စစ်ကောင်စီရဲ့ လေကြောင်းဗုံးစတွေ ထိမှန်ခဲ့တဲ့ မအေးသန္တာနွယ်ရဲ့နောက်ကျောပုံ

ဖိနပ်အသစ်ကလေးတရံ

ကံ့ကော်နီ

“သမီး၊ အေးသန္တာနွယ်၊ မြန်မြန်ပြေးတော့၊ လွတ်ရာပြေးတော့”

ဝမ်းဗိုက်ပေါက်ထွက်သွားတဲ့ဒဏ်ရာနဲ့ အပြင်ကို ချက်ကြိုးတန်းလန်းနဲ့ သန္ဓေသားထွက်ကျပြီး သွေးအိုင်ထဲ မှာလဲနေတဲ့ နေ့စေ့လစေ့ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူရဲ့ အော်ဟစ်သံကြောင့် အသက် ၆နှစ်ဝန်းကျင် အရွယ် ကလေးမလေးဟာ သူတို့အိမ်ရှိရာအရပ်ဆီ ဦးတည်ပြေးလွှားခဲ့ပါတော့တယ်။

သူတို့သားအမိတွေရောက်ရှိနေတဲ့ ဈေးနဲ့ မလှမ်းမကမ်းမြောက်ဘက်အရပ်မှာရှိတဲ့ သူတို့မိသားစုနေထိုင်ရာ အိမ်ကို အရောက်ပြေးနေတဲ့ အေးသန္တာနွယ်ကို လမ်းမှာတွေ့တဲ့ ကျောင်းဆရာမတဦးက ဘေးကင်းရာကို ခေါ်ဆောင်ပေးခဲ့တဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။

ဒီကလေးမလေးအတွက်တော့ ဘေးလွတ်ရာပြေးခိုင်းခဲ့တဲ့သူ့အမေရဲ့ အသံကို နောက်ဆုံးကြားခွင့်ရခဲ့ခြင်းပါပဲ။

လွန်ခဲ့တဲ့ တပတ်ကျော် စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က လူစည်ကားရာအရပ်ဖြစ်တဲ့ အိန္ဒိယဈေးကို ပထမအကြိမ်၊ ကစ္ဆပနဒီ တံတားကို ဒုတိယအကြိမ် ပေါင် ၅၀၀ လေကြောင်းဗုံးတွေကို ဆက်တိုက်ဆိုသလို ကြဲချခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြ ပါတယ်။ လူပေါင်းများစွာ ပွဲချင်းပြီးသေကြေပျက်စီးခဲ့ကြသလို ထိခိုက်ဒဏ်ရာပြင်းထန်သူများပြားကာ၊ သေဆုံးသူစာရင်းထပ်တိုးတာတွေလည်း ရှိခဲ့ကြပါတယ်။

သေဆုံးသူတွေထဲက ၂၆ ဦးရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့ပေမယ့် ကျန် ၂၄ ဦးရဲ့ ရုပ်အလောင်းတွေဟာ ပျက်စီးမှုပြင်းထန်တာကြောင့် အတည်ပြုနိုင်ရေး အတွက် စိစစ်နေဆဲဖြစ်တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ပြန်လည်စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် အာရက္ခတပ်တော်(အေအေ)ထံ ရခိုင်ပြည်က မြို့နယ်အများအပြားကို လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ အဲဒီမြို့အနှံ့အပြားကို လေကြောင်းဗုံးကြဲမှုတွေ အရှိန်မြှင့် ဆက်တိုက်ကျူးလွန်နေပါတယ်။ ၂၀၂၆ ခု၊ စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်း ပုဏ္ဏားကျွန်း ပန်းနီလာစစ်ရှောင်စခန်း ဗုံးကြဲခံရမှုအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသအတွင်း မြို့နယ် ၅ ခုမှာ ၁၂ တန်းကျောင်းသူတစ်ဦး အပါအဝင် အရပ်သား ၆၀ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်နဲ့ သတင်းဖော်ပြချက်တွေ အရ သိရပါတယ်။ သေဆုံးနဲ့ ဒဏ်ရာရ စာရင်းတွေဟာနေ့စဉ်ဆိုသလို တိုးလာနေပါတယ်။

စစ်ပွဲစတင်ကတည်းက လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ ဒီစစ်ရာဇဝတ်မှုတွေ အနက် ကျောက်တော်မြို့က အိန္ဒိယဈေးဖြစ်စဉ်က ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ စိတ်နှလုံး ကို ထိခိုက်ကြေကွဲဖွယ် မြင်ကွင်းတခုကို မြေပြင်ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ဒေသတွင်း သတင်းမီဒီယာတွေ ကနေတဆင့် မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ကြရတယ်။

