Home ဆောင်းပါး မြန်မာပြည်အနောက်ကမ်းရိုးတမ်းဘေးက အစာရေစာငတ်မွတ်နေတဲ့ သားသည်မအေတွေ

မြန်မာပြည်အနောက်ကမ်းရိုးတမ်းဘေးက အစာရေစာငတ်မွတ်နေတဲ့ သားသည်မအေတွေ

ခိုင်ရီရေးသည်။  

လည်ပင်းရိုးများ ခွက်ဝင်နေအောင်ပိန်လှီနေသည့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး မြေကြီးပေါ်မှာ ခြေဗလာနှင့် အရုပ်ကြိုး ပြတ် ထိုင်နေသည်။

ပြည့်တင်းဖောင်းကားနေသည့် သူ့ဘယ်ဘက်နို့အုံကိုဖော်ကာ  ရင်ခွင်ထဲက လသားအရွယ်ကလေးကို နို့တိုက်ရန် အသင့်ပြင် ထား၏။ သူ့ဦးခေါင်းကတော့ ငိုက်စိုက်ကျလျှက်။  ကလေးက မိခင်နို့ကိုမစို့ဘဲ မျက်နှာလွှဲလျှက် စူးစူးဝါးဝါးအော်ငိုနေသည်။ ကလေးငယ်၏ ဦးခေါင်းနှင့်မျက်နှာပြင်အနှံ့တွင် အနာစိမ်းတို့က ပြည့်လုနီးပါး။

သူတို့သားအမိဘေးတွင် ကျန်းမာရေးဖိနပ်အဟောင်းတစ်ရံနှင့် အနားကွပ်ပြတ်ပြီး ပေါက်ပြဲနေသည့် ရခိုင်ခမောက်အစုတ်လေး တစ်ချပ်ကို တွေ့ရသည်။

သူတို့ သားအမိကိုသောက်ရေဘူးကမ်းသူ၊ မိခင်မူးလဲကာ သတိမရတချက်ရတချက်ဖြစ်နေစဉ် ကလေးငယ်ကို ဝိုင်းကူ ထိန်းပေး သူတို့က ထိုင်လျှက်၊ ရပ်လျှက် စောင့်ကြည့်နေကြသည်။

ရင်ခွင်ထဲက နို့စို့အရွယ်ကလေးငယ်အပါအဝင် သားသမီးစုစုပေါင်း လေးဦးရှိသည့် အဆိုပါအမျိုးသမီးသည် ငပလီကမ်းခြေမြို့ရှိ ရေလုပ်ငန်းဖွံ့ဖြိုးသော ဂျိတ်တောရပ်ကွက်နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမ တစ်ဦးဖြစ်သည်။ မထွေးထွေးရီ အမည်ရသည့် အဆိုပါအမျိုးသမီးသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အပိုင် ကျေးရွာတစ်ခုမှ ဖြစ်သည်။

မထွေးထွေးရီသည် ထမင်းမစားရသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး သားသမီးအကြီးများကိုထားခဲ့ကာ နို့စို့အရွယ်ကလေးငယ်ကို ချီပိုးလျှက် သံတွဲမြို့ပေါ်သို့ လှည့်လည်တောင်းရမ်းနေစဉ် အာဟာရပြတ်ကာ လဲကျခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ မြို့ရွာများကို စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ဖြတ် တောက်လိုက်ခြင်းကြောင့် သံတွဲဒေသရှိ ငါးဖမ်းလုပ်ငန်းအပါအဝင် ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သားထောင်သောင်းချီကာ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်သည့် လုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့သည်။

ယခုကဲ့သို့ အစာရေစာငတ်မွတ်ကာ အားပြတ်လဲကျခဲ့သည့် မထွေးထွေးရီအပါအဝင် သံတွဲဒေသရှိ ဂျိတ်တော ငါးဖမ်းလုပ်ငန်း ခွင်တွင် ရခိုင်ပြည်အနှံ့အပြားမှ ရွှေ့ပြောင်းရောက်ရှိနေထိုင်ကြသည့် ရေလုပ်သားမိသားစုပေါင်း ထောင်နှင့်ချီ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ဝင်ငွေရပ်တန့်သွားသည့်အတွက် မှီခိုနေကြသည့် မိသားစုဝင်ပေါင်းသောင်းချီကာ စားနပ်ရိက္ခာပြတ်တောက်ခြင်းနှင့် အစာရေစာငတ်မွတ်သည့်ဘေးဒဏ်ကို တဖြည်းဖြည်းရင်ဆိုင်လာရသည်မှာ လနဲ့ချီကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

အစာရေစာငတ်မွတ်မှုကို လနှင့်ချီရင်ဆိုင်လာရသည့် မိသားစုများမှအမျိုးသမီးများသည် ကလေးငယ်များကိုချီပိုးလျှက်၊ လက် ဆွဲလျှက် သံတွဲမြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မထွေးထွေးရီကဲ့သို့ပင် ဆန်နှင့် စားစရာများ တောင်းရမ်းရသည့် အခြေ အနေကို ရောက်ရှိလာတော့သည်။

