ခင်ဘုန်းမို့။ ။
အိမ်တစ်လုံးရဲ့ဧည့်ခန်းထဲမှာ လူငါးဦးထိုင်နေကြတဲ့ဓာတ်ပုံကို အမျိုးသမီးကြီးက သူ့ရဲ့ဖုန်းမျက်နှာပြင်(Screen)ပေါ်မှာတင်ထားတယ်။ဒီပုံကို စက္ကန့်အတော်ကြာအောင်ကြည့်နေရင်းနဲ့ အမျိုးသမီးကြီးဟာ မျက်ရည်ဝိုင်းလာပြီး ကျလုနီးပါးမျက်ရည်တွေကို မကျအောင်ထိန်းဖို့အတွက်မျက်တောင် သုံးလေးချက်လောက်ခက်လိုက်တယ်။
“ကျွန်မတို့မိသားစုက ဒီဧည့်ခန်းလေးမှာပဲတွန်းတွန်းထိုးထိုးဆူဆူညံညံနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိခဲ့ရတာဆိုတော့လေ။ ဒီအိမ်ရှေ့ခန်းလေးကိုသတိရဆုံးပဲ”လို့အမျိုးသမီးကြီးက တိုးညှင်းစွာဆိုပါတယ်။
သူကတော့အသက်(၅၄)နှစ်အရွယ် ဒေါ်ဝါဝါ(အမည်လွှဲ)ပါ။ဒေါ်ဝါဝါဟာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် ပုဒ်မ ၅၀၅ နဲ့ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသူပါ။ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် စစ်ကောင်စီက ဒေါ်ဝါဝါတို့အိမ်ကိုလည်းချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။ အခုဆိုရင်ဒေါ်ဝါဝါတစ်ယောက် အိမ်ပြန်လို့မရတော့တဲ့အပြင် မိသားစုနဲ့ခွဲနေရတာ ရက်ပေါင်း(၅၀၀)နီးပါးရှိနေပါပြီ။
စစ်ကောင်စီဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်သူတွေရဲ့ နေအိမ်တွေကိုချိပ်ပိတ်သိမ်းဆည်းတာတွေပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနှစ်၊မေလ (၂၀)ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး နေအိမ်နဲ့အဆောက်အအုံ (၅၈၆)လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ
ISP-Myanmar ကမေလ(၂၇)ရက်နေ့ကထုတ်ပြန်ထားပါတယ်။
ဒီလိုသိမ်းဆည်းခံရတဲ့ နေအိမ်အဆောက်အအုံတွေအနက် (၃၇၃)လုံးမှာ သာမာန်အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေဖြစ်ပြီး (၁၄၇)လုံးမှာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပိုင်ဆိုင်မှုဖြစ်ကာ (၆၆)လုံးကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်တွေနဲ့ပါတီရဲ့ပိုင်ဆိုင်မှုတွေဖြစ်တယ်လို့ ISP-Myanmarရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့အကြောင်းအရာတွေကတော့ NUG/CRPH/PDF တွေနဲ့ဆက်စပ်တဲ့အကြောင်းပြချက်နဲ့ချိပ်ပိတ်သိမ်းဆည်းမှု (၃၃၄)လုံး၊ ဆန္ဒပြမှုတွေနဲ့ဆက်သက်ပြီး (၁၈)လုံး၊ဗုံးပေါက်ကွဲမှုတွေနဲ့ဆက်စပ်ပြီး (၁၃)လုံးအပြင် CDMလှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး (၉)လုံး၊အကြောင်းအရင်းအတိအကျမသိရဘဲ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့အရေအတွက် (၂၁၂)လုံးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
