ပိတောက်ဖူးအဖွဲ့ဦးဆောင်သူ မစုသစ္စာဇော်

“ဘယ်သူကမှ  ချီးကျူးခံချင်လို့ CDM လုပ်ခဲ့ကြတာမဟုတ်ဘူး”

ခင်ဘုန်းမို့  ဆက်သွယ်မေးမြန်းသည်။

အမျိုးသမီးပါဝင်မှုအားကောင်းခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ  စစ်ကောင်စီလက်အောက်ခံ တပ်မတော် သားတွေ CDM ပြုလုပ်ဖို့အတွက် ပံ့ပိုးကူညီခဲ့တဲ့သူတွေထဲ သူတို့ရဲ့  ဇနီးသည်မယားတွေဟာအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။

အမျိုးသမီးတွေစုစည်းထားတဲ့ ပြည်သူ့စစ်သားဇနီးများဆိုတဲ့ အဖွဲ့လေးကနေ စစ်တပ်ကိုစွန့်ခွာဖို့ စည်းရုံးလှုံ့ဆော်မှုတွေဆက်လုပ်ပြုလုပ်ခဲ့ရာမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

ပြည်သူ့စစ်သားဇနီးများကနေ စစ်သားဇနီးမယားတွေသာမက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ နယ်ပယ်အသီးသီးက အမျိုးသမီး CDM တွေပါဝင်တဲ့ ပိတောက်ဖူးအဖွဲ့ကို စုစည်းတည်ထောင်နိုင်ခဲ့ပြီး CDM စစ်သား မိသားစုတွေနဲ့ တခြားသော CDM  အမျိုးသမီးတွေရပ်တည်နိုင်ဖို့ ကူညီဆောင်ရွက် နေတာတွေလည်း ရှိနေပါတယ်။

ဖိုဝါဒကြီးစိုးတဲ့ စစ်တပ်ရဲ့ အတွေးအခေါ်လွှမ်းမိုးမှုတွေကနေ လွတ်မြောက်အောင် တိုက်တွန်းမှုတွေ ပြုလုပ်ရတဲ့အခါမှာ ကြုံတွေ့ရတဲ့အခြေအနေတွေ၊ ပြန်လည်ထူထောင်မှုတွေ လုပ်ရတဲ့အခါ ကြုံရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ပိတောက်ဖူးအဖွဲ့ဦးဆောင်သူ မစုသစ္စာဇော်ကို Honest Information – HI က ဆက်သွယ်မေးမြန်းထားပါတယ်။

ပိတောက်ဖူးအဖွဲ့ဦးဆောင်သူ မစုသစ္စာဇော်

Honest Information HI – ပိတောက်ဖူးအဖွဲ့အကြောင်းမိတ်ဆက်ပေးပါဦး။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စတင်ဖြစ်ခဲ့တာလဲ။ ဘယ်အချိန်ကစခဲ့လဲ။

ပိတောက်ဖူး – ကျမက CDM စစ်ဗိုလ်ရဲ့ဇနီးပါ။  အရင်တုန်းကလည်း ကျမက ပြည်သူစစ်စစ်တယောက်ဖြစ်တယ်။ အာဏာသိမ်းပြီး ကျမတို့မြို့တွေ၊ ရပ်ကွက်တွေမှာ စကစက လက်နက် အင်အားသုံးပြီး ဆန္ဒပြပွဲတွေ ဖြိုခွင်းတာကို မျက်စိရှေ့မှာပဲကြုံခဲ့ရတယ်။ ကျမတို့က စကစရဲ့ မိသားစုဝင်ဖြစ်နေပါစေဦးတော့ ဖိနှိပ်မှုတွေကိုခံရမှာဖြစ်တယ်။

ဒီလိုဖိနှိပ်မှုတွေကို  ကျမက ပြည်သူ တယောက် အနေနဲ့တာဝန်ကျေချင်တဲ့အတွက်  ဘာလုပ်နိုင်မလဲ စဉ်းစားတဲ့အခါမှာ ဆန္ဒပြရုံနဲ့ တာဝန် မကျေဘူး၊ ကျွန်မအနီးစပ်ဆုံးလုပ်နိုင်တာကတော့ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသား ကို ရအောင်ဆွဲထုတ်မယ်၊    ပြည်သူ့ဘက်ကိုရပ်တည်အောင် မဖြစ်မနေလုပ်ရမယ့်တာဝန်လို့ ကျမခံယူလိုက်တယ်။  

