Collage of four Myanmar women living abroad, headlined “The world is changing so fast it’s hard to keep up”

ကမ္ဘာကြီးက ဘာတွေဖြစ်နေလဲဆိုတာ စဉ်းစားလို့တောင်မမှီဘူး

ခင်ဘုန်းမို့  စုစည်းတင်ဆက်သည်။

၂၀၂၆၊ နိုဝင်ဘာလဆန်းမှာ ဥရောပနိုင်ငံအတော်များများမှာရှိတဲ့ ဈေးဝယ်စင်တာတွေနဲ့ စားသောက်ဆိုင်တွေရဲ့ အအေးပေးစနစ်ကို ဆိုက်ဘာတိုက်ခိုက်မှု (Cyberattack) ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ အင်တာနက် ကတဆင့် အအေးပေးစနစ် ထိန်းချုပ်ကိရိယာတွေထဲ ဝင်ရောက်ပြီး အပူချိန်သတ်မှတ်ချက်တွေကို ပြောင်းလဲခဲ့ ကြတဲ့အတွက် ဆိုင်တချို့မှာ ပျက်စီးသွားတဲ့ အစားအသောက်တွေကို စွန့်ပစ်ခဲ့ရပါတယ်။

အဲဒီနောက်မှာ ပြင်သစ်နိုင်ငံက သွေးဘဏ်နဲ့ သွေးပစ္စည်းသိုလှောင်ရေးဌာန ၃ ခုကိုလည်း Hacker တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဆိုက်ဘာတိုက်ခိုက်မှုကြောင့် သွေးပလာစမာ (Plasma) သိုလှောင်ထားတဲ့ အအေးခန်းတွေရဲ့ အပူချိန်ထိန်းချုပ်စနစ်တွေ ပြောင်းလဲခံခဲ့ရပေမဲ့ အချိန်မီသတိပေးမှုနဲ့ သွေးပစ္စည်းတွေကို တခြားနေရာသို့ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးလို့ ပြင်သစ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်ကြား ပြင်သစ်နိုင်ငံက စူပါမားကတ်ဆိုင်ခွဲ ၇၀၀ လောက်ကို ထိခိုက်စေခဲ့တဲ့ အလားတူ ဆိုက်ဘာတိုက်ခိုက်မှုနောက် ၃ပတ်ခန့်အကြာမှာ ထပ်မံဖြစ်ပွားခဲ့တာလို့ နိုင်ငံတကာ သတင်းတွေအရ သိရပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာကိုတော့ တာဝန်ယူ ကြောင်း ထုတ်ဖော်ပြောဆိုသူ မရှိသေးပါဘူး။

ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာနိုင်ငံတချို့က  ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးတွေကို စုဆောင်းထားဖို့ သဘာဝဘေးအန္တရာယ်၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြုံရပြီး အခြေခံဝန်ဆောင်မှုတွေ ပြတ်တောက် သွားခဲ့ရင် အစိုးရအကူအညီတွေရောက်မလာခင် အနည်းဆုံး ၃ ရက်(၇၂နာရီ)စာတောင့်ခံနိုင်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာထားပါတယ်။

လူတဦးကိုရေ တနေ့ ၃ လီတာနှုန်းနဲ့ ၃ရက်စာ၊ ရေခဲသေတ္တာမလိုတဲ့ တာရှည်ခံတဲ့ အစားအစာတွေ၊ ဓာတ်မီး၊ Power Bank၊ ရေဒီယို၊ ဆေးဝါး၊ တစ်ရှူး၊ ငွေသားတချို့၊ ပတ်စ်ပို့၊ အရေးကြီးဖုန်းနံပတ်မှတ်တမ်းတွေ၊ စောင်နဲ့ အနွေးထည်၊ ကလေးငယ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေရှိပါက သူတို့အတွက် လိုအပ်တဲ့အစားအစာနဲ့ အသုံးအဆောင် တွေ ပြင်ဆင်ထားဖို့ UK အစိုးရက အောက်တိုဘာ ၂၂ မှာ စတင်ကြေညာခဲ့ပါတယ်။

ဂျပန်အစိုးရကလည်း အနည်းဆုံး ၃ ရက်စာ၊ စားနပ်ရိက္ခာ၊ သောက်ရေ၊ လက်နှိပ်ဓာတ်မီးနဲ့ ဆက်သွယ်ရေး ကိရိယာတွေကို ပြင်ထားကြဖို့လည်းတိုက်တွန်းထားပါတယ်။ ဒီသတိပေးချက်ကတော့ နိုဝင်ဘာမှာဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် သတိပေးတာမျိုးမဟုတ်ဘဲ အမြဲတမ်းကျင့်သုံးနေတဲ့ ဘေးအန္တရာယ်ကာကွယ်ရေး အစီအမံတွေဖြစ်ပါတယ်။

တခြားနိုင်ငံအသီးသီးကလည်း အရေးပေါ်အခြေအနေတွေအတွက် အခြေခံစားနပ်ရိက္ခာတွေကို အနည်းဆုံး ၃ ရက်စာကနေ အများဆုံး ၁၀ ရက်စာအထိကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းထားကြပါတယ်။

ထိန်းချုပ်ရေးစနစ်တချို့ ထိခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့် သွေးထောက်ပံ့မှုတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ နိုင်ငံတကာ မီဒီယာတွေမှာဖော်ပြထားပါတယ်။

ဒီလိုအရေးပေါ်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ဥရောပအပါအဝင် ကမ္ဘာနိုင်ငံတချို့မှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မြန်မာမျိုးသမီးတွေရဲ့ ပြင်ဆင်မှုနဲ့ အခက်အခဲတွေကို HI – Honest Information က  စုစည်းတင်ဆက်ထား  ပါတယ်။