ချိပ်ပိတ်သိမ်းဆည်းခံရတဲ့နေအိမ်တွေအနက် အများဆုံးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး (၁၅၉)လုံးထက်မနည်းချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်။
ရန်ကုန်တိုင်းမှာ (၁၂၂)လုံး၊မန္တလေးတိုင်းမှာ (၈၈)လုံး၊မကွေးတိုင်းမှာ(၄၈)လုံး၊ ဧရာဝတီတိုင်းမှာ(၄၇)လုံး၊ပဲခူးတိုင်းမှာ (၃၃)လုံးထက်မနည်းချိပ်ပိတ်ခံခဲ့ရပါတယ်။
ချင်းပြည်နယ်၊ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊တနသာရီတိုင်းနဲ့နေပြည်တော်ကောင်စီတို့မှာ စုစုပေါင်း(၈၄)လုံးထက်မနည်း သိမ်းဆည်းခံရပါတယ်။ ဘယ်မြို့နယ်မှာသိမ်းဆည်းခံရကြောင်း အတည်မပြုနိုင်တဲ့နေအိမ်အအောက်အအုံ (၂၅)လုံးရှိတယ်လို့ဖော်ပြထားပါတယ်။
ဒီအထဲမှာဒေါ်ဝါဝါတို့အိမ်လည်းအပါအဝင်ပါ။မူလတန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ဝါဝါဟာ ကျောင်းနဲ့အိမ် ကလေးတွေကိုစာသင်တဲ့ဆရာမဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းခဲ့သူပါ။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ မြတ်နိုးလှတဲ့အဖြူအစိမ်းကိုစွန့်၊စာသင်ကျောင်းကိုကျောခိုင်းကာ ဆန္ဒပြပွဲတွေမှာပါဝင်ဖို့ လမ်းမပေါ်ထွက်ခဲ့တယ်။ အဲ့ဒီနောက်စစ်ကောင်စီရဲ့ ၅၀၅နဲ့ဖမ်းဝရမ်းထုတ်ခြင်းကိုခံရတဲ့အတွက် မိသားစုကိုထားကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။
စစ်ကောင်စီဘက်က သူတို့လာရောက်ဖမ်းဆီးသူကိုမတွေ့ရင်မိသားစုကို ဓားစာခံလုပ်ပြီးဖမ်းဆီးတာတွေရှိတဲ့အတွက် မိသားစုကလည်းအိမ်မှာမနေရဲတော့ဘဲ အိမ်ကိုထားကာတိမ်းရှောင်ခဲ့ရတယ်။ဒေါ်ဝါဝါတို့မိသားစု အိမ်ကထွက်သွားပြီးမကြာခင်မှာပဲ စစ်ကောင်စီတပ်သားတွေ အိမ်ကိုသော့ဖျက်ဝင် မွှေနှောက်ရှာဖွေပြီးနောက် သော့အသစ်ခတ်ကာချိပ်ပိတ်သိမ်းဆည်းသွားတယ်။ အိမ်နားနီးချင်းတွေကိုလည်း ဒေါ်ဝါဝါတို့ပြန်လာရင်သတင်းပေးဖို့မှာသွားခဲ့တယ်။
“ကျွန်မတို့အိမ်ကိုသော့ခတ်ပြီး သိမ်းသွားတဲ့အပေါ်မှာတော့ခံစားရတာပေါ့ရှင်”လို့ ဒေါ်ဝါဝါကသူ့ခံစားချက်ကိုဖွင့်ဟပါတယ်။
