ထိုင်းနယ်စပ်ရှိ မြန်မာအမျိုးသမီးများအပေါ် လုပ်ငန်းခွင်အမြတ်ထုတ်မှုနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ ပြဿနာများကို ကိုယ်စားပြုဖော်ပြထားသည့် Honest Information သရုပ်ဖော်ပန်းချီ

အထောက်အထားမဲ့ မြန်မာအမျိုးသမီးငယ်တွေကို အမြတ်ထုတ်နေတဲ့ နယ်စပ် လုပ်ငန်းခွင်တွေ

မော့ဂျေ

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့နေထိုင်နေရတဲ့ မြန်မာအမျိုးသမီးငယ်တွေဟာ အလုပ်အကိုင်နဲ့ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသလို၊ သူတို့ရဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်ရတဲ့ အခြေအနေကို အခွင့်ကောင်းယူသူတွေရဲ့  အမြတ်ထုတ်မှုတွေ ပြုလုပ်တာကို ခံနေကြရပါတယ်။

ဒီလိုအမြတ်ထုတ်မှုတွေကနေ ရုန်းထွက်ဖို့ ကြိုးစားရာမှာလည်း အထောက်အထားမဲ့ဖြစ်နေတဲ့အတွက် ဖမ်းဆီးခံရမှာကို ကြောက်ရတာ၊အလုပ်ပြောင်းဖို့ အခက်အခဲရှိတာ၊ အကူအညီတောင်းခံဖို့ လမ်းကြောင်းနဲ့ ချိတ်အဆက်မရှိတာစတဲ့ အတားအဆီးများစွာကို ရင်ဆိုင်နေကြရပါတယ်။

ဒီလိုအခက်ကြုံနေရတဲ့ အမျိုးသမီးငယ်တွေထဲမှာ အသက် ၂၀ အရွယ် မအေးအေးနဲ့ အသက် ၁၈နှစ် အရွယ် မဝတ်ရည်တို့လည်း ပါဝင်နေပါတယ်။ (လုံခြုံရေးအရ သူတို့ရဲ့အမည်တွေကို လွှဲပြောင်း သုံးစွဲထားတာ ဖြစ်ပါ တယ်)

၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမားတွေအတွက် ထိုင်းအစိုးရက နှစ်စဉ် ပြုလုပ် ပေးနေကျ  အလုပ်သမားအထောက်အထားကဒ်(ဘတ်) ပြုလုပ်ဖို့ စာရင်းတင်သွင်းချိန်ထက် နောက်ကျပြီးမှ ထိုင်းနယ်စပ်၊ မဲဆောက်မြို့ကို ရောက်လာတဲ့ မအေးအေးနဲ့ မဝတ်ရည်ဟာ အလုပ်ခွင် အသီးသီးကို ဝင်နေကြပါ ပြီ။ ဒါပေမဲ့ နေထိုင်ခွင့်ရော၊ အလုပ်လုပ်ခွင့်အထောက်အထားပါ ကိုင်ဆောင်ထားခြင်း မရှိသေးတဲ့ အလုပ်သမ တွေအဖြစ်နဲ့ပါ။

အထောက်အထားမရှိတဲ့ သူတို့အတွက် ထိုင်းအာဏာပိုင်တွေရဲ့ နိုင်ငံခြားသားများ တရားမဝင်နေထိုင်မှု မရှိစေရန် နှိမ်နင်းရေး စစ်ဆေးမှုတွေကလည်း တပူပေါ် တပူဆင့်နေရတဲ့ အခြေအနေတွေပါ။ သူတို့လို အထောက်အထား မရှိတဲ့ သူတွေကို အလုပ်အရာရှိ(တရုတ်နိုင်ငံသား၊ စက်ရုံပိုင်ရှင်တွေ ဖြစ်ကြပြီး၊ သူတို့က အလုပ်ရှင်အဖြစ် နာမည်ခံခွင့်မရှိကြတာမို့ အလုပ်အရာရှိ/သူဌေးရဲ့ကိုယ်စားလှယ်လို့သာ သုံးစွဲခေါ်ဝေါ် ကြခြင်း ဖြစ်ပါတယ်)  အချို့ဟာ မကြာခဏ ဆိုသလို ထိကပါး ရိကပါး ပြောဆိုတာအပြင် ရဲ၊ အချုပ်၊ထောင် စတာတွေနဲ့ ခြိမ်းခြောက် လေ့ ရှိတတ်ပါတယ်။

နောက်ထပ် အဆိုးရွားဆုံး အခြေအနေတခုကတော့ အထောက်အထားမရှိ၊ ကြောက်တတ်၊ အနေအေးပြီး ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတွေကို စက်ရုံအလုပ်သမအဖြစ် ခံစားခွင့်အပြည့်နဲ့ အလုပ်ခန့်ပေးပြီး “အတူအိပ်ဖော်”လို့ ခေါင်းစဉ်တပ်ထားတဲ့ အလုပ်ကိုတွဲဖက်လုပ်ဆောင်ဖို့ ဖျားယောင်သွေးဆောင်ကြတာပါ။

ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ တရားဝင် အလုပ်သမားကတ်ကိုင်ဆောင်ထားတဲ့ စက်ရုံအလုပ်သမားတွေဟာ လစာအဖြစ် တနေ့ လုပ်အားခ ၃၅၂ ဘတ်နဲ့ အချိန်ပိုကြေး တနာရီ ၆၆ ဘတ်ကို တရားဝင် ရရှိကြပါတယ်။ ဒါပေမဲ့ မအေးအေးနဲ့ မဝတ်ရည်လို အထောက်အထားမဲ့အလုပ်သမတွေအတွက်တော့ အဲဒီလို မဟုတ်ပါဘူး။

အသက် ၂၀အရွယ် မအေးအေးဟာ တရားမဝင်အလုပ်သမဖြစ်တဲ့အတွက် တနေ့ လုပ်အားခ ၂၀၀၊  အချိန်ပိုကြေးမရှိသူပါ။ သူဟာ မိန်းကလေးအဖော်‌တွေနဲ့အတူ နယ်စပ်ကို အလုပ်ရှာဖွေဖို့ ထွက်ခွာလာချိန်မှာ မြန်မာပြည်တွင်းမှာ စစ်ဘေးကြောင့် မကြာခဏနေရာစွန့်ခွာ ရွှေ့ပြောင်း နေထိုင်နေကြရတဲ့ မိဘတွေနဲ့ ကျောင်းနေအရွယ်မောင်နှမ ၃ဦးကျန်နေရစ်ခဲ့ပါတယ်။ မအေးအေးဟာ အဲဒီမိသားစုဝင် ၅ဦးအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ကိုပါ ထမ်းနေရတဲ့ အမျိုးသမီးငယ် ဖြစ်ပါတယ်။

မအေးအေးဟာ ငယ်ရွယ်ပြီး ရုပ်ရည်လှပတဲ့အတွက် လုပ်ငန်းခွင်ဝင်စမှာ အထက်အရာရှိတွေရဲ့ နှုတ်အားဖြင့် ဖြစ်စေ၊ အမူအယာအားဖြင့်ဖြစ်စေ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါး ပြုခံရပါတယ်။ အကြောက်လွန်နေတဲ့ မအေးအေးတယောက် သက်ဆိုင်ရာ အလုပ်ကြီးကြပ်သူကို သွားရောက် တိုင်ကြားချိန်မှာ သူ့ကို အကာကွယ် ပေးဖို့အတွက် နောင်ဒီလို ဆက်မလုပ်အောင် အထက်အရာရှိထံ ညှိနှိုင်းပေးခဲ့ပါတယ်။  ဒါပေမဲ့ ကြားဝင် ကူညီ ပေးခဲ့တဲ့ အလုပ်ကြီးကြပ်သူဟာ အလုပ်နေရာ ပြောင်းရွှေ့ ခံရပြီး နောက်ဆုံးမှာ အလုပ်က ထုတ်ပယ်ခံလိုက်ရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေက မအေးအေးတယောက် အကာအကွယ်ရဖို့ ကြိုးစားမှုကို တခန်းရပ်စေခဲ့ပါတယ်။

မအေးအေးအတွက်တော့ ထိကပါးရိကပါးလုပ်ခံရတာတွေကတော့ ရပ်တန့်မသွားပါဘူး။ စက်ဆရာ လို့ခေါ်တဲ့ တရုတ်နိုင်ငံသား တယောက်ဆီမှာ ရိသဲ့သဲ့အလုပ်ခံရတဲ့အခါ အလုပ်သမားခေါင်းဆောင် (ဝဏ္ဏ)ကို ပြောပြခဲ့ တော့ “နင့် အသားပဲ့ပါသွားတာမှမဟုတ်တာ၊ နင်ကိုက မနေတတ်လို့ဖြစ်မှာပေါ့” လို့ တုန့်ပြန်ခံခဲ့ရပါတယ်။

မအေးအေး၊ ညီမဝမ်းကွဲနဲ့ အတူရောက်လာတဲ့ သူငယ်ချင်းတွေဟာလည်း စက်ရုံတခုတည်းမှာ အတူတူ လုပ်ကိုင် နေကြတဲ့ အထောက်အထားမဲ့ နေ့စားအလုပ်သမားတွေပဲဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ နည်းပါးတဲ့ လုပ်အားခနဲ့ အချိန်ပိုကြေးမရှိတဲ့ အလုပ်သမားတွေပါ။

အဲဒီနောက်မှာတော့ ငယ်ရွယ်ပြီး ရုပ်ရည်ချောမောတဲ့ မအေးအေးကို အလုပ်အရာရှိဆိုသူကပါ အထောက်အထားရှိလုပ်သားတွေလို နေ့စားခအပြည့်နဲ့ အချိန်ပိုကြေးအပြည့်အဝရရှိစေသလို၊ သူ့အဖော် သူငယ်ချင်းတွေကိုပါ အဲဒီအတိုင်းခံစားခွင့်ပေးမယ်၊ သူနဲ့အတူ ညအိပ်ပေးဖို့ ညှိနှိုင်းတာ၊ အလုပ်ချိန်အတွင်း ရုံးခန်းကို မကြာခဏခေါ်တာတွေ ပြုလုပ်လာတယ်လို့ ပြောပါတယ်။ ရုံးခန်းထဲမှာ ဘာတွေ ကြုံရတယ်ဆိုတာကို အသေးစိတ်ပြန်ပြောပြလိုဟန် သူ့မှာမရှိပါဘူး။

