Collage of four photos — a young man, an “I Say No to Violence Against Women” campaign poster, a person wearing a cap, and a woman raising her hand at a protest — under the headline about Myanmar culture and military control

မြန်မာ့ယဉ်ကျေးမှုဆိုတာ စစ်အုပ်စုရဲ့ လက်ကိုင်တုတ်သက်သက်ပဲ

ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။

လိင်တူချင်းချစ်ကြိုက်တဲ့ BL (Boys’ Love) ၊ GL (Girls’ Love) စာအုပ်တွေ ထုတ်ဝေတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ၉ ခုကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၆၊ ဩဂုတ် ၂၈ ရက် နေ့က တရားမဝင်အဖြစ်ကြေညာခဲ့ပါတယ်။

လိင်တူချင်းချစ်ကြိုက်တဲ့စာအုပ်တွေဟာ မြန်မာ့ယဥ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘဲ လူငယ်တွေ တွေးခေါ်မြော်မြင်တာနဲ့ ခံစားနားလည်တာကို လွဲမှားစေနိုင်တဲ့စာအုပ်တွေလို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

၂၀၂၂ ခုနှစ်ကလည်း အမျိုးသားချင်း လိင်တူချစ်မြတ်နိုးမှုအကြောင်း “My Possessive Step-Bro” စာအုပ်ထုတ်ဝေသူ ရွှေလာဘ်စာပေတိုက်ပိုင်ရှင်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး လိင်တူချစ်မြတ်နိုးမှုအကြောင်း ရေးသားထားတဲ့ “Hold my hand and be my man” စာအုပ်ကို ထုတ်ဝေဖို့ကြိုးစားခဲ့တဲ့ ကံကောင်းခြင်းအိမ်ငယ်လေးစာပေတိုက်ပိုင်ရှင်ကို ထုတ်ဝေခွင့် ရုတ်သိမ်းတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက လိင်တူချစ်ကြိုက်တဲ့စာအုပ်တွေကိုပိတ်ပင်တာက LGBT တွေရဲ့အခွင့်အရေးတွေကို ထိခိုက်စေနိုင်လား၊ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို LGBT အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စာဖတ်ပရိတ်သတ်တွေရဲ့ အမြင်ကို HI – Honest Information  က စုစည်းဖော်ပြလိုက်ပါတယ်။

နီကိုးလက်စ်သန့်၊ လူငယ်တက်ကြွလှုပ်ရှားသူ

နီကိုးလက်စ်သန့်

လူငယ်တက်ကြွလှုပ်ရှားသူ

BL ၊ GL စာအုပ်တွေကိုပိတ်ပင်တာက  LGBT အသိုင်းအဝိုင်းတခုလုံးတင်မကဘဲ စာဖတ်ပရိသတ်တွေ အပါအဝင်  စတင်ပြီးလေ့လာနေတဲ့ လူငယ်ထုတခုလုံးရဲ့တွေးခေါ်    မျှော်မြင်မှု နဲ့ စူးစမ်းလိုစိတ်ကိုပါ တားဆီးပိတ်ပင်တဲ့ အရာတခုဖြစ်တယ်လို့မြင်တယ်။ 

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံလိုမျိုး အနုပညာ၊ ရသ၊ ဂီတ၊ စာပေ၊ ဖျော်ဖြေရေးကတဆင့် သင်ယူဖို့၊ ကိုယ့်ရဲ့အတွေးအခေါ်တွေကို ဖြန့်ကျက်ဖို့အတွက် ခက်ခဲနေတဲ့အခြေအနေတွေမှာ စာအုပ် ဖတ်တာမျိုး၊ ဝတ္တုစာပေကနေ အတွေးကွန့်မြူးနိုင်တယ်ဆိုတာ လက်ရှိလူငယ်ထုတွေအတွက် ဗဟုသုတရနိုင်တဲ့ နေရာတခုဖြစ်တယ်။ ဒီလိုမျိုးပိတ်ပင်တားဆီးတာက  LGBT အသိုင်းအဝိုင်းတင် မကဘဲနဲ့ စာဖတ်ပရိတ်သတ်တွေ လူထုအားလုံးအတွက်ကိုပါ ထိခိုက်စေတဲ့ အရာတခုဖြစ်တယ်လို့ မြင်ပါတယ်။

