Watercolor illustration of a woman's profile with a knife piercing an apple near her face, gender symbols, and a caged bird with its cage door open, symbolizing trapped trauma despite freedom

လွတ်မြောက်နယ်မြေကအမျိုးသမီးတွေရဲ့ မလွတ်မြောက်နိုင်သေးတဲ့ လိင်အကြမ်းဖက်ခံရမှုတွေ

ရှင်ငြိမ်း

ရခိုင်ပြည်၊ အမ်းမြို့နယ်အပိုင် ကျေးရွာတရွာမှာ နေထိုင်တဲ့ မမေဦး(အမည်လွှဲ)ဟာ နွမ်းပါးတဲ့မိသားစုဝင်တဦး ဖြစ်တာ ကြောင့်  ၈ တန်းနဲ့ ကျောင်းထွက်လိုက်ပြီး ငါးဒိုင်တခုမှာ အလုပ်ခွင် ဝင်ခဲ့ရပါတယ်။ သူအလုပ်ဝင်ခဲ့တဲ့ ငါးဒိုင်ဟာ အမ်းမြို့နယ်အပိုင်၊ သပြုချိုင်ကျေးရွာမှာ တည်ရှိပါတယ်။

အဖေဖြစ်သူက သူအလုပ်လုပ်တဲ့ ငါးဒိုင်ပိုင်ရှင်ရဲ့ ငါးဖမ်းစက်လှေမှာ စက်ကိုင်အဖြစ် လုပ်ကိုင်နေပြီး အမေ ဖြစ်သူကတော့ ကြုံရာကျပန်း အလုပ်တွေနဲ့ မိသားစုဝမ်းစာအတွက် ရုန်းကန်နေကြပါတယ်။

၈တန်းကျောင်းသူအရွယ်ကတည်းကနေ အသက် ၂၀ ဝန်းကျင်အရွယ်အထိ ငါးဒိုင်စာရေးမလေးအဖြစ် လုပ်ကိုင်နေတဲ့ မမေဦးဟာ အလုပ်ပိတ်ရက်တွေဆိုရင် အမေဖြစ်သူနဲ့အတူ တောထဲတောင်ထဲ ဝါးခုတ် လိုက်သွားလေ့ ရှိသလို၊ တခါတရံ  အိမ်မှာပဲ အနားယူလေ့ ရှိတယ်။

တနေ့မှာတော့ အဖေဖြစ်သူက လှေမောင်းထွက်နေပြီး အမေဖြစ်သူ တောထဲ သစ်ဝါးခုတ်ထွက်သွားချိန်၊ မောင်နှမအငယ်တွေ က အိမ်ဘေးမှာ ကစားနေကြလို့ အိမ်မှာတယောက်တည်း ပျင်းကျန်ခဲ့တဲ့ မမေဦးဟာ  သူ့အိပ်ခန်းလေးထဲမှာပဲ အိပ်ပျော်သွားခဲ့ပါတယ်။ ခါတိုင်းလိုပဲ တပတ်မှာ တရက်တည်းသော နားရက်ကလေး ဟာ မမေဦးအတွက် ဘဝတခုလုံး မှောင်မိုက်သွားရမယ့် အဖြစ်ဆိုးကြီးနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ခဲ့ကြပါဘူး။

တကိုယ်လုံး အရက်နံ့ နံစော်နေတဲ့လူတယောက်က  သူ့ခန္ဓာကိုယ်ပေါ် အတင်းတက်ဖိထားချိန်မှာတော့ မမေဦး လန့်နိုးလာခဲ့ပါတော့တယ်။ အလုပ်ရှင်ရဲ့ သား ဖြစ်တဲ့ အဲဒီလူဟာ အနီးနားက အဝတ်စနဲ့ မမေဦးပါးစပ်ကို ပိတ်လိုက်ပြီး “အော်ရင် သတ်မယ်” လို့ ခြိမ်းခြောက်ခဲ့တယ်။ အဲဒီနောက် အသင့်ပါလာတဲ့ ဓားကိုထုတ်ပြီးတော့ ထပ်ခြိမ်းခြောက်နေတဲ့ကြားထဲကနေ ဆက်လက်ရုန်းကန်နေတဲ့ မမေဦးကို ပါးရိုက်၊ လက်သီးနဲ့ထိုးပြီး လိင်အကြမ်းဖက်မှုပြုခဲ့ပါတော့တယ်။