“စိတ်ညစ်တယ်၊ အလှူခံတွေအများကြီးလာကြတယ်။ အများစုက အမျိုးသမီးနဲ့ကလေးတွေချည်းပဲ။ လူကြီးမပါဘဲ ကလေး တွေလည်း လာကြတယ်။ လာတောင်းတဲ့မိန်းမတိုင်းကပိန်လှီနေကြတာချည်းပဲ။ ငါတို့မှာရှိလို့မဟုတ်ဘူး၊ ခက်ခဲတဲ့ကာလမို့လို့ ဝေမျှစားတာဆိုပြီး ပေးရကမ်းရတယ်။”ဟု အသက် ၅၀ ဝန်းကျင်အရွယ် သံတွဲဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

သံတွဲမြို့ပေါ်သာမက ဆင်ခေါင်း၊ ကျောက်ဖြူမော်၊ ကျောက်ဆိပ်အစရှိသည့် ဒေသတွင်းကျေးရွာများတွင်လည်း ဆန်နှင့် စားသောက်စရာများ တောင်းရမ်းအလှူခံသည့် သားသည်မိခင်များက အလွန်များပြားလာနေကြောင်း ဒေသခံများထံမှသိရသည်။

“ ကျနော်တို့ရပ်ကွက်ထဲမှာဆို ရင်ခွင်ပိုက်ကလေးနဲ့တစ်မျိုး၊ သုံးလေးနှစ်အရွယ်လေးကို လက်ဆွဲလို့တစ်မျိုး အသက် ၃၀ကျော်၊ ၄၀အရွယ်အမျိုးသမီးတွေ တစ်ရက်ကို အနည်းဆုံး သုံးယောက်လောက် နေ့တိုင်းလာတယ်။” ဟု အမှတ် ၈ရပ်ကွက်မှာ အမျိုး သားတစ်ဦးက ပြောသည်။

စစ်တပ်က လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်လိုက်သည့် အစောပိုင်းကာလက ငါးဖမ်းဇုန်များရှိ ရွှေ့ပြောင်းရေလုပ်သား များကို ၎င်းတို့၏အလုပ်ရှင်ပိုက်လုပ်ငန်းရှင်များက ကျွေးမွေးစောင့်ရှောက်ခဲ့သေးသော်လည်း ကာလကြာမြင့်လာသည်နှင့်အမျှ မနိုင်ဝန်ဖြစ်လာခဲ့ကြသည်။

အလားတူ ဂျိတ်တောဒေသမှ ရေလုပ်ငန်းရှင်များအပါအဝင် ဒေသခံများစုပေါင်းကာ စတုဒီသာထမင်းကျွေးမွေးခြင်းကို ရက် ဆက် လုပ်ဆောင်ခဲ့ကြသေးသည်။ သို့သော် နောက်ပိုင်းတွင် လှူဒါန်းကြသူများကိုယ်တိုင် ဝင်ငွေရပ်တန့်နေသည်မှာ ကာလ ကြာလာသည့်အတွက် နေ့စဉ်ကျွေးမွေးနိုင်ရန် အခက်ကြုံလာခဲ့ကြသည်။

“ဂျိတ်တောမှာ အခြေအနေတွေ တော်တော်ဆိုးနေပြီ။ အလုပ်မရှိတာတကြောင်း၊ လမ်းပိတ်ထားတာက တကြောင်း တော် တော် ဒုက္ခဖြစ်နေကြပြီ။” ဟု ပြောင်းရွှေ့လုပ်သားအများစုတည်ရှိရာ ဂျိတ်တောငါးဖမ်းဇုန်မှ ဒေသခံတစ်ဦးက ဆိုသည်။

မထွေးထွေးရီကဲ့သို့ပင် ကလေးများနှင့် ဝမ်းရေး အခက်ကြုံနေရသည့် နောက်အမျိုးသမီးတစ်ဦးမှာ အသက် ၅၆ နှစ်အရွယ် မုဆိုးမတစ်ဦး ဖြစ်သည်။

ငါးဖမ်းလုပ်ငန်းများပုံမှန်အတိုင်းလည်ပတ်နေချိန်တွင် ငါးရောင်းချသည့်အလုပ်ကို လုပ်ကိုင်ကာ သားသမီးသုံးဦးကို ရှာဖွေ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သည်။ ယခုစစ်တပ်က ငါးဖမ်းလုပ်ငန်းလည်ပတ်ရေးအတွက် အဓိကလိုအပ်သည့် စက်သုံး ဆီရောင်းဝယ်ခွင့်ကို တင်းကြပ်စွာကန့်သတ်ထားပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ကိုလည်း ပိတ်ပင်ထားသည့်အတွက် အလုပ် လက်မဲ့ဖြစ်ခဲ့ရခြင်းပင်။