နေအိမ်ကနေရှောင်တိမ်းရချိန်မှာလည်း ပုန်းရှိုးကွယ်ရှိုးနဲ့ရှောင်တိမ်းရတာဖြစ်တဲ့အတွက် တကိုယ်ရည်အသုံးအဆောင်လောက်သာသယ်နိုင်ခဲ့တယ်။ဒေါ်ဝါဝါတို့ဟာ အခြေခံဝန်ထမ်းတွေဖြစ်တဲ့အတွက် စုဆောင်းထားတာဆိုလို့ အိမ်အသုံးအဆောင်နဲ့ပရိဘောဂတချို့သာရှိတယ်။ဝန်ထမ်းဘဝနဲ့ အိမ်အတွက်လိုအပ်တာတွေဖြည့်ရင်း မဖြစ်မနေလိုအပ်တဲ့အသုံးအဆောင်တွေကသာ ဒေါ်ဝါဝါအတွက်အရေးကြီးပစ္စည်းဖြစ်ခဲ့တယ်။
“အရေးကြီးနဲ့တန်ဖိုးကြီးပစ္စည်းဆိုလို့ ပရိဘောဂလေးတွေတော့ကျန်ခဲ့တာပေါ့”လို့ဒေါ်ဝါဝါကပြောပါတယ်။
အိမ်ပိတ်သိမ်းခံရမယ်လို့လည်းမတွေးခဲ့သလို မိသားစုလိုက်ရှောင်တိမ်းရမယ်လို့လည်းမစဉ်းစားမိခဲ့ပါဘူး။
“ကျွန်မတစ်ယောက်ထဲပဲရှောင်တိမ်းနေလိုက်ရင် ပုံမှန်အတိုင်းပဲအဆင်ပြေမယ်လို့ထင်ခဲ့တာပေါ့”လို့ဒေါ်ဝါဝါက သူ့အတွေးကိုဖွင့်ဟပါတယ်။လက်ရှိနေအိမ်ဟာ ဒေါ်ဝါဝါရဲ့အမျိုးသားဖြစ်သူ ရုန်းကန်ရှာဖွေတည်ဆောက်ခဲ့တဲ့အိမ်ဖြစ်တယ်။ ၂၀၀၈ခုနှစ်လောက်ကဝယ်ခဲ့တဲ့အိမ်ဖြစ်ပြီး လက်ရှိကာလတန်ဖိုးနဲ့ နေရာကြောင့် သိန်းထောင်ဂဏန်းဝန်းကျင်လောက်ရှိတယ်လို့ ဒေါ်ဝါဝါကဆိုတယ်။
“ကျွန်မတို့မိသားစုမှာဒီအိမ်ပဲရှိတာပါ။ ဒီအိမ်ကကျွန်မတို့အတွက် အရေးကြီးဆုံးအရာပေါ့”လို့ ဒေါ်ဝါဝါကဖွင့်ဟပါတယ်။စစ်ကောင်စီတပ်သားတွေက အိမ်နီးချင်းတွေကို ဒေါ်ဝါဝါတို့ပြန်လာရင်သတင်းပေးခိုင်းသလို အိမ်နားကိုလည်းရံဖန်ရံခါလာတက်တာကြောင့် ဘယ်သူမှအိမ်မပြန်ရဲကြပါဘူး။
ဒီအိမ်ကဒေါ်ဝါဝါတို့မိသားစုအတွက် တစ်ချိန်ကအရေးအကြီးဆုံးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ စားဝတ်နေရေးအခက်အခဲတွေကိုရင်ဆိုင်နေရတဲ့အတွက် အိမ်နဲ့ပတ်သက်ပြီးမေ့ထားတယ်လို့ ဆိုပါတယ်။
ရှောင်တိမ်းနေထိုင်ရတဲ့ကာလတွေမှာ တခြားသူအိမ်မှာနေထိုင်ရတဲ့ကာလတွေက ဒေါ်ဝါဝါအတွက်အဆိုးဆုံးကာလတွေပါပဲ။
“သူများအိမ်မှာထမင်းစားချိန်ရောက်တဲ့အချိန်ကြရင် အားနာပြီးတော့အရမ်းသိမ်ငယ်လွန်းပြီး ထမင်းတလုပ်ကိုခက်ခက်ခဲခဲမြိုချခဲ့ရတာတွေ အဲ့လိုအခြေအနေတွေပြန်တောင် မစဉ်းစားချင်တော့ပါဘူး”လို့ဒေါ်ဝါဝါကဆိုပါတယ်။
နဂိုကတည်းက မိသားစုစားဝတ်နေရေးလောက်ငှအောင်မနည်း ရုန်းကန်ရတဲ့မိသားစုဖြစ်တာကြောင့် အခုလိုကိုယ့်အိမ်မှာကိုယ့်မိသားစုနဲ့မနေရဘဲ တစ်နေရာစီမှာတကွဲတပြားနဲ့ နေရတဲ့အခြေအနေနဲ့ရင်ဆိုင်ရတာကြောင့် ဒေါ်ဝါဝါတို့မှာပိုခက်ခဲခဲ့ရတယ်။ အိမ်ပစ်ပြီးရှောင်တိမ်းနေရတဲ့အတွက် စီးပွားရေးလည်းမလုပ်နိုင်သလို နေစရာငှားနေရတဲ့အတွက်အပိုငွေတွေကုန်ကျခဲ့ရတယ်။စားဝတ်နေရေးအပြင် စစ်ကောင်စီရဲ့အန္တရာယ်ကိုလည်း ရှောင်တိမ်းနေထိုင်ရတယ်။ဒေါ်ဝါဝါဟာ စိတ်အားငယ်တဲ့အချိန်တွေကို မိတ်ဆွေတွေကိုရင်ဖွင့်စကားပြောရင်းနဲ့ဖြေဖျောက်ခဲ့တယ်။