မအေးအေးက “အထောက်အထားမရှိတော့လည်း ပြေးစရာမြေကို မရှိပါဘူး၊ ရွာက မိသားစုကို ခေါ်ဖို့လည်း ငွေကမရှိ၊ ပြန်သွားရင်လည်း အကုန်လုံး အတူအငတ်ခံသေရဖို့” လို့ ပြောရင်း ချုံးပွဲချ ငိုလိုက်ပါတယ်။ 

မအေးအေးတယောက် အလုပ်အရာရှိ ရဲ့ အတူအိပ်ဖော်လုပ်ဖို့ ကမ်းလှမ်းမှုကို အကြိမ်ရေများစွာ ငြင်းဆန်ခဲ့ဖူး ပေမဲ့ သူတို့ နေထိုင်တဲ့တန်းလျားကို ထိုင်းရဲတွေ ဝင်ရောက် စစ်ဆေးခံရပြီး နောက်မှာတော့ အတူနေ သူငယ်ချင်းတွေကို မနှောင့်ယှက်ပါဘူးဆိုတဲ့ ကတိနဲ့ ဒီအလုပ်ကို လက်ခံလိုက်ရပါတော့တယ်။

တနေ့ လုပ်အားခ ၂၀၀၊ အချိန်ပိုကြေးမရှိခဲ့ရာကနေ သူဌေးကိုယ်စားလှယ်အမည်ခံထားတဲ့ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်နဲ့ အတူအိပ်ဖော်ဖြစ်တဲ့လကစပြီး တရားဝင် အလုပ်သမားတွေကို ပေးတဲ့ တနေ့ လုပ်အားခ ၃၅၂ ဘတ်နဲ့ အချိန်ပိုကြေးကို အတိအကျ ရရှိခဲ့တာဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံအလုပ်သမားအဖြစ် ခံစားခွင့်ကို အပြည့်အဝရရှိဖို့အတွက် အလုပ်အရာရှိနဲ့ အခမဲ့ ညအိပ် ပေးရတဲ့ပုံစံဖြစ်ပါတယ်။ ဒီဝင်ငွေဟာ မြန်မာပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုအတွက် အထောက်အပံ့ ဖြစ်စေသလို၊ ဒီမှာရှိတဲ့ သူနဲ့အတူနေသူတွေကို အခြားသူတွေက ထိခိုက်အောင် လုပ်လို့ မရဘူးဆိုတဲ့ အခြေအနေက သူ့ကို တောင့်ခံနိုင်စေခဲ့တာလို့ ဆိုပါတယ်။

မအေးအေးလိုပဲ တခြားစက်ရုံအလုပ်ရုံတခုမှာ အထည်ချုပ်အလုပ်သမအဖြစ် အလုပ်ဝင်ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ မဝတ်ရည်ရင်ဆိုင်ခဲ့ရတာကတော့ နောက်ထပ်ပုံစံတမျိုးပါ။ မဝတ်ရည်ဟာ ကိုဗစ်ကာလမှာ ၇တန်းတက်နေရာ ကနေ  ပညာရေးရပ်နားခဲ့ရတဲ့ မိန်းကလေးဖြစ်ပါတယ်။

စစ်ဘေးဒုက္ခတွေခံနေရတဲ့ ပဲခူးတိုင်းကနေ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကို မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်လာတဲ့ အသက် ၁၈ နှစ် အရွယ် မဝတ်ရည်ဟာ သူ့ကို အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်ဆောင်လာခဲ့တဲ့ စက်ရုံမိတ်ဆွေတဦးက အလုပ်အရာရှိ (တရုတ်လူမျိုး)ဆီ ညအိပ်ဖော်အဖြစ် ထားရစ်ခဲ့တာနဲ့ ကြုံခဲ့ရသူပါ။ တရားဝင်အထောက်အထားမရှိ၊ ငယ်ရွယ်တဲ့ မဝတ်ရည်ဟာ အဲဒီ အလုပ်အရာရှိဆိုသူနဲ့ ညအတူ အိပ်ပေးရမှာ ဖြစ်ပြီး သူ့ရဲ့ အလုပ်အကိုင်ရာထူးကတော့ အဲဒီစက်ရုံ အလုပ်ခွင်မှာ ညဆိုင်းအလုပ်သင်ဝန်ထမ်းခေါင်းစဉ်ပါ။  လုပ်ခလစာကလည်း အထောက် အထားရှိတဲ့ တရားဝင်အလုပ်သမားတွေလို နေ့စားခနဲ့ အချိန်ပိုကြေးတွေ ပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ပါတယ်။

အလုပ်ရပေမယ့် တကယ့်အလုပ်မဟုတ်တဲ့အလုပ်အကိုင်ကို လုပ်ရမှာဖြစ်တဲ့ မဝတ်ရည်ဟာ ငြင်းဆန်ခဲ့ပေမယ့် အသုံးမဝင်ခဲ့ဘဲ အခြေအနေကို လက်သင့်ခံလိုက်ရပြီးတဲ့ နောက်တနေ့ မနက်မှာတော့ အလုပ် သွင်းပေးတဲ့ သူ့မိတ်ဆွေဆီကို ဆက်သွယ်ပြီး အလုပ်မလုပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။

