ရှင်ငြိမ်း။ ။
ပူပြင်းလွန်းတဲ့ နွေရာသီညတစ်ညမှာ ၁၂ ပေ ပတ်လည်သာ ကျယ်ဝန်းတဲ့နေအိမ်လေးထဲက အမျိုးသမီးလေးတစ်စုဟာ ယပ်တောင်လေး တဖြတ်ဖြတ်ခတ်ရင်း အေးအေးလူလူနဲ့နွေအပူကို ဖြေဖျောက်လို့နေပါတယ်။
အချိန်အားဖြင့် ည ၁၁ ကျော်ရှိလာပေမယ့် ပူလွန်းတဲ့အတွက် သူတို့မအိပ်နိုင်ကြသေးတာဖြစ်တယ်။ ခဏအကြာမှာတော့ စစ်သားတွေပါတဲ့ကားသုံးစီးနဲ့ လူအုပ်တစ်အုပ်ဟာ သူတို့နဲ့မျက်စောင်းထိုးကအိမ်ကို တံခါးတွေထုရိုက်ကာဝင်သွားပါတယ်။
ဒါနဲ့သူတို့တွေလည်း အခြေအနေကိုသဘောပေါက်ပြီး အိတ်တစ်လုံးကိုဆွဲကာ နောက်မှာရှိတဲ့ သန့်စင်ခန်းနောက်ကမြောင်း ကို ဖြတ်၊ နောက်ဖေးအိမ်ရဲ့ဝါးခြံစည်းရိုးကို ကျော်ဖြတ်ဝင်ကာ ပုန်းခိုလို့ရမယ့်တစ်နေရာကို ပြေးကြပါတယ်။
သူတို့ဖြတ်တဲ့မြောင်းက အမှိုက်တွေနဲ့ဆိုတော့ သိပ်မနက်ဘူးထင်ရပေမယ့် ရွံ့နွံတွေကဒူးထိမြုပ်ပြီး ရင်ဘတ်နားထိရောက် တဲ့ ညစ်ပတ်နံစော်နေတဲ့ရေတွေထဲဖြတ်ကာ ခြံစည်းပျက်နေတဲ့အိမ်ဝင်းထဲကို တိုးဝင်ကာ လမ်းဘက်ကိုထွက်လိုက်ပါတယ်။
လမ်းမကနေ မီတာ ၃၀၀ လောက်ဝေးတဲ့ကြာကန်ကြီးထဲမှာ ကိုယ်တစ်ပိုင်းဖော်ပြီး ၃၊ ၄ နာရီ လောက်ကြာအောင် ပုန်း နေခဲ့ရတယ်။ သူတို့ပုန်းနေတဲ့အချိန်မှာ စစ်သားတွေက သေနတ် ၄၊ ၅ ချက်လောက်ပစ်ဖောက်ခြိမ်းခြောက်ခဲ့တယ်လို့ အသက် ၂၃ နှစ်အရွယ် အသန်းက ပြောပါတယ်။
” ပြေးတုန်းက ခြေထောက်ကနွံထဲနစ်ပြီး ဖိနပ်ပါမလာသူနဲ့ တစ်ယောက်ဆိုပေါင်မှာ ပေါင်ကဒဏ်ရာက ၁၀ ချက်လောက်ချုပ် လိုက်ရတယ်။ တခြားသူတွေလည်း ခြစ်မိတာ၊ ကွဲတာရှတာတွေဖြစ်တယ်။”လို့ သူက ဆိုပါတယ်။
အသန်းအပါအဝင် ဒီအမျိုးသမီးတွေဟာ လုပ်သက် နှစ်နှစ်ကျော်ရှိတဲ့အကူသူနာပြုလေးတွေ ဖြစ်တယ်။ သူတို့ရည်မှန်းချက် က သင်တန်းတက်ပြီးရင် ဂျပန်နိုင်ငံသွားအလုပ်လုပ်ပြီး မိဘတွေကိုထောက်ပံ့ဖို့ပါ။
