ရှင်ငြိမ်း
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့မြစ်ကမ်းဘေးတစ်နေရာက ဝါးတွေ၊ သစ်တွေနဲ့ဖြစ်သလို ဆောက်ထားတဲ့ တဲအိမ်လေးထဲ မှာ ကလေးငယ်လေးချီထားတဲ့အမျိုးသမီးတစ်ဦးက ထမင်းစားဖို့ ပြင်ဆင်နေပါတယ်။
သူရဲ့အမျိုးသားကတော့ ယိုင်နဲ့နေတဲ့သူတို့အိမ်လေးကို ပြင်ဆင်နေရင်း အိမ်ရှေ့မြေကွက်လပ်လေးမှာ ဆော့ကစားနေတဲ့ သူ့ ကလေးတွေခေါ်ပြီး အိမ်ပေါ်ကို တက်လာကြတယ်။
မလုံမခြုံတဲအိမ်လေးထဲမှာ မပြည့်မစုံနေထိုင်ရတဲ့သူတို့မိသားစုလေးဟာ ခုမှတွေ့ရတဲ့လူတွေလို တစ်ဦးနဲ့ တစ်ဦးစကားလု ပြောကာ ရယ်လိုက်၊ စလိုက်နဲ့ မိသားစုလက်ဆုံစားနေတဲ့ထမင်းဝိုင်းလေးက တကယ့်ကိုကြည်နှုးစရာပါ။
သူတို့မိသားစုအနေနဲ့ အခုလိုအားပါးတရ လွတ်လပ်ပျော်ရွင်မှုကို ၁၇ နှစ်ကြာမှရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၇ နှစ်လုံးလုံးဟာ အစစ အရာရာခွဲခြားအနိုင်ကျင့်ဖိနှိပ်မှုတွေ လူကို လူလိုမဆက်ဆံတဲ့စစ်တပ်ထဲမှာနေထိုင်ခဲ့ရတာဖြစ်တယ်။
ဒုတပ်ကြပ်အောင်ရဲ့ဇနီးဖြစ်တဲ့မချိုချိုမြင့်ဟာ စစ်တပ်ရဲ့မတရားဖိနှိပ်မှု၊ အနိုင်ကျင့်ခံရတာတွေကြောင့် အာဏာဖီဆန်ရေး လှုပ် ရှားမှု(CDM)လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ။
“ အရင်က သမီးလေးတွေကြီးလာရင် စစ်သမီးလုပ်စေချင်တယ်။ အခုတော့ စစ်သားနဲ့ပတ်သက်ရင် ရွံ့သွားပြီ။ စစ်သမီးကတော့ မုန်းသွားပြီ။ စစ်တပ်နဲ့ပတ်သက်တာ ဘာမှမခိုင်းတော့ဘူး။”လို့ မချိုချိုမြင့်က ဒေါသသံနဲ့ ပြောပါတယ်။
မော်လမြိုင်ဇာတိဖြစ်တဲ့ မချိုချိုမြင့်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က မော်လမြိုင်မြို့၊ မုဒုံတပ်နယ် အမှတ် ၉၀၄ ခလရ အင်ဂျင်နီယာ တပ်ရင်းမှ စစ်မှုထမ်းနေတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ စစ်သားကိုအောင်နဲ့ အိမ်ထောင်ကျပြီး ကလေးငါးဦးထွန်းကားခဲ့ပါတယ်။
ဒါ့အပြင် မချိုချိုမြင့်က အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တာကြောင့် ဘာသာခြားတွေကို ဖိနှိပ်အနိုင်ကျင့်တတ်တဲ့စစ်တပ် အသိုင်းအဝိုင်းကြားမှာ ချိုတဲ့သိမ်ငယ်စွာနေထိုင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။