“ဒီတော်လှန်ရေးကြီးကပြီးမှာပဲ အောင်မှာပဲလို့ အစထဲကတွေးထားတဲ့အခါကျတော့ စိတ်ဓာတ်ကျတာတော့မရှိဘူး အားငယ်ရတာသိမ်ငယ်ရတာ ဝမ်းနည်းရတာတွေတော့ရှိခဲ့တယ်”လို့ ဒေါ်ဝါဝါကဆိုပါတယ်။
ဒေါ်ဝါဝါအတွက်အိမ်ကိုအလွမ်းဆုံးအချိန်တွေကတော့ နေမကောင်းဖြစ်တဲ့အချိန်တွေပါပဲ။ ပြီးခဲ့တဲ့နှစ်တစ်လျှောက်လုံးမှာတော့ စားဝတ်နေရေးဒုက္ခရောက်ခဲ့ရတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ဒေါ်ဝါဝါဟာ လွှတ်မြောက်နယ်မြေက စာသင်ကျောင်းတစ်ခုမှာစာကူသင်ပေးနေပါတယ်။
“တဝမ်းတခါးစားဖို့နဲ့ကောတစ်ခင်းစာအတွက် စာကူသင်ရင်းဖြေရှင်းလို့ရပါတယ်။ ချက်ကျွေးတာစားပြီးစီစဉ်ပေးတဲ့နေရာမှာ နေနေရတာမို့ စားဖို့နေဖို့အခုလက်ရှိအဆင်ပြေပါတယ်”လို့ဆိုပါတယ်။
စစ်ကောင်စီက နေအိမ်တွေကိုချိပ်ပိတ်တဲ့အပေါ် ဒီမိုကရေစီလိုလားပြီးအမှန်တရားအတွက် တရားမျှတမှုအတွက်တောင်းဆိုကြတဲ့လူတွေကို စိတ်ရောလူရော ဒုက္ခရောက်သထက် ရောက်စေချင်တဲ့ စိတ်နဲ့သပ်သပ်ယုတ်မာရိုင်းစိုင်းတာလို့ ဒေါ်ဝါဝါကမှတ်ချက်ပြုပါတယ်။
ဒေါ်ဝါဝါနည်းတူ နေအိမ်ချိပ်ပိတ်ခံရသူကတော့ အသက်(၂၇)နှစ်အရွယ် မနေဟန်သာပါ။
မနေဟန်သာဟာ စစ်အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ပြည်ပကနေ စိတ်တူရာလူငယ်တွေနဲ့စုပေါင်းပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေမှာပါဝင်တာ၊တော်လှန်ရေးအတွက် အလှူခံတာ၊ရန်ပုံငွေရှာဖွေတာ စတဲ့လှုပ်ရှားမှုတွေကိုဆောင်ရွက်ခဲ့ပါတယ်။
မနေဟန်သာရဲ့မောင်ဖြစ်သူဟာ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လက်ထောက်ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ဖမ်းဝရမ်းထုတ်ခြင်းကိုခံခဲ့ရတယ်။ကိုယ်တိုင်လည်းတော်လှန်ရေးလှုပ်ရှားမှုတွေကို ပြည်ပကနေဆောင်ရွက်တာကြောင့် ပုဒ်မ ၅၀၅နဲ့ဖမ်းဝရမ်းထုတ်ခံရတယ်။ဒီလိုအကြောင်းတွေကြောင့်ပဲ စစ်ကောင်စီက မနေဟန်သာတို့အိမ်ကိုချိပ်ပိတ်သိမ်းဆည်းခဲ့တယ်။အိမ်ကိုချိပ်ပိတ်သိမ်းဆည်းခံလိုက်ရတာက မနေဟန်သာအတွက် အိပ်မက်ကြီးတစ်ခုလုံးကိုအဖြိုခံခဲ့ရသလိုပါပဲ။