သို့ပေမဲ့ သူတို့ဂျပန်ကို ထွက်ခွင့်ရပြီဆိုတဲ့အချိန်မှာ အာဏာသိမ်းမှုဖြစ်တော့ မသွားတော့ဘဲ မြန်မာပြည်မှာအလုပ်လုပ်ပြီး ရတဲ့လုပ်အားခကို တော်လှန်ရေးအတွက်ထောက်ပို့လုပ်ခဲ့ကြတယ်။ ဒီအတွက်စစ်သတင်းပေးတွေက တိုင်တဲ့အတွက် စစ်သားတွေလာဖမ်းလို့ အခုလိုထွက်ပြေးရတာဖြစ်တယ်။
ဂျပန်ကနေ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နေလု့ိရသားနဲ့ ဘယ်အတွက်ကြောင့် အခုလိုအန္တရာယ်များပြီး ဝင်ငွေ အနည်းငယ်သာရတဲ့ မြန်မာနိုင်ငံကနေထောက်ပို့လုပ်ချင်တာလဲဆိုတဲ့မေးခွန်းကိုတော့ အသိန်းက အခုလိုရှင်းပြပါတယ်။
“ ဂျပန်မှာဆိုအလုပ်နဲ့ အိမ်နဲ့ပဲအချိန်ကုန်မယ်။ ထောက်ပို့လုပ်နိုင်ပေမယ့် ကိုယ့်နိုင်ငံလိုတော့ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ် နိုင်မှာမဟုတ်ဘူး။ အလုပ်ကြောင့်ဖြစ်ဖြစ် ပေါ့လျော့လာနိုင်တယ်။ ဒီမှာကအန္တရာယ်များပေမယ့် ကိုယ်ဆန္ဒရှိသလောက် လုပ်နိုင်တယ်။ အဓိကက ဆရာဝန်၊ ဆရာမမရှိတဲ့စစ်ရှောင်စခန်းတွေ၊ PDFတွေကို ကိုယ်တိုင်လိုက်ကုပေးချင်တာပါ။” လို့ သူကဆိုပါတယ်။
အာဏာသိမ်းလိုက်တော့ အသန်းတို့လို အကူသူနာပြုတွေလည်း အခြားကျန်းမာရေးဝန်ထမ်းတွေနည်းတူ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)လုပ်တဲ့အတွက် ဆေးရုံအဆောင်မှာနေခွင့်မရှိတဲ့အတွက် ထွက်ခဲ့ကြတယ်။
အဆောင်မှာနေခွင့်မရတော့ အာဏာသိမ်းပြီး တစ်လအကြာမှာ အသန်းက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အဆောင်အခန်း တစ်ခုဌားကာ စုနေကြတယ်။ ဒီအခန်းထဲမှာ သူက ဦးဆောင်ပြီး စိတ်တူကိုယ်တူ၊ အနစ်နာခံနိုင်တဲ့အကူသူနာပြုတွေကို ထောက်ပို့ လုပ်ဖို့ လူစုလိုက်တာ အစပိုင်းမှာအယောက် ၂၀ လောက်ရပါတယ်။
အကြောင်းကြောင်းတွေကြောင့် အဖွဲ့ဝင်တွေအဖြစ်ကနေ နုတ်ထွက်သွားတဲ့သူတွေရှိလာတဲ့အတွက် လက်ရှိမှာ လူအင်အား ၁၀ ယောက်လောက်နဲ့ ဆက်အလုပ်လုပ်နေတယ်လို့ ဆိုတယ်။
အာဏာရှင်တော်လှန်ရေးမှာ လက်နက်မကိုင်နိုင်ရင်တောင်မှ သူတို့တတ်တဲ့ပညာနဲ့ရှာဖွေထားတဲ့ချွေးနှဲစာလေးနဲ့ ပါဝင်လို့ ရတာကြောင့် အခုအဖွဲ့လေးဖွဲ့ပြီးလုပ်ဖြစ်သွားတာပါလို့ အသန်းက ဆိုပါတယ်။
