Home ဆောင်းပါး ကေသာကျော့နဲ့ မမော့နိုင်တော့ပြီ

ကေသာကျော့နဲ့ မမော့နိုင်တော့ပြီ

နွေဦးမောင်။ ။

တနင်္ဂနွေနေ့ အလုပ်ပိတ်ရက် တစ်ရက်မှာ ဖြစ်ပါတယ်။ သားအဖနှစ်ယောက်ဟာ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်အစုတ်လေး တစ်စီးနဲ့ အလှပြင်ဆိုင်တစ်ဆိုင်ကို ရောက်လာကြတယ်။

ဆိုင်ထဲလှမ်းဝင်လိုက်တယ်ဆိုရင်ပဲ ဖခင်ဖြစ်သူက သူ့သမီးကြီး ဆံပင်ဖြောင့်လိုကြောင်းဆိုင်ရှင်အမျိုးသမီးထံ ရှင်းပြပါတယ်။ တဆက်တည်းမှာပဲ ဘယ်လောက်ကုန်ကျနိုင်တယ်ဆိုတာကို အဲဒီအမျိုးသားက မေးပါတယ်။

ဒါကြောင့် ဆိုင်ရှင်က အမျိုးသမီးငယ်လေးရဲ့ ဆံပင်အနေအထားကိုကြည့်ပြီး ကျပ်တစ်သောင်းခွဲကျသင့်မယ်လို့ တွက်ပြ တယ်။ အဲဒီငွေပမာဏဆိုရင် သူတို့တတ်နိုင်တဲ့ ပမာဏဖြစ်တာမို့ ​ဖြောင့်လိုကြောင်း နှစ်ဖက်သဘော တူညီလိုက်ကြပါတယ်။

ဆံပင်လာဖြောင့်တဲ့ ကလေးမလေးဟာ အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ သူက စက်ရုံအလုပ်သမလေးတစ်ဦးပါ။ တနင်္ဂ နွေတစ်ရက် စက်ရုံပိတ်တာမို့ ပိတ်ရက်မှာ ခုလိုဆံပင်လာဖြောင့်တာ ဖြစ်ပါတယ်။

အရင်က သူ့ဆံပင်ဟာ ခါးလောက်အထိ ရှည်ပေမယ့် စားဝတ်နေရေးအရ ဖြတ်ရောင်းလိုက်ရတော့ ခုဆို ဂုတ်ဝဲလောက်သာ ရှိပါတော့တယ်။ အဲဒီအတွက် ကျပ်ခြောက်သောင်းရလိုက်တယ်လို့ သူက ရှင်းပြတယ်။

ပြောမယ်ဆိုရင် အဲဒီစက်ရုံအလုပ်သမလေးလို အမျိုးသမီးတွေ ဆံပင်ဖြတ်ရောင်းကြတဲ့ စျေးကွက်ဟာ ဟိုးအရင်နှစ်တွေက တည်းကရှိခဲ့တာပါ။ ဒါပေမဲ့ အရင်နှစ်တွေက အာဏာသိမ်းထားတဲ့ အခုကာလလို ဆံပင်ဖြတ်ရောင်းတဲ့သူ သိပ်မများသေး ပါဘူး။

ဘာကြောင့်လည်းဆိုတော့ အာဏာသိမ်းမှုမတိုင်ခင်က ကုန်စျေးနှုန်းတွေ ခုလောက်မကြီးတော့ ရတဲ့ဝင်ငွေနဲ့ ကုန်ကျစရိတ် လောက်ငကြပါတယ်။ ဒါပေမဲ့ ခုကာလမှာတော့ ဘယ်ကုန်ပစ္စည်းမဆို အရင်ကထက် နှစ်ဆသုံးဆလောက် စျေးခုန်တက်သွား လို့ ဝင်ငွေနဲ့ထွက်ငွေ ဘယ်လိုမှ မျှတမှု မရှိတော့ပါဘူး။

ဒါကြောင့်လည်း အထက်နားက စက်ရုံအလုပ်သမလေးလို အမျိုးသမီးတွေဟာ သူတို့မြတ်နိုးတန်ဖိုးထားရတဲ့ ဆံကေသာကို အသပြာနဲ့လဲလှယ်ဖို့ ဖြတ်တောက်ရောင်းချ ကြရပါတော့တယ်။

ဖော်ပြပါ စက်ရုံအလုပ်သမလေးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ အဖေ၊ အမေနဲ့ မောင်လေးတစ်ယောက်၊ ညီမလေး တစ်ယောက်ပါ။ မောင်လေးနဲ့ညီမလေးက နို့စို့အရွယ်အမွှာလေးတွေဖြစ်ပြီး မောင်နှမသုံးယောက်မှာ သူက သမီးအကြီးဆုံး ဖြစ်ပါတယ်။

