စစ်မီးနဲ့ အပူလှိုင်းကြားက သားသည်မိခင်တွေ
ရှင်ငြိမ်း
ရာသီဥတုပြောင်းလဲမှုဆိုတာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတခုတည်း မဟုတ်တော့ဘဲ ပဋိပက္ခဒေသတွေက မျိုးဆက်သစ်တွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရေးပေါ်အကြပ်အတည်း ဖြစ်လာနေ ပါတယ်။
ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေဟာ လူတိုင်းအပေါ် အညီအမျှ သက်ရောက်တယ်လို့ ထင်မှတ်နိုင်ပေမဲ့ လက်တွေ့မှာတော့ ကိုယ်ဝန်ဆောင်တာ၊ နို့တိုက်တာတို့အပြင် စစ်ဘေး၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေးစနစ်ပြိုလဲမှုနဲ့ လူမှုတာဝန်ခွဲဝေမှုတွေကြောင့် အမျိုးသမီးတွေဟာ မမျှမတ ပိုမို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေကြရပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ထုတ်ပြန်ချက်အရ အယ်လ်နီညိုဖြစ်စဉ်ဟာ ပိုအားကောင်းလာနေပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလဝန်းကျင်မှာ အမြင့်ဆုံးရောက်ရှိနိုင်ကာ ၂၀၂၇ ခုနှစ် ဖေဖော် ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ ဒီဖြစ်စဉ်ဟာ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း အားအကောင်းဆုံး အယ်လ်နီညိုဖြစ်စဉ်တွေထဲက တခု ဖြစ်လာနိုင်တယ်လို့ WMO က ခန့်မှန်းထား ပါတယ်။
အယ်လ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အီကွေတာအနီးက ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် မြင့်တက်လာတဲ့ ရာသီဥတုဖြစ်စဉ်တခုဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒေသအချို့မှာ အပူချိန် မြင့်တက် တာ၊ မိုးခေါင်တာနဲ့ တခြားဒေသတွေမှာ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်အခြေစိုက် Climate Impact Lab ရဲ့ ခန့်မှန်းချက်အရလည်း ၂၀၂၆ ခုနှစ် ဇွန်လမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အယ်လ်နီညိုနဲ့ဆက်စပ်တဲ့ အပူဒဏ်ကြောင့် ကမ္ဘာတဝန်း ပုံမှန်နှစ် တွေထက် လူပေါင်း ၄၅၁,၀၀၀ လောက်ထိအပိုသေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေအတွက်တော့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေဟာ အခုမှ စတင်ကြုံတွေ့ရတာ မဟုတ်ပါဘူး။ အယ်လ်နီညိုဖြစ်စဉ် မဖြစ်ပေါ်သေးခင် ကတည်းက စစ်ဘေးကြောင့် နေရပ်စွန့်ခွာရမှုတွေနဲ့အတူ ပြင်းထန်တဲ့ အပူဒဏ်၊ ရေရှားပါးမှု၊ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီမှုတွေကို အမျိုးသမီးတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ဒီအခြေအနေတွေဟာ သူတို့ရဲ့ ကျန်းမာရေးသာမက မွေးကင်းစ ကလေးငယ်တွေရဲ့ အသက်ရှင်သန်မှုကိုပါ ခြိမ်းခြောက်နေခဲ့ပါတယ်။