အမျိုးသားကိုစစ်တပ်ထဲကနေ ထွက်အောင် ရအောင်ပြောနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တခုရှိတယ်။ အဲ့ဒါသာအောင်မြင်သွားတယ်ဆိုရင် စကစထဲမှာရှိနေတဲ့ဇနီးတွေကို သူတို့အမျိုးသားတွေကို တိုက်တွန်း ဖို့အတွက် ကျမ ပထမဆုံး လူမှုကွန်ရက်မှာ စာတွေရေးမယ်၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

နောက်ပိုင်း  ကျမတို့ လွတ်မြောက်နယ်မြေရောက်တဲ့အခါမှာ တချို့ထွက်လာတဲ့ CDM ဇနီးတွေနဲ့လည်း သူတို့ရဲ့ဖြတ်သန်းပုံတွေကိုလည်း ပြန်ပြီးတော့ ဝေမျှဖြစ်တယ်။ အဲ့ဒါနဲ့ပဲ ပြည်သူ့သားဇနီးများဆိုပြီး ဖြစ်လာခဲ့တယ်။

ကျမတို့လွတ်မြောက်နယ်မြေမှာနေတဲ့အခါ တအုပ်စုထဲရှိတာမဟုတ်ဘူး။ မင်းအောင်လှိုင် အာဏာသိမ်း လို့ ဒုက္ခရောက်ရတဲ့အုပ်စုတွေ တခြားသော CDM အမျိုးသမီးတွေလည်းရှိတယ်။ အလွှာစုံက အမျိုးသမီးတွေရှိတဲ့အခါ ပိတောက်ဖူးဆိုပြီးတော့ ဖွဲ့စည်းခဲ့တယ်။

HI – ပိတောက်ဖူးအနေနဲ့ လက်ရှိမှာ CDM စစ်သားဇနီးတွေနဲ့ မိသားစုတွေကို ဘယ်လို ကဏ္ဍတွေအဓိက ကူညီပေးနေလဲ။

ပိတောက်ဖူး – ပိတောက်ဖူးရဲ့အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှား တဲ့ အမျိုးသမီးတွေအကုန်လုံးကို တထောင့်တနေရာကနေ ထောက်ပံ့ပေးနိုင်အောင်၊ လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ ပြည့်စစ်သားဇနီးများအနေနဲ့ စကားဝိုင်းတွေကနေ စည်းရုံးလှုံ့ဆော်တာတွေ လုပ်တယ်။

နောက်တခုက  ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေပြုလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ မကျွမ်းကျင်တဲ့နေရာ သစ်တခုမှာ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု တွေဖြစ်လာရင် ဘယ်ကိုသွားရမှန်းမသိဘူး။ အဲ့အခါ ဝန်ဆောင်မှုပေးတဲ့နေရာတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်တွေပြုလုပ်တယ်။ ကိုယ့်ကိုကျူးလွန်တာ တောင်မှ မသိကြတာရှိတဲ့အတွက် အသိပညာပေးတယ်။

နောက်တခုကတော့ ပြန်လည်ထူထောင်ရေးပေါ့၊ ဒီလူတွေက အရာအားလုံးစွင့်လွှတ်ပြီးတဲ့အခါမှာ ဘဝကို ပြန်လည်ထူထောင်ဖို့အတွက်လိုအပ်တယ်။ ပြန်လည်ထူထောင်ရေးကိစ္စတွေလည်း လုပ်ပါ တယ်။

နောက်တခုကျတော့ အခြေခံစားနပ်ရိက္ခာ ဖြန့်ဖြူးရေးတွေလည်း ပြုလုပ်တယ်။ အသက်မွေး ဝမ်းကျောင်း သင်တန်းတွေလည်းပေးပါတယ်။

၂၀၂၁ ခုနှစ်ကနေစပြီး ပိတောက်ဖူးအနေနဲ့ ပြည်သူ့ဘက်ရပ်တည်လာခဲ့တဲ့ CDM တွေ၊ တက်ကြွလှုပ်ရှား သူတွေနဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကြောင်းနဲ့ ဘဝပြန်လည်တည် ဆောက်နိုင်ရေးအတွက် အထောက်အကူဖြစ်အောင်ဖွင့်လှစ်ပေးခဲ့တဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်း တွေကတော့  ဘာသာစကား၊ စက်ချုပ်၊ အစားအသောက်ချက်ပြုတ် ခြင်း၊ Embroidery (ပန်းထိုးနည်း) ၊ Crochet  (ချည်ထိုးနည်း)၊ Cross Stitch (ကွက်စိပ်ပန်းထိုး) ၊ Eco-print (သဘာဝပန်းရိုက်ခြင်း)၊ Handmade Jewellery Making (လက်လုပ်လက်ဝတ်ရတနာ) ၊ Knowledge for Haircare  and Skincare (ဆပ်ပြာပြုလုပ်နည်း)  နဲ့ပါတိတ်ဒီဇိုင်းရေးဆွဲနည်းသင်တန်းတွေဖြစ်ပါတယ်။

