Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်ခဲ့တဲ့နွေဦးဆရာတော်

ဘွဲ့အမည် အရှင်ကေသရ(သိရိလင်္ကာ)လို့ခေါ်တဲ့နွေဦးတော်လှန်ရေးဆရာတော်ဟာ တော်လှန်ရေးလှုပ်ရှားနေတဲ့အမျိုး သမီးတွေကို လိင်အာသာဖြေမှုအတွက် အသုံးချခဲ့တယ်လို့ နစ်နာသူအမျိုးသမီးတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

နွေဦးဆရာတော်က အိမ်ထောင်ရှိသူအပါအဝင် တခြားမိန်းကလေးတွေထံ ရင်းနှီးမှုကို အခွင့်ကောင်းယူကာ လိင်ပိုင်းဆိုင် ရာအာသာဖြေဖို့ အတွက်အသုံးချခဲ့တာဖြစ်တယ်။ နွေဦးဆရာတော်ကတော့ ဒီကိစ္စကိုဝန်ခံခြင်းမရှိပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နစ်နာသူအမျိုးသမီးများမှ နွေဦးဆရာတော်အား (၁) အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်မှု၊ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့‌သော အပြစ်ကို ဝန်ခံတောင်းပန်ဖို့နဲ့ (၂) သာသနာဝတ်ရုံခြုံထားလျက် ဝိနည်းနဲ့မလျော်ညီစွာ နှောင့်ယှက်ပြောဆိုခဲ့တဲ့လုပ်ရပ်၊ သာသနာညှိုးနွမ်းစေတဲ့လုပ်ရပ် ဖြစ်လို့ လူဝတ်လဲဖို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်နဲ့အညီ နွေဦးဆရာတော်မှ အပြစ်ကိုဝန်ခံပြီး နစ်နာသူ အမျိုးသမီးတွေရဲ့တောင်းဆိုချက်အား အမြန်ဆုံး လုပ်ဆောင်ပေးပါရန် မန္တလေးသပိတ်အင်အားစုမှတောင်းဆိုထားပါတယ်။

Source – Mizzima 

စစ်တပ်ရဲ့အကြမ်းဖက်ရိုက်နှက်မှုကြောင့် မိန်းကလေး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်တော်သာရွာက အသက် ၂၀ ဝန်းကျင်အရွယ်မဟွဲ့ဘွဲ့ဟာ စစ်တပ်ရဲ့အကြောင်းမဲ့ ရိုက်နှက်ခံရမှုကြောင့် စက်တင်ဘာ ၅ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။

မဟွဲဘွဲ့ဟာ သူငယ်ချင်းနဲ့အတူ ဆိုင်ကယ်စီးလာစဉ် လမ်းမှာ စစ်တပ်ရဲ့ရှောင်တခင်စစ်ဆေးခံခဲ့ရပြီး နားထဲကသွေးထွက် တဲ့အထိ အကြောင်းမဲ့ပါးရိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် သူတို့စီးလာတဲ့ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ်တွေကို စစ်သားတွေက သိမ်းယူပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်။

နောက်နေ့မှာ မဟွဲဘွဲ့ဟာ ခေါင်းကိုက်ဝေဒနာကို အပြင်းအထန်ခံစားရပြီးနောက် သတိလစ်မေ့မြောသွားရာကနေ သတိ ပြန်မရတော့ဘဲ သေဆုံးသွားခဲ့တာဖြစ်တယ်။ လက်ရှိ ကလေးမြို့ထဲမှာ စစ်တပ်က ရှောင်တခင် စစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ပြုလုပ်နေတာပါ။

Source – DVB

ဘုတ်ပြင်းမှာ ဖမ်းဆီးခံထားရတဲ့အမျိုးသမီး မိသားစုနဲ့အဆက်အသွယ်မရ

တနင်္သာရီတိုင်း၊  ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့မှာ တရားမဝင် ခဲသတ္တူ အရောင်း၊အဝယ်လုပ်တယ် ဆိုတဲ့စွဲချက်နဲ့ ဒေါ်ရှမ်းမ အပါအဝင် အရပ်သား ၃ ဦးကို ရဲတပ်သားတွေက သြဂုတ် ၂၁ ရက်မှာ ဖမ်းသွားခဲ့တာဖြစ်တယ်။

