တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (အောက်တိုဘာလ ၂၄ ရက်ကနေ ၃၀ ရက်အထိ၊ ၂၀၂၆)
အောက်တိုဘာလ ၂၄ ရက်ကနေ ၃၀ ရက်အထိ တပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက် ပါတယ်။
ဒီတပတ်မှာလည်း စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးတဲ့သတင်းနဲ့ တိုင်းရင်းသားနယ်မြေ၊ လက်နက်ကိုင်နယ်မြေတွေထဲက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရတဲ့ သတင်းတွေက နေ့စဉ်နဲ့အမျှပါပဲ။
တပတ်အတွင်းသတင်းတွေထဲက ပြည်သူလူထုစိတ်မသက်မသာဖြစ်စေတဲ့ သတင်းတပုဒ်ကတော့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးရဲ့ နာရေးကို ရွာလုံးကျွတ် လိုက်ပါပို့ဆောင်တဲ့သတင်းဖြစ်ပါတယ်။
အဲဒီနာရေးနဲ့ပတ်သက်လို့ PNO ဘက်က တောင်းပန်စာမပို့တဲ့အပြင် ရွာခံတွေအနေနဲ့ သတင်းမဖြန့်ဖို့ သတိပေးခြိမ်းခြောက်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီသတင်းမှာတော့ လက်နက်ကိုင်သူတွေ ကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေဘဝ မလုံခြုံမှုကို မီးမောင်း ထိုးပြ နေပါတယ်။
နောက်ထပ်ထူးခြားတဲ့သတင်းတပုဒ်ကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကနေ အသက်မသေဘဲ လွတ်မြောက်လာတဲ့ ချင်းတိုင်းရင်းသူတယောက်က မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုကို ဒိန်းမတ် နိုင်ငံတရားရုံးမှာ ပထမဆုံးအကြိမ် အမှုစွဲချက်တင်လိုက်တဲ့သတင်းဖြစ်ပါတယ်။
တိုင်ကြားသူဟာ ဒိန်းမတ်နိုင်ငံမှာ လက်ရှိ နေထိုင်တဲ့ ချင်းတိုင်းရင်းသူ တယောက်ဖြစ်ပြီး သူ့ရဲ့ နာမည် ကိုတော့ လျှို့ဝှက်ထားတဲ့အကြောင်းနဲ့ ဒိန်းမတ်နိုင်ငံ အာဏာပိုင်တွေထံမှာ မြန်မာစစ်အုပ်စုအဖွဲ့ဝင် တွေကို ရာဇဝတ်မှုကြောင်းအရ အမှုဖွင့် တိုင်ကြားလာခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ စတင်အသက်ဝင်တဲ့ ဥပဒေသစ်နဲ့ တိုင်ကြား လိုက်တာဖြစ်ပြီး အဲဒီဥပဒေအရ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွတ်သူတွေကို ဒိန်းမတ်နိုင်ငံထဲမှာ တရားစွဲဆို အမိန့်ချမှတ်နိုင်တာ ဖြစ်ပါတယ်။ ဒီသတင်းရဲ့ နောက်ဆက်တွဲအခြေအနေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
နောက်ထပ်သတင်းတပုဒ်ကတော့ ဒီနှစ်မှာ အယ်နီညိုရာသီတုဆိုးရွားဖောက်ပြန်ပြီး မြန်မာပြည်သူ ပြည်သားတွေကို ထိခိုက်နစ်နာမှုတွေလည်း ဖြစ်စေနိုင်ကြောင်း သတိပေးချက်တွေအတိုင်း မင်းဘူးမြို့ နယ် အတွင်းမှာ အပူဒဏ်လွန်ကဲမှုကြောင့် ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးစ မိခင်နှင့် တောင်သူတို့ ဆက်တိုက် သေဆုံးခဲ့ကြတဲ့ သတင်းကလည်း လူထုအတွက် အရေးကြီးတဲ့ သတိပေးခေါင်းလောင်းသံ လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီသတင်းတွေအပြင် အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၁၂ပုဒ်ကို ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
- မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ခန့် ဖမ်းဆီးခံရဆဲ
- ချင်းတိုင်းရင်းသူ ၁ ဦးက စစ်အုပ်စုကို ဒိန်းမတ်ဥပဒေသစ်ဖြင့် အမှုစွဲချက်တင်
- စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးနာရေး ရွာလုံးကျွတ် လိုက်ပါပို့ဆောင်
- အမ်းမှာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့အမျိုးသမီး အဓမ္မပြုကျင့်သူကို AA ဖမ်းဆီး
- မူဆယ်မြို့၌ သေနတ်ပစ်ဖောက်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ
- ရေဖြူတွင် မြစ်ကူးတံတားအနီး မိုင်းနင်းမိ၍ ညီအစ်မနှစ်ဦး ဒဏ်ရာရ
- ရှမ်းတောင်ပိုင်းရှိ စစ်ရှောင်အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုကြုံတွေ့နေရ
- ကော်သူးလေ အမျိုးသမီးများကွန်ရက် နှင့် ပအိုဝ်းအမျိုးသမီးများ တွေ့ဆုံ
- စက်ဘီးအရောင်းဆိုင် ဗုံးပစ်ခံရပြီး ဆိုင်အနားက အဘွားအို ၁ ဦးသေဆုံး စျေးဝယ်သူ ၁ ဦးဒဏ်ရာရ
- ၁၃ နှစ်အရွယ် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့ ဖခင်ကို ဖမ်းဆီးအမှုဖွင့်ထား
- ဒေသခံများဦးဆောင်သည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး လုပ်ငန်းများကို ထောက်ပံ့ပေးရန် WLB တောင်းဆို
- အကြမ်းဖက်စစ်တပ်က အမျိုးသမီး ၂,၃၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ဆက်စပ်၍ တရားစွဲဆိုရေးကွန်ရက်ဖွဲ့စည်းမှုတွင် ပါဝင်
- မင်းဘူးတွင် အပူဒဏ်လွန်ကဲမှုကြောင့် ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးစ မိခင်နှင့် တောင်သူတို့ ဆက်တိုက်သေဆုံး
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ခန့် ဖမ်းဆီးခံရဆဲ
Source – DVB
မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ၀န်းကျင် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာ၊ လိုအပ်တဲ့ ဆေးဝါး အပြင်ကနေ မရရှိတာ၊ သန့်ရှင်းရေးနဲ့ သောက်သုံးရေ အခက်အခဲ၊ အမျိုးသမီးကျန်းမာရေးနဲ့ ဆိုင်တဲ့ ဆေးဝါးအကူအညီ လုံလောက်စွာ မရရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်ခံရမှုတွေ စတဲ့ ပြင်းထန်တဲ့ အခက်အခဲအမျိုးမျိုးကို အခုချိန်ထိ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသူတွေဟာ ရိုက်နှက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ ညစ်ပတ်စက်ဆုပ်ဖွယ် အခြေအနေတွေမှာ ထားရှိခံရတာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မီးဖွားစဉ် ဒါမှမဟုတ် မီးမဖွားမီ လိုအပ်တဲ့ ဆေးဝါးကုသခွင့်တွေကို စိုးရိမ်ဖွယ်ရာနဲ့ အသက်အန္တရာယ်ရှိတဲ့အထိ ငြင်းပယ်ခံရတာ ရှိတယ်လို့ အကျဉ်းသားဟောင်းနဲ့ မိသားစု၀င်တွေက ပြောပါတယ်။
ချင်းတိုင်းရင်းသူ ၁ ဦးက စစ်အုပ်စုကို ဒိန်းမတ်ဥပဒေသစ်ဖြင့် အမှုစွဲချက်တင်
Source – DVB
မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကနေ အသက်မသေဘဲ လွတ်မြောက် လာတဲ့ ချင်းတိုင်းရင်းသူတယောက်က မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုကို ဒိန်းမတ် နိုင်ငံတရားရုံးမှာ ပထမဆုံးအကြိမ် အမှုစွဲချက်တင်လိုက်ပါတယ်။
တိုင်ကြားသူဟာ ဒိန်းမတ်နိုင်ငံမှာ လက်ရှိ နေထိုင်တဲ့ ချင်းတိုင်းရင်းသူ တယောက်ဖြစ်ပြီး သူ့ရဲ့ နာမည်ကိုတော့ လျှို့ဝှက်ထားတဲ့အကြောင်းနဲ့ ဒိန်းမတ်နိုင်ငံ အာဏာပိုင်တွေထံမှာ မြန်မာစစ်အုပ်စုအဖွဲ့ဝင်တွေကို ရာဇဝတ်မှုကြောင်းအရ အမှုဖွင့် တိုင်ကြားလာခဲ့တာလို့ ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေက အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ စတင်အသက်ဝင်တဲ့ ဥပဒေသစ်နဲ့ တိုင်ကြား လိုက်တာဖြစ်ပြီး အဲဒီဥပဒေအရ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွတ်သူတွေကို ဒိန်းမတ်နိုင်ငံထဲမှာ တရားစွဲဆို အမိန့်ချမှတ်နိုင်တာ ဖြစ်ပါတယ်။
