ရှင်ငြိမ်း။ ။
စက်တင်ဘာ ၂၉ ၊ ၂၀၂၃ ။
စစ်အာဏာသိမ်းချိန်မှစလို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်အထိ အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ ပါတီဝင် အမျိုးသမီး ၁၀ ဦးရှိပြီး ဖမ်းဆီးခံရသူပါတီဝင် အမျိုးသမီး ၁၉၁ ဦးရှိကာ ပါတီဝင်အမျိုးသမီးတွေရဲ့နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းယူခြင်းခံရသူ ၈၄ ဦးရှိတယ်လို့ NLD ပါတီရဲ့ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ NLD ပါတီ ၃၅ နှစ်မြောက်အခမ်းအနားမှာ ဒေါက်တာဒေါ်မေဝင်းမြင့်က ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်ထားမှု အခြေအနေနဲ့ပတ်သက်တဲ့စာတမ်းကို ဖတ်ပြပြီး ပြောကြားခဲ့တာဖြစ်တယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က NLDပါတီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင်အများအပြား ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို သူတို့ကိုပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ပါတီဝင်တွေဟာ ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်တယ်။
“ပါတီဝင်အမျိုးသမီးတွေဟာ တော်လှန်ရေးတာဝန်တွေဖြစ်တဲ့မြေပြင်မှာ ထောက်ပို့၊ ဆေးတပ်သား၊ ယူနီဖောင်းချုပ်တဲ့ စက်ချုပ်၊ စစ်ရှောင်စခန်းတွေမှာ ထမင်းချက်၊ ကလေးငယ်တွေကို ပညာသင်ပေးတာ၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံ ရေးတာဝန်တွေကို ထမ်းဆောင်နေပါတယ်။”လို့ ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
ဒါ့အပြင် တချို့ပါတီဝင်ဟာ လက်နက်စွဲကိုင်ပြီး အမျိုးသမီး(PDF)ပြည်သူ့ကာကွယ်ရေးတပ်သားအဖြစ် ကျရာကဏ္ဍကနေ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ပါဝင်စွမ်းဆောင်နေကြောင်း စာတမ်းမှာဖော်ပြထားပါတယ်။
“အမျိုးသမီးလုပ်ငန်းအဖွဲ့အဆင့်ဆင့်က ဖက်ဒရယ်နဲ့ဒီမိုကရေစီ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ယုံ ကြည်ချက်ခိုင်မာစွာနဲ့ အားသွန်ခွန်စိုက် ပြည်သူနဲ့အတူ ကတိပြုအပ်ပါတယ်။”လို့ ဒေါက်တာဒေါ်မေဝင်းမြင့်က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါက်ဖွားလာပြီး၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ တည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025