သူတို့ကို ဖမ်းဆီးသွားတာနှစ်ပတ်ကျော်ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်ပူပန်နေပါတယ်။

ဘုတ်ပြင်းမြို့နယ်ရှိ ကော်တောင်၊ ရေငံကြီး၊ ကမာချောင်း၊ ဝါးချောင်းနှင့် ကရသူရိမြို့စတဲ့နေရာတွေမှာ ဒေသခံများသည်  ခဲသတ္တူမိုင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ ရဲတပ်ဖွဲ့ကို လစဉ်ကြေးပေးနေ ရတာဖြစ်တယ်။

Source – Mizzima 

လုပ်ခတိုးတောင်းလို့ ဖမ်းဆီးခံထားရတဲ့အမျိုးသမီး ၁၂ ဦးပြန်လွှတ်လာ

လုပ်ခရာဂဏန်းတိုးတောင်းလို့ အဖမ်းခံထားရတဲ့အလုပ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၁၂ ဦးကို စက်တင် ဘာ ၉ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် Zara ကိုချုပ်လုပ်တဲ့ ဟိုစိမ့်(မြန်မာ) Hosheng Myanmar အထည်ချုပ်စက်ရုံ က အလုပ်သမား ၅ ဦး၊ အလုပ်သမားတွေကိုကူညီပေးတဲ့ Action Labor Rights က အဖွဲ့ဝင်လေးဦးနဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံက နှစ်ဦးတို့ကိုပြန်လွှတ်ပေးလိုက်တာဖြစ်တယ်။

အလုပ်သမားတွေဟာ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့ အပါအဝင် အချက် အလက်တွေကို အလုပ်သမားရာဂဏန်းက တောင်းဆိုခဲ့ပြီးနောက် အလုပ်သမားခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရတာပါ။

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်က Sun Apparel Myanmar အထည်ချုပ်စက်ရုံနဲ့ ရွှေပြည်သာ၊ သာဓုကန်စက်မှုဇုန် က ဟိုစိမ့်မြန်မာအထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဇွန်လမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။

Source – BBC

စစ်တပ်ဖမ်းသွားတဲ့ သထုံမြို့ခံလင်မယားနှစ်ဦး မိသားစုနဲ့တွေ့ခွင့်မရ

စစ်တပ်ဖမ်းသွားတဲ့ မွန်ပြည်နယ်၊ သထုံမြို့ခံ လင်မယားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့အထိ မိသားစုနဲ့ တွေ့ခွင့်မပေးတဲ့အတွက် စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သထုံမြို့၊ သိမ်ကုန်းရပ်နေ ကိုမင်းဇေယျာချိုနဲ့ ဇနီးဖြစ်သူ မဟန်ကျော်သက်တို့ကို သူတို့ရဲ့နေအိမ်ကနေ စက်တင်ဘာလ ၆ ရက် မနက်ပိုင်းမှာ ရဲနဲ့စစ်သားတွေက လာရောက်ဖမ်းဆီးသွားတာပါ။

သူတို့နှစ်ဦးက ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေ၊ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားသွားလာမှုသတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေဆီ သတင်းပေးတာ၊ ထောက်ပို့တာတွေလုပ်တယ်ဆိုတဲ့စွတ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရ တာဖြစ်တယ်။

မွန်ပြည်နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းချိန်ကနေ ယနေ့အထိ ဖမ်းဆီးခံရတဲ့သူ လေးရာကျော်ရှိပြီး အဲဒီထဲမှာ နှစ်ရာ ကျော်ကတော့ လွတ်မြောက်ထားတာဖြစ်တယ်။