မစင်သီယာဦး

ဗြိတိန်နိုင်ငံ

အရေးပေါ်ရိက္ခာစုဆောင်းဖို့ တိုက်တွန်းတဲ့သတင်းကို စကြားတဲ့အခါမှာတော့  စိတ်ပူမိတယ်၊ စိုးရိမ်စိတ်ကတော့ ရှိတယ်။ ကိုယ့်နိုင်ငံမှာလည်းမဟုတ်နေဘူး။ သူတို့အစိုးရက  ထုတ်လွှင့်တဲ့သတင်းတွေ ပြောကြားချက်တွေကို  လိုက်ပြီးနားထောင်ရတယ်။

ကိုယ်နဲ့လက်လှမ်းမှီတဲ့ မြန်မာအသိုင်းအဝိုင်းထဲက လူတွေရော ဘာတွေစုဆောင်းထားပြီးပြီလဲ။ ဒီမှာဆို လွယ်လွယ်စားလို့ရမယ့် စားစရာတွေ စုဆောင်းခိုင်းတယ်။ လျှပ်စစ်ဓာတ်မီးတွေလည်း ရောင်းနေတာတွေ့တယ်။   အဲ့ဒါမျိုးတွေကို ကိုယ်ကဝယ်ထားမလား၊ ပါဝါဘန့်တွေ အိမ်မှာရှိလား၊ အဲ့ဒါတွေပြန်စစ်ရတယ်။

စားဖို့သောက်ဖို့ကတော့ ကိုယ်တနိုင်တပိုင် အခြောက်အခြမ်းတော့ ဝယ်ထားရတယ်။  အများကြီး ဝယ်တာမျိုး တော့မလုပ်ဖြစ်ဘူး။ ကိုယ်လိုသလောက်  ပမာဏလေးလောက်ပဲ၊ ဝယ်ယူဖြစ်တယ်။ နောက်တခု စိတ်ပူတာက တကယ်လို့များ ဈေးဝယ်စင်တာတွေ ပိတ်လိုက်တာမျိုးဖြစ်တယ်ဆိုရင် ရာသီလာတဲ့အခါသုံးဖို့ Menstrual Cup ကို ပြောင်းသုံးတာမျိုး ဖြစ်နိုင်အောင်တော့ စဉ်းစားပြီးတွေးနေတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ သူငယ်ချင်း မိတ်ဆွေ၊ မိသားစုတချို့အတွက်တော့ စိတ်ပူမိတာပိုများတယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းတွေပြတ်တာ၊ စားဖို့သောက်ဖို့ပြတ်သွားတာ အရင်ကတည်းကလည်း နိုင်ငံထဲကိုဝင်တဲ့ ပစ္စည်းတွေရှားလာတယ်၊ ဈေးကြီးလာတယ်။ တကယ်လို့ငွေရှိရင်တောင်  ဝယ်လို့မရဘူး။ အဲ့လိုမျိုးများ ဖြစ်လာ ရင် အပြင်ဘက်နိုင်ငံတွေတောင် ပစ္စည်းပြတ်တယ် ဝယ်လို့မရဘူးဆို သူတို့အတွက် ဘယ်လိုများ လုပ်ကြမလဲ အဲ့လိုတွေးပြီးတော့ စိတ်ပူတာတွေရှိတယ်။

နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့အမျိုးသမီးတွေကို အကြံပြုချင်တာကတော့ အမျိုးသမီးကျန်းမာရေးအတွက် လိုအပ်မယ့်ပစ္စည်းတွေ စုဆောင်းထားတာ၊ နောက်တခုက တကယ်လို့များ အဆက်အသွယ်တွေ ပြတ်တောက် ခဲ့ရတယ်ဆိုရင်တော့ စိတ်အရမ်းကြီး စိတ်ညစ်တာမျိုးမဖြစ်စေဘဲ ကိုယ့်ကိုယ်ကိုအားပေးနိုင်ပြီး စိတ်ဓာတ် ကြံ့ခိုင်ပြီး ကျန်းမာနိုင်ဖို့ကအဓိကပဲလို့ပြောချင်တယ်။

မသဇင်

ဂျပန်နိုင်ငံ

အဲ့သတင်းကို စပြီးကြားတဲ့အချိန်မှာ ဂျပန်နိုင်ငံတနိုင်ငံထဲကကြေညာတာမဟုတ်ပဲနဲ့ တခြားသောနိုင်ငံတွေကပါ အရေးပေါ်ရိက္ခာစုဆောင်းဖို့ တိုက်တွန်းနေတဲ့အခါကျတော့ သဘာဝဘေးအန္တရာယ်ရောဟုတ်ရဲ့လား၊ အခြားသော နိုင်ငံရေးမတည်မငြိမ်တွေကြောင့်လား သို့လောသို့လောတွေးပြီး စိတ်ထဲမှာဒွိဟဖြစ်ပြီး စိုးရိမ်ခဲ့ရ တာတော့ရှိတယ်။  ဒါပေမဲ့ ဘယ်လိုကိစ္စတွေပဲ ဖြစ်လာဖြစ်လာ ကျမတို့ အရေးပေါ်ရိက္ခာတွေ စုဆောင်းဖို့၊ ကြိုပြင်ဆင်ဖို့ဆိုတဲ့အချက်က မပြောင်းလဲသွားတာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ပဲ ကျမက ခံယူထားပါတယ်။

ဂျပန်နိုင်ငံမှာကတော့ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ဆိုတဲ့ အစိုးရဘက်က လမ်းညွှန်ချက် တွေက ပုံမှန်ထုတ်ပြန်ထားလေ့ရှိပါတယ်။ အထူးသဖြင့်  ငလျင်တွေ၊ ဆူနာမီနဲ့ တခြားသဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့အခါမှာ ဘယ်လိုရှောင်ရားရမလဲဆိုတာမျိုးတွေ၊ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ အမြဲတမ်း အသိပညာပေးတွေကတော့ရှိတယ်။