အဲဒါကတော့ ဘယ်သူဘယ်ဝါမှန်း မမြင်ရတော့လောက်အောင် မီးကျွမ်းနေတဲ့ မွေးကင်းစကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ရဲ့ လူရုပ်အလောင်း ၂ခု ဘေးချင်းယှဉ်ချထားတာကို ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတပုံပါ။ အဲဒီဓာတ်ပုံဟာ မြန်မာ့ပြည်တွင်းစစ်သမိုင်းမှာ လူထုရဲ့ စိတ်နှလုံးကို အထိခိုက်ရဆုံးနဲ့ အဆိုးရွားဆုံးသော ဖြစ်စဉ်တွေထဲက တခုကို ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတပုံပဲဖြစ်ပါတယ်။

“ဗိုက်ထဲကထွက်ကျလာတဲ့မွေးကင်းစကလေးရဲ့ငိုသံကိုတောင် မျက်မြင်အချို့ကြားခဲ့ရတယ်” လို့ ဒီဖြစ်စဉ်ကို သိရှိခဲ့တဲ့ အိမ်နီးချင်းအမျိုးသားတဦးက ပြောပြပါတယ်။

မီးဖွားဖို့ ရက်ပိုင်းလောက်ပဲလိုတော့တဲ့ အမေဖြစ်သူနဲ့ မမွေးဖွားလာရသေးတဲ့ ညီမကလေးကို မိနစ်ပိုင်းအတွင်း ဆုံးရှုံးလိုက်ရတဲ့ အဲဒီဖြစ်စဉ်မှာ အသက် ၆နှစ်အရွယ်ကလေးမလေး မအေးသန္တာနွယ်ဟာ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ ရခိုင်တိုင်းရင်းသူကလေးဖြစ်ပါတယ်။

သူတို့ မိသားစုဟာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှာ နေထိုင်ကြပါတယ်။ မိခင်ဖြစ်သူ မခင်မာနွယ်ဟာ စစ်ဘေးဒုက္ခခံစားနေရတဲ့ ကာလတလျှောက်လုံးနဲ့ ကိုယ်ဝန်လရင့်တဲ့အထိ ကြုံရာအလုပ်ကို ကြိုးစားလုပ်ကိုင် တတ်သူဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ကာလမှာလည်း ဟင်းရှာ၊ ငါးရှာပြီး ရောင်းချကာ မိသားစုအတွက် ဝင်ငွေရှာဖွေတဲ့ အမျိုးသမီးတဦးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူ ကိုမောင်စိုးဝင်းက သုံးဘီးအငှားယာဉ် မောင်းနှင်ပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာ သူတို့သားအမိတွေဟာ အေးသန္တာနွယ်အတွက်ဝယ်ထားတဲ့ ဖိနပ်အသစ်ကလေးတရံက ဆိုဒ်မတော်တာကြောင့် နောက်ထပ် သူနဲ့ သင့်တော်မယ့် ဖိနပ်အသစ်လေးတရံနဲ့ လှဲလှယ်ဖို့ အိမ်နဲ့ မလှမ်းမကမ်း မှာရှိတဲ့ဈေးကို ထွက်လာခဲ့ကြတာဖြစ်ပါတယ်။ ဖိနပ်အသစ်ကလေးတရံ မရလိုက်ခင်မှာပဲ ကောင်းကင်ပေါ်က ကျလာတဲ့ ငရဲက မအေးသန္တာနွယ်ရဲ့ဘဝကို အဆုံးစွန် ရက်စက်ခဲ့ပါတော့တယ်။

မိခင်ရဲ့ သတိပေးအော်ဟစ်သံကြောင့် အခင်းဖြစ်ပွားတဲ့နေရာနေ အဟုန်ပြင်းပြင်းပြေးလွှားနိုင်ခဲ့လို့ အသက်ဘေး က ကပ်သီလေးလွတ်ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်အနှံ့အပြားမှာ ဗုံးစထိမှန်ထားတဲ့ အစအနတွေ နစ်ဝင်နေပြီး မီးလောင်ကျွမ်းထားသလို မည်းနက်နေတဲ့ဒဏ်ရာအစက်အပြောက်တွေနဲ့ ပြည့်နှက်နေတာကို မြင်ရပါတယ်။

ဒါတင်မက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာလို အလွယ်တကူ မမြင်နိုင်တဲ့ နောက်ထပ်ဒဏ်ရာဒဏ်ချက်တွေကိုလည်း သူ့ရဲ့ တုန့်ပြန်မှုတိုင်းမှာ မြင်တွေ့နေရတယ်လို့ အိမ်နီးချင်းတွေက ပြောပြပါတယ်။