“ကျွန်မမိသားစုရဲ့အဝေးကိုထွက်လာခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက မိဘတွေကိုအိမ်ကောင်းကောင်းနဲ့ ထားချင်ခဲ့လို့ပါ။ပြည်ပမှာကျောင်းတဖက်နဲ့အချိန်ပိုင်း အလုပ်လုပ်ရင်းအပင်ပန်းခံဆောက်ထားခဲ့ရတဲ့ အိမ်လေးမို့ပါ”လို့မနေဟန်သာကဖွင့်ဟပါတယ်။
တော်လှန်ရေးအစောပိုင်းကာလကတည်းက နေအိမ်ကိုသေနတ်ပစ်ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် မိသားစုတွေဟာတိမ်းရှောင်နေခဲ့ရတယ်။ မနေဟန်သာတို့အိမ်ဟာ ၂၀၁၉ခုနှစ်ကတည်ဆောက်ခဲ့တဲ့အိမ်ဖြစ်ပြီး လက်ရှိကာလပေါက်ဈေးအရ သိန်း(၅၀၀)ကျော်ရှိတယ်လို့ဆိုပါတယ်။ဒီအိမ်လေးဖြစ်လာဖို့အတွက် မနေဟန်သာဟာ မိဘနဲ့အဝေးဖြစ်တဲ့ ပြည်ပကိုထွက်လာခဲ့ပြီး ကျောင်းတဖက်၊အလုပ်တဖက်နဲ့ရုန်းကန်ခဲ့ရတယ်။
အိမ်ဆောက်နေစဉ်ကာလအတွင်းမှာလည်း အလုပ်တွေဖိလုပ်ခဲ့ရပြီး တခါတလေနေမကောင်းလို့ အလုပ်နားချင်ရင်တောင် အိမ်စရိတ်မလောက်မှာဆိုးတဲ့အတွက် မနားရဲခဲ့ပါဘူး။
“အိပ်ချိန်လေးနာရီလောက်ပဲရှိခဲ့တယ်။တစ် ဒီဂရီဆဲဆီးရပ် ရှိခဲ့ဆောင်းမနက်တွေမှာ ပင်ပန်းလွန်းလို့မျက်ရည်ကျခဲ့ရဖူးတယ်”လို့မနေဟန်သာကဖွင့်ဟပါတယ်။
လက်ရှိမှာတော့ မနေဟန်သာရဲ့မိဘတွေဟာ နေစရာမရှိတာ့သလို မြို့ပေါ်မှာလည်းအိမ်ငှားပေးမယ့်သူမရှိတော့တဲ့အတွက် အန္တရာယ်ကင်းအောင်ရှောင်တိမ်းနေထိုင်နေရတယ်။ ဒါ့အပြင်အိမ်ရဲ့စီးပွားရေးလည်းမရှိတော့တဲ့အတွက် မနေဟန်သာတစ်ယောက်ပြည်ပကနေ နှစ်ဆကြိုးစားရှာဖွေနေရတယ်။
“အိမ်နဲ့ပတ်သက်ပြီးတော့ ပြန်ရချင်ရ မရချင်နေဆိုတဲ့စိတ်ပဲထားလိုက်တော့တယ်”လို့မနေဟန်သာကဆိုပါတယ်။
ဒေါ်ဝါဝါနဲ့ မနေဟန်သာတို့နည်းတူ တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်တာကြောင့် နေအိမ်ချိပ်ပိတ်ခံခဲ့ရသူကတော့ အသက်(၂၂)အရွယ်အန်နာ (Anna)(အမည်လွှဲ)ပါ။
စစ်အာဏာသိမ်းချိန်ကစပြီး အန်နာကနေအိမ်မှာမနေတော့ပဲ ရှောင်တိမ်းနေထိုင်ခဲ့တယ်။ပြီးခဲ့တဲ့နှစ်က အန်နာရဲ့ဘဏ်အကောင့်အပိတ်ခံရပြီး စစ်ကောင်စီတပ်သားတွေ ကအိမ်လိပ်စာအတိုင်းလာရှာခဲ့ကြတယ်။ လူကိုမတွေ့သွားတဲ့အတွက် မြို့နယ်ရဲစခန်းမှာ အလိုရှိစာရင်းသွင်းခဲ့တယ်။အဲ့ဒီနောက်မှာတော့ နေအိမ်ချိပ်ပိတ်ခံခဲ့ရတယ်။ တခြားမိသားစုတွေရဲ့နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းတယ်ဆိုတဲ့သတင်းကြောင့် ကိုယ်တိုင်လည်းဒီလိုဖြစ်လာမယ်လို့မျှော်လင့်ထားခဲ့တယ်။လက်တွေ့ရင်ဆိုင်ရတဲ့အခါမှာတော့ ကိုယ့်အတွက်ကြောင့်မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးစေခဲ့တဲ့အတွက် စိတ်ထိခိုက်ကာ သူတို့အတွက်စိုးရိမ်မှုကြီးခဲ့ရတယ်။