“အဲဒီဓားနဲ့ ကျမရဲ့ ဂါဝန်နဲ့ အတွင်းခံတွေကို ဖြဲပစ်တယ်၊ လက်သီးနဲ့ ထိုးတော့ ခဏ ဘာဖြစ်သွားမှန်း မသိလိုက် ဘူး၊ ဒါပေမဲ့ မိန်းမကိုယ်က နာပြီး သွေးထွက်တာတော့ ရှိတယ်” လို့ မမေဦးက ၂၀၂၄ ခုနှစ်၊ ဇွန်လဆန်းပိုင်း လောက်မှာ သူကြောက်ရွံ့နာကျင်ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

သူတို့နေထိုင်ရာ အမ်းမြို့မှာ  အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေလည်းရှိနေတဲ့ကာလ ဖြစ်လို့ စားဝတ်နေရေးကြပ်တည်းကြတဲ့ကာလမှာ ငါးဖမ်းလုပ်ငန်းဒိုင်ရဲ့ အလုပ်ခွင်ကို အမှီအခိုပြု အသက်မွေး နေကြရချိန်မှာ မမေဦးတယောက်ဟာ ဒီလိုအဖြစ်ကို ကြုံခဲ့ရတာပါ။

“စစ်ဖြစ်နေလို့လည်း ညီမတို့က အလုပ်မှာ သူတို့ကို အားကိုးနေရတာ၊ တခါ တခါ ဗုံးလာကြဲရင် ပြေးရတာ ရှိတယ်၊ အဲ့ဒီထဲမှာ ဒါကြီးဖြစ်လာတာ”လို့ မမေဦးက ပြောပါတယ်။  

နွမ်းပါးတဲ့မိသားစုအနေနဲ့  သူတို့လုပ်ငန်းခွင်မှာ မှီခိုနေရသလိုဖြစ်တဲ့အခြေအနေအပေါ်  အနိုင်ကျင့် အခွင့်ကောင်း ယူခဲ့တဲ့ လူက “နင်တို့ ဘာနဲ့စားနေရတာလဲဆိုတာ တွေးထား၊ တိုင်ချင်တိုင်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

မမေဦးဟာ ညနေပိုင်း အမေဖြစ်သူ ဝါးခုတ်ရာက ပြန်ရောက်လာချိန်မှာ ဖြစ်စဉ်ကို ပြောပြခဲ့ပြီး၊ ကျူးလွန်သူရဲ့ မိဘတွေထံ သွားရောက်တိုင်ကြားခဲ့ချိန်မှာ ကျူးလွန်သူရဲ့ မိခင်က “လူငယ်ကိစ္စမို့လို့ သူတို့ရှုပ်ထားတာ ငါတို့ မသိဘူး၊ နင်တို့ မကျေနပ်လို့ တိုင်ချင်ရင် တိုင်” လို့ ငြင်းဆန်ခဲ့ပါတော့တယ်။

ဒါနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားတိုင်ခဲ့ပေမဲ့ အရေးယူပေးမယ်ဆိုပြီး ကျူးလွန်သူကို ခေါ်ယူတွေ့ဆုံပြီး အဲဒီညမှာပဲ ပြန်လွှတ်ပေးခဲ့တယ်။ အဲဒီနောက် ကျူးလွန်သူဟာ ဘာပြစ်ဒဏ်မှ မခံရဘဲ ရွာထဲမှာ လွတ်လွတ် လပ်လပ် ဆက်လက်သွားလာနေခဲ့ပါတယ်။