Source – Mizzima 

အင်းတော်မှာ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း  အင်းတော်မြို့နယ် စစ်ခုံရုံးကနေ မသီတာဝင်းအပါအဝင် အရပ်သားလေးဦးကို ထောင်တစ် သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်ကြောင်း Indaw Revolution – IR အဖွဲ့က စက်တင်ဘာ ၄ ရက်နေ့က ထုတ် ပြန်ထားပါတယ်။

ထောင်မိန့်ချမှတ်ခံရသူတွေဟာ အသက် ၂၀  ကနေ ၃၀ ကြားအရွယ်တွေဖြစ်ပြီး ၂၀၂၃ ဇူလိုင်လကမှ အင်းတော်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာပါ။

ဒေသကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းတော်မြို့နယ် စစ်ခုံရုံးကနေ ကိုဇော်မျိုးနိုင်နဲ့ ကိုတင်မောင်ဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ (ဂ)၊ ကိုကျော်သက်နဲ့ မသီတာဝင်းကို ပုဒ်မ ၅၀ (က)၊ (ခ)တို့နဲ့ တရားစွဲခဲ့တာဖြစ်တယ်။

အဲဒီနောက် နှစ်လအကြာမှာ ကိုဇော်မျိုးနိုင်နဲ့ ကိုတင်မောင်ဝင်းကို ထောင်ဒဏ်တစ်သက်စီနဲ့ ကျန်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီအသီးသီး ချမှတ်ခဲ့တာပါ။ 

Source – RFA

ရုံးတွင်းဆန္ဒပြတဲ့စစ်တွေ INGO ဝန်ထမ်းအမျိုးသမီး ၃၇ ဦးအလုပ်ထုတ်ခံရ

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သော Lutheran World Federation (LWF) သည် လုပ်ခလစာအရေး ရုံးတွင်းသပိတ်မှောက်တဲ့ ရခိုင်ပြည်နယ် စစ်တွေရုံးခွဲမှ အမျိုးသမီး ၃၇ ဦးအပါအဝင် ဝန်ထမ်း ၈၀ ဦးအလုပ်ထုတ်ခံခဲ့ရပါတယ်။

သူတို့က ယူရိုငွေနဲ့ရတဲ့လစာကို ကျပ်ငွေနဲ့လဲပေးရာမှာ အပြင်ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ချက်ပေးဖို့တောင်းတာကို အဖွဲ့အစည်းမှ ဗဟိုဘဏ်ရဲ့သတ်မှတ်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ပေးချေခဲ့တာဖြစ်တယ်။

စက်တင်ဘာ ၈ ရက် ဈေးကွက်ပေါက်ဈေးက ၁ ယူရိုမှာ ၃၇၁၅ ကျပ်ရှိပေမယ့် ဗဟိုဘဏ်မှာက ၁ ယူရိုကို ၂၂၅၀ ကျပ်သာ ရှိနေတာဖြစ်တယ်။ ငွေလဲနှုန်းကို ပြင်ဆင်ပေးရန် တောင်းဆိုချက်ကို LWF က ငြင်းဆန်ခဲ့ပြီးနောက် ဝန်ထမ်းတို့က သြဂုတ် ၁၄ မှ ၁၈ အထိ ရုံးတွင်းအသံတိတ်ဆန္ဒပြခဲ့ကြပါတယ်။

တောင်းဆိုချက် မအောင်မြင်လို့ သပိတ်ကို နောက်ထပ်နှစ်ပတ်ထပ်တိုးဆန္ဒပြဝန်ထမ်း ၈၀ ကို အလုပ်ထုတ်ကြောင်း LWF ရဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံက E-mail မှတစ်ဆင့် အကြောင်းကြားခဲ့တာဖြစ်တယ်။

ဒီရုံးမှာ ဝန်ထမ်း ၉၀ ကျော်ရှိပြီး အသံတိတ်သပိတ်ဆန္ဒပြရာမှာ မူလက အားလုံးပါဝင်ခဲ့ပေမယ့် နောက်မှာတော့ ဝန်ထမ်း ၈၀ ဦးသာဆက်ပါဝင်ခဲ့ပါတယ်။ အလုပ်ပယ်ခံရသူများမှာ အမျိုးသမီး ၃၇ ဦး၊ အမျိုးသား ၄၃ ဦးတို့ဖြစ်ပြီး ဒီထဲမှာနို့တိုက် မိခင် ၄ ဦး၊ ကိုယ်ဝန်ဆောင် ၄ ဦးလည်းပါဝင်ပါတယ်။