ဒီသင်တန်းတွေကတစ်ဆင့် အမျိုးသမီး ၃၈၀ ဦး အနေနဲ့ လက်တွေ့အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုတွေကို ရရှိခဲ့ကြပြီး၊ ဝင်ငွေရတဲ့အခွင့်အလမ်းတွေဖန်တီးနိုင်ခဲ့တဲ့အပြင် မိသားစုဘဝကို ရပ်တည်နိုင်အောင် အထောက်အကူပြုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ကနေ ၂၀၂၅ ခုနှစ်အတွင်း အသိပညာမျှဝေခြင်းနဲ့ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ဖြစ်တဲ့ Environmental & Climate Change ( သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲခြင်း)၊ Gender-Based Violence (GBV) Awareness (ကျား၊မအခြေပြုအကြမ်းဖက်မှု အသိပညာပေးခြင်း)၊ Men Engaging (ကျား၊မရေးရာနဲ့တန်းတူညီမျှရေးတွေမှာ အမျိုးသားတွေ ပူးပေါင်းပါဝင်လာစေခြင်း)၊ Mental Health & Psychosocial Support (MHPSS) (စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်လူမှုဝန်းကျင် ဆိုင်ရာ ပံ့ပိုးပေးရေး)၊ Social Enterprise & Entrepreneurship (လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းနဲ့ လူမှုစီးပွား စွမ်းဆောင်ဦးစီးမှု)၊ Social Media (လူမှုကွန်ရက်)၊ Nature Healing Workshop (သဘာဝ အခြေပြု စိတ်ပိုင်းဆိုင်ရာ ကုစားမှု) စတဲ့သင်တန်းတွေကနေ သင်တန်းသူ အမျိုးသမီး၊အမျိုးသား ၆၄၃ ဦးကို မျှဝေနိုင်ခဲ့ပါတယ်။

HI – လက်ရှိအချိန်ထိ CDM စစ်သားဇနီးသည်၊ မိသားစု  ဘယ်လောက်အရေ အတွက် အထိ ကူညီပေးနိုင်ခဲ့ပြီလဲ။

ပိတောက်ဖူး – အခုအချိန်မှာဆိုရင်တော့ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကနေ အမျိုးသမီးပေါင်း ၃၈၀ ကျော်၊ သင်တန်း  ၂၇ ခုပေးပြီးသွားပြီ။  ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိစ္စကို အသိပညာပေးတဲ့ သင်တန်းတွေ ၂၂ ခု၊ လူဦးရေ ၆၈၀ ကိုပေးနိုင်ခဲ့တယ်။ အမျိုးသမီးအယောက် ၂၀၀ ကျော်ကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ ပြုလုပ်ပြီးသွားပါပြီ။

HI –  ကူညီထောက်ပံ့မှုတွေ ပြုလုပ်တဲ့နေရာမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိလဲ။ ဒါတွေ ကို ဘယ်လို ကျော်လွှားနေရသလဲ။

ပိတောက်ဖူး – ဒီလိုမျိုးကူညီထောက်ပံ့မှုတွေပြုလုပ်တဲ့နေရာမှာဆို ကျမတို့က  ဒီလိုလုပ်ငန်း နောက်ခံကနေလာတဲ့ သူတွေမဟုတ်တဲ့အခါမှာ လုပ်ငန်းစဉ်တွေမှာလည်း ခက်ခဲအများကြီးရှိတယ်။

CDM ပြုလုပ်ဖို့ စည်းရုံးလှုံ့ဆော်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ စကားဝိုင်းတွေမှာ  ပါဝင်ပြောဆိုတဲ့ အခါ စကစရဲ့ အမျိုးမျိုးသောပုံဖျက်ခြင်းတွေခံရတယ်။  အမျိုးသမီးတွေက တိုက်ခိုက်ခံရတဲ့အခါ ကျတော့ မျက်နှာပြပြီးတော့ အသံတွေထုတ်ဖို့ အင်မတန်ခက်ခဲလာတယ်။ ကျမတို့အနေနဲ့လည်း သူ့ရဲ့လုံခြုံရေးဖြစ်တဲ့အခါကျတော့    အတင်းအကြပ်တိုက်တွန်းလို့လည်းမရဘူး။ အမျိုးသမီးပါဝင်မှုကို အဟန့်အတားဖြစ်စေတယ်။  