ကျနော်တို့နိုင်ငံမှာက  Homosexual(လိင်တူချစ်နှစ်သက်တာ)၊ မတူကွဲပြားတဲ့ပုံစံတွေကို ချစ်နှစ်သက် တာတွေကို လူထုနဲ့မိတ်ဆက်ရတဲ့အချိန်မှာ စာပေက ကျနော်တို့နိုင်ငံနဲ့ လက်တွေ့အကျဆုံးသော ပုံစံနဲ့ ဝင်ရောက်လာတယ်။ ဥပမာ – ထိုင်းမှာဆိုရင်လည်း BLကားတွေ ရိုက်ကြတယ်။ ကိုရီးယားမှာလည်း BL ကားတွေထွက်ကြတယ်။ ပုံစံမျိုးစုံနဲ့ ဖြန့်ကျက်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံက စာပေနဲ့ အဓိကဦးစားပေး ပြီး ဖြန့်ရတဲ့ ပုံစံဖြစ်တာပေါ့။ အဲ့မှာလည်း အွန်လိုင်းကနေတဆင့် လူငယ်တွေက ဖတ်ကြတယ်။

စစ်ကောင်စီက စာအုပ်တိုက် ၉ခုကို ပိတ်လိုက်တယ်ဆိုဦးတော့ Wattpad လိုမျိုး ဝက်ဘ်ဆိုဒ်တွေ ကနေ လူငယ်တွေကဆက်လက်ပြီးတော့ဖတ်ကြဦးမှာပဲ။ လက်ရှိအခြေအနေမှာက မတူကွဲပြားတဲ့ သူတွေရဲ့ အခြေအနေကို ဒီစာအုပ်တွေကနေ မိတ်ဆက်တဲ့သဘော  ဖြန့်ဝေရတဲ့ အခြေအနေဖြစ်တော့ အဲ့စာပေတွေကိုယ်တိုင်ကိုက လက်တွေ့ဘဝကို ထင်ဟပ်ပြသတဲ့ အစစ်အမှန်တွေလည်း ဟုတ်မနေပြန် ဘူး။

BL ၊ GL စာအုပ်လို့ပြောမယ်ဆို အခုပိတ်တဲ့စာအုပ်တွေတင်မကဘဲ  ဝက်ဘ်ဆိုက်တွေမှာ လူငယ်စာရေးသူတွေ ရေးသားထားတာတွေအများကြီးရှိတယ်။ နာမည်ရပြီးသား စာရေးဆရာတချို့ ရေးသားခဲ့တဲ့ လိင်တူဝတ္တုစာအုပ်တွေလည်းအများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ စာဖတ်ပရိတ်သတ်ကို ဒီလိုစာအုပ်တွေ၊ ရုပ်ရှင်တွေကို ဘယ်လို အသက်အရွယ်မျိုးကို ဖတ်ပါ၊ ဘယ်လိုအခြေအနေမျိုးကို ဖတ်ပါဆိုတာမျိုး ပိတ်ပင်တားဆီးလိုက်တာထက် စာရေးသူ၊ ဖန်တီးရေးသားသူတွေကသာ ပိုမိုကောင်းမွန်တဲ့ စာတွေထုတ်လုပ်ဖြန့်ဝေ ရေးသားသင့်တယ်လို့ ပြောချင်ပါတယ်။

ကိုလ်ကိုလ်း (Myanmar Rainbow Political Community)

ကိုလ်ကိုလ်း

(Myanmar Rainbow Political Community)

ပထမဆုံးအချက်အနေနဲ့က LGBTQ+ တွေရဲ့ ဖြစ်တည်မှုနဲ့ မြင်သာမှုကို ပိတ်ပင်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တယ်လို့ စွပ်စွဲတာကလည်း မှားယွင်းတဲ့ စွပ်စွဲချက်တခု ဖြစ်ပါတယ်။