Source – Myanmar Now

မတ္တရာမှ အသက် ၆၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်ကြောရေးပို့ဆောင်

မန္တလေးမြို့၊ မတ္တရာမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးထားသူတွေထဲက အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အမျိုး သားတစ်ဦးကို မန္တလေး စစ်ကြောရေးစခန်းသို့ စက်တင်ဘာ ၇ ရက်မှာ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အင်အား ၄၀ ၊ ၅၀ ခန့်ပါတဲ့စစ်ကြောင်းတွေဟာ ကျေးရွာတွေထဲဝင်လာပြီး တပ်စွဲထားရာဘုန်းကြီးကျောင်းထဲ လမိုင်းကျေး ရွာမှ အရပ်သား ၂၈ ဦးနဲ့ ကြပ်ပြင်ကျေးရွာမှ ၁၅ ဦးကို ဖမ်းခေါ်သွားခဲ့တာဖြစ်တယ်။

ဒီအထဲမှ ၂ ဦးကို မန္တလေးစစ်ကြောရေးစခန်းသို့ ပို့လိုက်ပြီး ကျန်ဒေသခံတွေကို စက်တင်ဘာ ၇ ရက်မှာပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်။ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေထဲ နယ်မြေရှင်းလင်းတဲ့အနေနဲ့ စစ်ကြောင်းထိုးသလို ဒေသကာကွယ်ရေးတပ် တွေနဲ့လည်း မကြာခဏဆိုသလို တိုက်ပွဲဖြစ်နေတာပါ။

Source – Myanmar Now

ဖာပွန်က ယာယီစာသင်ကျောင်း ဗုံးကြဲခံရပြီး အမျိုးသမီးတစ်ဦးသေ၊ ၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်က ထီးဂေါ်ထာရွာက ယာယီစာသင်ကျောင်းကို စစ်တပ်က စက်တင်ဘာလ ၇ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

KNU ကတည်ထောင်ထားတဲ့ ယာယီစာသင်ကျောင်းက ကျောင်းသားသုံးဦးနဲ့ ဆရာတစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပြီး ကျောင်းသားခြောက်ဦးနဲ့ ဆရာမတစ်ဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေက အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်တဲ့ စောဖါးဒါး၊ကျောင်းသားတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် နော်ထီးခူဖော၊ အသက် ၁၄ နှစ်အရွယ် စောအယ်မူလားနဲ့ အသက် ၁၃ နှစ်အရွယ် စောဘိုကြီးတို့ဖြစ်တယ်။

Source – RFA

ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၂၀ ဦးနေအိမ်ပြန်မရောက်ကြသေး

မကွေးတိုင်း၊ မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၂၀ ဦးဟာ ယနေ့အချိန်ထိ နေအိမ်ပြန်မရောက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာသားတွေကို ဓားစားခံအဖြစ်ဖမ်းဆီးလာတဲ့စစ်တပ်ဟာ စက်တင်ဘာ ၆ ရက်က ပေါက်ပြင်းရွာပြင်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေထောင်ထားတဲ့မိုင်းကိုနင်းမိခဲ့ပြီး တညအိပ်တပ်စွဲခဲ့ကာ ရွာသားတွေကို လူသားဒိုင်းအဖြစ်သုံးပြီး ဖမ်းခေါ်သွားခဲ့တာဖြစ် တယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ပေါက်ပြင်းရွာက အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ဂွေးပင်လယ်ရွာက အမျိုးသား ၁၂ ဦးနဲ့ သံပုရာခြံရွာက အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်။ လက်ရှိအချိန်ထိ အဲဒီကျေးရွာ ၃ ရွာက ပြည်သူတွေဟာ ကျေးရွာတွေထဲကို ပြန်ရောက်နေထိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတွေထဲမှာ နေထိုင်နေရပါတယ်။