သူရင်ဆိုင်လိုက်ရတဲ့ အခြေအနေကို တိုင်ကြားမှုပြုလုပ်ဖို့ မေးမြန်းတဲ့အချိန်မှာ အလုပ်သွင်းပေးသူက မဝတ်ရည်တို့ မိသားစုမှာ ဘာအထောက်အထားမှ မရှိတဲ့အတွက် တိုင်ကြားရင် ထောက်ပံ့ပေးမယ့်သူ မရှိတဲ့ အကြောင်းနဲ့ ဒီအလုပ်လည်း မရတဲ့အပြင် တခြားမှာလည်း အလုပ်လုပ်လို့ မရနိုင်ဘူးလို့ ဆိုခဲ့ပါတော့တယ်။

“မင်းမိသားစုတွေရော အကုန် ပြည်တွင်း ပြန်ဝင်ရမယ်၊ အချုပ်ထဲနေရမယ်” စသဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့တဲ့အပြင် မဝတ်ရည်သာ တိုင်ကြားခဲ့ရင် သူလည်းအလုပ်ထုတ်ခံရမှာဖြစ်လို့ ဒီအခြေအနေကို လက်ခံပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ပဲ နားချခဲ့ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ ပုံစံမျိုးစံနဲ့ ရောက်ရှိနေကြတဲ့ မအေးအေးနဲ့ မဝတ်ရည်တို့လို ရွေ့ပြောင်းမြန်မာတွေဟာ တရားဝင် နေထိုင်နိုင်ဖို့အတွက် ရုန်းကန်နေကြရပါတယ်။  စာရွက်စာတမ်းမပြည့်စုံရင် ကျောင်းတက်ခွင့်၊ ကျန်းမာရေး ဝန်ဆောင်မှု၊ နေထိုင်ခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရယူဖို့ ပိုခက်သလို  အကူအညီတောင်းဖို့တောင် ဖမ်းဆီးခံရမှာကို ကြောက်ကြရတဲ့အခြေအနေဖြစ်ပါတယ်။ နေစရာ၊ စားစရာ၊ အလုပ် ဒါမှမဟုတ် တရားဝင် စာရွက်စာတမ်းအထောက်အထားလုပ်ဖို့အတွက် အကူအညီ လိုအပ်နေမှုကို တချို့လူတွေကလည်း အခွင့်ကောင်းယူကြတာ၊ အကူအညီပေးမယ်လို့ ကတိပေး သူကိုတောင် ယုံကြည်လို့ ရ၊ မရ မသိနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပုံမှန်အားဖြင့် စက်ရုံအလုပ်ရုံတွေဟာ တရားဝင်အလုပ်သမားမှတ်ပုံတင်(ဘတ်)မရှိသူတွေကို အစိုးရရဲ့နှစ်စဉ် အထောက်အထားပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အထောက်အထားလုပ်ပေးတာမျိုးကို မဖြစ်မနေ လုပ်ပေးကြ လေ့ရှိပါတယ်။ ကုန်ကျစရိတ်ကို စက်ရုံ၊ အလုပ်ရုံက စိုက်ပေးထားပြီး အဲဒီအတွက် အလုပ်သမားတွေဆီက တလကို ဘတ် ၄,၀၀၀၊ ၅,၀၀၀ စသဖြင့် ပြန်လည်ဖြတ်တောက် လေ့ရှိပါတယ်။

ဒါပေမယ့် မအေးအေးနဲ့ မဝတ်ရည်တို့ကို စက်ရုံက အထောက်အထားအပြည့်အစုံရတဲ့အထိ လုပ်မပေးသလို၊ သူတို့ကိုယ်တိုင်လည်း အထောက်အထားလုပ်ဖို့ ငွေကြေးတစုံတရာမရှိကြပါဘူး။ အထောက်အထားလုပ်ပေးတဲ့ ပထမအဆင့်အဖြစ် နာမည်စာရင်းတင်တာ၊ နာမည်စာရင်း ကျလာတာ တွေ လုပ်ပြီးတဲ့နောက်မှာ ဆက်လုပ် ရမယ့် အဆင့်တွေကို လုပ်မပေးတော့ဘဲ ရပ်လိုက်တာမျိုးနဲ့ ရင်ဆိုင်ရတယ်လို့ သူတို့က ပြောပြပါတယ်။ အခုလည်း အလုပ်သမားတွေအတွက် တရားဝင် အထောက်အထားပြုလုပ်ပေးမယ့်ကာလ ရောက်လာပြန်ပြီ ဖြစ်ပေမယ့် စက်ရုံနဲ့ အလုပ်အရာရှိက လုပ်ပေးပါ့မလားဆိုတာ မသေချာတဲ့အခြေအနေဖြစ်ပါတယ်။

ဒီလိုရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကျော်လွှားဖို့အတွက် မအေးအေးနဲ့ မဝတ်ရည်တို့ဟာ လူပုဂ္ဂိုလ်နဲ့ အလုပ်သမားအဖွဲ့ အစည်းအချို့ကို ချိတ်ဆက်အကူအညီ တောင်းခံခဲ့ဖူးပါတယ်။ ကူညီသူတွေက ခိုင်မာတဲ့ သက်သေအချက်အလက် စုစည်းထားဖို့လိုတယ်လို့ ဆိုခဲ့သလို၊ ကူညီသူတွေမှာလည်း ထိုင်းနိုင်ငံအစိုးရက သတ်မှတ်ထားတဲ့ အလုပ် လုပ်ကိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်ဖို့ အခက်အခဲ ရှိနေခဲ့ကြပြန်ပါတယ်။

အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူကလည်း သူတို့ရင်ဆိုင်နေရတဲ့ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးခွင့် အကြပ်အတည်းကို ဒီလိုရှင်းပြပါတယ်။

ကူညီသူတွေဟာလည်း ထိုင်းနိုင်ငံမှာ အခြေခံအလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ ပန်းရောင် ကတ်လို့ ခေါ်တဲ့ အထောက်အထားကိုပဲ ကိုင်ကြတာဖြစ်တဲ့အတွက် ဥပဒေရေးရာလုပ်ငန်းတွေ လုပ်လို့ မရတာက အဓိက ကျတဲ့အချက် ဖြစ်နေပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ဥပဒေအသစ် ပြည်နှင်ဒဏ်ပေးတဲ့ ဥပဒေတွေနဲ့ စည်းမျဉ်း စည်းကမ်း အမျိုးမျိုးကြောင့် ဥပဒေ အကြံပေးတယ်ဆိုပေမယ့် အဖက်ဖက်က ထည့်သွင်းစဉ်းစားရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အမှန်တော့ ကိုယ့်နိုင်ငံမှာဆိုရင် ဥပဒေကြောင်းအရ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တရားရုံးတွေကိုတိုင်ဖို့ စသဖြင့် အကြံပေးနိုင်ပေမယ့် ဒီဘက်အခြေအနေအရကျတော့ ဘတ်ထဲမှာ ပြောထားတဲ့ အလုပ်မဟုတ်ဘဲ တခြားအလုပ်လုပ်နေရင်တောင် အာဏာပိုင်တွေက ဖမ်းလို့ရနေတာ” လို့ အမျိုးသမီး အရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။

သူရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလုပ်သမားအကူညီပေးရေးအဖွဲ့အစည်းတခုဆီမှာ သူ့ကို ဘေးလွတ်ရာတနေရာကို ကူညီပို့ပေးဖို့ အကူအညီတောင်းခံခဲ့ဖူးတဲ့ မဝတ်ရည်က “နှစ်ဦးနှစ်ဖက် ကြည်ဖြူလို့ လုပ်ခဲ့ကြတာမလားလို့ မေးလာတယ်၊ အဲ့နောက်ပိုင်း ဘယ်မှမပြောဖြစ်တော့ဘူး” လို့ အလားတူ ဆက်ကြိုးစားဖို့ မဝံ့ရဲတော့တဲ့ အကြောင်းကို မဝတ်ရည်က ခပ်ငေးငေးဆိုပါတယ်။

ထိုင်းနိုင်ငံ – မဲဆောက် အခြေစိုက် ရခိုင် အလုပ်သမားအဖွဲ့ – Arakan Workers Organization (AWO)က ဒါရိုက်တာ ကိုနိုင်အောင်အောင်ကတော့ “အထောက်အထားမရှိတာကြောင့် တိုင်ကြားဖို့ ကြောက်တယ်ဆိုတာနဲ့ တိုင်ကြားလို့ မရဘူး ဆိုတာက မတူပါဘူး၊ ကျနော်တို့ဆီကိုလာပြောရင်တော့ ကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင် မိတ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လွှဲပြောင်း ကူညီပေးပါတယ်”လို့ ဆိုပါတယ်။

မအေးအေးနဲ့ မဝတ်ရည်တို့ဟာ  ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် အခြားစက်ရုံတွေကို အလုပ်လျှောက် ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ မနက် ၈ နာရီကနေ ည ၁၁ နာရီအထိ အလုပ်ဆင်းရတဲ့ အထည်ချုပ်စက်ရုံ အချို့ကို သူတို့ လျှောက်ထားခဲ့ကြပေမယ့် လစာအနေနဲ့ ဘတ် ၆,၀၀၀ ခန့်သာရရှိမယ့်နေရာမျိုးလည်း ကြုံခဲ့ရသလို၊ လုပ်ခလစာ တနေ့ ၃၀၀ ဝန်းကျင်ပေးတဲ့ အလုပ်ရုံတွေမှာ လျှောက်ထားတဲ့ အခါမှာလည်း မနက်မှာ အလုပ်ခန့်မယ် ပြောပေမဲ့၊ နေ့မကူးဘဲ အလုပ်ခန့်လို့မရလို့ အားနာပါတယ် ဆိုပြီး အကြောင်းပြန်ခံရတာ မျိုးလည်း ကြုံခဲ့ကြရပါတယ်။

အလုပ်လုပ်ခွင့်ရပြီး၊ တရားဝင်အလုပ်သမားလစာနှုန်းထားရဖို့အတွက် ညအိပ်ဖော်လုပ်ပေးနေရတဲ့ အခြေအနေ ကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြချိန်မှာ အလုပ်ရုံတခုက “မင်းတို့ ပုံတဲ့။ Black List လုပ်ပေးဖို့ဆိုပြီး ပို့ထား တယ်” လို့ ပြောပြီး ဖုန်းကိုပါ ထုတ်ပြခဲ့တဲ့ အချိန်ကစပြီး ရပ်တန့်သွားခဲ့ကြ ပါတော့တယ်။  