BL/GL တွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ပြောတဲ့အခါ မြန်မာ့ယဉ်ကျေးမှုကို သူတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားလဲဆိုတာကိုတော့ ပြန်ပြီး မေးခွန်းထုတ်စရာရှိပါတယ်။ မြန်မာ့ ယဉ်ကျေးမှုထဲမှာ LGBT တွေရှိနေတယ်ဆိုတာ သက်သေပြစရာက အခုလို ရာသီဆို တောင်ပြုံးပွဲက သက်သေတခုပဲ။ ခေတ်အဆက်ဆက် နတ်ကိုးကွယ်ယုံကြည်မှုနဲ့ အတူ ကနားစီးတွေမှာ LGBT တွေ အများကြီးရှိတယ်။ ဒါကိုတော့ မြန်မာ့ရိုးရာဓလေ့တခု၊ ယဉ်ကျေးမှုတခုအနေနဲ့ လက်ခံထားပြီးတော့ BL/GL စာပေကိုမှ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုလာတော့ မြန်မာ့ယဉ်ကျေးမှုဆိုတာ စစ်အုပ်စုရဲ့ လက်ကိုင်တုတ်သက်သက်ပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒုတိယ တချက်အနေနဲ့ ကျွန်တော်တို့ LGBT တွေရဲ့ ငယ်ငယ်ကတည်းက ကြီးပြင်းလာတဲ့ ကာလ တလျှောက်လုံးမှာ ဖတ်ခဲ့ရတဲ့ စာပေတွေက အမျိုးသား၊ အမျိုးသမီးတွေရဲ့ ချစ်ကြိုက်ညားကွဲ စာပေတွေပဲဖြစ်တယ်။ ဒီစာပေတွေကို အစဉ်တစိုက်ဖတ်ခဲ့ပေမဲ့ ဖြစ်တည်မှုအရ၊ ကျနော်တို့က Gay တယောက်ကနေ ပြန်ပြီး Straight မဖြစ်သွားဘူး။ ဒါက စာပေတခုကြောင့် လူတယောက်ရဲ့ လိင်စိတ် ခံယူမှု၊ လိင်စိတ်တိမ်းညွတ်မှု၊ လမ်းလွဲသွားတာ၊ ပြောင်းလဲသွားတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ပြောချင်တာပါ။

စာပေလွတ်လပ်ခွင့်အနေနဲ့ ဆိုရင်တော့ BL/GL ဝတ္ထုတွေမှာ LGBTQ+ တွေရဲ့ ဘဝရှင်သန်မှုနဲ့ ချစ်ခြင်း မေတ္တာကို ဖော်ပြခွင့်ရတဲ့ နယ်ပယ်က ပိုပြီး ကျဉ်းမြောင်းလာတယ်လို့ ဆိုရမှာပေါ့။ နောက်တချက်က BL/GL စာပေတွေမှာက အချစ်ဇာတ်လမ်းတွေသက်သက်မဟုတ်ဘဲ မတူကွဲပြားမှု၊ လူမှုဆက်ဆံရေး၊ ခွဲခြားဆက်ဆံခံရမှုနဲ့ လူ့အတွေ့အကြုံတွေကို ဖော်ပြထားတာတွေ အများကြီးရှိတယ်။

အဲ့ဒီအကြောင်းအရာတွေကိုပါ တခါတည်း ပိတ်ပင်ခံလိုက်ရတဲ့အတွက် စာဖတ်သူတွေရဲ့ LGBTQ+ တွေအပေါ် နားလည်ပေးနိုင်မှုတွေ နည်းပါးလာပြီး LGBTQ+ တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပိုတိုးလာမှာဖြစ်တယ်။

ဒီစာပေတွေကနေ တဆင့် LGBT တွေရဲ့ ဘဝတွေကို အများကြီးနားလည်လာတာ၊ လက်ခံလာတာ၊ LGBT တွေကို လူတွေထဲက လူတွေအဖြစ် အသိအမှတ်ပြုလာတာ၊ ခွဲခြားဆက်ဆံမှုတွေ လျော့ကျ လာတာတွေ ရှိတယ်။

တဖက်မှာလည်း မင်းတို့ LGBT စာပေတွေက အကုန်ကောင်းနေလားဆိုရင်တော့ မကောင်းတာတွေ ရှိတာကိုလည်း ကျနော်တို့ လက်ခံပါတယ်။ တချို့ လိင်အသားပေး အရေးအသားတွေ ဖြစ်နေတာတွေ လည်း ရှိတယ်။ ဒီလို စာအုပ်တခု မကောင်းရုံနဲ့ ဒါနဲ့ သက်ဆိုင်တဲ့ စာပေအားလုံးကို ပိတ်သိမ်းတာတော့ ဘာကောင်းကျိုးမှ ရှိလာမှာ မဟုတ်ဘူးပေါ့။

