မင်းဘူးမြို့နယ်အဝင်ဆိုင်းဘုတ်

မင်းဘူးတွင် အပူဒဏ်လွန်ကဲမှုကြောင့် ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးစ မိခင်နှင့် တောင်သူတို့ ဆက်တိုက်သေဆုံး

ရှင်ငြိမ်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း အပူချိန်လွန်ကဲစွာ မြင့်တက်မှုကြောင့် မရိုးကုန်းကျေးရွာနှင့် မင်းလှကုန်း ကျေးရွာတို့တွင် ၄ ရက်အတွင်း လယ်စိုက်တောင်သူတဦး၊ မီးဖွားပြီးစ မိခင်တဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးတို့ ဆက်တိုက်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် မိသားစုဝင်များထံမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်က မင်းဘူးမြို့နယ်၊ မင်းလှကုန်းကျေးရွာတွင် အသက် ၂၈ နှစ်အရွယ် မီးဖွားပြီးစမိခင် မစိုးစိုးထွန်းနှင့် အောက်တိုဘာ ၂၀ ရက်တွင် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် မခင်လေးနွယ်တို့လည်း အပူဒဏ်ကြောင့် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မစိုးစိုးထွန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်မာကြည်က “နေကလည်း ပြင်း၊ အိမ်က သွပ်မိုးဆိုတော့ အိမ်ထဲမှာ ချွေးအောင်းသလိုဖြစ်နေတာပေါ့၊ အမြဲတမ်းယပ်ခတ်ပေး၊ ရေဝတ်စိုတိုက်ပေးလည်း ခဏပဲ၊ ချက်ခြင်း ချွေးပြန် ထွက်လို့ ပူတယ်ပဲ အမြဲအော်နေတာ၊ အဲ့လိုကနေ ရုတ်တရက် မျက်လုံးတွေဝါးတယ်ပြောပြီး သတိလစ်သွားတာ အသက်ပါ ပါသွားတာပေါ့” ဟု ပြောသည်။

ထို့အတူ အောက်တိုဘာ ၂၀ ရက်က သေဆုံးခဲ့သည့် ကိုယ်ဝန်ဆောင် မခင်လေးနွယ်၏ အစ်မဖြစ်သူဒေါ်သူဇာနွယ် ကလည်း “အဲ့နေ့က ခါတိုင်းလိုပဲ ပူတယ်၊ ပူတယ်နဲ့အော်နေလို့ နေ့လယ်လောက်တော့ အသက်ရှူလို့မရဘူးဆိုလို့ ယပ်ခပ်ပေးတော့ ဗိုက်လည်းနာတယ်တဲ့၊ ခဏနေတော့ ခေါ်မရတော့ဘဲ ဆုံးသွားတာ၊ သွေးတိုးဆောင့်တက်လို့ ဆုံးတာလို့တော့ အရပ်လက်သည်က ပြောတာပဲ” ဟု ဆိုသည်။

ဒေသတွင်း၌ ဆေးရုံ၊ ဆေးခန်းသွားရန်အတွက် လမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရမည်ကို စိုးရိမ်သည့်အတွက် မဖြစ်မနေကိစ္စမှလွဲ၍ မသွားရောက်နိုင်ကြကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးစ မိခင်တို့ မသေဆုံးမီ အောက်တိုဘာ ၁၆ ရက်ကလည်း လယ်ထဲတွင် အလုပ်လုပ် နေရင်း ရုတ်တရက် လဲကျသေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး မရိုးကုန်း ကျေးရွာ ဒေသခံဒေါ်မာလာက “လယ်ထဲမှာ အလုပ်လုပ်နေရင်း ရုတ်တရက်လဲကျ ဆုံးတာပေါ့၊ အရမ်းပူမယ်ဆို တာတော့ ရွာတွေထဲ လှည့်အော်လို့ သိတယ်၊ ဒါပေမဲ့ ကျမတို့က တနေ့ အလုပ်လုပ်မှ တနေ့စားရတာဆိုတော့ ဒါကြီးကို ရှောင်အလုပ်လုပ်ဖို့က မဖြစ်နိုင်ဘူး လေ၊ စစ်ကလည်း ဖြစ်နေတာဆိုတော့ မတတ်နိုင်ဘူး၊ လာမယ့်ဘေး ပြေးတွေ့ရတော့မှာပဲ” ဟု HI – Honest Information သို့ ပြောသည်။