Source – မြေလတ်အသံ

အချိန်မီ မြွေဆိပ်ဖြေဆေးမရလို့ အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများ လိုအပ်လျက်ပြီး ၁ နှစ်အတွင်းမြွေဆိုးကိုက်ခံရသူ ၁၀၆ ဦးရှိတဲ့အနက် အမျိုးသမီးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးထားကြောင်း သိရပါတယ်။

မြွေဆိုးကိုက်ခံရသူများကို  မြွေဆိပ်ဖြေဆေး အနည်းဆုံး ၂ မှ အများဆုံး အလုံး ၂၀ ကျော်အထိ ထိုပေးရလို့ မြွေဆိပ်ဖြေ ဆေးမှာ အမြဲလိုအပ်နေတာဖြစ်တယ်။ BPI မြွေဆိပ်ဖြေဆေး ဈေးနှုန်းမှာ ကျပ် ၁၃၀,၀၀၀ ဝန်းကျင်ရှိပြီး အိန္ဒိယ မြွေဆိပ် ဖြေဆေး ဈေးနှုန်းမှာ ၅၀,၀၀၀  ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မြွေဆိုးကိုက်ခံရသူဦးရေမှာ စက်တင်ဘာလမှ ဧပြီလအထိ ၆၁ ဦး၊ မေလတွင် ရှစ်ဦး ၊ ဇွန်လတွင် ၁၁ ဦး၊ ဇူလိုင်လတွင် ၁၂ ဦးနှင့် သြဂုတ်လတွင် ၁၂ ဦး ၊ စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်း နှစ်ဦး စုစုပေါင်း –  ၁၀၆ ဦး ရှိသည့်အနက်  ၁၀ ဦး ဝန်းကျင်မှာ အသက်ဆုံးရှုံးထားတာဖြစ်တယ်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်က စစ်ရှောင်တစ်ဦးဖြစ်တဲ့အသက် ၃၈ နှစ် အရွယ် မမာရီဟာ မြွေဆိုးကိုက်ခံရပြီး အချိန်မီမြွေဆိပ်ဖြေဆေးမရတာကြောင့် အသက်သေဆုံးခဲ့ရတာဖြစ်တယ်။ ကန့်ဘလူခရိုင်ဟာ စစ်ကြောင်းထိုးခြင်းကို အမြဲ လိုလိုခံရပြီး တိုက်နယ် ၇ ခုမှ ကျေးရွာအများစုဟာ နီးစပ်ရာတောထဲတွင် ယာယီတဲထိုးကာနေထိုင်ကြရလို့ မြွေဆိုး အန္တရာယ်နဲ့ရင်ဆိုင်နေကြရတာပါ။

Source – Mizzima 

ချင်းမှာ လေကြောင်းရန်ကြောင့် အမျိုးသမီး ၁၁ ဦးအပါအဝင် အရပ်သား ၃၅ ဦးသေဆုံး

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိတဲ့အနက် ၇ ခုမှာ ယခုနှစ် ဇန်နဝါရီကစလို့ စက်တင်ဘာလအထိ စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှု ၁၈၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၅ ဦးသေဆုံးခဲ့တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ် ငါးဦး၊ အမျိုးသမီး ၁၁ ဦးအပါအဝင် စုစုပေါင်း ၃၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇၉ ဦးအထိရှိခဲ့သလို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ဦးလည်း ကျဆုံးခဲ့တာဖြစ်တယ်။

စစ်တပ်ဟာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေကို  ဒီနှစ်ပိုင်းအတွင်း လေကြောင်းမှတဆင့် တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ဟားခါး၊ ထန်တလန်နဲ့ မင်းတပ်မြို့ကို အများဆုံးပစ်ခတ်ခဲ့ တာပါ။ 

Source – Delta News Agency   

Author:

Related Articles