“အဲ့မိန်းမကြီးမှာ အကြီးဆုံးကလေးက ၁၂နှစ်၊ အငယ်ဆုံးကလေးက လေးနှစ်တဲ့၊ ထမင်းငတ်နေကြပြီ။ မြို့ပေါ်က ငါတို့တောင် ကျပ်တည်းလာတာ၊ ဂျိတ်တောဘက်ကလူတွေပိုဆိုးနေကြဖို့၊ လမ်းတွေပွင့်စေချင်ပြီ။” ဟု လာရောက်တောင်းရမ်းသည့် အမျိုး သမီးများကို အကျိုးအကြောင်းမေးမြန်းကာ အားပေးလေ့ရှိသည့် သံတွဲဒေသခံ အမျိုးသမီးက ပြောသည်။

သံတွဲမြို့တွင် တိုက်ပွဲများမရှိသေး၊ စစ်ဘေးနှင့်မကြုံရသေးသော်လည်း ယခုကဲ့သို့ အားပြတ်လဲကျသည်အထိ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် သံတွဲမြို့တွင် ပထမဆုံးနှင့် လူအများစိတ်ထိခိုက်ရသည့် အဖြစ်အပျက်တစ်ခုလည်း ဖြစ်သည်။

အစာရေစာငတ်မွတ်ကာ အားပြတ်လဲကျသည့်အထိ ဖြစ်သွားခဲ့သည့် သားသည်မိခင် မထွေးထွေးရီသည် အနီးဝန်းကျင်မှ စာနာ သနားသူများ၏ ကူညီဖေးမမှုဖြင့် သံတွဲဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေပြီး မကြာခဏတက်ကာ၊ အောက်ဆီဂျင်လည်း ပေးရကြောင်း သွားရောက်ကြည့်ရှုကူညီခဲ့သူ တစ်ဦးက ပြောသည်။

သူက “သူတောင်းတဲ့အိမ်က ထမင်းကျွေးမလို့လုပ်နေတုန်း ထမင်းတောင်မစားရသေးခင် လဲကျသွားတာ၊ အနီးအနား ကလူ တွေက စောင်၊ အိပ်ယာခင်း၊ အဝတ်အစားတွေ ဝိုင်းအလှူခံပြီး ဆေးရုံပို့ပေးလိုက်ကြတယ်။” ဟုပြောသည်။

ကူညီပေးသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြကာ ကူညီနိုင်ရန် နှိုးဆော်ခဲ့သည့်အတွက် ဒေသတွင်း သတင်းစာ မျက်နှာတချို့ကလည်း ရေးသားဖော်ပြကြသဖြင့် ငွေကြေးနှင့်အဝတ်အထည်၊ ဆေးဖိုးဝါးခတချို့ကို ဒေသခံများက ဝိုင်းဝန်း ကူညီပေးခဲ့ကြကြောင်းသိရသည်။

“ရခိုင်မှာက ဆင်းရဲပေမယ့် အများစုကအဆင်မပြေရင်တောင် သူများဆီကတောင်းစားရဖို့ရှက်ကြတယ်။ ခြေအကောင်း လက် အကောင်းနဲ့ တောင်းစားတယ်အပြောခံရမှာစိုးတယ်။  ငတ်လာတဲ့အခါယောက်ျားတွေက တခြားနည်းတွေကိုတွေးချင် တွေးမယ်၊ မိန်းမတွေကျတော့ သားသမီးတွေအတွက် အခုလိုလမ်းပေါ်ထွက်လာရတော့တာပဲ။”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

သံတွဲဒေသတွင် မထွေးထွေးရီကဲ့သို့ ရွှေ့ပြောင်းလုပ်သားနှင့် မိသားစုဝင်ပေါင်းသောင်းနှင့်ချီသည် ၎င်းတို့၏ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေ၍လည်းကောင်း၊ စစ်တပ်ကအသွားအလာကန့်သတ်ထားသည့်အတွက်လည်းကောင်း အလုပ်လက်မဲ့ ဖြစ်ကာ ပိတ်မိနေကြသည်။ သားသည်မိခင်ပေါင်းများစွာ အစာရေစာငတ်မွတ်သည့်ဒါဏ်ကို ခံစားနေကြရသည်။

အငတ်ဘေးနှင့်ရင်ဆိုင်နေရသော သားသည်မိခင်ပေါင်းများစွာအနက် မထွေးထွေးရီသည် ရေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက် နေသည့် ရေခဲတောင်ကြီး၏ အပေါ်ယံထိပ်ဖျားလေးတခုဟုသာ ဆိုရမည်ဖြစ်သည်။

တနည်းအားဖြင့် ရခိုင်လူမျိုးများက လခြမ်းမြေဟု တင်စားခေါ်ဆိုကြသည့် အနောက်ကမ်းရိုးတမ်းဒေသက သားသည် မိခင်များ၏ လက်ရှိ ရင်ဆိုင်နေရသည့် အငတ်ဘေးအခြေအနေကို လှစ်ဟပြလိုက်ခြင်းလည်းဖြစ်သည်။

Author:

Related Articles