တခြားနိုင်ငံတွေမှာတော့ BL/GL ကို လုံးဝ ပိတ်ပင်ထားတဲ့ နိုင်ငံတချို့လည်း ရှိသလို တချို့ကတော့ BL/GL စာပေတွေထဲက အကြောင်းအရာတွေ ပေါ်မူတည်ပြီး ပိတ်ပင်တာမျိုးလည်းရှိပါတယ်။ နိုင်ငံတော်တော်များများမှာတော့ ဒါကို ဆင်ဆာ အနေနဲ့ထားရှိပြီး တချို့နိုင်ငံတွေမှာ ၁၈ နှစ်နဲ့ အထက်မှ ဖတ်သင့်တဲ့ စာပေတွေ အဖြစ်ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။  စစ်အုပ်စုရဲ့ လက်အောက်မှာတော့ မဖြစ်နိုင်မှာမဟုတ်ဘူးပေါ့လေ။BL/GL စာပေကိုမှ မူပိုင်ခွင့်သေသေချာချာနဲ့ ထုတ်ဝေခွင့်ပြုပြီး စာပေကို စိစစ်သင့်ပါတယ်။ တချို့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို အသားပေးရေးတာ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေ မဖတ်သင့်တာမျိုးတွေကိုလည်း တိတိကျကျ ကန့်သတ်ထားဖို့တော့ လည်း လိုအပ်တာပေါ့။

မမဥ၊ စာဖတ်ပရိတ်သတ်

မမဥ

စာဖတ်ပရိတ်သတ်

BL ၊ GL ချစ်ကြိုက်ကြတာကို ရေးဖွဲ့ထားတဲ့စာပေတွေက လူငယ်တွေကို လမ်းမှားရောက်အောင် လုပ်တယ်လို့ပြောတဲ့သူဟာ လူ့အခွင့်အရေးကိုချိုးဖောက်နေတဲ့သူတွေပါပဲ။ LGBT တွေကို ချိုးနှိမ်လိုက်တာပဲ။

 BL ယောကျာ်းလေးအချင်းချင်းကြိုက်တာ၊ GL မိန်းခလေးအချင်းချင်းကြိုက်တာ၊ သာမာန် ယောကျာ်းလေး၊ မိန်းခလေးကြိုက်တာ၊ အကုန်လုံးက ချစ်ကြိုက်ကြတဲ့ဇာတ်လမ်းတွေပဲလေ။  အကုန်အတူတူပဲကိုမှ ဘာလို့ BL နဲ့ GL ကိုပဲရွေးပြီး ပိတ်ပင်ရတာလဲဆိုတော့ ရှင်းနေတာပါပဲ လူ့အခွင့်အရေးကို မလေးစားမလိုက်နာလို့ပါ။

BL GL စာအုပ်ကိစ္စတွေဖြစ်လာတယ်ဆိုတာ LGBT တွေရဲ့ ဖြစ်တည်မှု တစိတ်တပိုင်းကိုချပြတဲ့ အချစ်ဝတ္တုသက်သက်ပါ။ ဘယ်စာပေ၊ ဘယ်ရုပ်ရှင်နေနေပါ၊ ကောင်းကျိုးဆိုးကျိုးဆိုတာရှိတယ်။ ကိုယ်ကဘယ်လိုအမြင်ရှုထောင့်ကနေကြည့်လဲဆိုတာအပေါ်ပဲ မူတည်တာပါ။

ကျမဆို BL ဝတ္တု တွေ ကြိုက်တယ်၊ ဖတ်တယ်။ ပြည်တွင်းကစာရေးဆရာတွေရေးတာရော ပြည်ပက ရေးထားတဲ့ဘာသာပြန်ဝတ္ထုတွေရော ကြိုက်တယ် ဖတ်တယ်။ တချို့ဇာတ်ကောင်တွေဆို ကိုယ့်သားလို ချစ်ရတဲ့ဇာတ်ကောင်တွေရှိတာပေါ့နော်။ အဲ့လိုဇာတ်ကောင်လေးတွေကို စာအုပ်အနေနဲ့ထုတ်လိုက်တဲ့ အခါမျိုးဆို သူတို့တွေကို အိမ်မှာခေါ်သိမ်းထားဖို့ စာအုပ်လေးတွေကို ဝယ်ယူကြတယ်။ စာအုပ်တွေ ထုတ်ပေးတဲ့စာပေတိုက်တွေကို ပိတ်သိမ်းခံရမယ်ဆိုတော့ တကယ်စိတ်မကောင်းဖြစ်ရသလို ငါတို့ကို ဖိနှိပ်ထားတယ်၊ ငါတို့လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ်လို့ခံစားရတယ်။  