တိုင်ကြားချက်ထဲမှာ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ ရွာလုံးကျွတ် နေရပ်စွန့်ခွှာရတာတွေ ပါဝင်ပြီး စစ်အာဏာရှင်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လာတာကြောင့် ချင်းပြည်နယ်က ပြည်သူထောင်သောင်းချီဟာ အိန္ဒိယနိုင်ငံထဲကို တိမ်းရှောင် ခဲ့ကြရတာတွေ ပါဝင်ပါတယ်။
စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးနာရေး ရွာလုံးကျွတ် လိုက်ပါပို့ဆောင်
Source – People’s Spring
အာဏာသိမ်း စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးငယ် ၂ဦးရဲ့ နာရေးကို ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံနဲ့ ဖြစ်စဉ်အကြောင်း သိရှိသူတွေက ပြောပါတယ်။
အဲဒီနာရေးနဲ့ပတ်သက်လို့ PNO ဘက်က တောင်းပန်စာမပို့တဲ့အပြင် ရွာခံတွေအနေနဲ့ သတင်းမဖြန့်ဖို့ သတိပေးခြိမ်းခြောက်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၆ ရက် မနက်အစောပိုင်းမှာ တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု ရေသပြေစစ်ရေးဂိတ်က PNO တပ်ဖွဲ့ဝင် ခွန်ကျော်သူရမင်း နဲ့ ခွန်ညွှန့်ဝင်းတို့ဟာ ရန်ဖြစ်ပြီး ညွန့်ဝင်းကို ပစ်သတ်ကာ နောက်ထပ် PNO ၂ဦးနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ ကောင်းမှုစဉ်ကျေးရွာက အသက်(၁၉)နှစ်အရွယ် နန်းအောင်ပေါ် နဲ့ (၁၅)နှစ်အရွယ် နန်းဟွမ်နိုး တို့က ရွာမြောက်ဘက် လယ်ကိုသွားချိန်မှာ ထွက်ပြေးလာတဲ့ PNO ၃ဦးက ဖမ်းဆီးခဲ့တာလို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံ ပအိုဝ်းလူငယ်တစ်ဦးက ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၂၈ ရက်)မှာ လုပ်တဲ့ နာရေးကို ရွာလုံးကျွတ်လိုက်ပါပို့ဆောင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
ထွက်ပြေးတဲ့ PNO စစ်သား ၂ဦးအနက် ခွန်ကျော်သူရမင်းကို PNO က သတ်ပစ်ခဲ့ပြီး ၁ဦးကို ဖမ်းဆီးကာ နောက် ၁ဦးက လွတ်မြောက်နေဆဲလို့ ဆိုပါတယ်။
အမ်းမှာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့အမျိုးသမီး အဓမ္မပြုကျင့်သူကို AA ဖမ်းဆီး
Source – People’s Spring
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့မှာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့ အမျိုးသမီး ၁ဦးကို ဒေသခံအမျိုးသား ၁ဦးက အဓမ္မပြုကျင့်မှုဖြစ်သူ အောင်သန်းရွှေကို အာရက္ခတပ်တော်(AA)လက်အောက်ခံ ရဲတပ်ဖွဲ့(DLEPS)က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ အသက်(၃၃)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့ အမျိုးသမီးဟာ အိမ်နီးချင်းနေအိမ်သို့ စပါးလုံးကူရွေးဖို့ သွားနေစဉ် အဲဒီအိမ်ကို ရောက်နေတဲ့ ၄၄ နှစ်အရွယ် အောင်သန်းရွှေဆိုသူက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
အောင်သန်းရွှေဟာ အဓမ္မပြုကျင့်ပြီးနောက် တပ်တောင်မြို့ တဖက်ကမ်း ကျွဲကူးတောင်ရွာ၊ ကူးတို့ဆိပ်မှာ သွားပုန်းနေပြီး အခင်းဖြစ်ပြီး နောက်ရက် အောက်တိုဘာ ၁၂ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အောင်သန်းရွှေဟာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်သူအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာ မှန်ကန်ကြောင်း၊ စစ်ဆေးပေါ် ပေါက်တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)နဲ့အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
မူဆယ်မြို့၌ သေနတ်ပစ်ဖောက်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ
Source – သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ သီတင်းကျွတ်လပြည့်ညက လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေက သေနတ်နဲ့ ကောင်းကင်ဘက်သို့ ပစ်ဖောက်ခဲ့ရာမှ ကျည်ဆံက နေအိမ်အမိုးကို ဖောက်ထွင်းကျရောက်ပြီး အိပ်စက်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး ကျည်ထိမှန် ဒဏ်ရာရ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ၎င်းတို့လက်အောက်ရှိ တပ်ဖွဲ့ဝင်တွေကို စည်းကမ်းတကျ ထိန်းသိမ်း ကြပ်မတ်ရန်၊ တာဝန်ယူပေးဖို့နဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့မိုးပေါ်ထောင် ပစ်ခတ်မှုတွေကို မပြုလုပ်ကြဖို့ ဒေသခံတဦးက တိုက်တွန်းပြောဆိုပါတယ်။
ရေဖြူတွင် မြစ်ကူးတံတားအနီး မိုင်းနင်းမိ၍ ညီအစ်မနှစ်ဦး ဒဏ်ရာရ
Source – Dawei Watch
ရေဖြူမြို့နယ်၊ ရန်ကင်းကျေးရွာနဲ့ ဒေါက်လောက်ကျေးရွာကြားရှိ ထားဝယ်မြစ်ကူးတံတားအနီးမှာ အောက်တိုဘာ ၂၈ ရက်က အသက် ၂၀ ကျော်အရွယ် ညီအစ်မနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
အမျိုးသမီးငယ်နှစ်ဦးဟာ အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီက ရန်ကင်းကျေးရွာနဲ့ ဒေါက်လောက်ကျေးရွာကြားရှိ ဒေသအခေါ် ကင်းတံတားမှာ ဓာတ်ပုံသွားရိုက်စဉ် မိုင်းနင်းမိပြီး ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ညီအစ်မနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး နောက်တစ်ဦးမှာ မျက်နှာမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးသူတချို့ထံကသိရပါတယ်။မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့ ညီအစ်မနှစ်ဦးကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။မိုင်းနင်းမိသည့်နေရာဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတဲ့နေရာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
ရှမ်းတောင်ပိုင်းရှိ စစ်ရှောင်အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုကြုံတွေ့နေရ
Source – Than Lwin Khat News
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ပွဲတွေအရှိန်မြင့်တက်လာမှုကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရစဉ် စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကို အမျိုးသမီးတွေ ပိုမိုကြုံတွေ့လာရတယ်လို့ ဒေသခံတွေနဲ့အမျိုးသမီးအဖွဲ့တွေထံကသိရပါတယ်။
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးသင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်မှု၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရခက်ခဲမှုနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပြင်းထန်စွာခံစားနေရတယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုတွေကြောင့် အမျိုးသမီးတွေဟာကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမယ့် အန္တရာယ်တွေအောက်ကို ပိုမိုကျရောက်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။
ကော်သူးလေ အမျိုးသမီးများကွန်ရက် နှင့် ပအိုဝ်းအမျိုးသမီးများ တွေ့ဆုံ
Source – Than Lwin Khat News