“အိမ်မှာက မိသားစုဝင်လည်းများတော့ သူတို့အတွက်စိုးရိမ်ခဲ့တယ်။နောက်ဒီလို မတရားအသိမ်းခံရတဲ့အပေါ်မှာလည်း နာကျဉ်းချက်တွေ၊ ဒေါသထွက်တာမျိုးတွေဖြစ်ခဲ့တယ်”လို့အန်နာကဖွင့်ဟပါတယ်။
အန်နာတို့အိမ်ဟာ အန်နာကလေးဘဝအရွယ်ထဲကနေ တက္ကသိုလ်ကျောင်းသူဘဝအထိ အနှစ်(၂၀)နီးပါးနေခဲ့တဲ့အိမ်လေးလည်းဖြစ်တယ်။မိဘတွေ ကြိုးစားတည်ဆောက်ထားရတဲ့အိမ်ဖြစ်ပြီး ကာလတန်ဖိုးနဲ့ဆို သိန်းထောင်ဂဏန်းနီးပါးရှိတယ်။
“အိမ်ဆိုတာဟာ လူတိုင်းအတွက်အနွေးထွေးဆုံးနဲ့အလုံခြုံဆုံးနေရာပါ။မိသားစုလက်ဆုံထမင်းဝိုင်းတွေ ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေတဲ့နေရာမို့ အိမ်ဆိုတာအရေးကြီးဆုံးပါပဲ”လို့အန်နာကဆိုပါတယ်။
ချိပ်ပိတ်ပြီးနောက်ပိုင်းမှာလည်း မိဘတွေကိုမြို့နယ်ရဲစခန်းကဆင့်ခေါ်ပြီး အန်နာကိုပြန်လာခိုင်းဖို့နဲ့ ပြန်လာရင်နေအိမ်ကိုပြန်ဖွင့်ပေးမယ်ဆိုတာမျိုးတွေ ပြောခဲ့တယ်လို့ဆိုပါတယ်။
မိသားစုဝင်တွေအနေနဲ့လည်းကိုယ်ပိုင်အိမ်မရှိတော့တဲ့အတွက် ငှားရမ်းနေထိုင်ရကာ အခက်အခဲတွေရှိလာခဲ့တယ်။အန်နာကိုယ်တိုင်လည်း တိမ်းရှောင်နေရတဲ့အတွက်နေရေးထိုင်ရေး၊လုံခြုံရေးနဲ့ သွားလာဆက်သွယ်ရေးစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်။
ဒီအခက်အခဲတွေကြုံရတဲ့အခါ တော်လှန်ရေးအလုပ်တွေကို ပိုအာရုံစိုက်ကာကျော်ဖြတ်နေတယ်။ အန်နာအတွက်နေမကောင်းတဲ့အချိန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မိသားစုတွေဆီ ဖုန်းဆက်စကားပြောနေတဲ့အချိန်တွေက အိမ်ကိုသတိအရဆုံးအချိန်တွေပါပဲ။
အခုလိုနေအိမ်တွေကိုချိတ်ပိတ်တာက မတရားသဖြင့်နည်းလမ်းနဲ့ပြည်သူတွေရဲ့ စည်းစိမ်ဉစ္စာကိုလုယူခြင်းဖြစ်တယ်လို့ အန်နာကမှတ်ချက်ချပါတယ်။
စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသူတွေနဲ့ပတ်သက်ပြီး ခိုလှုံခွင့်ပေးတာ၊ငှားရမ်းနေထိုင်စေတာပြုလုပ်ပါက နေအိမ်၊တိုက်ခန်းပိုင်ရှင်တွေကိုအရေးယူမှာဖြစ်တဲ့အပြင် နေအိမ်တွေကိုလည်းနိုင်ငံပိုင်သိမ်းဆည်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကကြေညာထားပါတယ်။
