Watercolor illustration of a woman’s face beside a knife piercing an apple, gender symbols, and a caged bird, symbolizing trapped trauma and gender-based violence

ဆယ်ကျော်သက်မိန်းကလေးတဦးရဲ့ မလွတ်မြောက်နိုင်သေးတဲ့ စိတ်ဒဏ်ရာ အရိပ်မည်း

မူအေးမူ

လွန်ခဲ့တဲ့ ၃နှစ်နီးပါး၊ ဒီဇင်ဘာလရဲ့  ညတညမှာ မိသားစုနဲ့အတူ နေအိမ်မှာရှိနေတဲ့  ၅တန်းကျောင်းသူ၊ အသက် ၁၅နှစ်အရွယ် *မမေသူတယောက် တရွာတည်းသား လူငယ်တဦးဆီက ခြိမ်းခြောက်ပြောဆိုတဲ့ဖုန်းခေါ်မှုကို လက်ခံရရှိခဲ့ ပါတယ်။

“လာမတွေ့ရင် အိမ်ပေါ်တက်ပြီး သတ်ပစ်မယ်” လို့  ဖုန်းထဲကနေ ၃ကြိမ်ထက်မနည်း ခြိမ်းခြောက်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အဲဒီလူငယ်ဟာ မေးထူးခေါ်ပြော အဆင့်၊ တစ်တော့လို လူမှုကွန်ရက်ကနေတဆင့်လောက်သာ သိရှိသူ ဖြစ်ပါတယ်။

ဖုန်းထဲကနေတဆင့် ထိကပါးရိကပါးချဉ်းကပ်တာမျိုးတွေ ကြုံဖူးပေမယ့် အပြင်မှာ သီးသန့်တွေ့ဆုံဖူးသူ၊ ချစ်သူ ရည်းစားတွေတော့ မဟုတ်ခဲ့ပါဘူး။  

သူတို့ဒေသရဲ့ ဓလေ့ထုံးစံနဲ့ ပတ်ဝန်းကျင်ရဲ့ စည်းဘောင်တွေအရ  ညအချိန်မတော် မိန်းကလေးတွေ အပြင်ထွက် ရင် “မိန်းမပျက်” လို့ သမုတ်ခံရတဲ့အတွက် မမေသူဟာ ဆင်းမတွေ့ရင် တကယ်အသတ်ခံရမလား၊ အပြင်ထွက် ရင်ရောဘာဖြစ်မလဲ စတဲ့မရေရာတဲ့အတွေးနဲ့အတူ ဝေခွဲမရဖြစ်နေပါတယ်။ ဒါပေမဲ့ အိမ်ရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် ခေါက်တုန့်ခေါက်ပြန်ဆိုင်ကယ်မောင်းရင်း ဖုန်းဆက်နေတဲ့အတွက် အုပ်ထိန်းသူတွေဖြစ်ကြတဲ့ ဦးလေးနဲ့ အဘွားဖြစ်ဆီမှာ အထင်လွဲဆူပူမှာကို ကြောက်စိတ်နဲ့ အိမ်အပြင်ဘက်ကို ခိုးထွက်လိုက်ချိန်မှာတော့ အဲဒီ လူငယ်နဲ့ သူ့သူငယ်ချင်းက ခါးမှာဓားထောက်ပြီး သူတို့ဆိုင်ကယ်ပေါ် တက်ခိုင်းခဲ့ပါတော့တယ်။

“လည်ပင်းတို့ဘာတို့မှာ မထောက်ဘူး၊ ခါးတည့်တည့်မှာ ထောက်တာ၊ လှုပ်တောင် မလုပ်ရဲဘူး” လို့ အဲဒီညက

အတွေ့အကြုံကို မမေသူက ပြန်ပြောပြပါတယ်။

အဲဒီအချိန်မှာ ဆုံးဖြတ်ချက်အမှားချမိမှန်း သိလိုက်ရပြီး၊  ထွက်ပြေးရင် လွတ်မြောက်နိုင်မလားနဲ့ ကြောက်လန့် တကြား ထွက်ပြေးခဲ့ပေမဲ့ ဆိုင်ကယ်နဲ့ လိုက်လံဖမ်းဆီးခံခဲ့ရပါတယ်။