မကွေးတိုင်းက ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့နဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေရဲ့ ၂၀၂၅ ခု၊ မတ်၊ ဧပြီနဲ့ မေလ မှတ်တမ်းတွေအရ မကွေးတိုင်းနှင့် ချင်းပြည်နယ် အပါအဝင် ပဋိပက္ခဒေသက စစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်တွေထဲက ၃၅ ရာခိုင်နှုန်းလောက်ဟာ ပူပြင်းတဲ့လတွေမှာ လမစေ့ဘဲ မီးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာ တွေကို ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေသလို ကမ္ဘာ့နံပါတ် ၅ နေရာမှာ အပူချိန်စံချိန်တင်ခဲ့ဖူးတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ် တောစပ်နားစစ်ရှောင်စခန်းက သားသည်မိခင် မအေးအေးသန်းတယောက်လည်း အဲဒီ ၃၅ ရာခိုင်နှုန်းထဲမှာ အပါအဝင် ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ အပူချိန် ကမ္ဘာ့စံချိန်တင်အောင် မြင့်တက်နေတဲ့ကြား ဘာကြိုတင်ပြင်ဆင်မှုမှ မပါဘဲ ရုတ်တရက် စစ်ဘေးလွတ်ရာကို ပြေးရပြီး အားအင်ကုန်ခမ်းနေချိန်မှာ ချောက်မြို့နယ်၊ တောစပ်နားက အမိုးအကာမလုံခြုံ စစ်ရှောင်တဲတခုထဲက အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အပူဒဏ်ကို အံတုနိုင်ဖို့ ရေစိုအဝတ်စလေးနဲ့ ဗိုက်ကို ပတ်ပြီး ခဲခဲယဉ်းယဉ်းကိုယ်ဝန်လွယ်ခဲ့ရပါတယ်။ သူဟာ ကိုယ်ဝန် ၈ လနဲ့ လမစေ့ ဘဲ သူ့ရဲ့ ဒုတိယမြောက် ရင်သွေးငယ်လေးကို မီးဖွားခဲ့ရပါတယ်။
အပူရှိန်က ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေတဲ့ အဲဒီအချိန်မှာ စစ်ရှောင်စခန်းအနီး တောထဲက ချောင်းမှာတူးထားတဲ့ တွင်းထဲက ရေနောက်နောက်ကို ကြည်လာအောင် ထိုင်စောင့်ပြီးမှ ခပ်ယူရတာကြောင့် ရေတပုံးရဖို့ အနည်းဆုံး ၁ နာရီ ကျော်ကြာ စောင့်ရပါတယ်။ ဒီကြားထဲ စစ်ကြောင်း ထိုးလာရင်တော့ ရေသွားခပ်ဖို့ဆိုတာ အသက်နဲ့ ရင်းရတဲ့ ကိစ္စတခု ဖြစ်လာခဲ့တယ်။ ရေချိုရေသန့်အေးအေးတခွက် သောက်ခွင့် ရဖို့ဆိုတာက သူအတွက်တော့ အိပ်မက်လိုပါပဲ။
မီးဖွားပြီး ၃ရက်မြောက်နေ့မှာ ကျန်းမာရေး ဝန်ထမ်းနဲ့ အရေးပေါ် ဆေးဝါး ဘာမှမရှိတဲ့ ပလပ်စတစ်မိုးကာစ စစ်ရှောင်တဲလေးအောက်မှာ အလေးချိန် ၂ ပေါင်သာသာပဲ ရှိတဲ့ မွေးကင်းစသမီးငယ်လေးဟာ အသက်ရှူကြပ် ပြီး ငိုကြွေးနေရင်းကနေ မိခင်ရင်ခွင်ထဲမှာပဲ ငြိမ်သက်သွားခဲ့ ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တာတွေ ကြောင့် ခရီးဝေးတဲ့ ဆေးရုံဆေးခန်းရှိရာ မြို့ပေါ်ကို အချိန်မီ မပို့ဆောင်နိုင်ခဲ့ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဒုက္ခပေါင်းစုံကြားထဲက လွယ်ထားခဲ့ရတဲ့ ဒုတိယမြောက် ရင်သွေးလေးကို လက်လွှတ်လိုက်ရတဲ့ မိခင်တယောက်ရဲ့ ဝမ်းနည်းပူဆွေးမှုကတော့ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ခဲ့ဘူးလို့ မအေးအေးသန်းက ပြောပြပါတယ်။
“အစစအရာရာ ခက်ခဲတဲ့အချိန်မှာ မွေးလာရတဲ့ကလေး၊ ကျမမှာ ရေတောင် ဝအောင် မသောက်နိုင်ခဲ့လို့ ကလေး ကို အသက်ဆက်မပေးနိုင်ခဲ့တာလားဆိုပြီး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်” လို့ မအေးအေးသန်းက ပြောပြ ပါတယ်။
ဒီလို အပူရှိန်မြင့်တက်မှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို အပူပိုင်းဒေသက မအေးအေးသန်းသာမက ရာသီဥတု အေးမြတဲ့ ချင်းပြည်နယ်၊ မတူပီမြို့က အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် မိုင်နီနီလည်း ကြုံတွေ့ခဲ့ရ ပါတယ်။