ကိုအောင်နဲ့ သမီးရည်စားဘဝမှာကတည်းက အကြောင်းအမျိုးမျိုးပြပြီး လက်ထပ်ခွင့်မပြုခဲ့သလို ခိုးယူပေါင်းသင်းတော့လည်း ပြစ်ဒဏ်အနေနဲ့ စစ်ဆင်ရေးပို့ခံခဲ့ရပါတယ်။ မသွားချင်လို့ တပ်ရင်းမှူးနဲ့ သူ့အမျိုးသမီးကို သွားတောင်းပန်ပေမယ့် မရခဲ့ဘဲ စစ်ဆင်ရေးမှာ ခြောက်လလိုက်သွားခဲ့ရတယ်။
လက်ထပ်ပြီး တပ်ထဲလိုက်နေရတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့မချိုချိုမြင့်ကို လူ့အခွင့်အရေးနဲ့အညီ လွတ်လပ်စွာကိုး ကွယ် ခွင့်မပြုဘဲ ဗုဒ္ဓဘာသာဝင်တစ်ဦးလို အတင်းအကြပ်ပုံသွင်းနေထိုင်ခိုင်းခဲ့တာဖြစ်တယ်။
ဗုဒ္ဓဘာသာဘုရားစာရွတ်ခိုင်းတာ၊ ဘုရားပန်းတင်ခိုင်းတာတွေကို အတင်းအကျပ်လုပ်ဆောင်ခိုင်းခဲ့ပါတယ်။ ဒါက တပ်ရဲ့ စည်းကမ်းမဟုတ်ပေမယ့် ဘယ်ဘာသာဝင် စစ်သားဇနီးမယားမဆို နေ့စဉ်လုပ်ဆောင်ရတာဖြစ်တယ်။
“ ကျမက အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဘုရားစာရွတ်လို့မရဘူးဆိုတာကို သူတို့ကလက်မခံဘူး။ ပထမကိုယ်ဝန် ခုနစ်လတုန်း က ဘုရားစာ လာမရွတ်လို့ဆိုပြီး ပေတစ်ရာပတ်လည်မှာ မြက်ပေါက်ခိုင်းတယ်။ မှတ်မှတ်ရရ သုံးကြိမ်လောက်ပေါက်ခဲ့ရဖူး တယ်။” လို့ မချိုချိုမြင့်က ပြောပါတယ်။
ဘာသာခြားဖြစ်လို့ ဘုရားစာမရလို့ ဝါးချ၊ လုံးချရင်လည်း ရိုက်နှက်ခံရတာတွေရှိသလို အမျိုးသားအပေါ်လည်း အငြိုးထားပြီး အကြောင်းရှာအပြစ်ပေးတာကြောင့် အိမ်ထောင်ရှင်မတွေမှာ မလုပ်ချင်လည်းလုပ်ကိုင်ပေးကြရတာဖြစ်တယ်။
ဘုရားစာမရွတ်နိုင်ရင်လည်း ရွတ်မယ့်နေရာကိုသွားရပြီး ဘုရားရှိခိုးလာတဲ့ ရဲမေတွေရဲ့ကလေးတွေကို ထိန်းပေးရတာတွေ ကို လည်း ဘာသာခြားအမျိုးသမီးတိုင်း လုပ်ဆောင်ပေးကြရတယ်။
မချိုချိုမြင့်က “ဘုရားချင်းအတူတူတောင် ကျမဘာသာအရ ဘုရားရှိခိုးခွင့်မပေးဘူး။ သူတို့ကလိုင်းခန်းတွေလည်း ဝင်စစ် တတ်တယ်လေ။ ဗုဒ္ဓဘာသာကိုယူထားပြီးတော့ မွတ်စလင်လိုနေတာကို သူတို့လက်မခံဘူး။ သူတို့နားလည်မပေးတာကို စိတ်နာတယ်။”လို့ ဆိုပါတယ်။
သူ့ရဲ့အမျိုးသားကတော့ မချိုချိုမြင့်ရဲ့ ကိုးကွယ်ယုံကြည်မှုအပေါ် နားလည်ပေးပေမယ့် စစ်တပ်ကတော့ စာနာနားလည်တာ မရှိဘဲ အတင်းအကြပ်ပုံသွင်းခံနေရတဲ့အပေါ်မှာ စိတ်နာကျည်းနေတာဖြစ်တယ်။