နောက်တခုကကျတော့  ရန်ပုံငွေအခက်အခဲရှိတယ်။ ရန်ပုံငွေအပိုင်းမှာလည်း ကျမတို့ကဒီအပိုင်းတွေကို ကျွမ်းကျင်တဲ့သူတွေမဟုတ်တဲ့   အခါကျတော့ တကယ်လိုအပ်တဲ့ သူတွေရှိပေမယ့် ရန်ပုံငွေရရှိဖို့   အခက်အခဲတွေ အများကြီးကြုံရတယ်။ ကျန်တဲ့အရာတွေကတော့ လူကလိုက်ပြီးတော့                ကြိုးစားပြီးတော့ ဆောင်ရွက်လို့ရတယ်။

HI – အဖွဲ့အနေနဲ့ဆောင်ရွက်နေတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ သင်တန်း တွေလည်း  တွေ့ရတယ်။ အဲ့ဒီအထဲမှာ ဘယ်အပိုင်းက အအောင်မြင်ဆုံးဖြစ်မလဲ။

ပိတောက်ဖူး – ၂ပိုင်းလုံးကိုတော့အားရကျေနပ်တယ်။ ကျမတို့က အခြေကျနေတဲ့ ကိုယ့်ရဲ့ ဘဝကို ကိုယ့်လက်နဲ့ဖျက်ပြီးထွက်လာတဲ့  သူတွေဆိုတော့ နေရာသစ်မှာလည်းဖြစ်တဲ့အခါကျတော့ ပြန်လည်ပြီးတော့သူ့ရဲ့ဘဝပြန်လည်ထူထောင်ဖို့အတွက်ဆိုတာ အရမ်းလိုအပ်တယ်။  

အဲ့အတွက် ကျမတို့ကအခုဆိုရင် အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်တဲ့သင်တန်းတွေ၊ Eco Print တွေ လိုမျိုးပေးတယ်။ အဲ့အခါသူတို့အနေနဲ့ ဒီအသက်မွေးဝမ်းကျောင်းတွေနဲ့ ရပ်တည်လာနိုင်ခဲ့တယ်။ အသိ ပညာပေးလုပ်ငန်းတွေမှာလည်း သူတို့အနေနဲ့ အသိပညာတွေ ထိုင်သင့်သလောက်ရသွားတဲ့အခါ ဘာတွေဆက်လုပ်ရမလဲ၊ ဘယ်လိုတွေ ကိုယ့်ကိုကိုယ် ကာကွယ်ရမလဲဆိုတာမျိုးတွေ  သိသွားကြတယ်။ ၂ ခုစလုံးကိုတော့ကျေနပ်မှုရှိပါတယ်။

HI – တပ်တွင်းကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဇနီးတွေရဲ့တိုက်တွန်းမှုက ဘယ်လောက်အထိအရေးပါလဲ။

ပိတောက်ဖူး – တချို့ကကျတော့လည်းတားတယ်၊ ဆွဲတယ်၊ မလုပ်ပါနဲ့ဆိုရင် ယောက်ျား ကလည်း ဆက်ပြီးတော့ လုပ်ဖို့ရာအင်အားမရှိဘူး။ တချို့ကကျတော့လည်း အားပေးတယ်။ အားပေး တယ် ဆိုရင်တော့သူ့ရဲ့ Defection (ဘက်ပြောင်းခိုလှုံမှု) ကဖြစ်မြောက်သွားတယ်။

အမျိုးသမီးတယောက်ရဲ့အခန်းကဏ္ဍက အင်မတန်မှအရေးကြီးတယ်။ မိဘကပြောရင်တောင်မှ လက်ခံချင်မှ လက်ခံမှာ၊ ဒါပေမဲ့ အမျိုးသမီးကပြောရင် တော်ရုံတော့ လက်ခံကြတာတော့ များတယ်။

HI  – ပိတောက်ဖူးအဖွဲ့အနေနဲ့ အမျိုးသမီးတွေကိုရှေ့ထုတ်တာ၊ ကိုယ်တိုင်လည်း အမျိုးသမီးတဦးအနေနဲ့ ဦးဆောင်ပြီးလုပ်ကိုင်နေတဲ့အခါမှာ ဘယ်လိုမျိုး ဝေဖန်တိုက်ခိုက်တာမျိုးတွေ ကြုံရလေ့ရှိလဲ။