ကျမဆို စိတ်အပန်းပြေဖို့ BL စာအုပ်တွေဖတ်တယ်။ စိတ်ညစ်တဲ့အခါတွေဆို ဒီစာအုပ်ထဲက ဒီသားတွေ အကြောင်း ဖတ်လိုက်ရင် သောကတွေ မေ့ပျောက်သွားတယ်လို့ခံစားရတယ်။ ဒီလိုစာပေတွေကို ပိတ်လိုက်ချင်းအားဖြင့် LGBT တွေရဲ့ဖြစ်တည်မှုတွေ၊ သူတို့တွေရဲ့ကြိုးစားအားထုတ်မှုတွေ၊ သူတို့တွေ ခံစားနာကျင်ခဲ့ရမှုတွေနဲ့ မတရားမှုတွေကို ချပြစရာနေရာပျောက်ဆုံးသွားမှာပါ။ ဒါဟာ သူတို့ရဲ့ ဖြစ်တည်မှုကို ပိတ်ပင်လိုက်တာနဲ့အတူတူပါပဲ။

BL ဝတ္ထုတိုင်းကို ကောင်းပါတယ်မပြောလိုပါဘူး။ ဒါပေမဲ့ စာအုပ်အဖြစ်ထုတ်လိုက်တဲ့ BL စာအုပ်တွေ ကတော့ သူတို့စွပ်စွဲထားတဲ့ လမ်းမှားရောက်စေတယ်ဆိုတဲ့စာအုပ်တွေမပါဘူးလို့မြင်မိတယ်။ ဒါကတော့ ရွေးချယ်ဝယ်ယူဖတ်ရှုသူနဲ့ပဲ ဆိုင်လို့လားတော့မသိဘူး၊ ကျမဖတ်လိုက်တဲ့စာအုပ်တိုင်းက အရင်ငယ်ငယ်ကဖတ်လေ့ရှိတဲ့  မိန်းခလေးနဲ့ ယောကျာ်းလေးချစ်ကြိုက်ကြတဲ့ အချစ်ဝတ္ထုနဲ့ ဘာမှ မကွာပါဘူး။

BL Gl ဖတ်လို့ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားသွားတယ်လို့ မြင်နေတဲ့ သူတွေဟာ အရင်ဆုံး အပြာစာပေလောကကိုပဲ တိုက်ဖျက်လိုက်ပါဦး။ အဲ့အပြာစာပေတွေ မြန်မာနိုင်ငံ မှာကင်းစင်သွားမှ ကျန်တာဆက်ပြောကြပါလို့တောင်းဆိုပါတယ်။ ကျမတို့ကတော့  BL စာအုပ်တွေ ဖတ်ရတာကြိုက်တယ်။ သူတို့ပိတ်လဲ တကမ္ဘာလုံးကိုလိုက်မပိတ်နိုင်တော့ ရတဲ့နေရာကနေ ရှာဖတ် မှာပဲ။

ရွှန်းနဒီ

စာဖတ်ပရိသတ်

လူငယ်တွေရဲ့တွေးခေါ်မျှော်မြင်မှုတွေကိုလွဲမှားစေနိုင်တယ်ဆိုတာ တကယ်တော့မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ BL၊GL လို့သတ်မှတ်ထားတာထက်  ဒီအရာကိုအချစ်လို့မြင်ကြည့်လိုက်ပါ။ အချစ်ဆိုတာ ယောက်ျားကြား မိန်းမကြားမှာပဲဖြစ်ရမယ်လို့ပုံသေမရှိပါဘူး။ ဘယ်အရာနဲ့မဆိုဖြစ်နိုင် ပါတယ်။

အချစ်ကပုံသဏ္ဌာန်အမျိုးမျိုးကွဲနေတာလေးတခုပါပဲ။  ကျမတို့ကလူငယ်တွေဖြစ်တာကြောင့် ကျမတို့မှာ လွတ်လပ်စွာတွေးခေါ်နိုင်မှုတွေရှိပါတယ်။ ဒီလိုအရောင်း ပိတ်ပစ်တာမျိုးကိုတော့ ငြင်းဆန်ချင်ပါတယ်။ တချို့စာအုပ်တွေရဲ့အရေးအသားတွေက တကယ့်လက်တွေ့ကို အခြေခံပြီး ရေးသားထားတဲ့အတွက် စိတ်ဓါတ်ကျတဲ့ လူငယ်တချို့အတွက်စိတ်ခွန်အား ဖြစ်စေနိုင်ပါတယ်။

ကျမဆိုရင်လည်း ကျမစိတ်အရမ်းညစ်တဲ့အချိန် ဘဝကိုလက်လျှော့ချင်တဲအချိန်တွေရှိခဲ့ဖူးပါတယ်။ အဲ့လိုအချိန်တွေမှာ ကျမကိုအဖော်ပြုပီး ပြန်လည်နိုးထနိုင်အောင် လုပ်ပေးခဲ့တာတွေက ဒီစာအုပ်တွေ ပါပဲ။ ဒါကြောင့် ကျမလိုလူတွေလည်း အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုစာအုပ်တွေက သူတို့အတွက်လည်း ဆေးတခွက်ဖြစ်လာနိုင်ပါတယ်။