တပ်ထဲမှာ ဘုရားရှိခိုး၊ ဥပုဒ်စောင့်ခွင့်မရတဲ့အပြင် အစ္စလာမ်ဘာသာဝင်တွေရဲ့ဝါကျွတ်အစ်ပွဲတော်လို့ နေ့တွေမှာတောင် မချိုချိုမြင့်ကို မိဘအိမ်ပြန်ဖို့ ခွင့်မပေးပါဘူး။ ဒါ့အပြင် ကလေးတွေကိုလည်း ဓမ္မစကူးမတက်မနေရ တက်ခိုင်းပြီး မတက်ရင် မချိုချိုမြင့်ကို ဒဏ်ငွေရိုက်အပြစ်ပေးပါတယ်။
ဒါ့အပြင် ဘာသာအရ အသေသားစားလို့မရတဲ့ မချိုချိုမြင့်ကို တပ်ထဲက မွေးထားတဲ့ကြက်သေတွေကို တစ်လကို တစ်ကောင် ငွေ တစ်သောင်းကျော်နဲ့ မစားလည်းမဖြစ်မနေယူကြရတယ်။
“ နောက် ဝက်တွေသေရင်လည်း ကျမနာမည်ကို စာရင်းထဲမှာရေးတယ်။ မစားတာလည်းသိတယ်။ ကျမမို့လို့ကို သပ်သပ် အနိုင်ကျင့်တာ။ သူတို့က တခြားဘာသာထက် မွတ်စလင်ကိုပိုမုန်းတယ်။”လို့ သူက ရှင်းပြပါတယ်။
နောက် တပ်ရင်းမှူးအိမ်မှာ ပုံမှန်ခေါ်ခိုင်းတဲ့ရဲမေတွေကို လစာပေးပေမယ့် မချိုချိုမြင့်တို့လို ရဲဘော်ဇနီးတွေကိုတော့ အိမ်မှု ကိစ္စနဲ့ ကိုယ်ပိုင်စီးပွားရေးအတွက် ခိုင်းစေတာရှိပေမယ့် ဒီအတွက် ငွေကြေးတစုံတရာပေးတာလည်း မရှိပါဘူး။
ဒါ့တင်မက တပ်ရင်းမှူးအိမ်မှာ အလှူလုပ်တာတို့ လမ်းကြောင်းရှိလို့ အိမ်ကို ဧည့်သည်လာတာတို့ဆိုရင် စစ်သားဇနီးတွေက ၁၀ ယောက်တစ်အုပ်စုဖွဲ့ပြီး အလှည့်နဲ့သွားရောက်လုပ်ကိုင်ပေးရတာဖြစ်တယ်။
“တပ်ထဲမှာက ပိုက်ဆံရှိရင်ရှိ မရှိရင် ရာထူးရှိမှလူရာဝင်တာ။ ဘာမှမရှိရင်တော့ သူများအခိုင်းအစေပဲ။”လို့ မချိုချိုမြင့်က ပြောပါတယ်။
ရာထူးဆိုတဲ့နေရာမှာလည်း ဗိုလ်မှူးအဆင့်လောက်မှစပြီး လူရာဝင်တာဖြစ်တယ်။ စစ်သားတစ်ယောက်ရဲ့လစာက တစ်လကို ၁၇၇,၀၀၀ ရပေမယ့် ဘဏ်စုငွေ၊ အသက်အာမခံကြေးစတာတွေနုတ်လိုက်ရင် ၁၃၀,၀၀၀ လောက်သာရကြပါတယ်။
မချိုချိုမြင့်အမျိုးသား စစ်သားကနေ ဒုတပ်ကြပ်ဖြစ်သွားတော့ ၁၈၇,၀၀၀ ရပေမယ့် လက်ထဲရောက်တဲ့ငွေက ၁၄၀,၀၀၀ သာ ရတာဖြစ်တယ်။ ဒီငွေက လင်မယားနှစ်ယောက်အတွက် ခြိုးခြံချွေတာစားသောက်လို့ရနိုင်ပေမယ့် ကလေး ငါးယောက်ရှိတဲ့ မချိုချိုမြင့်တို့မိသားစုအနေနဲ့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။
သို့ပေမဲ့ စစ်စည်းကမ်းအရ ခင်ပွန်းဖြစ်သူ နောက်တန်းမှာရှိရင် တစ်လကို ဆန်ရှစ်ပြည်ထောက်ပံ့ပေးတာကြောင့် အနည်းငယ် အဆင်ပြေပေမယ့် ရှေ့တန်း စစ်ဆင်ရေးထွက်ရရင်တော့ ထွက်ပြေးမှာစိုးလို့ ဘာအကျိုးခံစားခွင့်မှမပေးဘူးလို့ မချိုချိုမြင့်က ရှင်းပြပါတယ်။