သူ့ဖခင်က စက်ရေတွင်းတူးတဲ့အလုပ် လုပ်ပါတယ်။ မိုးမကုန်သေးတဲ့ ခုလိုကာလမှာအလုပ် သိပ်မဖြစ်ပါဘူး။ ဒီတော့ သမီး ကြီးရဲ့ လုပ်အားခပေါ်မှာပဲ တစ်မိသားစုလုံးမှီခိုစားသောက်ရပါတယ်။ ဒါကြောင့်လည်း မိသားစုအသုံးစရိတ် နည်းနည်းပဲ တိုးတိုးဆိုပြီး စက်ရုံအလုပ်သမလေးက သူ့ဆံပင်ကို ဖြတ်ရောင်းခဲ့တာပါ။

စားဝတ်နေရေးလိုအပ်ချက်အရ သမီးကြီးရဲ့ဆံပင်တွေ ဖြတ်ရောင်းလိုက်ရတာကို ဖခင်ဖြစ်သူအဖို့ စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့်လည်း ဆံပင်ရောင်းရငွေရဲ့ လေးပုံသုံးပုံကို စားစရိတ်အတွက်ဖယ်ပြီး ကျန်ငွေနဲ့ သူ့သမီးကြီးရဲ့ ဆံပင်တွေ ကြည့် ပျော်ရှုပျော်ရှိအောင် ပြန်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖခင်ဖြစ်သူက ရင်ဖွင့်ပါတယ်။

တစ်ခုကောင်းတာက သူ့သမီးကြီးရဲ့ ဆံပင်တွေကို ဖြတ်ရောင်းရာမှာ တခြားသူတွေလို ဝယ်သူစိတ်ကြိုက်အညှပ်မခံဘဲ ကိုယ် လိုသလို ဖြတ်ရောင်းခွင့်ရလို့ တော်သေးတယ်ဆိုရမယ်။ တချို့ စျေးပိုရချင်တော့ ဝယ်သူစိတ်ကြိုက် အညှပ်ခံရပြီး ဆံကေသာ ပျက်စီးတဲ့အထိ အရင်းအနှီးကြီးတာတွေလည်း ရှိပါတယ်။

အဲဒီသူတွေထဲမှာ ကလေးတစ်ယောက်မိခင် မနွယ်နီလည်း အပါအဝင်ဖြစ်ပါတယ်။ သူ့ အသက်က ၂၇ နှစ်ရှိပါပြီ။ သူတို့ဇနီး မောင်နှံမှာ တစ်သားအရွယ် နို့စို့ကလေးတစ်ဦး ရှိပါတယ်။ ဒါကြောင့် မနွယ်နီတစ်ယောက် အရင်လို စက်ရုံဆင်းပြီး ဝင်ငွေ မရှာနိုင်ပါဘူး။ စက် ရုံဖယ်ရီကားမောင်းတဲ့ ခင်ပွန်းသည်ရဲ့ လုပ်အားခပေါ်မှာပဲ မှီခိုနေရတာပါ။

ဖြစ်ချင်တော့ စက်ရုံပိတ်ရက်တစ်ရက်မှာ ခင်ပွန်းဖြစ်သူဟာ သူတို့နေထိုင်တဲ့မြို့စွန်ရပ်ကွက်ကနေ မြို့ထဲဘက်ကို တစ် ယောက်ထဲ ဆိုင်ကယ်စီးပြီးသွားခဲ့ပါတယ်။ ဒီမှာတင်လမ်းမှာ စစ်ကောင်စီလက်အောက်ခံ ယာဥ်စစ်အဖွဲ့နဲ့တိုးပြီး တားဆီး စစ်ဆေးခံရပါတော့တယ်။

သူ့ခင်ပွန်းစီးသွားတဲ့ဆိုင်ကယ်က လိုင်စင်မရှိပါဘူး။ ပြီးတော့ လူလိုင်စင်လည်း ပါမသွားခဲ့ဘူး။ အဲတော့ ယာဥ်စစ်အဖွဲ့က စီမံချက်ဆိုတဲ့ခေါင်းစဥ်နဲ့ ဆိုင်ကယ်ကိုသိမ်းတဲ့အပြင် လူကိုပါဖမ်းဆီးလိုက်ပါတယ်။ ဒါကြောင့် မနွယ်နီတို့မှာ ဆိုင်ကယ် တစ်စီးဆုံးရှုံးလိုက်ရတဲ့အပြင် သူ့ခင်ပွန်းဟာလည်း ထောင်ဒဏ်တစ်လ ချခံလိုက်ရပါတော့တယ်။