 ဥပမာဆို အိမ်မှာ အနည်းဆုံး ရက် ၃၀ စာ၊ ဒါမှမဟုတ် တပတ်စာ ရေနဲ့အစားအသောက် တွေရယ် အရေးပေါ် ပစ္စည်းတွေ စုဆောင်းထားဖို့အကြံပြုထားပါတယ်။ ဒါကြောင့် ဂျပန်မှာနေထိုင်နေတဲ့ သူတယောက်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေက အရေးကြီးတယ်လို့မြင်ပါတယ်။

အစက အိမ်ထဲမှာပဲနေရမယ်လို့ ကျမထင်လိုက်တာ။  အိမ်ထဲမှာပဲနေပြီးစားသောက် နေထိုင်လို့ရမယ့်ဟာတွေ ဝယ်တယ်။ ဆန်ဝယ်လိုက်တယ်၊ ဂတ်စ်ဗူးလေးတွေဝယ်တယ်၊ စည်သွပ်ဗူးတွေ ဝယ်တယ်၊ အသင့်စားခေါက်ဆွဲ မဟုတ်ဘဲ ဂျုံခေါက်ဆွဲ၊ ကြက်ဥခေါက်ဆွဲ ဝယ်မိတယ်။

ဒါ့ပေမယ့် အဲ့ဒါဝယ်ပြီးတော့ သိပ်မကြာဘူး ညနေပိုင်းလောက်မှာပဲနောက်ထပ် သတင်းက ဘယ်လိုတွေပြန်ပြီး တက်လဲဆို နိုင်ငံရေးတော့မဖြစ်နိုင်ဘူး။ သဘာဝဘေးကိုပဲ ကြိုပြီးပြင်ဆင်စေချင်လို့ ထုတ်ပြန်ကြေညာတယ် ဆိုတာမျိုး သတင်းတွေ တက်လာတယ်။  သဘာဝဘေးအန္တရာယ်ဆိုရင်တော့ တနေရာကို ထွက်ပြေးတိမ်းရှောင် ရတာမျိုးတွေ ကိုယ့်အိမ်ထဲမှာနေလို့မရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်အိတ်တွေ လိုတယ်။

အရေးပေါ်အိတ်ထဲမှာ ထည့်မယ့်ပစ္စည်းတွေကလည်း တိုလီမုတ်စလေးတွေများတယ်။ တခုချင်းစီလိုက် ဝယ်ဖို့ အတွက်က ကျမအတွက် အလုပ်တဖက်နဲ့တော်တော်ကိုအဆင်မပြေတာဖြစ်တဲ့အတွက် အရေးပေါ်အိတ်ကို Amazon ကနေမှာလိုက်ပြီးတော့ စားစရာဆိုလည်းခုနနဲ့မတူတော့ပဲနဲ့ အသင့်စားတွေကိုထပ်ဝယ်ရတယ်။ Energy Bar လိုမျိုး တခုစားလိုက်ရင်အဆာခံမယ့်ဟာမျိုးလေးတွေ ဝယ်ပြီးတော့စုဆောင်းဖြစ်ပါတယ်။

ကိုယ့်ဘက်က အခက်အခဲအနေနဲ့ဆို ငွေကြေးပေါ့။ ကိုယ့်မှာရှိတဲ့ငွေကြေးနဲ့ ပစ္စည်းဘယ်လောက်အထိ ဝယ်နိုင် မှာလဲဆိုတဲ့ဟာကတော့ အခက်အခဲလို့ထင်တယ်။ နောက်တခုကအချိန်ပေါ့၊ ပစ္စည်းတွေကို သေးသေးလေးတွေ အများကြီးဝယ်ဖို့လိုတဲ့ အတွက်ကြောင့် ကျမတို့ အလုပ်တဖက်နဲ့အချိန်ပေးဖို့ခက်တယ်။ နောက်တခုက ငွေကြေး ပိုင်းမှာလည်း ကျမကိုယ်တိုင်  Amazon ကနေ အရေးပေါ်အိတ်မှာတုန်းကဆိုရင် ဈေးအသက်သာဆုံး ဟာကိုပဲ ရွေးပြီးမှာတယ်။ အဲ့ဒါတောင်မှ ကျမအနေနဲ့ အရမ်းကြီးဈေးသက်သာနေတယ်လို့မခံစားမိဘူး။ ဒါပေမဲ့ ရှိတဲ့ အထဲကမှ အသက်သာဆုံးဟာကိုရှာပြီးဝယ်တယ်။

ကြိုတင်ပြင်ဆင်ရတာတွေက နေ့စဉ်ဘဝကို အနည်းနဲ့အများတော့သက်ရောက်မှုရှိတယ်။ တခါတလေ နားရမယ့် အချိန်တွေတောင်မှ ဥပမာ ညဆိုင်းတွေဆင်းပြီး အိပ်ချင်နေရင်တောင်မှ ရုတ်တရက်ကြီး ဒါကြီးထဖြစ်သွားရင် ဆိုတဲ့ စိတ်နဲ့မနားနိုင်ဘူး။ သွားပြီးဝယ်ခြမ်းစုဆောင်းရတာမျိုးပေါ့။ တခါဝယ်ပြီးလည်းမပြီးဘူး။ သတင်းတခု တက်လာတိုင်း ငါတော့ဘာမဝယ်ရသေးဘူး။ ဘာထပ်ဝယ်ရဦးမယ်ဆိုတာမျိုး တွေးတွေးမိသွားတယ်။ နေ့စဉ်ဘဝရဲ့  ဒီဟာအပေါ်မှာစိုးရိမ်မှုတွေကို ဟန်ချက်ညီအောင်လုပ်ရပါတယ်။ စိတ်အေးအောင်တော့ လုပ်နေပါတယ်။