ပိတောက်ဖူး – အဓိကကတော့ စကစ ဘက်က    အမျိုးသမီးတွေကို စစ်တပ်မှာတုန်းက ဘယ်လိုဆိုပြီးတော့   ပုံပြန်ဖျက်တဲ့ အပိုင်းတွေ ကြုံရတယ်။ တချို့လူတွေဆိုလည်းစိတ်ဆိုးတယ်။ ကိုယ်လည်း မဟုတ်ဘဲနဲ့ဆိုပြီး။ ကျမကိုယ်တိုင်လည်းအရင်တုန်းကဆိုရင် Comment  အများကြီးကို ဖတ်ရတဲ့အချိန်မှာ လူကလေ လှုပ်တောင်မလှုပ်နိုင်ဘူး။ ငါလည်းမဟုတ်ဘဲနဲ့ ဒီလိုမျိုး ပြောခံရလေခြင်း ဆိုပြီးတော့။

ဒါပေမဲ့ နောက်ပိုင်းမှာညီအစ်မတွေကလည်း ဒီလိုပြောတယ်ဟေ့ဆိုရင် ဒါအောင်မြင်တာပဲဆိုပြီးတော့ ခံယူလိုက်တယ်။ နောက်တခုကကျတော့ ဘာလဲဆိုတော့ ကျမတို့ထိတွေ့ဆက်ဆံရတာ ဖိုဝါဒကြီးစိုးတဲ့ ဒေသက လာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တချို့သော အမျိုးသမီးခေါင်းဆောင်မှုတွေမှာ အင်မတန် အဟန့်အတားဖြစ်စေတယ်။ အခက်ခဲတွေစိန်ခေါ်မှုတွေ ဆိုင်ခဲ့ရတယ်။ တိုက်ခိုက်မှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ကျမပြောရင်မလုပ်ချင်ဘူး။ ဒါပေမဲ့ ပုဆိုးဝတ်ထားတဲ့ ယောက်ျား၊ ဥပမာ သူတို့စစ်တပ်တုန်းက ဆိုရင်တော့ ဗိုလ်ကြီးပေါ့၊ သူတို့ရဲ့ဗိုလ်ကြီးကပြောရင်တော့လုပ်ချင်တယ်။ အဲ့လိုမျိုးကိစ္စတွေလည်း အများကြီးကြုံခဲ့ရတယ်။

HI – တော်လှန်ရေးအသိုင်းအဝိုင်းနဲ့ ပြည်သူတွေရဲ့ အမြင်ကရော CDM စစ်သား ဇနီးတွေကို ဘယ်လို မြင်ကြလဲ။

ပိတောက်ဖူး – ကျမတို့အခုနောက်ပိုင်းဆိုရင်တော့ စကားဝိုင်းတွေပြန်ပြီးတော့လုပ်ဖြစ်တယ်။ အရင်ကတော့ ကျမတို့နည်းနည်းတိတ်သွားတဲ့အချိန်ရှိခဲ့ဖူးတယ်။ ၂လ၊ ၃လလောက်ပေါ့။ အဲ့ဒါလည်း ခြေကုန်လက်ပန်းကျလာတာ။ အခုဆိုရင် ၅နှစ်လောက်ရှိပြီဆိုတဲ့ အခါကျတော့ ဆက်ပြီးပြောဖို့ရာ လည်း မပြောချင်တော့ဘူးဆိုပြီးတော့ အားကုန်ခမ်းရတဲ့အခါမျိုးတွေရှိခဲ့တယ်။ အခုဆက်ပြီးပြောတဲ့ အခါမှာ သူတို့ဘက်ကလည်းဆက်ပြီးတော့ တိုက်ခိုက်တယ်။

ဒါပေမဲ့ အားပေးတဲ့ ပြည်သူလူထုတွေလည်းရှိတယ်။ ကျမတို့ တပ်တွင်းက အဖြစ်မှန်အစစ်မှန်တွေကို ဖော်ထုတ်တယ်၊ ပြောပြတယ်။ ဒါတွေက မလိုဘူးလားမေးရင်  လိုတယ်။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်ကမှ စကားဝိုင်းတခုလုပ်ခဲ့တဲ့ အထဲမှာဆိုရင် ဘဏ်စုငွေတို့၊ ဦးပိုင်တို့၊ အသက်အာမခံ ကြေးတို့နဲ့ ပတ်သက်တဲ့အကြောင်းတွေ အမျိုးသမီးတွေပြောပြတယ်။ ဒီဟာတွေက စကစ ကလူတွေက သူတို့ကိုဖိနှိပ်ထားတယ်ဆိုတာကို သိသိရက်နဲ့ ခံနေရတာ။ ဒါကိုလည်း ကျမတို့ ခဏခဏမီးမောင်း ထိုးပြတယ်။ သို့သော် အမြင်မှန်တော့မရကြသေးဘူး။