ကျုးလွန်သူနဲ့ အတူ နောက်ထပ် ဆိုင်ကယ်တစီးက မမေသူကို  ရွာပြင်သုသာန်နားအထိ ခေါ်ဆောင်သွားပြီး၊ အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းချိန်မှာ အသက်လုပြီး ရုန်းကန်တာ၊ ပြန်လည်ခုခံတာ လုပ်ခဲ့ပေမဲ့ အားချင်းမမျှဘဲ အရှုံးပေးခဲ့ရတယ်လို့ မမေသူက ဆိုပါတယ်။

” အောက်မှာထိမိတဲ့ အုတ်ခဲနဲ့ သူ့ခေါင်းကို ရိုက်လိုက်တာ အုတ်ခဲက ကွဲသွားတယ်၊ အဲ့ဒီမှာတင် သူက တိုက်ချလို့  နောက်ပက်လက်လန်ကျတာ ခေါင်းနဲ့ ကျောက်ခဲရိုက်မိပြီး သတိလစ်သွားတယ်၊ သတိပြန်ရတော့ သူက ပြုကျင့်နေပြီ၊ ရုန်းဖို့လည်း အားမရှိတော့ဘူး၊ ခေါင်းမှာလည်း သွေးတွေရွှဲလို့” လို့ ပြီးခဲ့တဲ့ သူက လွန်ခဲ့တဲ့  ၃နှစ်ကြာက ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်ကို ငိုကြွေးရင်းက  ရင်ဖွင့်ပါတယ်။

အဲဒီနောက်မှာ ကျူးလွန်သူဟာ ညဉ့်နက်မိုးချုပ်မှာ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့ပြီး မျက်ရည်တွေ၊ သွေးရွှဲ နေတဲ့ ဒဏ်ရာနဲ့ မမေသူကို အိမ်နဲ့နီးတဲ့ တနေရာအထိ ဆိုင်ကယ်နဲ့မောင်းခေါ်လာပြီး ပို့ပေးခဲ့ပါတယ်။

ဒါပေမဲ့ လသားအရွယ်ကတည်းကနေ အခုအချိန်ထိ သူ့ကို အုပ်ထိန်းစောင့်ရှောက်ခဲ့တဲ့ အဘွားဖြစ်သူနဲ့ ဦးလေးတို့က မိန်းကလေးတန်မဲ့ ညကြီးမိုးချုပ်အပြင်ထွက်လို့ အခုလိုဖြစ်ရတာဆိုတဲ့ ပြစ်တင်မာန်မဲမှုတွေကိုသာ ရခဲ့ပြီး နားလည်ပေးမှု၊ ဖေးမမှု မရရှိခဲ့ပါဘူး။

“ဘယ်သူကလုပ်လဲလို့မေးတော့၊ ပြန်ဖြေဖို့စကားလုံးကထွက်မလာဘဲ ဦးလေးက အရမ်းစိတ်တိုပြီး တုတ်နဲ့ ရိုက်ပြီးစစ်မေးတာပါ” လို့ မမေသူက ပြောပြပါတယ်။

ဘေးချင်းကပ်ရွာမှာနေထိုင်တဲ့ မိဘတွေဆီကို ပြန်လာဖို့ ဆက်သွယ်ချိန်မှာ မိဘတွေကလည်း အဓမ္မပြုကျင့်

ခံရတဲ့အခြေအနေကို ရိပ်မိခဲ့ကြပေမဲ့ မိန်းကလေးက လိုက်သွားလို့ အပြစ်ရှိတယ်၊ အရှက်ရစေတယ်လို့ ပြောဆို ပြီး ပြန်မလာဖို့ အေးစက်စက် တုန့်ပြန်ခံခဲ့ရတယ်လို့ မမေသူက ပြောပြပါတယ်။