အရေးပေါ်အတွက်ပစ္စည်းတွေ ဝယ်ရတယ်ဆိုတာကျတော့ ပုံမှန်အသုံးစရိတ်အပြင်ကို အပိုကုန်ကျစရိတ်အနေနဲ့ ထပ်ပေါင်းပြီး ဖြစ်လာတာပေါ့။ ပြီးတော့လည်း ကုန်ကျစရိတ်က သေးသေးလေးဟုတ်မနေဘူး။ ပစ္စည်းတွေ တော်တော်များများကို စုဆောင်းရတာမျိုးဖြစ်တဲ့အခါကျတော့ တခြားအပိုင်းတွေမှာ ချွေတာရတာမျိုးတွေ ဖြစ်သွားပါတယ်။ လက်ရှိစားသောက်ရတဲ့ပုံစံမှာတော့ ချွေတာလိုက်ရတာလေးတွေရှိတာပေါ့၊ နောက်တခုက အရေးပေါ်အခြေအနေအတွက် ငွေကြေးတွေလည်းချန်ထားရဖို့အတွက် စိတ်ထဲမှာထည့်ထားရတာ ဖြစ်တဲ့ အတွက် လက်လွတ်စပယ် မသုံးမိအောင် ငွေကြေးလေးတွေကို အတိုးအလျော့ လုပ်ရတာမျိုးလေးတွေ ရှိပါတယ်။

ကျမတွေးမိတာ တကယ့်သဘာဝဘေးအန္တရာယ်ကြီးသာဆိုရင် မြန်မာမှာရော တခုခုများဆိုရင် သူတို့ရဲ့ ပြင်ဆင်မှု အပိုင်းက ဘယ်လိုရှိမလဲပေါ့၊ အဲ့အပိုင်းကိုကျမစိတ်ပူတယ်။ ကျမမိသားစုအတွက်ဆိုရင် နောက်တခု အရေးပေါ် အခြေအနေတခုခုဖြစ်လာရင် မြန်မာနိုင်ငံကရှိတဲ့မိသားစုတွေနဲ့အဆက်အသွယ်ပြတ်သွားမှာမျိုးလည်း စိတ်ပူရတာပေါ့၊ သူတို့တခုခုဖြစ်တဲ့အခါမှာ ကိုယ်က တိုက်ရိုက်ကူညီပေးလို့မရသလို ကိုယ်ဖြစ်တဲ့အခါမှာလည်း သူတို့မှာလည်းစိတ်ပူရုံကလွှဲပြီး လုပ်ပေးလို့မရနိုင်တဲ့ အခြေအနေမျိုးဆိုတော့ စိုးရိမ်ပူပန်မှုကရှိပါတယ်။

နိုင်ငံရပ်ခြားမှာ တယောက်ထဲနေကြတဲ့အမျိုးသမီးလေးတွေအနေနဲ့ ကိုယ့်ရဲ့လုံခြုံရေးက အမြဲတမ်းနံပတ် ၁ ဦးစားပေးပေါ့နော်။နောက်တခုက အရေးပေါ်အခြေအနေဆိုတာမျိုးက ဘယ်အချိန်ဖြစ်လာမယ်မှန်းမသိဘူး။  အရမ်းပေါ့ပေါ့ဆဆကြီးမနေစေချင်ဘူး။ ကိုယ်တက်နိုင်တဲ့အရာလေးတွေကစပြီး ခုထဲကပြင်ဆင်ထားစေချင် ပါတယ်။ နောက်ပြီးတော့အခုလက်ရှိမှာလည်း ကိုယ့်ဘဝကို ကိုယ့်စိတ်အသက်သာ ဆုံးနည်းလမ်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ၊ ကိုယ်ကြိုတင်မမြင်နိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက်လည်း ကြိုတင်ပြီး ပြင်ဆင်ထားဖို့ တိုက်တွန်းချင်ပါတယ်။

မမြနှင်း

ဗြိတိန်နိုင်ငံ

ဒီသတင်းကို စကြားတုန်းက အစတုန်းကတော့စိတ်ပူကြတာပေါ့။ ဘာများဖြစ်တော့မှာလဲ၊ ကိုယ်မသိတဲ့ အခြေအနေတခုခုများ ရှိနေလားဆိုပြီးတော့ တွေးမိတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကိုလည်း အမြဲစိတ်ပူ နေတော့ အရေးပေါ်ပြင်ဆင်ဖို့ဆိုတဲ့သတင်းကြားရင် စိတ်က အဆိုးဘက်ကို အလိုလိုရောက်ရောက်သွားတာ ပေါ့နော်။ နောက်တော့မှ သေချာဖတ်ကြည့်တော့ မီးပြတ်တာတွေ၊ ရေပြတ်တာတွေ၊ နေ့စဉ်သုံးဝန်ဆောင်မှုတွေ ခဏရပ်သွားတာ မျိုးတွေအတွက် ပြင်ဆင်ခိုင်းတယ်ဆိုတာကို နားလည်လိုက်တယ်လေ။ UK မှာကျ ပုံမှန်အဲ့လို မလုပ်ခိုင်းဘူး။ လူတွေကြောက်မှာစိုးတဲ့အတွက်၊ အခုတခေါက်မှာ သတင်းထွက်လာတယ်။ အစပိုင်းတော့ စိတ်ပူပေမယ့် နောက်ပိုင်းတော့နားလည်သွားပါတယ်။

ကျမကတော့ထွေထွေထူးထူးပြင်ဆင်စရာမလိုဘူး။ ကျမနဲ့သိသမျှမြန်မာအိမ်တွေမှာက အခြောက်အခြမ်းကလေ တလစာမကဘူး ရှိနိုင်တယ်။  ဆန်၊ ခေါက်ဆွဲ၊ ငါးသေတ္တာဗူးတွေက အမြဲရှိနေတာ ဆိုတဲ့အခါကျတော့ ၃ ရက်စာ လောက်အတွက်က အထူးသဖြင့် မြန်မာမိသားစုတွေအတွက်က သိပ်ပြီး မပြောပလောက်ဘူးပေါ့။