အပြင်ခဏထွက်မယ့်ဖခင်ဖြစ်သူ ကိုမောင်စိုးဝင်းရဲ့ ပုဆိုးကို မလွှတ်တမ်းဆွဲထားပြီး နှုတ်ကလည်း “ဘာဘာ၊ ဘာဘာ” (ဖေဖေ၊ ဖေဖေ) ဆိုတဲ့ စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်နဲ့ အားကိုးတကြီး ခေါ်တဲ့အသံတွေ၊ မျက်စိ အောက်က အပျောက်မခံနိုင်လောက်အောင်ဖြစ်နေတဲ့ ဒီကလေးမလေးရဲ့ အပြုအမူတွေဟာ

နုနယ်လှတဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာဘယ်လောက်ထိ ကြီးမားနေတယ်ဆိုတာကို မြင်တွေ့နိုင်တယ်လို့ အိမ်နီးချင်းတွေက ပြောပြပါတယ်။

“အချေက(ကလေးက)ကြောက်နေတာ၊ အဖသယ်(ဖခင်)ကိုချည်းပဲ ကပ်နေတယ်၊ စကားလည်းမေးလို့မရ၊ ပြောလို့မရ”လို့ အိမ်နီးချင်းတဦးက ပြောပြပါတယ်။

မိသားစုရဲ့ အငယ်ဆုံးသမီးနဲ့ နေ့စေ့လစေ့ ဝမ်းဗိုက်ထဲကမြေးငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ အဘွားဖြစ်သူ ဟာလည်း ဘယ်သူ့ကိုမှ စကားမပြောနိုင်ဘဲအချိန်ပြည့်ငိုကြွေးနေတယ်လို့ သူက ပြောပြပါတယ်။

ကျောက်တော်လေကြောင်းတိုက်ခိုက်မှုကြောင့် ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခြားမိသားစုအများအပြား ရှိနေ ကြပါတယ်။ တချို့က သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရကြောင်း အတည်ပြုနိုင်ကြပေမယ့် တချို့ မိသားစု ဝင်တွေကတော့ ပျောက်ဆုံးနေတယ်ဆိုတဲ့အသိနဲ့ မျှော်လင့်ပူဆွေးနေကြရဆဲဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ဒေါ်ခင်ခင်သန်းလည်း ပါဝင်ပါတယ်။ သူဟာ သမီးဖြစ်သူနဲ့ အသက် ၄နှစ်တောင်မပြည့်သေးတဲ့ မြေးကလေးတို့ရဲ့ ရုပ်အလောင်းကိုဖြစ်စေ၊ သေဆုံးစာရင်းအရ ဖြစ်စေ မတွေ့မမြင်ရသေးတဲ့အတွက် အတည်မပြုနိုင်သေးပါဘူး။

သမီးဖြစ်သူ မစိုးစိုးမာနဲ့ မြေးဖြစ်သူတို့ဟာ အိန္ဒိယဈေးထဲမှာ စာရေးကိရိယာနဲ့ ကုန်စုံဆိုင်ရောင်းချနေတဲ့ သားမက်ဖြစ်သူဆီ နေ့လည်စာထမင်းချိုင့်ပို့ဖို့ သွားကြရင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုနဲ့ ကြုံခဲ့ကြ ရတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားပြီး အလောင်းရှာဖွေကြရာ သားမက်ဖြစ်သူ ကိုရန်နိုင်ဦးကို အုန်းပင်ပိမိပြီး သေဆုံးနေတာကိုတွေ့ရလို့ သင်္ဂြိုဟ်ပြီးစီးခဲ့ပေမယ့် သမီးဖြစ်သူမစိုးစိုးမာနဲ့ မြေးလေး မောင်ကောင်းမြတ်စံတို့ရဲ့ ရုပ်အလောင်းတွေကို ခုချိန်ထိ မတွေ့ရှိကြသေးပါဘူး။

“ရင်တွေ ပူလှပါပြီ၊ ရွာသားတွေ ကူရှာပေးရင်း တွေ့တဲ့အလောင်းထဲမှာအသက် ၄နှစ်အရွယ် ကလေးတယောက် ကို တွေ့ရတယ်၊ ဒါပေမဲ့ တခြားအမျိုးသမီးက ဒါသူ့ကလေးပါဆိုပြီးပြောသွားခဲ့တယ်”လို့ ဒေါ်ခင်ခင်သန်းက ငိုကြွေးနေရင်းကနေ ပြောပြပါတယ်။

သမီးနဲ့ မြေးလေးအတွက် အမျှဝေအလှူပေးရမလား၊ မပေးရသေးဘူးလားဆိုတာကို မဆုံးဖြတ်နိုင်သေးတဲ့ သူက

