ အသားမကျနေတဲ့အခါကျတော့ သူတို့ရဲ့မသိစိတ်ထဲမှာ သူတို့ရဲ့ဇနီးနိုင်ငံရေးလုပ်လို့ ဖမ်းဆီးထောင်ချခံရသည်ဖြစ်စေ သို့မဟုတ် ရှောင်နေရတဲ့အနေအထားမှာဖြစ်ပါစေ ဒီလိုအနေအထားမျိုးတွေဖြစ်လာပြီဆိုရင် အိမ်မှာရှိနေတဲ့ သားသမီးတွေ မိသားစုတာဝန်တွေ ယူရမယ်။ တဖက်မှာလည်း ဒီအမျိုးသမီးတွေကိုဖြည့်ဆည်းပေးရမယ် လိုအပ်တဲ့ထောက်ပံ့မှုတွေ လုပ်ပေးရမယ်ဆိုတဲ့ အပိုင်းမျိုးနဲ့ကတော့ အရမ်းကြီးဖြစ်မနေတာကိုတွေ့ရတယ်”လို့ဆိုတယ်။
အမျိုးသမီးက နိုင်ငံရေးမှာပါဝင်လို့၊ ထောင်ကျလို့ စတဲ့အခြေအနေတွေကြောင့် လမ်းခွဲလိုက်တာမျိုးတွေ၊ ကလေးတွေပါထားခဲ့တာမျိုးတွေ၊ နောက်အိမ်ထောင်ပြုသွားတာ၊ နွေးထွေးတဲ့မိသားစု ပြန်လည်မတည်ဆောက်နိုင်တဲ့ အခြေအနေမျိုးတွေလည်း တချို့မိသားစုတွေမှာကြုံတွေ့ရတယ်လို့ဆိုပါတယ်။
“ဖိုဝါဒကြီးစိုးလွှမ်းမိုးတဲ့လူမှုအသိုင်းအဝိုင်းမှာ တဖက်လူတယောက်ကိုဖြည့်ဆည်းပေးရမယ်။ ပံ့ပိုးပေးရမယ်ဆိုတာနဲ့ အသားမကျခဲ့တာရယ် နိုင်ငံရေးအရလုပ်ဆောင်နေတဲ့သူတွေက ပုံမှန်တရားသေသတ်မှတ်ထားတဲ့ အခန်းကဏ္ဏကနေ ကျော်လွန်ပြီးတော့ နိုင်ငံရေးမှာဦးဆောင်ဦးရွက်ပါဝင်နေတာက အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအပေါ်မှာလည်း အရမ်းကြီးလိုက်လျောညီထွေဖြစ်နိုင်တဲ့ စဉ်းစားချက်မျိုးတွေ ဒီအမျိုးသားတွေဆီမှာမရှိတာလည်းဖြစ်နိုင်ပါတယ်”လို့မှတ်ချက်ပေးခဲ့ပါတယ်။