အခင်းဖြစ်ပြီး ၃ ရက်မြောက်နေ့မှာ ဓားကိုင်ထားတဲ့ ကျူးလွန်သူဟာ အပေါင်းအပါတွေနဲ့အတူ မမေဦးတို့ အိမ်ပေါ်အထိ တက်လာခဲ့ပြီး “နင် တိုင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး၊ ငါ့အိမ်ရော၊ ရွာလူကြီးပါ သွားတိုင်တာ သေချင်လို့လား၊ နင့်မိသားစုထဲက ဘယ်သူ့ကို သတ်ပေးရမလဲ” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေဦးရဲ့ မိခင်ကိုပါ ဓားနဲ့ရွယ်ပြီး “ထပ်တိုင်ရင် တယောက်တော့ သေမယ်၊ နင့်ညီမငယ်လေး ကြီးလာရင်လည်း ငါ လက်ထပ်မယ်” လို့ ထိပါးစော်ကားတဲ့ စကားတွေ ပြောဆိုခဲ့တာပါ။

ကျူးလွန်သူက ထပ်ပြီး ဖိအားပေးခြိမ်းခြောက်တာတွေကို ခံခဲ့ရတဲ့မမေဦးတို့မိသားစုအတွက်တော့ ဥပဒေ ကြောင်းအရ တရားမျှတမှု မရတဲ့အပြင် လူမှုပတ်ဝန်းကျင်ရဲ့ စာနာဖေးမမှုကိုလည်း မရရှိခဲ့ကြပါဘူး။

လိင်အကြမ်းဖက်မှုခံခဲ့ရတယ်ဆိုတဲ့ နာမည်ကြောင့်  မမေဦးဟာ ပတ်ဝန်းကျင်ရဲ့ စက်ဆုပ်သလို ကြည့်တဲ့ အကြည့်တွေ၊ “သူတို့ ကြိုက်နေကြတာ မသိဘူး” ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မျက်နှာမပြရဲ၊ အိမ်ထဲက အိမ်ပြင် မထွက်ရဲ၊ အလုပ်ခွင်ကို သွားနိုင်စွမ်းလည်း မရှိတော့ပါဘူး။

 ဒီစွပ်စွဲချက်တွေဟာ မမေဦးအပေါ်မှာတင်မက အမေနဲ့ မောင်၊ ညီမငယ်တွေအပေါ်ပါ ရိုက်ခတ်မှုရှိလာပြီး “မေဦးတို့ နှစ်ယောက်က ချစ်သူတွေလား” လို့ မကြာခဏ မေးမြန်းတာမျိုးတွေ ခံခဲ့ကြရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတယောက်အဖို့ အရေးပေါ် သန္ဓေတားဆေး တိုက်ကျွေးတာအပါအဝင် စိတ်ပိုင်း ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေခံယူဖို့ လိုအပ်ပေမဲ့ အရင်က ကူညီဆောင်ရွက်ပေးလေ့ရှိတဲ့ ဒေသတွင်း အမျိုးသမီးအဖွဲ့အစည်းတွေဟာလည်း စစ်ရေးပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့အခါ သူ့အဖို့ ဘာကူညီဖေးမမှုမှ မရရှိခဲ့ပါဘူး။

“အမေကတော့ သူတို့သောက်တဲ့ ဆေးတွေတော့ တိုက်တယ်၊ နောက် သွေးဆင်းမလာရင် ပြောဖို့ပေါ့” လို့ မမေဦးက ဆိုပါတယ်။

ဥပဒေကြောင်းအရတရားမျှတမှု၊ လူမှုပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှုကို မရတော့တဲ့အဆုံးမှာ အကာအကွယ်မဲ့ နေတဲ့ မမေဦးတို့ သားအမိဟာ ကျူးလွန်သူရဲ့ ခြိမ်းခြောက်မှုကို ကြောက်တာနဲ့ လှေလိုက်သွားတဲ့ အဖေဖြစ်သူ ပြန်အလာကိုတောင် မစောင့်နိုင်တော့ဘဲ မွေးရပ်မြေကနေ သံတွဲမြို့မှာရှိတဲ့ အမေဖြစ်သူရဲ့ အစ်မထံ ထွက်ပြေးခဲ့ ကြရပါတော့တယ်။