ရေခဲမှတ်အထိရောက်လေ့ရှိတဲ့ ချင်းပြည်နယ်၊ မတူပီဒေသမှာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီနဲ့ မေလ အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပုံမှန်ထက် အပူချိန် ၅ ဒီဂရီကနေ ၈ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာပြီး တောင်ပေါ် စမ်းရေတွင်းတွေပါ ခမ်းခြောက်မှုနဲ့ ကြုံခဲ့ရတယ်။
သစ်ပင်တွေ ခုတ်လှဲခံထားရတာနဲ့ ရာသီဥတု ပူပြင်းနေချိန်မှာ သူတို့အတွက်တော့ သောက်သုံးရေ အလွယ်တကူ မရှိပါဘူး။ စမ်းရေတွေခမ်းခြောက်သွားတဲ့အတွက် တောင်အောက်ကို မိနစ် ၄၀ လောက်ထိ ဆင်းပြီး ရေခပ်ကြ ရတယ်။ စစ်ကြောင်းရှိရင်တော့ ရေသွားခပ်လို့ မရပါဘူး။
မီးဖွားခါနီးအချိန်မှာ အပူဒဏ်ကြောင့် ဗိုက်ထဲက ကလေးလှုပ်ရှားမှု နည်းလာတာကို သတိထားမိပေမဲ့ ကျန်းမာရေးဝန်ထမ်း အများစုကလည်း လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်နေကြရတာမို့ မိုင်နီနီအဖို့ ဘာမှ မလုပ်ဆောင်နိုင်ခဲ့သလို မီးဖွားချိန်မှာ သန့်ရှင်းတဲ့ရေနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း မရှိခဲ့ပါဘူး။
သူဟာ မီးဖွားရင်း သွေးသွန်တာများတဲ့အတွက် သတိလစ်သွားခဲ့ပါတယ်။ ဒေသခံ လက်သည်ဆရာမရဲ့ ကူညီ မွေးဖွားပေးမှုကြောင့် အသက်ဘေးက လွတ်ခဲ့ပေမဲ့ ကလေးငယ်ကတော့ ပိုးသတ်မထားတဲ့ ကိရိယာတွေနဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် ချက်ကြိုးကတဆင့် ဘက်တီးရီးယား ပိုးဝင်ပြီး တပတ်အကြာမှာ ဆုံးပါးသွား ခဲ့ပါတယ်။
“စစ်တပ်က ဆေးဝါးသယ်ခွင့် ပိတ်ထားလို့ ပဋိဇီဝဆေး ၁ကတ်ရဖို့တောင် တောင်ပေါ်မှာ အသက်နဲ့လဲရသလို၊ သွေးသွန်တဲ့ မိခင်တွေကို သွေးသွင်းပေးဖို့ မပြောနဲ့၊ သွေးပေါင်ကျရင် တင်ပေးမယ့် ဓာတ်ဆားရည်တောင် မရှိဘူး”လို့ မတူပီဒေသခံ မီးဖွားဆရာမ ဂျူလီယာက ပြောပြပါတယ်။
ရာသီဥတုဒဏ်၊ စစ်ဘေးစစ်ဒဏ်တွေကြားထဲ သန့်ရှင်းတဲ့ရေ သောက်သုံးခွင့်မရှိဘဲ မိခင်နို့ခမ်းခြောက်ပြီး ဒုက္ခ ရောက်ခဲ့ကြတဲ့သူတွေက မအေးအေးသန်း၊ မိုင်နီနီတို့တင်မဟုတ်ပါဘူး။ ကရင်နီ(ကယား) ပြည်၊ ဒီးမော့ဆို မြို့နယ်က အသက် ၂၃ နှစ်အရွယ် မိုးမြှာဟာလည်း သူတို့လိုပဲ အလူးအလဲ ခံစားခဲ့ရတဲ့ နို့တိုက်မိခင်တဦး ဖြစ်ပါတယ်။
ကရင်နီဒေသတွင်း ကျန်းမာရေးနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူထုကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ် စစ်ရှောင်စခန်းတွေထဲက ၅ နှစ်အောက် ကလေးငယ်တွေ နဲ့ နို့တိုက်မိခင်တွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ အာဟာရချို့တဲ့မှုနဲ့အတူ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ တွေကို အလူးအလဲ ခံစားနေကြရတယ်လို့ သိရပါတယ်။