သူတို့တွေဟာ နေရာဒေသ၊ လူမျိုး၊ ဘာသာတွေမတူကြပေမယ့် တူညီတဲ့ပန်းတိုင်ကို လျှောက်လှမ်းနေကြတဲ့အကူသူနာပြု တွေပါ။ အသန်းဆိုရင် စစ်တပ်နဲ့ စစ်ရေးပြင်းထန်နေတဲ့စစ်ကိုင်းတိုင်းက အညာရွာလေးတစ်ရွာမှဖြစ်တယ်။
သူတို့တွေထဲမှာ အသန်းလိုဗုဒ္ဓဘာသာဝင်တွေအပြင် အစ္စလာမ့်ဘာသာကိုးကွယ်တဲ့ အမျိုးသမီးလေးတွေလည်းပါဝင်ပြီး ကချင်ဒေသမှ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အာခါတိုင်းရင်းသူတွေလည်းပါဝင်ကြတယ်။ အသက်အရွယ်အားဖြင့် ၂၀ နဲ့ ၂၅ ကြားက လူငယ်အမျိုးသမီးလေးတွေဖြစ်တယ်။
သို့ပေမဲ့ ဂျပန်နိုင်ငံကိုမသွားဘဲ မြန်မာပြည်မှာ လစာနည်းနည်း၊ အန္တရာယ်များများနဲ့ထောက်ပို့လုပ်နေကြတဲ့အပေါ် တချို့ မိဘတွေက ကန့်ကွက်တားမြစ်တာတွေရှိနေပါတယ်။
အာခါတိုင်းရင်းသူလေးဖြစ်တဲ့အသက် ၂၀ အရွယ်ဝင်းနီက“ဂျပန်မသွားဘဲ တော်လှန်ရေးအတွက် အလုပ်လုပ်မယ်ဆိုတော့ အိမ်ပဲ ခဏခဏပြန်ခေါ်နေတာ။ သူတို့စိတ်ကြိုက်နေခဲ့ပြီးပြီဆိုတော့ ဒီတခါတော့ ကိုယ်သဘောအတိုင်းလုပ်တော့မယ်။”လို့ ပြောပါတယ်။
အစ္စလာမ့်ဘာသာဝင်တစ်ဦးဖြစ်တဲ့အသက် ၂၅ နှစ်အရွယ်မသင်းသင်းစိုးကလည်း မိသားစုမှမဟုတ်ဘူး။ ဘယ်သူတား တား၊ ဘယ်သူမှ မလုပ်လည်းတစ်ယောက်ထဲ တော်လှန်ရေးအတွက် အလုပ်လုပ်ပေးဖို့ဆုံးဖြတ်ထားပြီးသားလို့ ဆိုပါတယ်။
နောက်သူတို့လေးတွေရဲ့ အကူသူနာပြုအလုပ်ဟာ အမြင်မှာ မပင်ပန်းဘူးထင်ရပေမယ့် စိတ်ပင်ပန်းရတဲ့အလုပ်ပါ။ ဝေဒနာသည်အဘိုးအဖွားတွေကို ပုံမှန်ဆေးတိုက်၊ ရေချိုး၊ ထမင်းကျွေး၊ နှိပ်နယ်တာတွေအပြင် ဝမ်းသွားရင်လည်း ခဏတိုင်း သန့်ရှင်းရေးလုပ်ပေးရသလို ဝမ်းချုပ်တဲ့အခါမှာလည်း လက်နဲ့နှိုက်ပြီး ဝမ်းချူပေးရတာလည်းရှိပါတယ်။
“အစပိုင်းသာ အဆင်မပြေတာတွေရှိတတ်ပေမယ့် ကြာလာတော့လည်း သံယောဇဉ်တွေဖြစ်၊ မိသားစုလိုဖြစ်ပြီး သူတို့နေ မကောင်းရင် ညီမတို့လည်း မျက်ရည်ကျရတဲ့အထိ စိုးရိမ်သောကရောက်ရတယ်”လို့ ဝင်းနီက ပြောပါတယ်။