မဲဆောက်မြို့က တချို့ စက်ရုံတွေဟာ သူတို့ခေါ်ယူလိုက်တဲ့ အလုပ်သမားကို တခြားစက်ရုံမှာ အလုပ်လျှောက်ခွင့် မရှိအောင် စာပို့တားမြစ်တာတွေလည်းရှိတယ်လို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။  

မအေးအေးနဲ့ညီမဝမ်းကွဲအပြင် နေရပ်ကနေအတူထွက်ခွာလာခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ ဒီလုပ်ငန်းခွင်ကနေ ထွက်ခွာဖို့အတွက် မဲဆောက်မြို့နဲ့ အနီးတဝိုက်က ကော်ရုံ၊ ကွမ်းရုံမှာ လုပ်ကိုင်ဖို့ သွားရောက်ခဲ့ကြပါသေးတယ်။ ကွမ်းသီးပေါ်ချိန် တရာသီသာ အလုပ်ရှိတဲ့ အဲဒီမှာကွမ်းသီး အပါးအမျှင် ညှပ်တာ ၁ကီလိုကို လုပ်အားခ ၁၀ဘတ်သာ ရရှိကြမယ်ဆိုတဲ့အခါ  သူတို့ နေစရိတ်စားစရိတ်၊ အိမ်ပို့ရမယ့် စရိတ်နဲ့ အသက်ရှင် ရပ်တည် နေထိုင်နိုင်ဖို့မဖြစ်နိုင်တဲ့အတွက် မလုပ်ဖြစ်ခဲ့ကြပါဘူး။

အဲ့ဒီနောက်မှာတော့ မအေးအေးနဲ့ မဝတ်ရည်တို့ ၂ယောက်ဟာ မိသားစုရပ်တည်နိုင်ရေးကိုပဲ ခေါင်းထဲ ထည့်ပြီး တရားဝင်နေထိုင်ခွင့် အထောက်အထားရတဲ့အထိ ဒီအလုပ်ကို ဆက်လုပ်ရမယ်ဆိုတာကိုပဲ လက်ခံ ဆုံးဖြတ်ချက် ချခဲ့ကြပါတော့တယ်လို့ ဆိုပါတယ်။

“အထောက်အထားရရင် တခြားအလုပ်၊ တခြားဒေသပြောင်းမယ်၊ ကိုယ့်ကိုယ်ကိုယ် မသတီဘူး၊ ငိုစရာ မျက်ရည်လည်း မကျန်တော့ဘူး” လို့ မအေးအေးက ဆိုပါတယ်။

ညဆိုင်းအလုပ်သင်အထည်ချုပ်လုပ်သားအမည်ခံ မဝတ်ရည်ကလည်း မိခင်နဲ့ မောင်နှမတွေကို ဘယ်လိုပြောရ မလဲ ဒီနေ့အထိ မသိဘူးလို့ ဆိုပါတယ်။

ပဲခူးတိုင်းဇာတိဖြစ်တဲ့သူက “ခုတော့ ဘုရင်နောင်သွေး ဆိုပြီး ဇာတိသွေး ဇာတိမာန်လည်း မသိတော့ဘူး၊ တနေ့ တနေ့ အမေများသာသိရင် ဘာများဖြစ်မလဲ၊ အငယ်လေးတွေ သိရင် မမက ဆိုပြီး မခေါ်မပြောဘဲ နေတော့ မလားဆိုပြီး ပူနေရတာပဲ သိတော့တယ်”လို့ သူက နာနာကျင်ကျင် အရွှန်းဖောက်ပါသေးတယ်။

တဆက်တည်း သူက “သမီးက ကျောင်းတက်ချင်တာ၊ မင်းအောင်လှိုင်ကြီးကြောင့် အကိုတွေက တောထဲရောက်၊ အမေနဲ့ သမီးက ဟိုပြေးဒီပြေးနဲ့ ဒီရောက်လာ၊ ဒီတသက်တော့ စာမသင်ရတော့ဘူး ထင်ပါရဲ့” လို့ စာသင်ပေးတဲ့ ဆရာမဖြစ်ချင်တဲ့ မဝတ်ရည်က ညဆိုင်းအလုပ်မသွားခင် အလှပြင်ရင်း ပြောပါတယ်။

သူက ညဆိုင်းဆင်းရတဲ့အတွက်ဆိုကာ အငယ် ၂ ယောက်ပညာသင်ယူနေတဲ့ မြန်မာရွှေ့ ပြောင်းကျောင်းအနီးမှာ အမေနဲ့အတူ အခန်းငှားပေးထားပြီး သူကတော့ စက်ရုံနဲ့ နီးပြီး မအေးအေးနဲ့ မဝေးတဲ့ နေရာမှာ အခန်းငှားနေခဲ့ ပါတယ်။ ညနေ ၅ နာရီ တခြားအလုပ်သမတွေ အလုပ်ဆင်းချိန်မှာ ခေါင်းစဉ်အရ ညဆိုင်း တာဝန်ကျတဲ့ မဝတ်ရည်ကတော့ ညနေ ၄နာရီ မခွဲခင် အလုပ်ကို အရောက်သွားရပါတယ်။

မအေးအေးနဲ့ မဝတ်ရည်တို့ဟာ ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမယ့် သူတို့ထက်အငယ် မောင်ညီမတွေကို စာတတ် စေချင်ကြပါတယ်။ နိုင်ငံရေးမကောင်းပဲ ပြေးလွှားနေခဲ့ရပြီး ပညာကောင်းကောင်း မရခဲ့လို့ ဒီလိုအခြေအနေမျိုး ရောက်နေရတာလို့လည်း တဖွဖွပြောပြန်ပါသေးတယ်။