ယခုနှစ် (၂၀၂၆ ခုနှစ်) ဧပြီလတုန်းက မြန်မာနိုင်ငံအနှံ့မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့လို့ ဒီးမော့ဆိုက စစ်ရှောင်တွေဟာ အပူဒဏ်ကို အပြင်းအထန် ခံခဲ့ကြရပါတယ်။ ဒီအထဲမှာ အမျိုးသားဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်း အသက် ၆ လအရွယ် ကလေးလေးနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ မိုးမြှာလည်း ပါပါတယ်။
ကရင်နီမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်၊ အပူလွန်တာကြောင့် ဟင်းသီးဟင်းရွက်တွေ မစိုက်နိုင်တော့ဘဲ အာဟာရနဲ့ ရေဓာတ် မပြည့်ဝတော့တဲ့အတွက် မိခင် မိုးမြှာမှာ နို့ရည်တွေ ခမ်းခြောက်သွားခဲ့ရပါတယ်။
ဆရာဝန်တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ မိခင်တွေ နို့ခမ်းရတာဟာ စစ်ရှောင်ရတဲ့ စိတ်ဖိစီးမှု၊ အပူဒဏ်နဲ့ အာဟာရမပြည့်ဝတာတွေကြောင့် မိခင်တွေဟာ ရေဓာတ်ခမ်းခြောက်ပြီး နို့ရည်ပါ ခမ်းခြောက် ရတာလို့ သိရပါတယ်။
ကလေး နို့ဆာလို့ ငိုချိန်မှာ မိခင်နို့လည်း မထွက်၊ နို့မှုန့်ဝယ်ဖို့လည်း ငွေကြေးမရှိတာကြောင့် စခန်းကဝေငှတဲ့ ဆန်ပြုတ်ရည်ကိုပဲ တိုက်ခဲ့ရလို့ မိုးမြှာရဲ့ ကလေးငယ်ဟာ အာဟာရ ပြင်းထန်စွာ ချို့တဲ့ခဲ့ရပါတယ်။ အားပြတ်နေ တဲ့ ၆လသားလေးဟာ အသံသိပ်မထွက်တော့တဲ့အတွက် အသက်ရှင်ဖို့ ရက်သိပ်မကျန်တော့ဘူး ထင်တယ်လို့ မိုးမြှာက ပြောပြပါတယ်။
“ကလေးက နို့ဆာလို့ငိုတာ တအားပဲ၊ သူငိုလေ ကျမလည်း သေချင်စိတ်ဖြစ်တယ်၊ ခုသူက တအားပိန်တယ်၊ အရိုးလေးတွေပေါ်နေပြီ၊ ဗိုက်ကလေးကားလို့ တကယ်စိတ်မချမ်းသာရဘူး၊ သူအသက်ရှုမဝသလို မောသလိုလိုနဲ့ ဗိုက်က ပိန်လိုက်၊ ဖောင်းလိုက်ဖြစ်နေတာ အသက်ရှုရတာခက်နေတဲ့ပုံပဲ၊ တခုခုဖြစ်လာရင် ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်ဘူး၊ အဲ့တာတကယ့်ကို စိတ်မကောင်းဘူး၊ အမေဆိုတော့ ကလေးသေးသေးလေး အဲ့လိုဖြစ်နေတာ မကြည့်ချင်ဘူး” လို့ မိုးမြှာက သူ့ခံစားချက်နဲ့ အခြေအနေကို ထုတ်ပြောပါတယ်။
မသန်းသန်းအေး၊ မိုင်နီနီနဲ့ မိုးမြှာတို့ ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ သာမန်ဖြစ်စဉ်တွေ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသအသီးသီးမှာ မိခင်တွေနဲ့ ကလေးငယ်တွေ နေ့စဉ် ကြုံတွေ့နေရတဲ့ “ဂျဲန်ဒါအခြေပြု ရာသီဥတု အရေးပေါ်အခြေအနေ” ဖြစ်တယ်လို့ အမျိုးသမီးနဲ့ ဂျဲန်ဒါအရေး ဆောင်ရွက်သူ ကိုမြင့်အောင်က ထောက်ပြ ပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်နဲ့ မိခင်တွေ အခုလို ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ဒေါက်တာ ဖြူယဉ်မိုးက အဓိက ထိခိုက်မှု ၃ ခုရှိတယ်လို့ ရှင်းပြပါတယ်။
ပထမအချက်က ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အပူချိန် ထိန်းညှိစနစ် ပြောင်းလဲသွားလေ့ ရှိတာကြောင့် ပြင်းထန်အပူလှိုင်း သက်ရောက်မှုကို ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရပြီး ကလေးရေမြွှာနည်းတာ၊ သွေးတိုးတာနဲ့ လမစေ့ဘဲ မီးဖွားတာတွေကို ဖြစ်ပေါ်စေတာလို့ ဆိုပါတယ်။
ဒုတိယအချက်ကတော့ စစ်ရေးအရ လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာ၊ ဆေးဝါးတွေ သယ်ယူခွင့် မရတာနဲ့ အတူ သန့်ရှင်းတဲ့ရေ မရရှိတော့ဘဲ မီးဖွားမှုဆိုင်ရာ မသန့်ရှင်းတော့တာကြောင့် မိခင်ရော ကလေးပါ ကူးစက် ရောဂါနဲ့ သေဆုံးနှုန်း တိုးမြင့်လာရလို့ ထောက်ပြပါတယ်။