နောက်စစ်သားဇနီးတွေ မီးဖွားရင်တော့ ရိုးရိုးမွေးရင်ငွေသုံးသောင်းရပြီး ဗိုက်ခွဲမွေးရင် ငါးသောင်းကိုသာ တစ်ကြိမ်သာ ထောက် ပံ့ပေးတာပါ။ ကလေးတွေ ကျောင်းတက်ရင်လည်း တစ်နှစ်လုံးစာအတွက် ကလေးတစ်ဦးကို ငွေတစ်သောင်းထုတ်ပေးတာ ဖြစ်တယ်။
“ ကျမတို့တပ်ထဲမှာ ထွက်ပြေးတဲ့ရဲဘော်တွေအများကြီးပဲ။ ဒီလိုမျိုးနိုင်ထက်စီးနင်းလုပ်နေတော့ အကုန်ပြေးချင်တဲ့သူချည်းပဲ။ အခွင့်အခါကြုံတာနဲ့ ပြေးကြတော့တာ။”လို့ မချိုချိုမြင့်က ပြောပါတယ်။
သူတို့မိသားစုလည်း အခုလိုအနှိမ်ခံဘဝမှာမနေချင်တာကြောင့် ၂၀၁၇ လောက်ကတစ်ကြိမ် အညာဒေသကို ထွက်ပြေးခဲ့ပါ သေးတယ်။ အဲ့ဒီအချိန်က မချိုချိုမြင့်မှာ ကလေးနှစ်ယောက်နဲ့ တစ်ဗိုက်ရှိနေတာဖြစ်တယ်။
တပ်က ထွက်ပြေးပြီး အညာမှာ ကိုးလလောက်နေခဲ့ရတဲ့လွတ်လပ်မှုဟာ သူ့အတွက် ဘာနဲ့မှမလဲနိုင်ခဲ့သလို လွတ်လပ်မှုရဲ့ အရသာကိုလည်း သိသွားခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးသူအချင်းချင်း ပြန်တိုင်တာကြောင့် သူတို့ဖမ်းမိသွားတော့ တပ်ထဲတော့ပြန် မလိုက်ပါရစေနဲ့။ ထောင်ချရင်ချ လိုက် ပါလို့ပြောပေမယ့် လက်မခံလို့ စစ်တပ်ထဲပြန်ရောက်ခဲ့ရတာဖြစ်တယ်။
အဲ့ဒီမှာလည်း ကလေးပါမကျန် သူတို့မိသားစုကို အချုပ်သုံးလကျကာ ဒဏ်ငွေအနေနဲ့ လေးလစာပေးခဲ့ရပြီး နောက်တစ်ခါ ထွက်ပြေးရင် ရန်ကုန် မြို့မှာရှိတဲ့ တပ်ထောင်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
“ အာဏာသိမ်းပြီးတဲ့အချိန်ကဆို တပ်ထဲလူဟောင်းတွေမရှိတော့ဘူး။ ဝင်လာတဲ့အရာရှိတွေက ငယ်ငယ်လေးတွေ။ ဒါမဲ့ စစ်တပ်ထဲဝင်သွားရင် ပုံစံခွက်ထဲရောက်သွားသလို အရမ်းရိုင်းစိုင်းကြတယ်။”လို့ မချိုချိုမြင့်က ပြောပါတယ်။
စစ်အာဏာသိမ်းလိုက်ကတည်းက သူတို့မိသားစုတွေထွက်ပြေးဖို့ စီစဉ်နေတဲ့အချိန်မှာ မချိုချိုမြင့်အမျိုးသားကို မိုင်းရှင်းဖို့ တစ် ပတ်ဆိုပြီး ခေါ်သွားတာ တစ်နှစ်ကျော်ကြာသွားခဲ့တယ်။
“ ကျမဗိုက်ကြီး ကလေးမွေးပြီးမှပြန်လာရတယ်။ အဲ့ဒါတောင် သူတို့က ဘာမှမလုပ်ပေးတဲ့အပြင် ကလေး ၂၂ ရက်ပဲရှိသေး တယ်။ စစ်ဆင်ရေးထပ်ထွက်ခိုင်းတယ်။ အဲ့မှာအမျိုးသားက စိတ်နာပြီး CDM လုပ်တယ်။”လို့ ဆိုပါတယ်။
သင်္ကန်းညီနောင်စစ်ဆင်ရေးမှာ ခင်ပွန်းသည်ကိုအောင်နဲ့အတူ တပ်သားတစ်ဦးပါပြီး အရာရှိလက်နက်တစ်လက်အပါ အဝင် လက်နက်သုံးခုနဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ CDM ဝင်ခဲ့ကြတယ်။