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်းရှိ တိုင်းရင်းသူအမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုကဏ္ဍ၊ နိုင်ငံရေး၊ လူမှုစီးပွားရေးဆိုင်ရာ ပါဝင်ဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ရေးအတွက် ကော်သူးလေ အမျိုးသမီးများကွန်ရက် (K.W.N) မှ ဦးဆောင်ပြီး ပအိုဝ်းအမျိုးသမီးတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို (၁)နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ရန်၊(၂) ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ကိုယ်စားပြုမှု၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ ခေါင်းဆောင်မှုတို့ကို တိုးမြှင့်ရန်၊ (၃)တိုင်းရင်းသူအမျိုးသမီးများအကြား ကွန်ရက်ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းစေရန် စတဲ့ ရည်ရွယ်ချက် (၃) ရပ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
စက်ဘီးအရောင်းဆိုင် ဗုံးပစ်ခံရပြီး ဆိုင်အနားက အဘွားအို ၁ ဦးသေဆုံး စျေးဝယ်သူ ၁ ဦးဒဏ်ရာရ
Source – မြေလတ်အသံ
မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီးရောင်း/ဝယ် ရေးဆိုင် ဗုံးပစ်ခံရပြီး ဆိုင်အနီးက အဘွာအို ၁ ဦးသေဆုံးကာ စက်ဘီးလာဝယ်သူ အမျိုးသား ၁ ဥဦးဒဏ်ရာရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ အဆိုပါ မျိုးအောင်စက်ဘီးဆိုင်ကို အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ ဗုံးပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၈၅ နှစ်အရွယ် ဒေါ်ချိုတီမှာ ပြင်းထန်ဒဏ်ရာရပြီး၊ စက်ဘီးလာဝယ်သူ အသက် ၅၃ နှစ်အရွယ် ဦးဇော်မိုးမှာ ဒဏ်ရာအနည်းငယ်သာရရှိပြီး ရပ်ကွက်နေသူတွေက မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၂ ဦးအနက် ဒေါ်ချိုတီမှာ ဆေးကုသမှု ခံယူနေစဥ် ညနေပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးပစ်မှုကို ဘယ်အဖွဲ့တွေက ဘာကြောင့် လုပ်ဆောင်တယ်ဆိုတာ အောက်တိုဘာလ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာ အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
၁၃ နှစ်အရွယ် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့ ဖခင်ကို ဖမ်းဆီးအမှုဖွင့်ထား
Source – မြေလတ်အသံ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ ၄ ရပ်ကွက်၊ ရွှေကန်သာ (-) လမ်းက အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့ ဖခင်ကို ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့မြို့ခံတွေထံက သိရပါတယ်။
အမှုဖွင့်ဖမ်းဆီးခံရသူက အသက် ၅၀ ကျော်အရွယ် ဦးအာကာမိုးဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့မှာ ညောင်လေးပင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကစတင်ပြီး ဦးအာကာမိုးဟာ သမီးဖြစ်သူကို မိန်းမဖြစ်သူ စျေးရောင်းသွားချိန်တိုင်း သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး မိခင်ဖြစ်သူကို ပြန်ပြောပါက သတ်ပစ်ဟုဆိုကာ ခြိမ်းခြောက်ထားတာလို့ ပြောပါတယ်။
၂ လတာ ကာလအတွင်းမှာ ဦးအာကာမိုးက သမီးဖြစ်သူကို သားမယားပြုကျင့်မှ ၅ ကြိမ်ထက်မနည်း ကျူးလွန်ထားပြီး သမီးဖြစ်သူမှ ထုတ်ဖော်ပြောဆိုရဲတာမျိုးမရှိဘဲနေထိုင်ခဲ့ရာ သမီးဖြစ်သူရဲ့ နေထိုင်မှု မူမမှန်တာကြောင့် မိခင်ဖြစ်သူကိ အတင်းအကြပ်မေးမှ ဖြစ်စဥ်ကို သိရတာလို့ သိရပါတယ်။
ဒေသခံများဦးဆောင်သည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး လုပ်ငန်းများကို ထောက်ပံ့ပေးရန် WLB တောင်းဆို
Source – ကေအိုင်စီ
အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး(WPS)လုပ်ငန်းစဥ်တွေကို အထောက်အပံ့ပေးဖို့ အမေရိကန်၊ နယူးယောက်မြို့ရုံးချုပ်မှာ ကျင်းပနေတဲ့ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ နောက်ဆက်တွဲဆွေးနွေးပွဲအတွင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ကိုယ်စားတက်ရောက် တဲ့ နော်ဆဲဆဲက နိုင်ငံတကာထံ တောင်းဆိုခဲ့ပါတယ်။
ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ WPS မူဘောင်အောက်မှာ ညွှန်ကြားချက်တွေရှိသော်လည်း အကောင်အထည်ဖော်နိုင်မှု မရှိသေးတဲ့အတွက်ကြောင့် နိုင်ငံတကာမှ အထူးသဖြင့် ဒေသခံတွေဦးဆောင်တဲ့ WPS လုပ်ငန်း မူဘောင်အောက်မှ ပိုမိုတိကျစွာလုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးဖို့ WLB ရဲ့ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ခေါင်းဆောင် နော်ဆဲဆဲက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးနဲ့ နိုင်ငံရေးလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပြီး ပဋိပက္ခဒေသတွေနဲ့ ကျေးရွာတွေ အမျိုးသမီးတွေရဲ့အခြေအနေက ပိုဆိုးသွားတယ်လို့ WLB ကတင်ပြပါတယ်။
ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှု တရားစွဲမည့်ကွန်ရက် ကုလ၌ ဖွဲ့စည်း
Source – ဧရာဝတီ
ပဋိပက္ခဒေသရှိ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ၊ ကျား၊ မအခြေပြုအကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ယခုနှစ်အတွင်း ပဋိပက္ခနဲ့ဆက်နွယ်သော လိင်အကြမ်းဖက်မှုများ တရားစွဲဆိုရေးကွန်ရက် ဖွဲ့စည်းမှုကို ကြိုဆိုလိုက်ကြောင်း မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၇၂ နိုင်ငံနဲ့ ဥရောပသမဂ္ဂ တို့က အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်တဲ့အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါကွန်ရက်ကို သီးခြားတနိုင်ငံတည်းဖွဲ့စည်းထားတာမဟုတ်ဘဲ၊ ကုလသမဂ္ဂ တရားဥပဒေ စိုးမိုးရေးနဲ့ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံအသီးသီးမှ တရားလိုရှေ့နေတွေ၊ စုံစမ်းစစ်ဆေးသူတွေနဲ့တရားသူကြီးတွေက ပဋိပက္ခနဲ့ဆက်နွယ်သော လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တရားစွဲဆိုနိုင်ဖို့နဲ့ အချက်အလက်တွေလဲလှယ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
မင်းဘူးတွင် အပူဒဏ်လွန်ကဲမှုကြောင့် ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးစ မိခင်နှင့် တောင်သူတို့ ဆက်တိုက်သေဆုံး
Source – HI
မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း အပူချိန်လွန်ကဲစွာ မြင့်တက်မှုကြောင့် မရိုးကုန်းကျေးရွာနဲ့မင်းလှကုန်း ကျေးရွာတို့မှာ ၄ ရက်အတွင်း လယ်စိုက်တောင်သူတဦး၊ မီးဖွားပြီးစ မိခင်တဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးတို့ ဆက်တိုက်သေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ မိသားစုဝင်တွေထံကသိရပါတယ်။
အောက်တိုဘာ ၁၉ ရက်က မင်းဘူးမြို့နယ်၊ မင်းလှကုန်းကျေးရွာမှာ အသက် ၂၈ နှစ်အရွယ် မီးဖွားပြီးစမိခင် မစိုးစိုးထွန်း၊ အောက်တိုဘာ ၂၀ ရက်၊ အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် မခင်လေးနွယ်တို့လည်း အပူဒဏ်ကြောင့် ထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒေသတွင်းမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့အတွက် လမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရမှာကိုစိုးရိမ်တဲ့အတွက် မဖြစ်မနေကိစ္စမှလွဲ၍ မသွားရောက်နိုင်ကြဘူးလို့သိရပါတယ်။