တတိယအချက်အနေနဲ့ အမျိုးသားတွေ စစ်ပွဲထဲ ပါဝင်တာ သို့မဟုတ် အလုပ်အကိုင်အတွက် ထွက်ခွာကြချိန်မှာ စစ်ရှောင်စခန်းက မိသားစုကို အမျိုးသမီးတွေက ဦးဆောင်စောင့်ရှောက်နေရပြီး၊ အပူဒဏ်ကြောင့် စိုက်ပျိုးရေး ပျက်စီးချိန်မှာ မိခင်တွေပါ အာဟာရ ပြင်းထန်စွာ ချို့တဲ့ကာ မိခင်နို့ရည် မထွက်တော့တာလို့ သိရပါတယ်။
ရာသီဥတုဖောက်ပြန်မှုနဲ့ စစ်ပဋိပက္ခ ပေါင်းစပ်သွားတဲ့အခါ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်အပေါ် ဘယ်လောက်ထိ ရိုက်ခတ်စေတယ်ဆိုတာ သူတို့ရဲ့ ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။
ဒီအခြေအနေတွေကို ကူညီဖြေရှင်းနိုင်ဖို့အတွက် ပထမဦးဆုံး ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး အစီအစဉ်တွေမှာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် သီးသန့် အာဟာရ၊ ရေသန့်နဲ့ မီးဖွားမှုဆိုင်ရာ ကျန်းမာရေးပစ္စည်းတွေ ကို ဦးစားပေး ထည့်သွင်းပေးဖို့လိုအပ်တယ်လို့ ဒေါက်တာ အာကာကျော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြံပြုပါတယ်။
ဆက်လက်ပြီး ပဋိပက္ခဇုန်တွေအတွင်းက ဒေသခံ ကျန်းမာရေးစောင့်ရှောက်သူတွေ၊ သားဖွားဆရာမတွေကို ရာသီဥတုအပူဒဏ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေနဲ့ ဆေးဝါးတွေ အချိန်မီ ထောက်ပံ့ပေးဖို့ လိုအပ်ကြောင်းလည်း သူက ထောက်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ပြင်းထန်အပူဒဏ်နဲ့ ရေရှားပါးမှု နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို လူထုအနေနဲ့ အထူးသတိပြု ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
ဒါ့အပြင် ပြင်းထန်အယ်လ်နီညို ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေရှားပါးမှုနဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ NUG က စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ ရှိတဲ့ ဒေသခံ (ပအဖ) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ (ပကဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေး တာဝန်ခံ ဦးနေဘုန်းလတ်က HI – Honest Information ကိုပြောပါတယ်။
ထိခိုက်လွယ်အုပ်စုတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် အသိပညာပေးတာ၊ ရေတွင်း၊ ရေကန်တွေနဲ့ ဆိုလာသုံး ရေရရှိရေးစနစ်တွေ ပြုပြင်တည်ဆောက်တာ၊ အရေးပေါ် ဆေးဝါးနဲ့ အပူရှောင်နေရာတွေ စီစဉ်ပေးတာတွေ အပြင် ရေရှည်အတွက် ရာသီဥတုဒဏ်ခံ မျိုးစေ့တွေနဲ့ အရန်ရိက္ခာ သိုလှောင်တာတွေကိုပါ လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စုဆောင်းထားတဲ့ အရန်ရိက္ခာနဲ့ အဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။