“ဆင်းရဲလို့ အနိုင်ကျင့် မုဒိမ်းကျင့်ခံရတာ တင်မကဘူး၊ အိမ်အထိ ဓားနဲ့လာခြိမ်းခြောက်တဲ့သူက ရွာမှာ အေးဆေး နေရပြီး ကျမကတော့ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတာကို တွေးတိုင်း ရင်နာတယ်” လို့ အသက် ၂၂ အရွယ်ရှိနေပြီဖြစ်တဲ့ ရခိုင်အမျိုးသမီး မမေဦးက သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

ရခိုင်ဒေသမှာ မုဒိမ်းမှုတွေဟာ အရင်ကတည်းက ရှိခဲ့တယ်ဆိုပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုဒိမ်းမှု ပုံစံတွေမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေပါ ဒွန်တွဲပါဝင်လာတယ်လို့ Arakha Women’s Voice (AWV) ရဲ့ Executive Director မြတ်အေးသွယ်ခိုင်က ထောက်ပြပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ မိဘတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် (AA)ဟာ သူအုပ်ချုပ်ရာနယ်မြေ‌ထဲက မုဒိမ်းမှုတွေကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခဲ့တဲ့ သာဓကတွေ ရှိလာပါတယ်။

ထင်ရှားတဲ့ သာဓကတခုကတော့ ၂၀၂၃ ခုနှစ်က ကျောက်တော်မြို့နယ်၊ မျိုးသစ်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ သက်ငယ် မုဒိမ်း ကြံစည်မှုမှာ ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ အထိ ထိထိရောက်ရောက် အမိန့်ချခဲ့သလို၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့် လူသတ်မှုတွေမှာလည်း အဓိကကျူးလွန်သူတွေကို သေဒဏ်အထိ ပြတ်ပြတ်သားသား အမိန့်ချမှတ်ခဲ့တာတွေ ရှိပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၅ မှာ အမျိုးသမီးက အလိုမတူဘဲ ငြင်းဆန်နေချိန် သို့မဟုတ် ခွင့်မပြုဘဲ ကာမစပ် ယှက်ခြင်း၊ သေဘေးနဲ့ နာကျင်ဒဏ်ရာရမှာကို ကြောက်ရွံ့အောင် ခြိမ်းခြောက်ပြီး ခွင့်ပြုခိုင်းခြင်း၊ လင်ယောက်ျား လို့ လှည့်ဖြားခြင်းတွေအပြင် အသက် ၁၆ နှစ်အောက် မိန်းကလေးတွေကို သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ ကာမစပ်ယှက်ခြင်း အားလုံးကို မုဒိမ်းမှုလို့ အတိအလင်း ပြဌာန်းထားပါတယ်။

ပုဒ်မ ၃၇၆ အရလည်း မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ပူးတွဲချမှတ်နိုင်ပါတယ်။

လက်ရှိ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားရေးဌာနက လူသတ် မှု၊ မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုတွေ အပါအဝင် မှုခင်းကျဆင်းရေးအတွက် ပြည်သူတွေနဲ့ လက်တွဲဆောင်ရွက် သွားမှာဖြစ်ပြီး နစ်နာသူတွေ တရားမျှတမှု ရရှိရေးနဲ့ တရားခံဘက်ကလည်း တရားဥပဒေအတိုင်း အပြစ်မဲ့ ကြောင်း ချေပခွင့်ရဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း အသိပေးထားပါတယ်။