မိသားစုဝင်တွေဟာ သူရလာတဲ့ ဒဏ်ရာကိုလည်း ဆေးကုပေးတာမျိုးမရှိဘဲ သူ့ဘာသာ အနာကျက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျူးလွန်သူနဲ့ သမီးရည်းစားလည်းမဟုတ်ပေမယ့် ဒီလို ဖြစ်ရပ် ဖြစ်ပြီးသွားတော့ တာဝန်ယူဖို့အတွက် ဆက်သွယ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်မယူတဲ့အပြင် နောင်ဆက်သွယ်လို့ မရအောင်ပါ အွန်လိုင်း အဆက်အသွယ်အကုန်လုံး ဖြတ်တောက်(Block) သွားခဲ့ပါတယ်။ အညာဒေသက ဓလေ့အရ ချစ်သူရည်းစား ချိန်းတွေ့တာကို လူမိရင် လူကြီးမိဘတွေဆီ ခေါ်သွားခံရပြီး တရားဝင် လက်ထပ်ပေးတဲ့ ဓလေ့တွေ ရှိပေမဲ့ သူ့အဖြစ်က လူလည်းမမိတာကြောင့် တာဝန်ယူဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။  

အဲဒီလူငယ်ဟာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က ရေနံထွက်တဲ့ ဒေသက တော်လှန်ရေး တပ်ဖွဲ့တဖွဲ့ရဲ့ ရဲဘော်တဦး ဖြစ်သလို၊ မမေသူရဲ့ ဦးလေးတယောက်ကလည်း အဲဒီတပ်ဖွဲ့က အကြီးအကဲတယောက် ဖြစ်တာကြောင့် သူ့လက်အောက်က ကျူးလွန်သူကို အရေးယူပေးဖို့ အသိပေး အကူအညီတောင်းခဲ့ပါတယ်။ 

အဲဒီဦးလေးဖြစ်သူဆီကလည်း  ပြန်ရလိုက်တာကတော့ “သက်သေ ၁၀၀ရာခိုင်နှုန်းရှိမှ တရားစွဲလို့ရတာ၊ မရှိဘဲ စွဲရင် နင်နဲ့နင့်မိသားစုပဲ အရှက်ရမှာ၊ မလုပ်ပေးနိုင်ဘူး” ဆိုပြီး ငြင်းပယ်ခံခဲ့ရတာပါပဲ။ 

ဥပဒေအကြောင်း နားမလည်၊ သက်သေအထောက်အထား မယူတတ်တာနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ အသိပညာ အားနည်းချက်တွေကြောင့် ဒီဖြစ်စဉ်မှာ  ဥပဒေကြောင်းအရ အရေးမယူနိုင်ခဲ့ပါဘူး။ ကျူးလွန်သူဟာ သူ့ကို အရေးယူမှာမဟုတ်ဘူးဆိုတာ သိပေမဲ့ ရပ်ရွာနဲ့ ဝေးလံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

မုဒိန်းမှုတွေဟာ NUG အစိုးရရဲ့  ဥပဒေပါအချက်အလက်အရ ထောင်ဒဏ်၊ ငွေဒဏ်နဲ့ အပြစ်ပေး အရေးယူနိုင်ပေမဲ့ နောက်ခံလည်းမရှိ၊ အသိပညာလည်း နည်းပါးတဲ့ မမေသူကတော့ ဒီအမှုကို လက်လွှတ်လိုက်ရပါတော့တယ်။ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပညာရေးမှာ ၅တန်းအထိသာသင်ကြားရသေးသလို၊ ကျူးလွန်ခံရချိန်မှာ  အသက် ၁၅ နှစ်သာရှိသေးတဲ့ မမေသူဟာ  အခု ၃နှစ်တာ ကာလကြာမြင့်လာတဲ့အထိ တရားမျှတမှု မရရှိသေး ပါဘူး။