တဖက်မှာ ပြည်သူလူထုတွေက အရမ်းအားပေးကြတယ်။ နောက်တပ်တွင်းကချိုးဖောက်မှုတွေ အမျိုးသမီးတွေ ဘယ်လိုချိုးဖောက်ခံရတယ်ဆိုတာမျိုး။ ကျမဖတ်ရတဲ့ အကြောင်းအရာတခုဆို သူက ကျမတို့စကားဝိုင်းကို နားထောင်လိုက်တယ်။ ပြီးတဲ့အခါမှာ တပ်တွင်းကို သူအဆက်အသွယ်ရှိတဲ့လူကို ကျမတို့ပြောတာဟုတ်သလားပေါ့၊ ဟုတ်တယ်ဒါကအမှန်ပဲလို့ ပြန်ပြောတဲ့အခါမှာ သူတို့မသိခဲ့ပါလား၊ အဲ့လိုမျိုးလည်းကြုံရတယ်။ သူတို့မသိသေးတာတွေ သိရတဲ့အတွက် တချို့ကလည်း ချီးကျူးကြတယ်။

နောက်တခုကျတော့ စကစဘက်က CDM ဝင်လာတဲ့သူတွေကိုဆို မယုံဘူးဆိုတဲ့ အုပ်စုကလည်း သပ်သပ်ရှိတယ်။  ဥပမာကျမတို့တွေ  ဘာပဲပြောပြော စကစ ကထွက်လာတဲ့လူတွေဟေ့ဆိုရင် ဒါတွေကဟန်ဆောင်ပြီးပြောနေတာ ထမင်းစားကောင်းအောင်ပြောနေတာ၊ အနေအစားချောင်အောင် ပြောနေတာဆိုပြီး  ပြောတဲ့ တဖွဲ့ကလည်းသပ်သပ်ရှိတယ်။ တကယ်တော့ စကစထဲက CDM လုပ်လာတဲ့သူတွေက သူတို့ပြောသလို ၁၀၀ ရာခိုင်နှုန်း မှန်မနေဘူး။

ဘာကြောင့်လဲဆိုတော့ အိုးပစ်အိမ်ပစ်၊ မိသားစုပစ်၊ အရာအားလုံးပစ်ပြီးတော့  မိသားစုလိုက်ကြီး ထွက်လာတဲ့သူတွေက ဒလန် လုပ်ဖို့လည်းမလွယ်ကူဘူး။ သစ္စာဖောက်ဖို့လည်းမလွယ်ကူဘူး။ အရမ်းကြီး ခက်ခဲရင်တောင်မှ တောင့်ခံနေကြတဲ့လူတွေအများကြီးပဲ။ ဝါးလုံးရှည်နဲ့သိမ်းကျုံးပြီးတော့ စကစထဲကထွက်လာတဲ့သူတိုင်း မယုံရဘူးဆိုတဲ့ အသံကောင်းဟစ်တယ်ဆိုရင် တဖက်အုပ်စုမှာလည်း ခံစားရတယ်။ ကိုယ့်ရဲ့ယုံကြည်ချက်၊ ကိုယ့်ရဲ့ရပ်တည်ချက်ကို အပြောဆိုခံနေရတယ်ဆိုရင်၊ ဘယ်သူ ကမှ  ချီးကျူးခံချင်လို့ CDM လုပ်ခဲ့ကြတာတော့မဟုတ်ဘူး။

ကိုယ့်ရဲ့ခံယူချက်၊   ယုံကြည်ချက် မတရားမှုကိုလက်မခံလို့ CDM လုပ်ခဲ့ကြတာဖြစ်တယ်။ အဲ့ဒါကိုမှ  မယုံဘူးဆိုပြီး ကျမတို့ စကားဝိုင်းဆွေးနွေးပွဲတွေရဲ့ Comment မှာ လာပြောတာတွေ အများကြီး တွေ့ရတယ်။ အဲ့ဒါတွေကိုလည်း ရှုံ့ချပါတယ်။ Public မှာ အဲ့လိုမျိုးတွေပြောတဲ့အခါကျတော့ တဖက်က ယုံကြည်ချက်၊ ခံယူချက်နဲ့ လုပ်လာတဲ့သူတွေလည်း ခံစားရတယ်။

HI –  လက်ရှိအချိန်ထိ စကားဝိုင်းတွေပြုလုပ်နေတာလည်းတွေ့ရတယ်။ CDM စစ်သား ဇနီးတွေ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ မသိသေးတဲ့ ဘယ်လိုအကြောင်းအရာတွေကို ဖော်ထုတ်ပြောကြားနိုင်ခဲ့လဲ။ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေ ရှိမလား။