နောက် အဖွားနားမှာထိုင်ပြီး သူပြောချင်တဲ့အတိတ်အကြောင်းတွေ၊ လက်ရှိအခြေအနေတွေကို အလိုက်သင့်လေး နား ထောင်၊ စကားထောက်ပေးဖို့၊ အတူရယ်မောပေးဖို့၊ လုပ်ချင်တာလေးလိုက်လုပ်ပေးဖို့ဆိုတာတွေဟာ အများအမြင်မှာ မပင်ပန်းဘူးလို့ ထင်မှတ်ချင်စရာပါ။
တကယ်တမ်းသေချာတွေးကြည့်ရင် ကိုယ့်အချိန်တွေကို တစ်ယောက်ယောက်အနားမှာ အကြာကြီးကုန်ဆုံးပေးဖို့၊ တစ်ပါး သူ ပြောတာကို စိတ်ပါလက်ပါနားထောင်ပေးဖို့၊ အတူလိုက်လုပ်ပေးဖို့ဆိုတာ လွယ်တဲ့အရာမှမဟုတ်တာ။
“လူနာ နောက်ဆုံးသေတဲ့အချိန်ထိတောင်မှ ကောင်းသောသေခြင်းနဲ့ ငြိမ်းချမ်းသော သေခြင်းနဲ့ သေနိုင်အောင်လုပ်ပေးရမှာ ကျမတို့တာဝန်ပါ။ အဲ့တော့ သူနာပြုတွေ မရှိလို့မရဘူးဆိုတာနားလည်လာတယ်”လို့ မသင်းသင်းစိုးက သူနာပြုတွေရဲ့ အရေးပါပုံကို ရှင်းပြပါတယ်။
နိုုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာ အလုပ်ရှာဖို့ကခက်တော့ အသန်းတို့တွေ အလုပ်ရဖို့အတွက် အစပိုင်းမှာ လူမူကွန်ရက် စာမျက်နှာကနေ တဆင့်အလုပ်တောင်းကြတယ်။ အဲ့မှာခင်မင်ရင်းနှီးသူတွေနဲ့တွေ့ပြီး အလုပ်တွေချိတ်ဆက်မိလာခဲ့တယ်။
သူတို့အဖွဲ့ဝင် ၁၀ ယောက်လုံးမှာ လက်ရှိအလုပ်တွေရှိနေပေမယ့် ရတဲ့လစာတွေကတော့ မတူကြပါဘူး။ ဒီ ၁၀ ယောက် လုပ်လို့ရတဲ့တစ်လစာ စုစုပေါင်းဝင်ငွေဟာ သိန်း ၅၀ နီးပါးရှိပါတယ်။
ဒီထဲကနေ ကိုယ်ပိုင်စရိတ်ဆိုပြီး တစ်ယောက်ကို တစ်လလျှင် ငါးသောင်းစီသုံးစွဲခွင့်ရပြီး ကျန်တဲ့ငွေတွေကိုတော့ စစ်တပ်နဲ့ စစ်ရေးပြင်းထန်နေတဲ့ကရင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းဘက်ကို ခွဲဝေလှူဒါန်းပါတယ်။
အခုလိုလှူရာမှာ တခါတရံမှာ ငွေကြေးလှူတာမျိုးမဟုတ်ဘဲ ဆေးတို့၊ အဝတ်အစားတို့၊ ဖိနပ်တို့၊ မိုးကာစတဲ့အသုံး အဆောင်ပစ္စည်းတွေ ဝယ်ပို့ပေးရတာလည်းရှိတယ်လို့ ဝင်းနီက ပြောပါတယ်။