နေအိမ်တွေကိုချိပ်ပိတ်တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့ဆုံးဖြတ်မှုအပေါ်မှာမူတည်ပြီးတော့ တရားရုံးရဲ့အမိန့်န့တကွသွားမှသာ တရားဝင်တယ်လို့ ရှေ့နေတစ်ဦးကထောက်ပြပါတယ်။
“ဉပမာအနေနဲ့ လူတစ်ယောက်ကိုတရားဆွဲလိုက်တယ်ဆိုရုံနဲ့ ဒီလူကအပြစ်ရှိတယ်လို့ ဥပဒေမှာပြဌာန်းထားတာမရှိသေးဘူး။ ဒီလူကိုတရားရုံးကအမိန့်ချပြီးသွားတယ်။ အမိန့်ချပြီးတဲ့အချိန်အခါကျမှ တရားခံအဖြစ်သုံးတာကိုး။အမိန့်အချခင်အချိန်အထိ စွပ်စွဲခံရသူအဖြစ်ပဲသုံးတာကိုအဲ့တော့ အမိန့်မချရသေးဘဲနဲ့ အမှုလည်းမစစ်ရသေးဘဲနဲ့ဒီလူကိုအကြမ်းဖက်ပုဒ်မနဲ့စွဲတယ်။ ဒီပစ္စည်းကရော အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေနဲ့အညီ အကြမ်းဖက်အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးခဲ့သလား၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်မှုရှိခဲ့သလားဆိုတာ မပေါ်လွင်သေးဘဲနဲ့ ဉပမာမောင်ဖြူ့ကိုဖမ်းတယ် မောင်ဖြူပိုင်တဲ့ပစ္စည်းတွေကို အခုလိုစာတွေကပ်တယ်။ချိတ်ပိတ်တယ်ဆိုတာက ရှင်းရှင်းပြောရင် ဉပဒေနဲ့မညီညွှတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ အမှုမှမစစ်ရသေးတာ အမှုမစစ်ရသေးဘဲနဲ့ ဒီပစ္စည်းကအကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေနဲ့ အကြမ်းဖက်မှုလုပ်တဲ့နေရာမှာ တစုံတရာပတ်သက်ခဲ့တယ်။ ပါဝင်ခဲ့တယ်၊ ဒီပစ္စည်းပေါ်မှာလည်း အကြမ်းဖက်တာကိုကျူးလွန်ခဲ့တယ်လို့ ဘယ်လိုသုံးသပ်မှာလဲ။ အဲ့လိုမျိုးတွေတစ်စုံတရာမလုပ်ရသေးဘဲနဲ့ ဒီလူတစ်ယောက်ကိုဖမ်းတယ်။အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေပုဒ်မနဲ့ အစွဲခံထားရတဲ့လူရဲ့ ဒီပစ္စည်းကိုချိတ်ပိတ်တယ်ဆိုတာက ရိုးရိုးရှင်းရှင်းပြောရရင် ဉပဒေနဲ့မညီညွှတ်ဘူး”လို့ အဆိုပါရှေ့နေကထောက်ပြပါတယ်။
နေအိမ်ချိပ်ပိတ်ခံရပြီးနောက် ရှောင်တိမ်းနေထိုင်ရကာ ခက်ခဲတဲ့နေ့ရက်တွေရင်ဆိုင်နေရတဲ့အမျိုးသမီးတွေဟာ တော်လှန်ရေးအောင်ပြီးတဲ့အချိန်ရောက်ရင် ဖြစ်ချင်တဲ့ဆန္ဒတွေကိုထွေးပိုက်ပြီး တော်လှန်ရေးအတွက် ကျရာနေရာကပါဝင်နေကြပါတယ်။
တော်လှန်ရေးအောင်တဲ့အခါ မိသားစုစုံစုံညီညီနဲ့အိမ်မှာပြန်နေချင်တာကတော့ မနေဟန်သာရဲ့ဆန္ဒပါပဲ။
အန်နာကတော့ တော်လှန်ရေးကြီးပြီးတဲ့အခါအိမ်ကိုအရင်ပြန်ပြီး မိဘတွေဆီ လက်အုပ်ချီ ကန်တော့ချင်တယ်လို့ဆိုပါတယ်။
“တော်လှန်ရေးကြီးအောင်တဲ့နေ့ ကျွန်မတို့မိသားစုအမြန်ဆုံးပြန်စုံချင်တာပေါ့ရှင်”လို့ဒေါ်ဝါဝါကဆိုပါတော့တယ်။