ဒါ့အပြင် ကျူးလွန်သူထက် ကျူးလွန်ခံရသူကိုသာ အပြစ်တင်တဲ့ ယဉ်ကျေးမှုကြောင့် ပတ်ဝန်းကျင်နဲ့ မိသားစုဝင် တွေရဲ့ အပြစ်တင်ထိုးနှက်ချက်တွေ၊ အထင်သေးစော်ကားမှုတွေကြားမှာ စိတ်ဒဏ်ရာတွေနဲ့ ဆက်လက်ရုန်းကန် နေဆဲ ဖြစ်ပါတယ်။ တရားခံ လွတ်မြောက်သွားခဲ့ပေမဲ့ အဓမ္မကျူးလွန်ခံရတဲ့ မမေသူကတော့ ပတ်ဝန်းကျင်ရဲ့ စံနှုန်းအမှားတွေနဲ့ မိသားစုရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေကို တယောက်တည်း ဆက်ပြီးရင်ဆိုင်ခဲ့ရပါတယ်။

“တခါကဆို ဦးလေးက ရွာထဲ ဝိုင်ဖိုင်သုံးပြီး ပြန်လာတော့ ဒေါနဲ့မောနဲ့ပြောတာ၊  ရှက်လိုက်တာ ဘယ်နေရာ သွားသွား ဗိုက်ကြီးနေတဲ့အကြောင်းပဲ ပြောနေတော့တာပဲ ဆိုပြီး စိတ်တိုတိုနဲ့ သူ့ဆိုင်ကယ်လည်း ရိုက်ခွဲတယ်၊ အဖွားကလည်း နင့်ကြောင့် ဖြစ်တယ်ဆိုပြီး တုတ်တွေ တချောင်းပြီးတချောင်း ကျိုးတဲ့အထိ ရိုက်တာ” လို့ မမေသူက ပြောပြပါတယ်။

အိမ်ထဲကနေ ရပ်ထဲရွာထဲအထိ စောင့်ကြည့်ခံရသလို ကျောင်းမှာပါ ဖယ်ကျဉ်ခံခဲ့ရပါတယ်။ သူက ဗိုက်ကြီးနေတာဆိုတဲ့ တီးတိုးပြောတဲ့အသံတွေ၊ လူကိုမြင်ရင် အဝေးကနေရှောင်သွားကြာတာတွေ၊ ဆရာမတွေကအစ စာမမေးတော့တဲ့အထိ ခွဲခြားဆက်ဆံတာတွေနဲ့ တချို့မိဘတွေဆို မမေသူနဲ့ အပေါင်းအသင်းမလုပ်ဖို့ သူတို့သားသမီးတွေကို ပြောဆိုဆုံးမတာတွေ လုပ်ခဲ့ကြပါတယ်။

 “ညီမနဲ့ပေါင်းရင် လင်စောစောရမှာတဲ့” လို့ မမေသူက ဆိုပါတယ်။

အသက် ၁၅နှစ်အရွယ် မိန်းကလေးဟာ အစစအရာရာ အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်ကနေ လွတ်မြောက် ချင်တာကြောင့် ကျောင်းကနေ ထွက်ခဲ့ရတယ်။  

ဒါတွေတင်မက ရွာထဲက လက်သည်ဆိုသူတွေကလည်း သူရဲ့ဗိုက်ကို ၁၅ ကြိမ်မက လာရောက်စမ်းသပ်ခဲ့ကြပါ သေးတယ်။

“ဗိုက်ကို လာစမ်းကြတာပေါ့၊ ညီမမှတ်ထားတာ ၁၅ ကြိမ်လောက်ရှိတယ်၊ နောက်တော့ လက်သည်တွေကပဲ ဗိုက်မကြီးဘူးလို့ ပြောပြတယ်” လို့ သူက ဆိုပါတယ်။