ဒါတောင် စစ်ကောင်စီရဲတွေက သူ့ခင်ပွန်းကို ထောင်သုံးလချမယ်လုပ်နေလို့ ငွေနဲ့ လာဘ်ထိုးရပါသေးတယ်။ အိမ်ငှားနေပြီး တစ်ယောက်လုပ်စာနဲ့ မိသားစုသုံးယောက် စားသောက်နေထိုင်ရတာမို့ သူ့လက်ထဲ ငွေပိုငွေလျှံ မရှိပါဘူး။ တစ်လတစ်လ စားဝတ်နေရေးနဲ့ ကလေးစရိတ်၊ အိမ်ငှားခနဲ့မှ အနိုင်နိုင်ရယ်ပါ။

ဒီတော့ သူ့ခင်ပွန်း ထောင်ဒဏ်လျော့ခံရမယ့်အရေး ရဲတွေကို လဘ်ထိုးဖို့ ငွေလိုလာပါတယ်။ တိတိကျကျဆိုရရင် ငွေသုံးသိန်း လောက်လိုတာပါ။ ရှိတဲ့နားကပ်လေး ချွတ်ပေါင်တာကလည်း ဘယ်လောက်မှမရလိုက်ဘူး။ ဒီမှာတင် ကြံမိကြံရာကြံပြီး အပျိုဘဝထဲက မြတ်နိုးတန်ဖိုးထားလာတဲ့ ဆံပင်ရှည်တွေကို ဖြတ်ရောင်းဖို့ ဖြစ်လာပါတော့တယ်။

ဒါကြောင့် ဆံပင်ဝယ်သူနဲ့ ညှိကြည့်တဲ့အခါ သူ့ဆံပင်ကို အရှည်အတိုင်း စိတ်ကြိုက်ဖြတ်ခွင့်ပေးရင် ကျပ်နှစ်သိန်းခုနစ်သောင်း ပေးမယ်လို့ ဆိုလာပါတယ်။ ဒီမှာတင်ပဲ မနွယ်နီတစ်ယောက် ရေငတ်တုန်းရေတွင်းထဲကျတာလား တစ်သက်လုံး မွေးလာတဲ့ ကြက် တစ်ချက်တည်းရိုက်သတ်လိုက်သလိုဖြစ်သွားမလား ဝေခွဲချိန်မရလိုက်ဘူး။

အချိန်တန်ရင် ပြန်ရှည်လာမှာပဲဆိုပြီး မိသားစုအပူကိုကုစားဖို့ တင်ပါးနားထိဝဲနေတဲ့ သူ့ဆံပင်တွေကို ဖြတ်ရောင်းလိုက်ပါ တော့တယ်။

ဆံပင်စျေးကွက်က တစ်နေရာနဲ့ တစ်နေရာ မတူညီကြပါဘူး။ အဲဒီမှာ စက်ရုံအလုပ်သမားလေးနဲ့ မနွယ်နီတို့ ရောင်းတဲ့ပုံစံက ဆံပင်အတိုအရှည်နဲ့ အုံအထူအပါးကိုကြည့်ပြီး ဝယ်သူက စျေးပြတ်ပေးတာ။

တချို့ဆံပင်အဝယ်သမားတွေကြတော့ အဲဒီပုံစံမဟုတ်ဘူး။ ဒိုင်ကြီးတွေမှာလိုပဲ ဆံပင်ကို အချိန်အတွယ်နဲ့ ဝယ်ယူကြတာ ဖြစ် ပါတယ်။ ရောင်းသူနဲ့ ဝယ်သူ နှစ်ဖက်ညှိနှိုင်းပြီးပြီဆိုရင် ဝယ်သူစိတ်ကြိုက် ဆံပင်အုံရဲ့အတွင်းကိုထဲကိုနှိုက်ဖြတ်တယ်။ သူတို့ ဖြတ်ချသွားတဲ့ဆံပင်ဖြတ်ဆဟာ ကာယကံရှင်ရဲ့ ဦးရေပြားကနေ လက်သုံးလေးလုံလောက်သာ အငုတ်လေးကျန်ရစ်ပါ တယ်။