အဲဒီအချိန်မှာ တပ်မှာကျန်ရစ်ခဲ့တဲ့မချိုချိုမြင့်နဲ့ ကလေးငါးယောက်ကို စစ်တပ်က အကျယ်ချုပ်ချထားလိုက်ပါတယ်။ သူတို့ နေတဲ့လိုင်းခန်းရဲ့အရှေ့၊ အနောက်မှာလည်း အစောင့်တွေနဲ့ထားပြီး ဘယ်မှမသွားမလာရပါဘူး။
ဒါ့အပြင် မချိုချိုမြင့်ရဲ့ဖုန်းပါ သိမ်းလိုက်တာကြောင့် ခင်ပွန်းသည်နဲ့ပါ အဆက်အသွယ်ပြတ်သွားခဲ့သလို ကလေးတွေလည်း ကျောင်းမတက်ရ၊ ဘယ်မှသွားလာလို့မရတာကြောင့် စားသောက်ရေးမှာ အခက်တွေ့ခဲ့ရတယ်။
“ ကလေးသေးသေးလေးနဲ့ သားအမိချွေတာစားခဲ့ရတယ်။ တချို့ရဲမေတွေကတော့ ဆန်တလုံး၊ ကန်စွန်းရွက်လာပေးတာရှိတယ်။ ဒါပေမဲ့ ယောကျာ်း CDM လုပ်သွားတော့ တပ်ထဲမှာသိမ်ငယ်စွာနဲ့နေရတယ်။”လို့ မချိုချိုမြင့်က ပြောပါတယ်။
အကျယ်ချုပ်ချထားတာ တစ်လနဲ့ ၁၇ ရက်ရှိလာတော့ ကလေးတွေကလည်း တပုံကြီးနဲ့ ထွက်ပြေးမယ်မထင်တာနဲ့ သူတို့ သားအမိတွေကို ည ၁၀ ကျော်လောက်မှာ တပ်ထဲကနေမောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီညမှာ သူနဲ့ကလေးတွေ လမ်းဘေးမှာ အိပ် ခဲ့ရတာဖြစ်တယ်။
တပ်ကနေ ထွက်လာပြီး နှစ်ရက်မြောက်နေ့မှာ မချိုချိုမြင့်က မိတ်ဆွေကတဆင့်ခင်ပွန်းသည်နဲ့အဆက်အသွယ်ပြန်ရပေမယ့် ချက်ခြင်းလိုက် မသွားနိုင်ခဲ့ပါဘူး။ ဒါကလည်း နှစ်ပေါင်းများစွာ စစ်တပ်ရဲ့ဝါဒမှိုင်းတိုက်ခံရတာကြောင့်ဖြစ်တယ်။
အာဏာသိမ်းပြီးတော့ စစ်သားတွေကို တစ်နေ့ကို နှစ်နာရီနီးပါး တန်းစီရတဲ့အချိန်တိုင်း ထွက်မပြေးဖို့၊ ထွက်ပြေးရင် မင်းတို့ လက်နက်ယူပြီး သတ်မှာ၊ မိန်းမတွေကို မုဒိမ်းကျင့်မှာစတဲ့စကားတွေနဲ့ ခြိမ်းခြောက်ဝါဒဖြန့်ခဲ့ပါတယ်။
ရဲဘော်တွေတင်မက အိမ်ထောင်ရှင်မတွေကိုလည်း တလကို နှစ်ကြိမ်ခေါပြီး “ကိုယ့်ယောက်ျားကို ကိုယ်ထိန်း။ ယောက်ျားက CDM လုပ်မယ်ဆိုရင်တောင် လူကြီးတွေကို လာတိုင်။ ကိုယ်ကအားပေးအားမြှောက်မလုပ်နဲ့။ မိသားစုဒုက္ခရောက်မယ်။” စတဲ့ ဝါဒမှိုင်းတွေကို နေ့စဉ်လိုလိုကြားခဲ့ရတာကြောင့် မချိုချိုမြင့်အနေနဲ့ ခင်ပွန်းသည်ဆီလိုက်သွားဖို့ ကြောက်နေခဲ့တာပါ။
နောက်ဆုံးမှာတော့ မချိုချိုမြင့်တို့သားအမိတွေဟာ တပ်ကိုစွန့်ခွာပြီး သူ့အမျိုးသားရှိတဲ့ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်မဟာ ၇ ၊ တပ်ရင်း ၅ ကို လိုက်သွားခဲ့ပါတယ်။