ဝယ်စုတဲ့နေရာမှာ အခက်အခဲကတော့ ငွေနဲ့နေရာပေါ့၊ ပုံမှန်အိမ်သုံးစရိတ်အပြင်ကို အပိုဆောင်းပြီး ထပ်ဝယ်ရတဲ့ အခါကျတော့ ပိုပြီးတော့ကုန်တာပေါ့။ ရေဗူးတွေကလည်းနေရာယူတယ်။ သယ်ရတာလည်းလေးတယ်။ ဝယ်ထားပြီးတော့လည်း မေ့နေလို့မရဘူး။ သက်တမ်းကုန်၊ မကုန်ကလည်း ကြည့်ရသေးတယ်။ တကယ်စားမယ့် ဟာကိုပဲဝယ်ပြီးတော့  အဟောင်းကိုအရင်သုံး အသစ်ကိုပြန်ဖြည့်တဲ့ပုံစံကတော့ ပိုပြီးတော့အဆင်ပြေမယ် ထင်တယ်။

သတင်းတွေကြောင့် စိတ်ဖိစီးမှုကတော့ရှိတယ်။ မြန်မာနိုင်ငံအတွက်က အမြဲစိတ်ပူနေရတာလေ။ ဘာတွေ ဖြစ်မလဲ၊ ဘယ်လိုအခြေအနေတွေရှိလဲ၊ တော်လှန်ရေးကဘယ်လိုသက်ရောက်မှုရှိလဲ၊ ကျမတို့ကဘာတွေ ဘယ်နေရာကကူရမလဲ၊ အဲ့အပြင်မှာ ကမ္ဘာအရပ်ရပ်ကသတင်းတွေ၊ စစ်ပွဲသတင်းတွေ၊ Hacking တွေ စစ်ပွဲတွေ ဆိုတာလည်း နေရာအနှံ့မှာဖြစ်နေတာ။  တခါတလေကျရင် စိတ်က တခုခုဖတ်လိုက်ရင် မကောင်းတဲ့နေရာကိုပဲ ရောက်ရောက်သွားတာပေါ့။ သတင်းကို သတင်းသိဖိုလိုသလောက်ပဲဖတ်တော့တယ်။ ပြီးရင်ဖုန်းကိုချထား လိုက်တယ်။ ကိုယ်လုပ်နိုင်တာ ဘာရှိလဲဆိုတာကိုပြန်စဉ်းစားတယ်။ အဲ့လိုပဲ မြန်မာပြည်နဲ့ ဘယ်လိုဆက်သွယ်လို့ ရမလဲ အဲ့ဒါမျိုးလေးတွေကို အစီအစဉ်လေးတွေကိုစဉ်းစားပြီး ချရေးထားပြီး စိတ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင်နေတယ်။

အမျိုးသမီးတွေအတွက်က စားစရာတို့၊ ရေတို့အပြင်ကို လစဉ်သုံးပစ္စည်းတွေလိုမယ်၊ အတွင်းခံတွေ၊ ကိုယ်တိုင် သုံးနေကျ ဆေးနဲ့ သန့်ရှင်းရေးပစ္စည်းတွေတော့ မမေ့မလျော့လိုအပ်တယ်။ ကိုယ်ဝန်ရှိတဲ့သူတွေနဲ့ နို့တိုက် မိခင်တွေ၊ ကလေးမိခင်တွေ သူတို့အတွက်က လိုအပ်မယ့်ဟာ သီးသန့်ရှိဦးမယ်။ နောက်တခုက ဘယ်သူ့ကို ဖုန်းဆက်အကူအညီတောင်းလို့ရသလဲ၊ လိုအပ်ရင် ဘယ်လိုနေရာတွေသွားရလဲဆိုတာကို သိထားဖို့ လိုအပ်တယ်။ တယောက်ထဲနေတဲ့အမျိုးသမီးတွေအတွက်လည်း ဒီအဆက်အသွယ်တွေက ပစ္စည်းစုထားသလိုပဲ အရေးကြီးတယ်။

တခုခုဖြစ်သွားရင်တယ်ဆိုရင် အကုန်လုံးကစုပြုံပြီး  အကူအညီလိုအပ်လာတော့မှာ။ အဲ့အခါကျရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်အတတ်နိုင်ဆုံးရပ်တည်ဖို့ကအရေးကြီးတယ်။ ကိုယ့်ရဲ့ ရှင်သန်မှုက အရေးကြီးတဲ့အတွက် စောစောစီးစီးထဲက လိုအပ်တာလေးတွေကို စဉ်းစားပြီးစုဆောင်းထားတာတော့ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။

နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိလားဆိုတော့ အလုပ်ပျက်ရလောက်အောင်မဟုတ်ပေမဲ့ အချိန်တော့ ပေးရတာပေါ့။ ဘာလိုသေးလဲ စဉ်းစားရတယ်။ သတင်းတွေက ဘာတွေဖြစ်နေပြီလဲဆိုတာပြန်ကြည့်ရတယ်။ အိမ်မှာရှိတာတွေကိုပြန်ကြည့်ရတယ်။ တခါတလေ အလုပ်လုပ်နေရင်းတောင် တကယ်ဖြစ်လာရင် ဘယ်လို လုပ်မလဲပေါ့ ခေါင်းထဲဝင်လာတယ်။ အဲ့လိုဖြစ်ဖို့က အခွင့်အရေးကအရမ်းနည်းပါတယ်။ ဒါပေမဲ့ ပြောလို့တော့ မရဘူး။ ကမ္ဘာကြီးက ဘာတွေဖြစ်နေလဲဆိုတာ စဉ်းစားလို့တောင်မမှီဘူး။  လုပ်စရာတွေကို စာရင်းရေးပြီး တခုချင်းလုပ်တာတော့ အဆင်ပြေတယ်။