ပိတောက်ဖူး – ကျမတို့နေ့စဉ်နဲ့အမျှ  စကားဝိုင်းလုပ်တဲ့အခါမှာတော့ အဓိက သိသင့်တဲ့ ဟာကို ဖော်ထုတ်တယ်၊ ပြောကြတယ်။ ဝါဒမှိုင်းကို တိုက်ဖျက်ချင်တာပေါ့။  ဝါဒါမှိုင်းတွေ တိုက်ထားလို့သာ ပြည်သူလူထုကို မဲမဲမြင်တာနဲ့ ပစ်သတ်နိုင်တာပေါ့။ ဝါဒမှိုင်းတွေမရှိဘူးဆိုရင်တော့ ပစ်သတ်ဖို့ အင်မတန် နည်းသွားမှာ၊ အဲ့ဒီအတွက်ကျမတို့ ဝါဒမှိုင်းနဲ့ပတ်သက်တာတွေ ချေဖျက်ဖို့ အကြောင်းအရာ တွေတော့ အစဉ်တစိုက် အမြဲတမ်းစဉ်းစားပါတယ်။

HI  – တော်လှန်ရေးကာလ  ၅နှစ်ကျော် ကြာလာတဲ့အချိန်အထိ CDM ပြုလုပ်လာကြ သေးတဲ့ တပ်မိသားစုတွေရှိနေတုန်းပဲလား။

ပိတောက်ဖူး – အခုနောက်ပိုင်းနှစ်တွေကတော့ နည်းတော့နည်းသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ တဖက်မှာလည်း သူတို့ကိုလက်ခံပါဦးမလားဆိုပြီးတွေးတာမျိုးရှိတယ်။ သူတို့ဘာသာ သူတို့ပဲ ထွက်ပြေးသွားကြတာမျိုးတွေလည်းရှိကြည့်ရှိလိမ့်မယ်။ ဟိုအရင်ကတော့ များခဲ့တယ်။ ဒီဘက် နောက်ပိုင်းနှစ်တွေတော့ နည်းလာပြီလို့တော့ သုံးသပ်လို့ရတယ်။ CDM လုပ်ဖို့ ဆက်သွယ် လာတာ မျိုးတော့ ဒီနေ့အထိရှိတယ်။

HI – အဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ CDM စစ်သားဇနီးတွေ၊ CDM စစ်မေ အမျိုးသမီးတွေအနေနဲ့ အရင်တုန်းက တပ်တွင်းမှာနေခဲ့စဉ်က စစ်တပ်ရဲ့ ဖိုဝါဒကြီးစိုးမှုအောက်မှာ ဘယ်လိုခွဲခြားဆက်ဆံမှုနဲ့၊ ဖိနှိပ်မှုတွေကိုကြုံတွေ့ခဲ့ကြရတာကိုတွေ့ရလဲ။

ပိတောက်ဖူး – သူတို့ချိုးဖောက်ခံရတာတော့ အများကြီးပဲ။ စစ်သားတယောက်က ရှေ့တန်း သွားတဲ့ အခါဖောက်ပြန်ကြတာများတယ်။ ဥပမာ နောက်တန်းမှာ ကျန်ခဲ့တဲ့ ရဲမေကသူလည်း အရွဲ့တိုက်ပြီးပြန်ဖောက်ပြန်လိုက်တယ်ဆိုရင် အပြစ်ပေးအရေးယူခြင်းက ရဲမေအပေါ်မှာပိုများတယ်။

 စကစ စစ်သားကိုတော့ အပြစ်ပေးအရေးယူတာမျိုးတွေလည်းရှိသလို၊ အပြစ်ပေး အရေးမယူတာမျိုး တွေလည်း ရှိတယ်။ သူတို့ရဲ့တရားရေးမှာကိုက အမျိုးသမီးဘက်ကို ပိုပြီးတော့ ဖိနှိပ်တာမျိုး ဖြစ်တယ်။  နောက်တခုကျတော့ အမျိုးသမီးတယောက်က သူ့ယောက်ျားနဲ့ရန်ဖြစ်ပြီးတော့ အိမ်ပေါ်ကဆင်းသွားပြီး တပ်ထဲကို ပြန်လာတဲ့အခါကျရင် သူ့ကိုတပ်က ဘာလုပ်လည်းဆိုတော့ မြက်ရှင်းခိုင်းတယ်။ နေရာ အကျယ်ကြီးမှာ သူတယောက်တည်းမြက်ရှင်းခိုင်းတယ်။ ယောက်ျားနဲ့ရန်ဖြစ်ပြီးတော့ ယောက်ျားကို စိတ်ဆိုးပြီးထွက်သွားတဲ့ အမျိုးသမီးတယောက်ကို နောက်မလုပ်ရဲအောင် အပြစ်ပေးအရေးယူတဲ့ သူတို့ရဲ့တရားစီရင်ရေးစနစ်က အမျိုးသမီးတွေဘက်မှာရှိမနေဘူး။