အခုက ပွင့်လင်းမြင်သာတဲ့ခေတ်ကိုရောက်နေပါပြီ။ လူငယ်တွေကိုခေတ်နောက်ပြန်မဆွဲဘဲ၊  သူတို့ရဲ့ အရည်အချင်းတွေ၊ ကြိုးစားမှုတွေ၊ အမြင်တွေကို လက်ခံပေးသင့်တယ်လို့မြင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရှေးရိုးစွဲလွန်းနေရင် လူငယ်တွေဟာ အတောင်ချိုးခံထားရတဲ့ငှက်တွေဖြစ်နေမှာပါပဲ။ နေ့တိုင်းသိမ်ငယ် နေမယ်။ ယုံကြည်မှုမရှိဘူးဖြစ်လာမယ်။ လူကြောက်လာမယ်။ ဒါဟာ အနာဂါတ်ခေါင်းဆောင် တယောက်ကို ခြေချင်းခတ်လိုက်သလိုပါပဲ။ LGBTတွေထဲမှာလည်း အောင်မြင်နေတဲ့သူတွေ အများကြီး ရှိပါတယ်။

ဥပမာ ထိုင်း နိုင်ငံဆိုရင် LGBTတွေကို လူမှုအခွင့်အရေးအပြည့်အဝပေးနေပါတယ်။ သူတို့ဆီမှာ ရုပ်ရှင်တွေတင်မကပဲ ပွဲတော်တွေပါကျင်းပပေးလေ့ရှိပါတယ်။ LGBT တွေရဲ့အရည်အချင်းကို လက်ခံပေးနေတာတွေ တွေ့ရပါ‌တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လက်ခံပေးဖို့ကြိုးစားကြည့်သင့်တယ် လို့ မြင်ပါတယ်။ LGBTတွေကိုလည်း ခွဲခြားပီး မဆက်ဆံသင့်ဘူး။  လူသားအားလုံးတန်းတူ အခွင့်ရေး ရသင့်တယ်လို့ မြင်မိပါတယ်။

နိုဝါ (Gender Trainer and Researcher)

နိုဝါ  

Gender Trainer and Researcher

BL၊ GL ချစ်ကြိုက်တဲ့အကြောင်းရေးသားထားတဲ့ စာအုပ်တွေကို စစ်အာဏာရှင်က တားမြစ်လိုက်တာ က သူတို့အနေနဲ့ဒါကို လက်မခံဘူးဆိုတဲ့အရောင်တွေ မြင်ရတယ်။ အဓိက စာအုပ်တွေဆိုတာထက် လိင်စိတ်တိမ်းညွှတ်မှုကွဲပြားတဲ့သူတွေ၊ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေကိုလက်မခံနိုင်ဘူး။ အထူးသဖြင့်ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း သဘောကျ၊ ချစ်ကြိုက်နှစ်သက်တာ ကို သူတို့လက်မခံနိုင်ဘူးဆိုတဲ့အယူအဆတခုကိုတော့ ကျနော်တို့တွေ့ရတယ်။

ပိတ်ပင်တယ်ဆိုတဲ့နောက်ကွယ်မှာ သူတို့မှာအကြံအစည်ရှိနေတယ်။ နဂိုကထဲက LGBTIQ တွေကို ဖိနှိပ်တဲ့ ဥပဒေတွေရှိတဲ့အတွက် သူတို့ လုပ်လာနိုင်တဲ့အခင်းအကျင်းတွေကို အများကြီး တွေးထားဖို့ လိုပါလိမ့်မယ်။

ဒီစာအုပ်တွေရဲ့ရည်ရွယ်ချက်က LGBTIQ တွေနဲ့မသက်ဆိုင်ဘူးလို့တော့ ကျနော်က ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုရင်  လူငယ်တွေကြားထဲမှာ ရေပန်းစားဖို့၊ ဈေးကွက် စီးပွားရေးအရအောင်မြင်ချင်လို့  တကယ်တမ်းအပြင်မှာရှိနေတဲ့ LGBTIQ တွေ၊ လိင်စိတ်တိမ်းညွတ်မှု မတူသူတွေရဲ့ သဘောသဘာဝ တွေကို တကယ့် Cover ဖြစ်နိုင်တဲ့ဟာ အရမ်းနည်းပါတယ်။ ဖတ်ရတာနှစ်သက်တာက ဖျော်ဖြေရေး သဘောပဲဖြစ်ပြီး၊ တကယ်တမ်း လိင်တူချင်းနှစ်သက်တာ၊ LGBT တွေကို လက်ခံတာမဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြားသိဖို့လိုတယ်။