ဒီလို အခြေအနေတွေ ကြုံတွေ့နေချိန်မှာ ကျူးလွန်သူရဲ့ သူငယ်ချင်းဖြစ်သူကပါ “နင်က ဟိုကောင်ကို ပေးပြီးပြီ ဆိုတော့ ငါ့ကိုလည်းပေး၊ မပေးရင် နင့်ကို အရှက်ခွဲပစ်မယ်” လို့ ပြောဆိုပြီး ထပ်မံ ခြိမ်းခြောက်ခဲ့တာကြောင့် မမေသူတယောက် စိတ်ပိုင်း ဆိုင်ရာ ပြင်းပြင်းထန်ထန်ထိခိုက်ပြီး နွားနို့၊ သံပုရာရည်နဲ့ ဆေးတွေရောသောက်ပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ၅ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ် ယိုယွင်းလာမှုကြောင့် အသက်မပြည့်သေးသူ တွေနဲ့ အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့မုဒိန်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မြင့်တက် လာနေပြီး တိုင်တန်းလို့မရဘဲ မှတ်တမ်းမဝင်ဘဲ ပျောက်ကွယ်နေတဲ့ ဖြစ်ရပ်တွေလည်း အမြောက်အမြား ရှိနေသေးတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ရဲ့တကျော့ပြန် စစ်အာဏာသိမ်းမှု နောက်ပိုင်း ၅ နှစ်ကြာမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်း ဆိုင်ရာအကြိမ်ဖက်မှု(CRSV) နဲ့ လိင်နဲ့ဂျန်ဒါ အခြေပြု အကြမ်းဖက်မှု(SGVB) ဖြစ်ရပ်ပေါင်း ၉၆၃ ကျော် ရှိခဲ့တယ် လို့ Women’s League of Burma (WLB) က ၂၀၂၆ ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါ တယ်။ 

၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို လာရောက် တိုင်ကြားအမှုဖွင့်ခဲ့တဲ့ မုဒိန်းမှု အရေအတွက်က ၄,၀၀၀ နီးပါး ရှိပြီးတော့ အဲဒီအမှုတွေ ရဲ့ ထက်ဝက်က သက်ငယ် မုဒိန်းမှု ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ထားပါတယ်။ 

မုဒိန်းမှု ဖြစ်ပွားတဲ့ ကိန်းဂဏန်းတွေအရေအတွက်မှာ မမေသူ ရင်ဆိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလိုမျိုး ဘယ်မှတ်တမ်းမှာမှ မပါဝင်ဘဲ ကျန်နေသေးတဲ့ အရေအတွက်တွေလည်း အများအပြား ရှိနေပါသေးတယ်။

မမေသူနေထိုင်ရာ ပေါက်နယ်အပါအဝင် အညာဒေသဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တခြားသော အသိပညာပေးတာတွေလည်း အလွန်နည်းပါးတယ်လို့ မကွေးဒေသခံ လူငယ်အမျိုးသမီး တဦးကပြောပြပါတယ်။

“ကျမတို့အညာမှာက အာဏာမသိမ်းခင်က အမျိုးသမီးအဖွဲ့တွေ ရှိခဲ့တယ်ဆိုပေမဲ့ သင်တန်းပေးတာ၊ ဟောပြော အသိပညာပေးတာ မရှိဘူး၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာကဘာလဲ ကျမတို့သိပ်မသိဘူး၊ ဘယ်သူ့ဆီကို ဆက်သွယ်တိုင်ကြားရမလဲ မသိဘူး အဲ့လိုမျိုးတွေပေါ့”လို့ မကွေးဒေသခံ မလဲ့လဲ့ဦးက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ တော်လှန်ရေးနယ်မြေအချို့မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ လိင်အကြမ်းဖက်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့်  စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် ကုစား ပေးတဲ့ အဖွဲ့အစည်းတွေ နည်းပါးလွန်းနေဆဲလို့ ဒေသခံတွေက ဆိုပါတယ်။  