ဒါပေမဲ့ မမေဦးကတော့ တရားမျှတမှု တစုံတရာမရှိခဲ့တဲ့ နစ်နာသူပဲဖြစ်ပါတယ်။

မုဒိမ်းမှုကျူးလွန်သူဟာ  မွေးချင်း၅ဦးထဲမှာ တဦးတည်းသော သားဖြစ်ပြီး၊ အစ်မတွေနဲ့ ညီမငယ်တဦး ရှိပါတယ်။ ကလေးဖခင် အိမ်ထောင်ကွဲတဦးဖြစ်တဲ့ သူဟာ လက်ရှိမှာ မိဘတွေနဲ့အတူ နေထိုင်ပြီး ငါးဒိုင်အလုပ်ကို နံနက်ပိုင်း ခဏပဲလုပ်ကာ အချိန်အများစုကို အရက်သောက်ရင်း ကုန်လွန်စေသူဖြစ်တယ်လို့ မမေဦးက ပြောပြပါတယ်။

သူဟာ ရွာထဲက အမျိုးသမီးတွေနဲ့ ငါးဒိုင်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်လေ့ရှိပေမဲ့ သူ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ စီးပွားရေးအရ မှီခိုနေရမှုတွေကြောင့် ဘယ်သူမှ သွားမတိုင်ရဲကြပါဘူး။

ငါးဒိုင်အလုပ်သမား မိခင်တဦးက “ကျမရဲ့ ၁၂ နှစ်သမီးလေးကိုတောင် တင်ပုတ်လိုက်၊ ကျောသတ်လိုက်နဲ့၊ ကိုယ်က အဲလိုလုပ်တာ မကြိုက်ပေမဲ့ ဒီမှာ အလုပ်ရနေတော့ မပြောသာဘူးပေါ့၊ အိမ်မှာ ထားခဲ့ရင် မေဦးလို ဖြစ်မှာစိုးလို့ အနားခေါ်ထားရတယ်” လို့ ပြောပါတယ်။  

ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ကျူးလွန်သူကို အပြစ်ပေးအရေးယူတာ မရှိတဲ့အတွက် ရွာထဲက ဖခင်အချို့ ဟာလည်း သမီးမိန်းကလေးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြရပါတယ်။

မမေဦးရဲ့ဖခင်ဟာ ပြောင်းရွှေ့သွားတဲ့ မိသားစုတွေဆီကို နောက်က လိုက်လာခဲ့ပြီး “ပြောင်းလာတာပဲ ကောင်းတယ်၊ သူတို့လက်အောက်မှာလည်း မလုပ်ချင်တော့ဘူး” ဆိုတဲ့ ခပ်တိုတိုစကားတခွန်းပဲ ပြောတယ်လို့ ဆိုပါတယ်။ 

မမေဦးတို့ မိသားစုဟာ ရခိုင်ပြည်၊ သံတွဲမြို့ က အဒေါ်ဖြစ်သူထံမှာ လာရောက်ပုန်းအောင်းခဲ့ကြရပေမဲ့ မွေးရပ်မြေနဲ့ ဝေးရာ၊ စစ်ဖြစ်နေတဲ့အရပ်မှာ ဘဝသစ် ပြန်စဖို့ ဆိုတာ ထင်သလောက် မလွယ်ခဲ့ပါဘူး။

“မုဒိမ်းကောင်ကြောက်လို့ ထွက်ပြေးလာတော့မှ သံတွဲရောက်တော့ စစ်ပွဲနဲ့တိုးတော့တာပဲ၊  အဲ့ဒီလတွေမှာ အရမ်း တိုက်ပွဲတွေဖြစ်တဲ့အချိန်ပေါ့၊  အဲ့မှာမြို့သိမ်းတိုက်ပွဲရဲ့ဗုံးသံ၊ သေနတ်သံတွေထဲ စိုးရိမ်စိတ်နဲ့နေခဲ့ရတာ ပေါ့” လို့ မမေဦးက ဒုက္ခပေါ် ဒုက္ခဆင့်ခဲ့ရပုံကို ပြောပြပါတယ်။