အခုလိုမျိုး BL၊ GL  စာအုပ်တွေကို တားမြစ်တာဘာကြောင့်လဲ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘူး ဆိုရင် ဘာလို့ကိုက်ညီမှုမရှိတာလဲ၊ လူငယ်တွေရဲ့အတွေးအမြင်တွေကို အမြင်မှားစေတယ်ဆိုတာ အဲ့ဒါတွေကရော ဘယ်လိုအချက်တွေနဲ့တိုင်းတာပြီး ဘယ်လိုသုတေသနလုပ်ထားလဲ။  ဒါတွေကို ဘာတွေနဲ့ နှိုင်းယှဉ်လို့ရလဲဆို လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီ လွတ်လပ်ခွင့်တွေရှိတယ်။ လူအများစုနဲ့ ကျရင်တော့ စိစစ်ရေးတွေလုပ်တာမှန်တယ်။ အများလက်မခံနိုင်တဲ့ အကြောင်းပြချက်တွေပေးပြီးတော့ ပိတ်ပင်တာမျိုးတွေကျ တဖက်သတ်ကြီး၊ နိုင်ငံတနိုင်ငံရဲ့တိုးတက်ရာတိုးတက်ကြောင်းလူငယ်တွေရဲ့ စူးစမ်းလေ့လာလိုစိတ်ကို ကန့်သတ်တာလို့မြင်တယ်။

ဂျပန်တို့ ထိုင်းမှာဆိုလည်း ရုပ်ရှင်တွေရှိတယ်။ အဓိကတော့ အသက်အရွယ်လိုက် ကန့်သတ်မှုက လုပ်သင့်တယ်။ တချို့စာပေတွေက  လူငယ်ဆယ်ကျော်သက်အရွယ်တွေကို ပစ်မှတ်ထားတာ ဖြစ်တဲ့ အတွက်  တချို့စာအုပ်တွေကတော့ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာတွေပါတယ်။ ကျနော်တို့နိုင်ငံမှာ ဇာတ်ကားတွေကိုတောင် အသက်အရွယ်သတ်မှတ်ပြီးတော့  ဒီလောက်ကတော့ ၁၈ အောက် မကြည့်သင့်တဲ့ဟာ သေသေချာချာ မလုပ်တဲ့အတွက် စာအုပ်တွေဆိုလည်းပိုဆိုးတယ်။

BL GL လို့ပြောလိုက်ရင် ယောကျာ်းလေးအချင်းချင်းကြိုက်တယ်။ မိန်းကလေးအချင်းချင်း ကြိုက်တာဆိုပေမယ့် တကယ်တမ်း အဲ့ထက်မကသော နက်ရှိုင်းတဲ့ ဖြစ်တည်မှုတွေ၊ နက်ရှိုင်းတဲ့ ခံစားမှုတွေအများကြီးရှိပါသေးတယ်။ ဒီစာအုပ်တွေ၊ ရုပ်ရှင်တွေက တခြားသောရုပ်ရှင်တွေလိုပဲ အပြင်လောကမှာရှိနေတဲ့ဟာကို လုံးလုံးကြီးပုံဖော်ပေးတာမဟုတ်နေဘူး။

လူတွေကိုပျော်အောင် သဘောကျအောင်  နှစ်သက်အောင်လုပ်နေတဲ့ ဖျော်ဖြေရေးတခုသာ ဖြစ်တဲ့ အတွက် အပြင်လောကမှာ ရှိနေတဲ့ LGBTIQ တွေရဲ့ဘဝကို လုံးလုံးကြီးကာဗာမဖြစ်နိုင်ဘဲ ပိုပြီးတော့ တောင် ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

မီရှဲ(လ်)