“နိုင်ငံတကာအနေနဲ့ ပဋိပက္ခဒေသမှာရှိတဲ့ အရပ်သားပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ မကြုံတွေ့ရ အောင် ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးစေ့တွေ၊ စိုက်ပျိုးနည်းစနစ်တွေ၊ ရန်ပုံငွေ အကူအညီတွေ ပံ့ပိုးပေးဖို့ လိုအပ်သလို တဖက်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်အောင် ပိုပြီး ဖိအား ပေးလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်”လို့လည်း ဦးနေဘုန်းလတ်က တောင်းဆိုပါတယ်။
ဒါ့အပြင် ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း သူတို့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေ ကနေတဆင့် အပူချိန် အလွန်မြင့်မားနေချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင် မထွက်ကြဖို့နဲ့ မဖြစ်မနေ ထွက်ရတယ်ဆိုရင်လည်း ထီး၊ ဦးထုပ်နဲ့ အင်္ကျီလက်ရှည်တွေကို စနစ်တကျ ဝတ်ဆင်ပြီး အပူဒဏ်ကို ကာကွယ်ကြဖို့ သတိပေးနှိုးဆော်နေကြတာကို တွေ့ရပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒေသအလိုက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွေကတဆင့် ပြည်သူတွေ အပူဒဏ်အန္တရာယ်နဲ့ ရာသီဥတုဆိုးရွားမှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်တာအပြင် ရေရှားပါးမှုမဖြစ်မီ သောက်သုံးရေ ကြိုတင်စုဆောင်းကြဖို့ လည်း နိုင်ငံပိုင်မီဒီယာတွေနဲ့ ဝက်ဘ်ဆိုက်တွေကတဆင့် တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။
ရာသီဥတုဖောက်ပြန်မှုအန္တရာယ်တွေဟာ အစိုးရတရပ်အနေနဲ့ အရေးပေါ်စီမံချက်တွေ ချမှတ်ပြီး ကိုင်တွယ် ဖြေရှင်းရမယ့် သဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ရေးပဋိပက္ခတွေကြားက မြန်မာနိုင်ငံမှာတော့ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ အရေးပေါ်အကူအညီတွေဟာ အကျပ်အတည်းကြုံနေရသူတွေဆီ အချိန်မီ မရောက်ရှိနိုင်ခဲ့ပါဘူး။
မအေးအေးသန်းက “စစ်ရှောင်စခန်းဆိုတော့ လိုအပ်နေတာက အများကြီး၊ ဘာမှလည်း မရှိဘူး၊ အဲ့ဒီအပူလှိုင်း အတွက်လည်း အကာအကွယ်ဘာမှမလုပ်နိုင်ဘူး၊ လုပ်ပေးတာလည်း မရှိဘူး၊ ကျမတို့ကတော့ ဖြစ်နိုင်မယ်ဆိုရင် သောက်ရေလောက်ဖြစ်ဖြစ်တော့ လုပ်ပေးစေချင်တယ်”လို့ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။
သူ့လိုပဲ စစ်ရှောင်ကိုယ်ဝန်ဆောင်နဲ့ မိခင်တွေကလည်း လုံခြုံဘေးကင်းစွာ ကလေးမွေးဖို့နဲ့ မွေးပြီးရင် သောက်ရေ၊ အစားအစာရချင်တယ်လို့ တောင်းဆိုကြပါတယ်။
မအေးအေးသန်းရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်သွားခဲ့ ၃ရက်သား မွေးကင်းစကလေးငယ်၊ မိုင်နီနီရဲ့ ကလေးငယ်ကို ဆုံးရှုံးခဲ့ရတာနဲ့ မိုးမြှာရဲ့ အာဟာရချို့တဲ့နေတဲ့ ပိန်လှီလှီကလေးလေးတို့ဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ စစ်ပဋိပက္ခ ပေါင်းစပ်ပြီး မြန်မာအမျိုးသမီးတွေကို ရိုက်ခတ်နေတဲ့ ဒုက္ခလှိုင်းတွေဖြစ်ပါတယ်။
သူတို့အဖို့တော့ အယ်နီညို ရာသီဥတု အန္တရာယ်ဟာ ခန့်မှန်းချက်တခုလောက်တင်မဟုတ်ဘဲ အသက်ရှင်သန် ရေးကို ခြိမ်းခြောက်နေတဲ့ အရေးပေါ် အခြေအနေတခု ဖြစ်နေပါတယ်။