အရင်က အလုပ်ကိုယ်စီရှိခဲ့ကြတဲ့ မမေဦးတို့ သားအဖဟာ သံတွဲမှာ အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတဲ့အပြင် ဝတ် စရာ အဝတ်အစားကစလို့ စားစရာ ဆန်အဆုံး ကျပန်းအလုပ်တွေလုပ်ရင်း ရုန်းကန်နေကြရတယ်။ မိသားစု အတွက် ငယ်စဉ်ကတည်းက ရုန်းကန်ပေးခဲ့ရတဲ့ မမေဦးအတွက် ဘဝသစ်တည်ဆောက်ရေးမှာ အလုပ် အကိုင်မဲ့မှုနဲ့ စီးပွားရေး အဆင်မပြေမှုတွေက ထပ်မံဖိစီးလာတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာခဲ့တယ်။

တဖက်မှာလည်း မကြာသေးခင်အတိတ်က ရရှိခဲ့တဲ့ စိတ်ဒဏ်ရာနဲ့ အကြောက်တရားတွေကြောင့် အလုပ်ခွင်ထဲ ပြန်ဝင်ဖို့ ခက်ခဲနေပါတယ်။

ရခိုင်ပြည်မှာ မမေဦးရင်ဆိုင်ခဲ့ရသလို ဖြစ်စဉ်တွေအများကြီး ရှိနေကြပါတယ်။ စစ်ပွဲမှာ အမျိုးသမီးတွေ သေဆုံးကြရသလိုပဲ၊ မုဒိမ်းကျင့်လူသတ်မှုတွေကြောင့်လည်း အမျိုးသမီးတွေသေဆုံးနေကြရတဲ့ဖြစ်စဉ်တွေ များစွာရှိနေကြပါတယ်။

ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ရခိုင်ပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာ တဲ့ စစ်ရေးပဋိပက္ခတွေကြားထဲ ၂၀၂၂ အလွန်ကတည်းက မုဒိမ်းမှုတွေ ပိုများလာတာ တွေ့ရတယ်၊ အရင်ကလည်း မုဒိမ်းမှုတွေ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ပိုပြီး အကြိမ်ရေစိပ်လာတာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ လိုနေရာတွေက အချက်အလက်တွေ မရနိုင်သလို အာရက္ခ အစိုးရ အုပ်ချုပ်တဲ့ နယ်မြေတွေမှာလည်း မုဒိမ်းမှု၊ လူသတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ပုံမှန် ဖြစ်ပွားနေတာကြောင့် ကြာရင် ရိုးသွားမှာကိုပင် စိုးရိမ်ရတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက် ပြကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေကြောင်း မှတ်တမ်းတင်နိုင်တဲ့ အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမှု အများစုဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေ ထဲမှာ ဖြစ်ပွားနေတဲ့ အရပ်သားက အရပ်သားကို ကျူးလွန်တဲ့အမှုတွေပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ရခိုင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၁၇ မှုထက်မနည်း ရှိကြောင်း ရခိုင်ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ Development Media ရဲ့ စာရင်းတွေအရ သိရပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ထက်မနည်း ထိန်းချုပ်ထား နိုင်ပေမဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ အကာအကွယ် မပေးနိုင်ရင် ဘေးကင်းတဲ့ “လွတ်မြောက် နယ်မြေ” လို့ ခေါ်ဆိုနိုင်မှာမဟုတ်ဘူးလို့ ဒေသတွင်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြ သုံးသပ်ကြ ပါတယ်။

AA ဟာ မုဒိမ်းမှုတွေနဲ့ မှုခင်းတွေကို ဖြေရှင်းဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS – ဒီလပ်) ကို ၂၀၂၄ ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့ပါတယ်။ “ဒီလပ်” က အမှုအခင်းတွေကို လိုက်လံဖမ်းဆီးနေ တယ်ဆိုပေမဲ့ ကျူးလွန်သူအချို့ ပြန်လည်လွတ်မြောက်သွားတဲ့ ဖြစ်စဉ်တွေက ဒေသခံတွေကို ပိုမိုစိုးရိမ် ထိတ်လန့်စေခဲ့တယ်။