ကျောင်းသူ

မြန်မာနိုင်ငံမှာကအရင်ကတည်းက LGBT ဆိုတာ လူကလူပဲဆိုတာကို မြင်ဖို့၊ လူတိုင်းလက်ခံပေးဖို့ မလွယ်ကူဘူး။ ဖိုဝါဒကြီးစိုးမှု အားကောင်းတဲ့အတွက်၊ ခေတ်နောက်ပြန် ပုံစံမျိုးပြန်သွားချင်တဲ့အတွက် ဒီဟာကို ခေါင်းစဉ်တပ်တယ်လို့ ကျမမြင်တယ်။ ခေါင်းစဉ်တပ်ရတဲ့အကြောင်းအရင်းကလည်း ဒီစာအုပ်တွေက  ကောင်းမွန်တဲ့ စာအုပ်တွေလည်းရှိသလို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အရေးအသား တွေနည်းနည်းများတယ်။ တချို့စာအုပ်တိုက်တွေက ပိုက်ဆံရဖို့အတွက် အသားပေးထုတ်လာတဲ့အခါ သူတို့အတွက် ဒါကခေါင်းစဉ်တပ်စရာ အကြောင်းပြချက်တခုရသွားပြီး ပိတ်ပင်လိုက်တာလို့ထင်တယ်။

အခုနောက်ပိုင်း နိုင်ငံအကုန်လုံးက တန်းတူညီမျှတဲ့ အခွင့်အရေးရဖိုကြိုးစားနေကြပြီး လူငယ်တွေ ကလည်း  မတူကွဲပြားမှုတွေကိုမြင်လာကြတယ်၊ အသိဉာဏ်တွေပွင့်လာတယ်။ လူငယ်တွေ ဒီလို မြင်တတ်လာတာကို ကြောက်တဲ့အတွက် ပိတ်ပင်တာဖြစ်နိုင်တယ်။

လူတွေကို သူတို့ပြန်လည်ထိန်းချုပ်ဖို့အတွက် တဆင့်ခြင်းတဆင့်ပြန်ပြီးတော့လုပ်တာ၊ ဘာလို့လဲ ဆိုတော့ အလွယ်ဆုံးနည်းက စာပေနဲ့လူတွေကို လွှမ်းမိုးလို့ရမယ်။ ထိန်းချုပ်လို့ရမယ်။ လူငယ်တွေရော၊ လူကြီးတွေရောက LGBT ဆိုတာကိုနားလည်လာတာကိုပြန်ပြီး တိုက်ဖျက်ချင်တာ၊ ဟိုးအရင်ခေတ်တွေ ကလို  ဖိုဝါဒကြီးစိုးမှုတွေ အားပြန်ကောင်းလာအောင်လုပ်တာလို့ထင်တယ်။

မြန်မာနိုင်ငံမှာက LGBT ဆိုတာလူပဲဖြစ်တယ်ဆိုတာ စာအုပ်တွေနဲ့ပဲတော့မဟုတ်ဘူး။ ကြိုးစားခဲ့ရ တာတွေရှိတယ်။ ဒီစာအုပ်တွေကိုဖတ်ပြီးတော့ သူတို့ရဲ့ဖြစ်တည်မှုတွေ၊ သူတို့ကိုနားလည်လာကြတာ၊ လက်ခံပေးလာကြတာရှိတယ်။ဒီလိုစာအုပ်တွေ လျော့သွားမယ်ဆိုရင် လူငယ်တွေ အမြင်ကျယ်ဖို့ အခွင့်အရေးတွေနည်းသွားမယ်လို့မြင်တယ်။

တချို့ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အရေးအသားတွေကိုတော့ စာအုပ်တိုက်တွေကလည်း ပိုက်ဆံရရင် ပြီးရော မထုတ်သင့်ဘူး။ တကယ်ကောင်းမွန်တဲ့စာအုပ်တွေအတွက်နာတယ်။ ဒီလိုအရေးအသားတွေ ကြောင့် ပြောစရာဖြစ်သွားတယ်။ မြန်မာနိုင်ငံက အရင်ကတည်းက လူ့အခွင့်အရေးက ချိုးဖောက် ခံနေရပါတယ်ဆိုတာကို မမေ့စေချင်ဘူး။ ပိုပြီးချိုးဖောက်ခံနေရတယ်ဆိုတာကို သိစေချင်တယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရလို့ ခံရမှန်းမသိတဲ့နိုင်ငံကြီးဖြစ်နေတယ်။

လူထုအနေနဲ့ စားဝတ်နေရေးကလည်းအရမ်းခက်ခဲတယ်။ ကုန်ဈေးနှုန်းကလည်းကြီးတယ်။ သူတို့မှာ သူတို့ရဲ့အခွင့်အရေးတွေ တခုပြီးတခုချိုးဖောက် ခံနေရတယ်။ အဲ့ဒါတွေကိုလည်း မဖြစ်စေချင်ဘူး။ စကစဘက်က တခုပြီးတခု ထပ်တော့လုပ်နေဦးမှာပဲ။