သုံးစွဲမှုပုံစံပြောင်းရမလား၊ ချွေတာရမလားဆိုတာတော့ နည်းနည်းတော့ ချိန်ဆပြီးလုပ်ရမှာပေါ့။ အရေးပေါ် အတွက်ဆိုပြီးတော့ တခါထဲအများကြီးဝယ်လိုက်လို့လည်း လကုန်သွားတဲ့အခါကျရင် ကိုယ့်ရဲ့ပုံမှန် အသုံးစရိတ်တွေ မလောက်မှာမျိုးလည်းမဖြစ်အောင် ပုံမှန်ဈေးဝယ်တဲ့အခါမှာ တဗူး၊  ၂ ဗူးလေး ပိုပြီးတော့ ထည့်ဝယ်လိုက်တာမျိုး၊ မလိုအပ်တဲ့အသေးသုံးတွေကို လျော့ပြီးတော့ အရေးပေါ်သုံးဖို့ ငွေပိုငွေလျှံ ချန်ထားလို့ရရင်လည်း ချန်ထားနိုင်တဲ့ဟာမျိုးဆိုရင်တော့ ပိုပြီးသင့်လျော်တာပေါ့။

မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့မိသားစုအတွက် တခါတလေမှာ ကိုယ်တွေထက်တောင် သူတို့ကိုပိုပြီးပူရတယ်။  ဒီမှာကဘယ်လိုပြင်ဆင်မလဲဆိုတာကို စဉ်းစားလို့ရတယ်။ ဘယ်လိုဝယ်ယူမလဲဆိုတာလည်းစဉ်းစားလို့ရတယ်။ ငွေရှိရင်ဒီမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာက ငွေရှိလည်း မဖြစ်တာတွေရှိတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ ဆက်သွယ်ရေး အခက်အခဲတွေက နဂိုထဲကရှိနေပြီးသားလေ၊ အဲ့တော့ ပိုပြီးစိတ်ပူမိတယ်။ အဆက်အသွယ် မရတဲ့အခြေအနေမှာဆို ဘယ်လို လုပ်ရမလဲ ဘယ်လိုဆက်သွယ်ရမလဲ ပိုပိုပြီးဆိုးတယ်။ အဝေးကနေဆိုတော့ ငွေပို့လို့တော့ရတယ်။ ဆက်သွယ်လို့ရတဲ့အချိန်မှာ သူတို့ဘာတွေလိုအပ်တာလဲ မေးမြန်းပြီးတော့ တတ်နိုင် သလောက်ပဲကူညီလို့ရတာ၊ ကိုယ်ကအနားမှာမှနေပေးလို့မရတာ။ အဲ့ဒါကို စိတ်မကောင်းအဖြစ်ဆုံးပဲ။

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အမျိုးသမီးတွေကိုတော့ ကိုယ်တတ်နိုင်လေးကပဲစလုပ်ပါလို့ပြောချင်တယ်။ သူများ ဝယ်သလောက် ကိုယ်မဝယ်နိုင်လို့လည်းစိတ်ပူစရာမလိုဘူး။ ကိုယ့်အတွက် လိုအပ်တာလေးကစပြီးပြင်ဆင်ဖို့ တယောက်ထဲ အကုန်တာဝန်ယူဖို့လည်းမလိုဘူး။ မိသားစုတွေအကုန်ဝိုင်းစဉ်းစားကြ၊ အိမ်မှာ စာရင်းလုပ်တာ တွေ၊ ဝယ်တာတွေက အမျိုးသမီးတယောက်ထဲအပေါ် တာဝန်မကျစေချင်ဘူး။ အတူတူနေတဲ့သူတွေရှိရင် ဝိုင်းလုပ်ပေးပြီးတော့ ပစ္စည်းလည်းပိုစုံမယ်၊ စိတ်လည်း ပိုသက်သာရမယ်၊ အားလုံးတူတူညီညီအခက်အခဲကို ဖြေရှင်းတဲ့အတွက်ကြောင့် ပိုပြီးတော့ ခံနိုင်ရည်လည်းဖြစ်လာမယ်လို့ထင်ပါတယ်။

မသူဇာ 

ဂျာမနီနိုင်ငံ

ဂျာမနီဆိုရင် ၇၂ နာရီစာ အရေးပေါ်ရိက္ခာစုဆောင်းဖို့ဆိုပြီး အစကတည်းက အသိပေး ကြေညာထားပြီးသား၊ မဖြစ်မနေကြီးစုဆောင်းရမယ်လို့မပြောထားဘူး။ အဲ့ဒီတော့ ဂျာမနီမှာဆိုရင် အားလုံးလိုလိုတော့မဟုတ်ပေမယ့် အရေးပေါ်ရိက္ခာစုဆောင်းဖို့ဆိုပြီး စိတ်ဝင်စားတဲ့သူတွေက စုဆောင်းထားပြီးသားပေါ့။

ကျမအနေနဲ့ဆိုရင်တော့ ဆန်စားတဲ့လူဆိုတော့ ဆန်က ၁  လ၊  ၂ လစာအမြဲရှိနေတယ်။ ကျမတို့စားတတ်တဲ့ ပဲတွေ၊ အခြောက်အခြမ်းတွေ အစကတည်းက အာရှဆိုင်မှာသွားဝယ်ပြီး အိမ်မှာပဲထားထားတာမျိုးရှိတယ်။ တကယ်လို့အရေးပေါ်ဖြစ်လာတယ်ဆိုရင်တောင် ကျမတို့အတွက်က အစားအသောက်ပြတ်သွားမှာမျိုးတော့ မဟုတ်ဘူး။ သောက်ရေကတော့ အိမ်မှာဝယ်ထားတာရှိတယ်။ ဒါပေမဲ့ တမိသားစုလုံးစာ ၇၂ နာရီစာ ဝယ်ထားတာမျိုးမဟုတ်ပေမယ့် လုံလောက်တယ်လို့မြင်တယ်။  ဝယ်ယူစုဆောင်းတဲ့အခါမျိုးမှာ အဓိက ဥရောပ ဘက်မှာတော့ မရှားဘူးလို့တော့ပြောလို့ရတယ်။  ဒီဘက်မှာတော့ ဝယ်ယူစုဆောင်းတာနဲ့ပတ်သက်ပြီး အခက်အခဲရှိတယ်လို့ ပြောလို့မရဘူး။