နောက်တခုကကျတော့ အပျိုလေးတယောက်က စစ်ဗိုလ်တယောက်နဲ့ချစ်ကြိုက်မိပြီး ဒီစစ်ဗိုလ်က မယူတော့ဘူးဆိုတဲ့အခါမှာ သူ့ကို ကာမလိမ်လည်မှုနဲ့တိုင်ချင်ရင် သူတို့ကို အသေးစိတ်ပြောပြရမယ် ဆိုတာမျိုး၊ အဲ့အခါကျ  စကစ ယောကျာ်းတအုပ်ကြီးက ဝိုင်းစစ်မှာကို မိန်းကလေးက ကြောက်ပြီးတော့ မတိုင်ရဲတော့ဘူး။ အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ အမျိုးသမီးတွေဆိုလည်းထိုနည်းလည်းကောင်းပဲ၊ အမျိုးသမီးဘက်ကို မျှတတဲ့တရားစီရင်ရေးသူတို့မှာရှိမနေဘူး။

HI – တပ်အတွင်းမှာနေခဲ့တုန်းက မှီခိုသူအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသမီးတွေဟာ ခင်ပွန်းတွေနဲ့အတူCDM ပြုလုပ်ပြီးနောက်ပိုင်း သူတို့ရဲ့အမြင်တွေ၊ လုပ်နိုင်စွမ်းတွေ ဘယ်လောက်အထိ ပြောင်းလဲလာတာကိုတွေ့ရလဲ။

ပိတောက်ဖူး – အရင်ကဆိုရင် အမျိုးသမီးတွေက မှီခိုဆိုတဲ့ အတွေးအခေါ်ပဲရှိတယ်။ ဒါပေမဲ့ ဒီဘက်ကိုရောက်တဲ့အခါမှာ အသိပညာပေးသင်တန်းတွေရတယ်၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည် လာနိုင်တဲ့အခါ သူတို့မှာ ယုံကြည်မှုတွေရလာတယ်။ သူတို့အမျိုးသားတွေဘက်က ဘာပြောလဲဆို ကျနော်တို့  ပြည်သူ့စစ်သားဇနီးများပဲဖြစ်ချင်တော့တယ်၊ ပြည်သူ့စစ်သား မဖြစ်ချင်တော့ဘူးဆိုပြီး တောင်ပြောကြတယ်။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ အင်မတန်တိုးတက်လာတာ တွေ့ရ တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ချလာနိုင်တယ်။ မိသားစုထဲမှာ ယောက်ျားကနေရာပေးလာတာမျိုးတွေ ခံလာရတယ်။ အဲ့လိုပြောင်းလဲမှုတွေတော့ဖြစ်လာပါတယ်။

HI  – စစ်အာဏာရှင်စနစ်ပြိုကျဖို့တင်မကဘဲ ဖိုဝါဒကိုပါတိုက်ဖျက်ဖို့အတွက် ပိတောက်ဖူးအဖွဲ့ အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေလဲ။

ပိတောက်ဖူး – ကျမတို့ကတော့ စစ်အာဏာရှင်မပြုတ် မကျခြင်းတော့ ပါဝင်နိုင်တဲ့ အတိုင်း အတာ၊ ပါဝင်ခွင့်ရတဲ့အချိန်အထိ၊ ဥပမာ – စားဝတ်နေရေးအရမ်းခက်ခဲနေရင်လည်း ဒါကို လုပ်ဖို့ရာ ခက်ခဲတယ်။ ပါဝင်နိုင်တဲ့အချိန်တခုထိ ပါဝင်သွားမယ်။ အမျိုးသမီးတွေကိုလည်း အမြဲတမ်း စုစည်းနိုင်ဖို့အတွက် ဆက်ဆံရေးတွေ တည်ဆောက်ရတယ်။ သူတို့ကို ဂရုစိုက်ရတယ်။

အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေပဲဆက်လုပ်ဖြစ်သွားမှာပါ။ စကစ မပြုတ်ကျမခြင်းတော့ တပ်တွင်းမှာရှိနေသေးတဲ့ အမျိုးသမီးတွေပြောင်းလဲအောင်တိုက်တွန်း နှိုးဆော်တိုက်တွန်းတဲ့ အလုပ် တွေ ဆက်ပြီးလုပ်ဖြစ်သွားမှာပါ။ ကျမတို့ သင်တန်းတွေပေးနေတာရှိတယ်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေရှိမယ်။ အဲ့ဒါတွေကတော့ စစ်အာဏာရှင်မပြုတ်ကျမချင်း ဆက်ပြီးတော့ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။