သူ့အမျိုးသား CDM လုပ်စဉ်က လက်နက်သုံးခုပါလာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဘတ်ခြောက်သောင်း ဆုချီးမြှင့်ခံခဲ့တဲ့အပြင် သူစိုးကြောက်ခဲ့သလိုမဟုတ်ဘဲ နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြလို့ ဝမ်းသာရတယ်လို့ ပြောပါတယ်။ ဘာသာခြားဖြစ်တဲ့ သူ့အပေါ်မှာလည်း ခွဲခြားတာမရှိခဲ့ပါ။
အဲ့ဒီနောက် သူတို့ခိုလှုံနေတဲ့ရွှေကုက္ကိုလ်တိုက်ပွဲတွေဖြစ်လာတော ချောင်းကမ်းဘေးမှာ စစ်ဘေးရှောင်သဘောနဲ့ ၁၇ ရက် လောက်နေပြီး မဲဆောက်မှာ လက်ရှိတိုင် နေထိုင်နေတာဖြစ်တယ်။
အခုဆိုရင် သူရဲ့သမီး ငါးယောက်ထဲမှ သုံးယောက်ကတော့ ကျောင်းတက်နေပြီး အမျိုးသားဖြစ်သူက နေ့စားအလုပ်တွေ လုပ် ကိုင်ပါတယ်။ မချိုချိုမြင့်ကတော့ အိမ်မှာပဲ ကလေးငယ်နှစ်ဦးကို ပြုစုစောင့်ရှောက်ရင်း ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေပါ တယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်တပ်ကိုစွန့်ခွာပြီး CDMဝင်ခဲ့ကြတဲ့ ရဲနဲ့စစ်သား ၁၅,၀၀၀ အထိရှိပြီလို့ ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့စာရင်းတွေအရ သိရပါတယ်။
ယခင်ကတော့ အမျိုးသားကို စစ်သားတစ်ယောက်ဖြစ်လို့ နှစ်ခြိုက်သဘောကျဂုဏ်ယူခဲ့ရလို့ သမီးတွေကိုတောင် စစ်သမီးလုပ်ခိုင်းဖို့ မချိုချိုမြင့်မှာ စိတ်ကူးတွေရှိနေခဲ့တာပါ။
တကယ့်လက်တွေ့မှာတော့ ဖိနှိမ်ခံရတာတွေကြောင့် စစ်တပ်နဲ့ပတ်သက်တာ ဘာမှမခိုင်းတော့ဘူးဆိုတဲ့စိတ်ကူးတွေပါ ပြောင်းသွားခဲ့တာဖြစ်တယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ အခက်အခဲမျိုးစုံကြား ရုန်းကန်နေရပေမယ့် သူ့ရွေးချယ်မှုအတွက် နောင်တမရဘူးဆိုတဲ့ အ ကြောင်းကိုတော့ မချိုချိုမြင့်က အခုလို ဆိုပါတယ်။
“ မှန်ကန်တဲ့လမ်းရွေးခဲ့ရလို့ ဘယ်အခြေအနေ ဘယ်ဘဝရောက်ရောက် ဘယ်တော့မှ နောင်တမရဘူး။ အရေးကြီးဆုံးကတော့ ကျမသမီးတွေ စစ်ကျွန်မဖြစ်ဖို့ပါပဲ။”
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 04/11/2024
- ထောင်တွင်းငရဲခန်းကို ဖြတ်ကျော်လွတ်မြောက်လာသူ ပန်းချီဆရာမ - 30/10/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 28/10/2024