သို့ပေမဲ့တခါတရံမှာ အဖွဲ့ဝင်တွေရဲ့မိသားစုမှ အရေးပေါ်ငွေကြေးအကူအညီတွေတောင်းခံတာတွေရှိလို့ ခြေစောင့်လက် စောင့်အဖြစ် လတိုင်းငွေ နှစ်သိန်း သုံးသိန်းလောက်ဖယ်ထားလေ့ရှိပါတယ်။ ဒါတွေကို အဖွဲ့ဝင်အားလုံးရဲ့သဘောတူညီ ချက်နဲ့ လုပ်တာဖြစ်တယ်။
နောက် သူတို့အဖွဲ့ဝင်ထဲက ဘယ်သူ့မိသားစုရဲ့အရေးကိစ္စဖြစ်ဖြစ် အားလုံးဝိုင်းပြီး ကူညီဆောင်ရွက်ပေးကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီအကူသူနာပြုတွေဟာ လူနာတွေရဲ့အိမ်တွေမှာ နေ့ပိုင်း ဒါမှမဟုတ် ညပိုင်းစသဖြင့် အချိန်ပိုင်းနဲ့လုပ် ကြလေ့ရှိတယ်။ ဒါပေမဲ့ လူနာအိမ်မှာ နေစားငြိမ်းနေပြီး လခစားလုပ်နေတဲ့သူနာပြုတွေလည်းရှိတယ်။
အလုပ်ခေါ်သူတွေက တချို့က အဖိုးဖွားတွေအတွက်ခေါ်တာရှိသလို မွေးကင်းစအရွယ်တွေအတွက်ခေါ်တာရှိပါတယ်။ အသန်းတို့အဖွဲ့ကတော့ အဖိုးဖွားတွေကို အဓိကစောင့်ရှောက်မှုပေးပြီး လူနာအိမ်မှာ စားရိတ်ငြိမ်းလုပ်ရတဲ့ လခစားအလုပ် ကိုအဓိကရွေးချယ်လုပ်ကိုင်ကြတယ်။ အကြောင်းကတော့ သွားလာရေးအတွက် မပူရသလို ဖိုးဖွားကို နှစ်နဲ့ချီစောင့်ရှောက်ရ လို့ အလုပ်အတည်တကျဖြစ်တာကြောင့်ပါ။
အကူသူနာပြုတွေအနေနဲ့ လူနာတွေကို စောင့်ရှောက်ရတာဟာ များစွာပင်ပန်းရသလို တော်လှန်ရေးအတွက် ရတဲ့ချွေးနှဲစာ နဲ့ ထောက်ပို့လုပ်ရတာလည်း အန္တရာယ်အခက်အခဲတွေကြားမှာ လုပ်နေရတာဖြစ်တယ်။
ဘာလို့ဆို စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှစလို့ ၂၀၂၃၊ နှစ်ဆန်းပိုင်းအထိ( နှစ်နှစ်တာကာလ)မှာ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၃၅၅ ဦးဖမ်းဆီးတရားစွဲဆိုခံရကာ ၇၈၉ ဦးထိခိုက်ဒဏ်ရာရထားတာကြောင့် ဖြစ်တယ်။
“ ကျမတို့အကောင့်တွေတော့ ခဏခဏပိတ်ခံရဖူးတယ်။ ခုတော့တခြားနည်းနဲ့ငွေလွှဲပေးတော့တယ်”လို့ အသန်းက ရှင်းပြ ပါတယ်။
ဒီလိုအခက်အခဲတွေရှိနေတာတောင် အသန်းတို့တွေဟာ အချိန်ရရင်ရသလို စစ်ကိုင်းနဲ့ မကွေးတိုင်းရှိဒေသကာကွယ်ရေး တပ်(PDF)စခန်းတွေ၊ စစ်ရှောင်စခန်းတွေလိုက်ပြီး ဆေးကုပေးတာတွေ၊ ဆေးအကူအနေနဲ့ လုပ်အားပေးတာတွေလည်း ရှိခဲ့ပါသေးတယ်။