“ဒီမြေးနဲ့ သမီး အလောင်းကို မရလို့ မစားနိုင်၊ မအိပ်နိုင်တာ ဒီနေ့ဆိုရင် ၈ရက်ရှိပြီ၊ သေရင်သေ၊ ပျောက်ရင် ပျောက် သိချင်လှပါပြီ၊ အလောင်းမတွေ့ရသေးလို့သေလား၊ ရှင်လားကောက်ချက်မချနိုင်သေးတော့ ဘာလုပ် ရမှန်းမသိတော့ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

မစိုးစိုးမာတို့ မိသားစုဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်ရင်း အိမ်ငှားနေကြတဲ့ ပညာရေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ သူတို့နေထိုင်ရာရွာမှာ ကလေးတွေကို စာသင်ကြားပေးဖို့ရည်မှန်းနေတဲ့ အချိန်ကာလ အတော အတွင်းမှာ အခုလို အဖြစ်ကို ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။

မြေပြင်မှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေရတဲ့အခြေအနေကို ကျောက်တော်ဒေသခံအမျိုးသမီးတဦးက

“ကြောက်နေရပါတယ်၊ ဂျက်လာရင်နေစရာ၊ ပြေးစရာမရှိဘူး၊ ကိုယ့်အိမ်၊ ကိုယ့်မြေမှာ ထမင်းရှာစားရင်း စိတ်မလုံခြုံဘူး၊ လေယာဉ်သံ ကြားရင် ရင်တုန်ပါတယ်၊ အသိမိတ်ဆွေတွေ တယောက်ပြီးတယောက် သေသွား တာကို ဘာမှမလုပ်ပေးနိုင်ဘဲ ငိုလက်စနဲ့ကြည့်နေရတယ်၊ ကျီးလန့်စာစားနေနေရတယ်”လို့ ရင်ဖွင့်ပါတယ်။

မျက်စိရှေ့မှာတင် မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေ၊ ကလေးငယ်တွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာဟာ မေ့ဖျောက်လို့မရနိုင်တဲ့ စိတ်ဒဏ်ရာကို ကြီးကြီးမားမားရရှိခဲ့ပြီး စိတ်လုံခြုံမှု ကင်းမဲ့စေတယ်လို့ မြေပြင်မှာ လူမူကူညီရေးတွေလုပ်ပေးနေတဲ့ ကျောက်တော်လူငယ်များအသင်း(KTYA)ရဲ့ တာဝန်ရှိသူတဦးက ပြောပြပါ တယ်။

ဒီလိုဖြစ်ရပ်တွေကြုံရတိုင်းမှာ မိသားစုနဲ့ လင်ယောက်ျားဆုံးရှုံးလိုက်ရတဲ့အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ကို ကူညီပေးရတဲ့အခါ အကူအညီ မလောက်ငှမှုတွေကြား သူတို့ရဲ့အကူအညီ လိုလားနေတဲ့အကြည့်တွေကို မကြည့်ရဲအောင် ဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“အဖွဲ့အစည်းတွေက ကြေညာချက်တွေ၊ ကန့်ကွက်စကားတွေ အထပ်ထပ် ထုတ်နေပေမဲ့ မြေပြင်မှာပြည်သူတွေ သွေးထွက်သံယို သေဆုံးနေတုန်းပါပဲ၊ ထိရောက်တဲ့ အကာအကွယ်တွေ မပေးနိုင်သရွေ့ ‘လူသားချင်းစာနာမှု’ ဆိုတဲ့ စကားလုံးဟာ ကျမတို့အတွက်သေဆုံးနေပါပြီ”လို့ ပြောပါတယ်။

အခုချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပစ်မှတ်ထားလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြား ဘယ်ကမှ ထိရောက်တဲ့ အကာအကွယ်ပေးမှုတွေမရရှိတဲ့အခြေအနေမှာ မိခင်နဲ့ ညီမငယ်ကို မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက် ရတဲ့ အသက် ၆နှစ်အရွယ် အေးသန္တာနွယ်အဖို့တော့ သူ့ ဖခင်အနားမှာရှိနေခြင်းက လုံခြုံမှုတစုံတရာပေးမယ်လို့ ယုံကြည်နေပုံရပါတယ်။

အခုအခါ သုံးဘီးမောင်းနှင်တဲ့ ကိုမောင်စိုးဝင်းဟာ ဇနီးနဲ့ သမီးငယ်ကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ခံစားနေရတဲ့ ကြားကနေ ဖခင်နားကလုံးဝမခွာဘဲ ကြောက်လန့်နေတဲ့ သမီးကြီးရဲ့ စိတ်ဒဏ်ရာကိုကုစားနိုင်ဖို့၊ အကာအကွယ် ပေးနိုင်ဖို့ ကြိုးစားနေရပါတယ်။