ဆိုက်ဘာတိုက်ခိုက်တဲ့ကိစ္စတို့ ၊ စစ်ပွဲတွေနဲ့ပတ်သက်တဲ့အခြေအနေတွေ အဲ့ဒါမျိုးတွေကြားရင်တော့ တကယ် စိတ်ဖိစီးမှုဖြစ်တာတော့အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်နေရာ၊ ဘယ်နိုင်ငံမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိမနေဘူးလေ။ ကျမတို့အတွက်တော့ ဘယ်နေရာမှာပဲနေနေ မလုံခြုံဘူးလို့ ခံစားရတာတော့ မှန်တယ်။ မြန်မာနိုင်ငံဆိုရင်တော့ ပိုဆိုးပေါ့။ လက်ရှိမြန်မာနိုင်ငံအနေအထားအရ အဆိုးဆုံးအခြေအနေလို့ပြောလို့ရတယ်။ ဒါပေမဲ့  တခြားနိုင်ငံတွေလည်း လုံခြုံနေလားဆို ဟုတ်မနေဘူး။ တကယ်တမ်းက ပြန်စဉ်းစားလိုက်ရင် စိတ်ပိုင်းဆိုင်ရာက ပြည်သူတွေဆီမှာသက်ရောက်မှု ရှိတာသေချာတယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးနေနေရတဲ့ အနေအထားမဟုတ်ဘူး။ ပြီးတော့ကမ္ဘာနိုင်ငံက နိုင်ငံကြီးတွေ ဆိုရင် အချိန်မရွေး ဘယ်နေရာမှ ဘာဖြစ်မလဲ။ ဂျာမနီဆိုလည်း ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေးက ဘယ်လိုဖြစ်မယ် ကျမတို့အမြဲတမ်းနားစွင့်ထားရတယ်။

လက်ရှိသတင်းတွေအရတော့  သတင်းတွေအားလုံးက ပူလောင်နေရတယ်လို့ ခံစားနေရတယ်။ စိတ်ပိုင်းဆိုင်ရာ အရတော့ ဖိစီးမှုရှိတာတော့အမှန်ပဲရှင့်။ ဒါပေမဲ့  ဖိစီး မှုရှိတော့ရော ဒီတိုင်းနေလို့ရမှာလားမဟုတ်ဘူးလေ၊ ကျမတို့ရဲ့နေ့စဉ်နေ့တဓူဝ လုပ်ဆောင်နေတာရှိတဲ့အတွက်  အခုလက်ရှိငါတို့မိသားစုနဲ့နေနေရတဲ့အချိန်လေး၊ လက်တလော ငါစားလို့ရတဲ့အနေအထားလေး၊ လက်တလောသွားလို့လာလို့ရတဲ့အခြေအနေဆိုရင်တော့ ဒီလိုပဲဖြတ်သန်းရမှာပေါ့ဆိုတဲ့ စိတ်နဲ့ပဲဖြတ်သန်းတယ်။

ဘာကြောင့်လဲဆိုတော့ ဘယ်နေရာမှာပျော်ရွှင်နေတယ်၊ ဘယ်နေရာမှ ကောင်းမွန်နေတယ်ဆိုတာ မရှိတော့ဘူး လေ။ အဲ့တော့ နေ့တဓူဝ ကိုယ်လုပ်စရာရှိတာလုပ်တယ်။ ကိုယ်လေ့လာစရာရှိတာလေ့လာတယ်။ လုပ်ဆောင်စရာရှိတာ လုပ်တယ်။ ကိုယ်ဆက်သွားရမယ့်ကိစ္စတွေဆက်သွားတယ်။ ဒီလောက်ပဲ ဒါပဲတွေးတော့တယ်။ ညကျရင်တွေးလိုက်တယ်။ ဒီနေ့ငါအသက်ရှင်သေးတာပဲ  ငါ့အတွက်ကံကောင်းခြင်းပဲလို့ တွေးပြီးတော့ နောက်တရက်တာ နိုးလာလား၊ မနိုးလာတာဘာမှတွေးတောစဉ်းစားနေလို့မရဘူး။ အဲ့လိုမျိုးပဲစိတ်ဆုံးဖြတ်ပြီးနေ့စဉ်ကျော်ဖြတ်တယ်။

မဆုမွန်

ဝါရှင်တန်ဒီစီ၊ အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာတော့ စစ်အခြေစိုက်စခန်းတွေမှာပဲ အရေးပေါ်လိုအပ်လာတယ်ဆိုရင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုတို့ ဆက်သွယ်ရေးပြတ်တောက်မှုတို့ရှိလာရင် အဆင်သင့်ပြင်ထားမယ်ဆိုတဲ့ ဟာပဲရှိတယ်။ ပြည်သူလူထုကို တိုက်ရိုက်ညွှန်ကြားထားတဲ့ဟာတော့ အခုချိန်ထိမရှိဘူး။

ကျမ သတင်းတွေ အမြဲနားထောင်တဲ့သူဆိုတော့ မလိုအပ်ပဲနဲ့တော့ နိုင်ငံတနိုင်ငံရဲ့အစိုးရတွေကနေ သူ့ရဲ့ ပြည်သူတွေကို စုဆောင်းခိုင်းထားမှာ၊ အရေးပေါ်စီစဉ်ခိုင်းထားမှာ မဟုတ်ဘူးပေါ့။တချို့က အဲ့လိုမျိုး အသံကြားတဲ့အခါ အရင်ဦးဆုံးသောက်ရေသန့်တွေဝယ်ပြီးစုတယ်။ တစ်ရှူးလိပ်တွေကို ပိုပြီးစုတယ်။