ပြီးတော့မှ ဖြတ်ရောင်းသူရဲ့ဆံသားဟာ သဘာဝအတိုင်းမဟုတ်ဘဲ ဆေးဆိုးထားတယ်ဆိုရင် ကပ်ကြေးနဲ့ အသာအရာ ခြစ်ချ ပါတယ်။ ပြီးတော့မှ ဖြတ်ထားတဲ့ဆံပင်အစီးလိုက်ကို အလေးချိန်ချိန်၊ စျေးသင့်။ သဘာဝဆံသားဖြစ်တယ်ဆိုရင်တော့ ဖြတ်ချ ပြီးတာနဲ့ ဘာမှလုပ်စရာမလိုတော့ဘူး။ တခါတည်း ချိန်တွယ်ပြီး ရသင့်ငွေတွက်လိုက်ယုံပါပဲ။

ဒီနေရာမှာ သဘာဝဆံသားနဲ့ ဆေးဆိုးထားတဲ့ဆံသား စျေးနှုန်းချင်းမတူပါဘူး။ သဘာဝဆံသားလည်းဖြစ်တယ်၊ အရှည်က တစ်ပေကျော်ကျော်နှစ်ပေနီးပါးလောက်ရှိမယ်ဆိုရင် လက်ရှိပေါက်စျေးအရ တစ်ကျပ်သားကို လေးသောင်းနှစ်ထောင် လောက် ရပါတယ်။ အရှည်ပေမီပေမယ့် သဘာဝဆံသားမဟုတ်ရင်တော့ တစ်ဝက်စျေးလောက်သာ ရကြပါတယ်။ ဒါက လက်ရှိဆံပင်စျေးကွက်ရဲ့ အနေအထားတချို့ပါ။

ပြောမယ်ဆိုရင် ရပ်ကွက်ထဲလိုက်ဝယ်တဲ့ ဆံပင်အဝယ်သမားတွေက သူတို့အမြတ်ပိုကျန်ဖို့ အကြောင်းပြချက်မျိုးစုံနဲ့ စျေးနှိမ် တတ်ကြတာပါ။ ဘယ်လိုပင် စျေးနှိမ်ဝယ်ဝယ် လိုအပ်သူတွေကတော့ သူတို့ဦးခေါင်းထက်က ဆံကေသာကို အကြောင်း အမျိုးမျိုးနဲ့ ဖြတ်ညှပ်ရောင်းချနေကြရတာပါ။

အလှပြင်ဆိုင်တွေနဲ့ ဆံပင်ဒိုင်တချို့ထံက ရရှိတဲ့ အချက်အလက်တွေအရ ဆံပင်ဖြတ်ရောင်းကြသူတွေဟာ အခြေခံလူတန်း စားအမျိုးသမီးတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို အမျိုးသမီး ၁၀ ဦးမှာ တစ်ဝက်ကျော်ကျော်လောက်က စား ဝတ်နေရေးအတွက် သူတို့ရဲ့ဆံပင်တွေကို အနည်းဆုံးတစ်ကြိမ်တော့ ဖြတ်ရောင်းဖူးကြတယ်လို့ သိရပါတယ်။

ဟိုတုန်းကတော့ အမျိုးသမီးတွေအဖို့ သူတို့ရဲ့ဆံပင်ရှည်တွေကို ဖြတ်ကြတယ်ဆိုတာ ဘာသာရေးယုံကြည်ချက်အရ လုပ် ဆောင်ကြတာမျိုးပါ။ သာဓကအနေနဲ့ဆိုရင် ဆံပင်တွေဖြတ်ပြီး ဘုရားမှာလှူတာ၊ သီလရှင်ဝတ်ဖို့ ခေါင်းမြီးတုန်းတာ စသဖြင့်ရှိ ကြပါတယ်။ ဒါပေမဲ့ မြန်မာအမျိုးသမီးအများစုဟာ လူမျိုးနဲ့ကိုးကွယ်ယုံကြည်မှု မတူညီကြဘူးဆိုရင်တောင်မှ ဆံပင်အရှည် ထားတဲ့နေရာမှာတော့ တူညီကြပါတယ်။ ဒါကို မြန်မာအမျိုးသမီးတွေရဲ့ ယဥ်ကျေးမှုတစ်ခုလို့ သတ်မှတ်ခဲ့ကြတယ် ။

အခုခါမှာတော့ မြန်မာအမျိုးသမီးတွေထဲက အခြေခံလူတန်းစားတွေဟာ အရပ်ရပ်ကုန်စျေးနှုန်းနဲ့ မိသားစုစားဝတ်နေရေး အခြေနေတွေကြောင့် ကေသာကျော့နဲ့ မမော့နိုင်ကြတော့ပါဘူး။

Author:

Related Articles