သူတို့တွေညအိပ်ဖော်လုပ်ပေးနေရတဲ့ အလုပ်အရာရှိဆိုသူတွေဆီမှာ တခါတလေမှာ ရိုက်နှက်ခံရတာ မျိုးတွေ ရှိနေပြီး၊ အဝတ်အစားဖုံးတဲ့ နေရာတွေမှာ ဖြစ်တဲ့အတွက် “တော်ပါသေးရဲ့” လို့ သက်ပြင်းချ ခဲ့ရတယ်လို့လည်း သူတို့ကဆိုပါတယ်။

နောက်ထပ်သူတို့ စိုးရိမ်ကြောင့်ကြများရတဲ့ အရာတွေက မျိုးဆက်ပွား ကျန်းမာရေးအတွက် ဘာအကာအကွယ် မှ မရှိတဲ့အတွက် ကိုယ်ဝန်သာ ရှိသွားရင် ဘယ်လိုများ လုပ်ရပါ့မလဲဆိုတဲ့အချက်နဲ့ ကူးစက် ရောဂါတွေ

ကူးခံရမယ့်ဘေးပါ။

သူတို့အတွက် သန္ဓေတားဆေးကို လစဉ်ဝယ်ယူပေးပေမယ့် မသောက်ခိုင်းတဲ့ အချိန်လည်း ရှိလို့ မအေးအေး တယောက် စိတ်ပူပန်ရပါတယ်။ ကိုယ်ဝန်ရှိလာပါကလည်း သားယောက်ျားလေးဖြစ်ရင် ကလေးကို သူတို့ ယူမယ်လို့ ဆိုပါတယ်။ ကိုယ်ဝန် ဆောင်ကာလအတွင်း စစ်ဆေးချက်အဖြေတွေအရ မိန်းကလေး ဖြစ်ပါက မယူလိုက မယူနိုင်ကြောင်းနဲ့ ယောက်ျားလေး ဖြစ်ရင်တော့ မွေးဖွားပေးရမယ်လို့ ဆိုပါတယ်။ သန္ဓေသားက မိန်းကလေးဖြစ်နေမယ်ဆိုရင်  မိမိ သဘောဆန္ဒအလျောက် မွေးဖွားလိုက မွေးဖွားနိုင်ပြီး တရားဝင်ကလေးအဖြစ် အသိအမှတ်မပြုဘဲ၊ သူတို့နဲ့ အိပ်ဖော်အဖြစ် ဆက်နေထိုင် ပေးမယ်ဆိုရင် ကလေးအတွက် လိုအပ်ချက်ကို ထောက်ပံ့ပေးမယ်လို့ သဘောတူညီထားတယ်လို့ မအေးအေးနဲ့ မဝတ်ရည်ကပြောပြပါတယ်။

မွေးဖွားလာတဲ့ကလေးက ယောကျ်ားလေးဖြစ်ခဲ့မယ်ဆိုရင်တော့ ကလေးကို သူတို့ သက်ဆိုင်ရာနိုင်ငံကို ပြန်တဲ့ အချိန်မှာ အိမ်ထောင်စုဝင်အဖြစ် ထည့်သွင်းပြီး ခေါ်ဆောင်သွားမှာဖြစ်ပြီး မအေးအေးနဲ့ မဝတ်ရည်တို့ ကိုတော့ မိခင်အမည်ထည့်သွင်းဖော်ပြမှာ မဟုတ်ဘူးဆိုတာကို သဘောတူထားရတာပါ။ ဒါတွေဟာ အစောပိုင်းမှာ တယောက်ကိုတယောက်သိကျွမ်းခင်မင်ခြင်းမရှိကြသလို စက်ရုံအလုပ်ရုံ လည်း မတူညီကြတဲ့ မအေးအေးနဲ့ မဝတ်ရည်တို့ရင်ဆိုင်နေရတဲ့ တူညီတဲ့အခြေအနေပဲဖြစ်ပါတယ်။

မဝတ်ရည်ကတော့ ကလေးရှိလာရင် မိခင်အမည်ဖော်ပြခွင့်မရှိဘဲ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လက်ဗွေ နှိပ်ထားရတယ်လို့ ဆိုပါတယ်။

အထောက်အထားကတ်မရခင်ကာလမှာ ကိုယ်ဝန်မရရှိဖို့နဲ့ အခြားရောဂါတွေ ကူးစက်မခံရဖို့ သူတို့ တတ်စွမ်းသမျှ ကျေးရွာတွေအတွင်းက နီးစပ်ရာ ဆေးခန်းတွေဆီ နှစ်ဦးသားအပြင် အတူနေ ညီမနဲ့ သူငယ်ချင်းရယ်နဲ့ တိုးတိုးကြိတ်ကြိတ် သွားနေကြရပါတယ်။ ဆေးခန်းက အခြေအနေအရ ဆေးရုံသွားဖို့ လိုအပ်တယ်လို့ ပြောတဲ့အချိန်တွေမှာတော့ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ အခမဲ့လိင် အလုပ်အကျွေးပြုနေရတဲ့ အလုပ်အရာရှိတွေ စီစဉ်ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေ နဲ့သာ ကုသကြရပါတယ်။