ကျမတို့အနေနဲ့က ပုံမှန်လည်း အိမ်မှာချက်ပြုတ်စားသောက် နေတဲ့လူဖြစ်တဲ့အတွက် ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ငရုတ်ကြက်သွန်တို့ အခြေခံတော့ အမြဲရှိတယ်။ အရေးပေါ်အခြေအနေမှာ လျှပ်စစ်ပြတ်တောက်မှု ဖြစ်သွားရင်သုံးဖို့  လက်နှိပ်ဓာတ်မီး၊ လျှပ်စစ်မီးအစားထိုး ဆိုလာနဲ့လုပ်လို့ရနိုင်မယ့် မီးအိမ်ဝယ်တယ်။ သောက်ရေ၊ ဆန်၊ ဆီ ဝယ်တယ်။ စုဆောင်းတဲ့အခါမှာတော့ အခက်အခဲမရှိပါဘူး။ ဒီမှာကကျတော့ လောလောဆယ်တော့ အုတ်အုတ်ကျက်ကျက်၊ ရုတ်ရုတ်သဲသဲ ဝယ်တာစုတာ မရှိပါဘူး။

ကျမကတော့ စားသောက်တဲ့ အအေးခန်းတွေကို Hacker တွေကအပူချိန်တွေမြင့်လိုက်တာတို့၊ သွေးဘဏ်တွေကို လုပ်ခဲ့တာတွေကြုံခဲ့တဲ့အခါကျတော့ ကိုယ်တကိုယ်တည်းအနေနဲ့တော့ စိတ်မပူပါဘူး။ အများဖြစ်လာရင် အများကြုံရမယ်။ ဒါပေမဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ သွေးလှူဘဏ်လိုဟာမျိုးတွေ၊ အစားအသောက်တွေကို လုပ်တဲ့အခါကျတော့ ပြည်သူအများကိုတိုက်ရိုက်ထိခိုက်နိုင်မယ့်အနေအထားမျိုးတွေ ဖြစ်လာတဲ့အခါ ကျရင်တော့ အများကြီး ပျက်စီးဆုံးရှုံးမှုတွေကြုံရနိုင်တယ်။ အထူးသဖြင့်ဆေးရုံဆေးခန်းတွေ လူမမာတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးသူငယ်တွေ သူတို့အတွက်အခက်အခဲတွေ ဖြစ်လာ နိုင်တယ်။ သူတို့တွေထိခိုက်မယ့်အနေအထားမျိုးကို စိတ်ပူတာတွေရှိပါတယ်။

များသောအားဖြင့်က အမျိုးသမီးတွေက စိတ်ဓာတ်ကြံ့ခိုင်တယ်။  ဖြစ်လာနိုင်တဲ့ကြုံလာနိုင်တဲ့ ကိစ္စတွေကို ခေါင်းအေးအေးနဲ့ဆုံးဖြတ်နိုင်တယ်။ အမျိုးသမီးတွေက ဘယ်လိုအခြေအနေမျိုးမှာကြုံလာကြုံလာ  သူတို့မှာ ဖြတ်ထိုးဉာဏ်ရှိတယ်။ သူတို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာရှိတယ်။  တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ဆောင်ရွက် တာတွေရှိတယ်။ နဂိုကတည်းကိုက မွေးရာပါဖြတ်ထိုးဉာဏ်နဲ့ မွေးရာပါ ဆင်ခြင်တုံတရားတွေနဲ့အကုန်လုံးကို အဖြစ်မနေ ကျော်ဖြတ်ဖို့ကတော့ လုပ်ထားနိုင်မယ့် အနေအထားမှာရှိပါတယ်။

မြန်မာပြည်မှာရှိတဲ့ပြည်သူတွေအတွက်က ဒီလိုအရေးပေါ်အခြေအနေမှမဟုတ်ပါဘူး။  ၂၄ နာရီလုံး ဗမာပြည်ရော ရန်ကုန်မှာရှိတဲ့ ပြည်သူတွေအတွက်ရော၊ ကိုယ်ပိုင်သွေးချင်း မိသားစုတွေအတွက်ရော၊ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေအကုန်လုံးကို အမြဲတမ်းစိတ်ပူပါတယ်။ သူတို့ကိုလည်း အကြံပေးချင်တာက အခြေအနေတခု ဖြစ်လာတယ်ဆိုရင် မြန်မာပြည်သူတွေအကုန်လုံးက နဂိုထဲကမှ အခက်အခဲ အကြပ်အတည်းစိန်ခေါ်မှုတွေ ကြားထဲကနေ ရအောင်ရှင်သန် နိုင်တဲ့ မားမားမတ်မတ်ရပ်တည်နိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေရှိတဲ့အတွက် ဒီလိုအရေးပေါ်ပြင်ဆင်မှုဆိုတာက ပြောမယ်ဆို အသေးအဖွားပါပဲ၊ ရင်ဆိုင်နေရတဲ့နေ့စဉ် စိန်ခေါ်မှုအခက်အခဲက  ဒီထက်တောင်ကြီးမားပါတယ်။ မြန်မာပြည်သူတွေရော ကမ္ဘာအနှံ့မှာရောက်နေတဲ့ ကျမတို့ နွယ်ဖွားတွေရော အားလုံးက ကိုဗစ်-၁၉ ကိုကျော်ဖြတ်ခဲ့သလိုပဲ   ဒီအခြေအနေဆိုးကြီးကြုံလာရနိုင်တယ်ဆိုလည်း တည်တည် ငြိမ်ငြိမ်နဲ့ ဖြတ်သန်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။