စိတ်ကျန်းမာရေး ပညာရှင်တွေရဲ့ အဆိုအရ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမမှု မရှိဘဲ အဓမ္မကျူးလွန်ခံရသူတွေ အပေါ် တရားခံလို အပြစ်တင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အလေ့အထတွေ ဆက်လက်ကြုံတွေ့ရတာက ထိခိုက် ခံစားရသူအတွက်  ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (PTSD) ရရှိပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရလေ့ ရှိတယ်လို့ သိရပါတယ်။

အမျိုးသမီးအရေး လုပ်ဆောင်နေတဲ့ Sisters 2 Sisters အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မနှင်းသက်မှူးခင်က  “ကျူးလွန်ခံရသူကို မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်တွေက ယုံကြည်ပေးဖို့၊ နွေးထွေးမှုပေးဖို့လိုတယ်၊ သူတို့ရဲ့ အမြင်တွေကိုလည်း သူတို့ ပြောင်းလဲပစ်ဖို့ လိုတာတွေရှိတယ်ပေါ့၊ ဥပမာ ဘယ်လိုမျိုးလဲ ဆိုလို့ရှိရင် ကျူးလွန်တဲ့ သူကသာ ရှက်ရမှာ၊ ကျူးလွန်ခံရတဲ့ သူက ရှက်ရမှာမဟုတ်ဘူး၊ ကျူးလွန်ခံရတဲ့သူမှာ အပြစ်မရှိဘူးဆိုတဲ့ဟာ၊ အဲ့ဒါကို ကိုယ်တိုင်ကလည်း မြင်ဖို့လိုတယ်ပေါ့နော်”လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ မမေသူဟာ မိသားစုနဲ့ ရွာနဲ့ဝေးရာ ပေါက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တခုမှာ စေတနာ့ ဝန်ထမ်း အလုပ်ဝင်လုပ်ရင်း သူ့ရဲ့နက်ရှိုင်းနေတဲ့ စိတ်ဒဏ်ရာ အရိပ်မည်းတွေကြားကနေ ဘဝကို အသစ်တဖန် ပြန်လည်ထူထောင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အခု‌ နှစ်တွေကြာလာချိန်မှာ အဘွားဖြစ်သူအိမ်နဲ့ မိဘတွေအိမ် ကို တခါတရံ အလည်အပတ်ပြန်ပေမယ့် အရင်လို နှင်ထုတ်တာတော့မလုပ်တော့ဘူးလို့ မမေသူက ဆိုပါတယ်။ 

အညာဒေသရဲ့ အမြစ်တွယ်နေတဲ့ လူမှုစံနှုန်းအမှားတွေ၊ တရားဥပဒေစိုးမိုးမှုအားနည်းချက်‌တွေနဲ့ မိသားစုအတွင်း ဖိနှိပ်မှုတွေကြားမှာ နယ်မြေဒေသ မလုံခြုံမှု၊ အသိပညာ အားနည်းမှု‌တွေကြောင့် တရားမျှတမှု မရရှိခဲ့လို စိတ်ပိုင်း ဆိုင်ရာ ကုစားမှုတစုံတရာမရရှိခဲ့တဲ့ မမေသူရဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံတဝန်းက ပဋိပက္ခဒဏ်သင့် ဒေသတွေ ရင်ဆိုင်နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိန်းမှု ပြဿနာ‌တွေအတွက် သတိပေး ခေါင်းလောင်းသံတခုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မမေသူက သူ့ရဲ့ အပြင်းပြဆုံးဆန္ဒတခုကို အခုလို ထုတ်ပြောပါတယ်။

“ဒီလိုတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ဒီရွာတွေနဲ့ ဝေးတဲ့နေရာမှာ အလုပ်အကိုင်တခုခု လုပ်ပြီး ဘဝကို အသစ်ကနေ ပြန်စချင်တယ်”  

*ကာယကံရှင်၏ မေတ္တာရပ်ခံချက်အရ အမည်လွှဲပြောင်းအသုံးပြုထားပါသည်။