စစ်ရှောင်စခန်းတွေနဲ့ PDF စခန်းတချို့ကို ကျန်းမာရေးအခြေအနေပုံမှန်သွားစစ်ပေးတာမျိုး၊ လိုအပ်ရင် ဆေးကုသမှုပေး တာ၊ မြို့ပေါ်ခေါပြီး ဆေးကုပေးတာတွေ လုပ်ပေးတာဖြစ်တယ်။
အသန်းတို့တွေ အနားရတဲ့အခါဖြစ်စေ၊ ခွင့်နဲ့ဖြစ်စေ သုံးလတစ်ကြိမ်ပုံမှန် တစ်ဖွဲ့လုံးဆေးကုထွက်ကြပါတယ်။ ခရီးဝေးရင် တစ်ပတ်ခန့်ကြာသလို နီးရင်တော့ နှစ်ရက်၊ သုံးရက်လောက်ကြာတတ်ပါတယ်။
“ကျမတိုက်ပွဲထဲမှာကူပေးတာမဟုတ်ဘူး။ တိုက်ပွဲပြန်လာသူတွေကို ကုပေးတာပေါ့။ တချို့စခန်းတွေမှာ ဆရာဝန်တွေရှိရင် ကူပေးတယ်။ အဲ့ဆရာဝန်တွေကနေ ဘယ်စခန်းမှာ လူနာများတယ်။ သွားကူပေးပါဆိုရင် သွားလုပ်ပေးတယ်”လို့ အသန်း က ဆိုပါတယ်။
အသန်းတို့လို အကူသူနာပြုလုပ်နေတဲ့အမျိုးသမီးလေးတွေအနေနဲ့ အခုလိုတိုင်းပြည်အတွက် လိုအပ်နေတဲ့အခန်းကဏ္ဍမှာ တတ်နိုင်တဲ့အင်အားနဲ့ ပါဝင်တာဟာ တကယ့်ကိုချီးကျူးစရာပါပဲ။
တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ ဆန္ဒပြသပိတ်ထွက်တာကအစ လက်နက်ထုတ်လုပ်တာအဆုံး ပါဝင်နေသလို လက် နက်ကိုင် ဦးဆောင်တိုက်သူအဖြစ် ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ရဲရဲဝံ့ဝံ့ရပ်တည်နေကြပါတယ်။
ဒါကြောင့် အမျိုးသမီးတွေမပါရင် ဒီတော်လှန်ရေးဟာ မအောင်မြင်နိုင်ဘူး။ ဒီအတွက် အမျိုးသမီးတွေများများပါဝင်ကြဖို့ တိုက်တွန်းချင်တယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အသန်းကလည်း ဒီအဖွဲ့လေးဖြစ်မြောက်ခဲ့ပြီး သူတို့လုပ်နေတဲ့လုပ်ရပ်တိုင်းအပေါ် ကျေနပ်ဂုဏ်ယူနေသလို အဖွဲ့ဝင်ညီ အစ်မတွေရဲ့စည်းလုံးမှု၊ စွန့်လွှတ်အနစ်နာခံမှုအပေါ်မှာလည်း ချီးကျူးမဆုံးဖြစ်နေပါတယ်။
ဒါ့ကြောင့် ဘယ်လိုအန္တရာယ်အခက်အခဲတွေကြုံလာပါစေ အတူဖြေရှင်းပြီး“ ဒီသူရဲကောင်းအဖွဲ့တွေအားနဲ့ရှေ့ဆက် လျှောက်ကြမယ်”လို့ အသန်းက ဆော်သြနေပါတော့တယ်။