ထင်ရှားတဲ့ ဖြစ်စဉ်တွေကတော့ ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ပေါက်တောမြို့နယ်၊ ဖဒူချကျေးရွာမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို သစ်ပုတ်ချောင်းကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးထွန်းအောင်ချေ ဆိုသူက အဓမ္မပြုကျင့်ခဲ့ပါတယ်။

အဲဒီကျူးလွန်သူကို “ဒီလပ်” က ဖမ်းဆီးရမိခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ထွက်ပြေး လွတ်မြောက်သွားခဲ့လို့ ဒီနေ့ထက်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်။

ဧပြီလ ၁၁ ရက်နေ့မှာလည်း သံတွဲမြို့နယ်၊ ငပလီမှာ မသန်စွမ်း အမျိုးသမီးတဦးကို အဓမ္မပြုကျင့်မှု ဖြစ်ခဲ့ပြီး ကျူးလွန်သူ အပါအဝင် ဆက်စပ်သူ ၄ ဦးကို “ဒီလပ်” က ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ၁ ဦးဟာ အချုပ်ထဲက ထပ်မံလွတ် မြောက်သွားခဲ့ပြန်ပါတယ်။

ဒီအပေါ် AWV က မြတ်အေးသွယ်ခိုင်က “ဒီလပ်ရဲ့ ကြိုးစားအားထုတ်မှုကို ကျမတို့ အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ တရားခံပြေးတဲ့အထိတော့ မဖြစ်သင့်ပါဘူး၊ De facto အစိုးရတရပ်အနေနဲ့ အမျိုးသမီးတွေရဲ့ အခြေခံ ရပိုင်ခွင့်ကို လေးစားမှ ပိုပြီး သိက္ခာရှိမှာပါ” လို့ ထောက်ပြပါတယ်။

NLD အစိုးရလက်ထက်တုန်းကလည်း ပေါက်တောမြို့နယ် (ULA/AA က “ဝီရဌာနီ” ဟု ပြောင်းလဲ သတ်မှတ် ထား) တခုတည်းမှာတင် ၁ နှစ်ကို မုဒိမ်းမှု ပျမ်းမျှ ၂၀ လောက်အထိ ရှိခဲ့ဖူးပြီး အဓိကအားဖြင့် စစ်ဘေးဒုက္ခသည် စခန်းတွေ မလုံခြုံတာကြောင့်လို့ မြတ်အေးသွယ်ခိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ တရားခံပြေးတာ၊ လက်သည်မပေါ်တာတွေနဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရနေသလို ဖြစ်နေတာ တွေဟာ နောက်ထပ် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်နေတယ်လို့လည်း သူက သုံးသပ်ပါတယ်။

“စစ်ပွဲတွေကြားမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး၊ တချို့ဆိုရင် အသက်နဲ့ ရင်းပြီး စစ်တိုက်ပေးနေရလို့ သူတို့ရဲ့ ရာဂဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ရပိုင်ခွင့် တခုလိုတောင် စိတ်ထင်တိုင်း ကြံစည်လာကြတာတွေ ရှိတယ်” လို့ သူက နိုင်ငံတွင်းက စစ်ရေးပဋိပက္ခဒေသတွေ မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ထောက်ပြပါတယ်။

ရခိုင်လူမှုအသိုင်းအဝိုင်းမှာ အာဏာပိုင်တွေကိုယ်တိုင် မိန်းမတွေ ယူချင်တိုင်း ယူနေတာတွေလည်း အများကြီးရှိ သလို ဒါကို အားပေးအားမြှောက် လုပ်နေတဲ့သူတွေလည်း အများကြီးပဲလို့ (AWV) မှ မြတ်အေးသွယ်ခိုင်က ဆိုပါ တယ်။