International Organization for Migration (IOM) ရဲ့ ၂၀၂၄ ခုနှစ်ထုတ် Thailand Migration Report 2024 မှာလည်း ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အများပြည်သူ ဝန်ဆောင်မှုတွေကို ရယူရာမှာ ဖမ်းဆီးခံရနိုင်ခြေကြောင့် အခက်အခဲရှိတယ်လို့ ဖော်ပြထားပါတယ်။

နေရာအနှံ့မှာ ရဲတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ အဖမ်းခံရနိုင်ခြေရှိတဲ့ မဲဆောက်မြို့အခြေအနေမှာ ရွှေ့ပြောင်း မြန်မာတွေရဲ့ အားကိုးရာဖြစ်တဲ့ တခုတည်းသော မယ်တော်ဆေးခန်း (အများအခေါ် ကျောင်းသားဆေးခန်း)ကို သွားဖို့တောင် စိုးရွံ့ကြရတဲ့အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လို့ မရသေးတဲ့ သူတို့ ၂ယောက်နဲ့ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေအတွက် ရှေ့ဆက်ရမယ့် ရှင်သန်ရပ်တည်ရေးအခြေအနေတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင် အလုပ် လုပ်ကိုင်ခွင့်အပေါ် အများကြီး မူတည်နေပါတယ်။

စက်ရုံအလုပ်သမား တဖြစ်လဲ ညအိပ်ဖော်ခေါင်းစဉ်တပ်ခံထားရတဲ့ မအေးအေးအတွက်ကတော့ အလုပ်ပိတ်ရက်ရယ်လို့ တိတိကျကျ မရှိတဲ့အပြင် အချိန်ပို (အိုတီ) ဆင်းရတဲ့ နေ့ရက်တွေဟာ နေ့ရော ညပါ အနားယူခွင့်မရတဲ့ နေရက်တွေ ဖြစ်နေဆဲပါ။ အချိန်ပို (အိုတီ) မရှိတဲ့နေ့တွေက ည ၈ နာရီ မတိုင်ခင်အထိ အတူနေ ညီအမတွေ စကားလေးပြောရင်း အချိန်ပိုင်းလေး အနားယူနိုင်တဲ့ နေ့ရက်တွေပါ။ အခြား စက်ရုံ အလုပ်သမားတွေအတွက် အလုပ်ပိတ်ရက်တွေဟာ နေ့လည်နေ့ခင်း သွားလာလည်ပတ်ကြရတာ ပျော်ရွှင်ဖွယ် အချိန်တွေ ဖြစ်ပေမယ့် သူ့အတွက်ကတော့ အိပ်ရေးဝဝ အိပ်စက်ရချိန်နဲ့ အင်တာနက်လိုင်းရချိန် မြန်မာပြည်တွင်းမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့ ဖုန်းပြောခွင့် ရတာက ပျော်စရာဖြစ်ပါတယ်။ 

ဘယ်လို အခြေ အနေပဲဖြစ်စေ ကိုယ်တိုင်နဲ့ မိသားစု ရှင်သန်ရပ်တည်ရေးအတွက် အချိန်တခုအထိ ဒီအခြေအနေ ကို လက်ခံထားရမယ်လို မဝတ်ရည်က ခံယူထားပါတယ်။ ညနေ ၄ နာရီ ဆိုတာနဲ့ နာမည်ခံညဆိုင်းအလုပ်သမ ခေါင်းစဉ်အောက်က မဝတ်ရည်ကတော့ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အလုပ်ခွင်ဝင်ဖို့ ပြင်ဆင်နေခဲ့ပါပြီ။

သူတို့ ၂ဦးဟာ  ဒီ ၂၀၂၆ မှာ ထိုင်းနိုင်ငံ အစိုးရက အလုပ်သမားကတ် (ဘတ်) အသစ်ဖွင့်ပေးချိန်မှာ  တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကတ်ရတာနဲ့ ဒီဝဋ်ကို ကျေပြီဆိုပြီး ထွက်သွားမယ်လို့ တညီတညာ တည်းဆိုပါတယ်။ တဖက်မှာလည်း ဒီလို ပန်းရောင်ကဒ်လျှောက်ထားရာမှာ အခြား ပြင်ပသူဌေးအငှားနဲ့ အလုပ်သမားကတ် လျှောက်ထားရင်လည်း ဒီစက်ရုံကအရာရှိတွေက လိုက်လံ ပိတ်ပင်မှာလားဆိုပြီး မအေးအေးက စိုးရွံ့နေကြောင်း ရင်ဖွင့်ပါတယ်။

အခုလက်ရှိအချိန်မှာ သူတို့ခံစားနေကြရတာက “ထွက်ပြေးရင်တောင် လွတ်ပါ့မလား”ဆိုတဲ့ ခံစားချက်ပါ။

မထူးမယ့်အတူတူတော့ တခုခုအပြောင်းအလဲဖြစ်ရင်  သူတို့အတွက်ထူးခြားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်မှုနဲ့ ထုတ်ဖော်ပြောလာတဲ့ ဒီဖြစ်စဉ်တွေဟာ ဒီဆောင်းပါးကို ပေါ်ထွက်လာစေတဲ့ အဓိက အကြောင်းအရင်း ပဲဖြစ်ပါတယ်။