ဒေသအတွင်းရှိ အသက်ကြီးပိုင်းများတွင် သွေးတိုးခြင်း၊ မူးမေ့လဲ ခြင်းနှင့် ကလေးငယ်များတွင် အပူဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းများ များပြားနေကြောင်း မင်းဘူးလူမှုကူညီရေးအဖွဲ့ တာဝန်ခံ ဦးဇော်ဇော်အောင်ထံမှ သိရသည်။

အယ်လ်နီညိုကြောင့် ရာသီဥတုပူပြင်းချိန်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်မထွက်ရန်၊ မဖြစ် မနေ ထွက်ရပါက ထီး၊ ဦးထုပ်နှင့် အင်္ကျီလက်ရှည် ဝတ်ဆင်ကြရန်နှင့် ရေဆာသည်အထိ မစောင့်ဘဲ သန့်ရှင်းသည့် ရေနှင့် ဓာတ်ဆားရည်လည်း ပုံမှန်သောက်ပေးရန် ဒေသတွင်း ကျန်းမာရေးဝန်ထမ်းများက သတိပေးနှိုးဆော်ထားသည်။

အပူဒဏ်လွန်ကဲသည့် ရာသီဥတုနှင့် ပတ်သက်၍ ဒေသခံ ဆရာဝန်တဦးက“မိခင်တွေနဲ့ ကလေးတွေမှာ ကိုယ် ပူချိန် လွန်ကဲစွာတက်တာ၊ သတိလစ်တာ၊ တက်တာအပြင်ပေါ့၊ ရေငတ်တာ၊ ဆီးအရောင်ရင့်တာ၊ ဆီးနည်း သွား တာ၊ မူးတာ၊ အန်တာနဲ့ အားနည်းတာတွေဖြစ်တတ်တယ်၊ အထူးသတိထားရမှာက ရုတ်တရက်လဲကျ သေဆုံးတာ တွေရှိတတ်တယ်” ဟု သတိပေးသည်။

အပူချိန်မြင့်တက်လာရင် ရေများများသောက်ပေးရန်နှင့် ချွေးထွက်များလာရင် ဓာတ်ဆားရည်သောက်ပေးခြင်း ဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်တာ၊ ရုတ်တရက်သေဆုံးမှုတွေ မဖြစ်စေရန် ဂရုစိုက်ကြရန်လည်း လိုအပ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီလစာရင်းများအရ ၄၃ ဒီဂရီဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူဆုံးမြို့ နံပါတ် (၁) ဖြစ်ခဲ့ဖူးသည့် မင်းဘူးမြို့ အပါအဝင် မြန်မာနိုင်ငံတွင် လာမည့်ကာလများ၌ “စူပါအယ်လ်နီညို (Super El Niño)” ဖြစ်စဉ်ကြောင့် အပူချိန် ပိုမိုမြင့်တက်နိုင်ပြီး မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်နိုင်ကြောင်း WMO နှင့် NUG ကျန်းမာရေးဝန်ကြီးဌာနတို့က သတိပေးနှိုးဆော်ထားသည်။

မကွေးတိုင်းအတွင်းသာမက ကျန်ပြည်နယ်နှင့်တိုင်းအချို့တွင်လည်း အောက်တိုဘာလအတွင်း သက်ကြီးရွယ်အို နှင့် လမ်းသွားလမ်းလာ အချို့ အပူရှပ်ကာ လဲကျသေဆုံးခြင်း၊ သတိလစ်ခြင်းများ ရင်ဆိုင်လာရကြောင်း လူမှု ကွန်ရက်များပေါ်တွင် ကိုယ်တိုင်ကြုံတွေ့ရသူများ၏ မျှဝေထားချက်များကို တွေ့ရသည်။

Photo credit – Social Media