ဒါကြောင့် တရားဥပဒေစိုးမိုးရေးအဖွဲ့ (ဒီလပ်) အနေနဲ့ ခိုးမှု၊ ဆေးသုံးမှုတွေကို ထိထိရောက်ရောက် အရေးယူနေ သလို တပြည်လုံး စိတ်ထိခိုက်ရတဲ့ မုဒိမ်းကျင့် လူသတ်မှုတွေကိုပါ ပိုပြီး ပြတ်ပြတ်သားသား အရေးယူပေးဖို့နဲ့ စစ်နိုင်ရုံတင်မကဘဲ အမျိုးသမီးတွေရဲ့ အခြေခံရပိုင်ခွင့်ကို လေးစားမှသာ တော်လှန်ရေးမှာ သိက္ခာရှိမယ်လို့ သူက တိုက်တွန်းပါတယ်။

ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ကျမတို့ဆီမှာက နဂိုကတည်းက ဖိုဝါဒ ကြီးစိုးတာ၊ အခုလို အနိုင်ကျင့်ခံရရင်တောင် ‘နင် အနေအထိုင် မတတ်လို့၊ အဲဒီအမျိုးသမီး မကောင်းလို့’ ဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းပြစ်တင်တာကိုပါ ထပ်ခံရသေးတယ်” လို့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လူမှုအသိုင်း အဝိုင်းရဲ့ ဖိနှိပ်မှုကို ဖွင့်ဟပါတယ်။

နစ်နာသူတွေကို ကူညီပေးတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေ ကိုယ်တိုင်ပင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အထိ ခြိမ်းခြောက်မှုတွေ ခံနေရတာကြောင့် အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဟာ အမျိုး သမီးတွေကို စနစ်တကျ စောင့်ရှောက်ပေးဖို့ အရေးကြီးနေကြောင်း ဒေါ်ညိုအေးက ထောက်ပြပြောဆိုပါတယ်။

“တော်လှန်ရေးတရပ် အောင်မြင်ဖို့ဆိုတာ နယ်မြေအကုန် သိမ်းနိုင်ရုံနဲ့ မပြီးပါဘူး၊ အောက်ခြေလူတန်းစားတွေ ဘယ်လို ဒုက္ခရောက်နေလဲ၊ ငတ်မွတ်နေကြလဲဆိုတာ စောင့်ကြည့်ရမယ်”လို့သူက ဆက်ပြောပါတယ်။

နယ်မြေတွေ ဘယ်လောက်ပဲ သိမ်းပိုက်နိုင်ပါစေ၊ တော်လှန်ရေးအသံတွေ ဘယ်လောက်ပဲ ကျယ်လောင်နေပါစေ၊ တရားမျှတမှုနဲ့ အကာအကွယ် မရရှိသေးတဲ့ မမေဦးတို့လို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်လုနီးပါး ဖြစ်နေတဲ့ အမျိုးသမီးတွေအတွက်တော့ “လွတ်မြောက်နယ်မြေ” ဆိုတာ အဓိပ္ပာယ်မပြည့်စုံသေးပါဘူး။

လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေကို အပြစ်တင်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့အမြင်တွေ၊ ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုတွေ၊ စစ်ပွဲနဲ့အတူ ပိုပြီးခက်ခဲလာတဲ့ အကာအကွယ်နဲ့ အကူအညီရရှိနိုင်မှုတွေဟာ သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ဖို့ ခက်ခဲနေတဲ့ အမျိုးသမီးတွေရဲ့ လွတ်မြောက်မှုကို ဆက်လက်တားဆီးနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် လိင်အကြမ်းဖက်သမားတွေနဲ့ စစ်ဘေးစစ်ဒဏ် တပြိုင်တည်း ရင်ဆိုင်နေရတဲ့ မမေဦးတို့လို အမျိုးသမီးတွေ လုံလုံခြုံခြုံ နေထိုင်နိုင်ပြီး၊ ကျူးလွန်ခံရတဲ့အခါ တရားမျှတမှုရရှိနိုင်ကာ၊ ကျူးလွန်သူတွေ အပြစ်ပေးခံရတဲ့ အခြေအနေတရပ် ဖန်တီးပေးနိုင်မှသာ “လွတ်မြောက်မှု” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် ပြည့်ဝလာမှာ ဖြစ်ပါတယ်။