၈၈ မျိုးဆက် အမျိုးသမီးများ

အမျိုးသမီးနဲ့ နိုင်ငံရေး မအပ်စပ်လို့ ယူဆခဲ့တဲ့ ခေတ်ကို ဖြတ်သန်း ခဲ့ရတဲ့ ၈၈ မျိုးဆက် အမျိုးသမီးတွေ

ခင်ဘုန်းမို့

ရှစ်လေးလုံးအရေးတော်ပုံဟာ ၃၈ နှစ်တိုင်ခဲ့ပါပြီ။ ဒီအရေးတော်ပုံအတွင်း စစ်အာဏာရှင်ကို တွန်းလှန် ခဲ့ကြတဲ့ မျိုးဆက်တိုင်းဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်ဒဏ်ရာတွေနဲ့ မကင်းခဲ့ပါဘူး။

အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်ညှင်းပန်းနှိပ်စက်မှုစတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရပါတယ်။ ဒီအတွေ့အကြုံတွေဟာ စိတ်ဒဏ်ရာအဖြစ် နှလုံးသားတနေရာမှာ ကိန်းအောင်ခဲ့ကြပါတယ်။

အာဏာရှင်တကျော့ပြန်လာချိန်မှာတော့ ကိန်းအောင်နေခဲ့တဲ့ စိတ်ဒဏ်ရာနဲ့အတူ အာဏာရှင်ကို အမြစ် ဖြတ်လိုစိတ်တွေဟာလည်း ဒဏ်ရာဟောင်းနဲ့အတူထွက်ပေါ်လာခဲ့ကြပြန်ပါတယ်။

အနာဂတ်မျိုးဆက်တွေအပေါ်  အာဏာရှင်စနစ်ဆိုး ဆက်လက်မကျန်ရစ်စေဖို့အတွက် တချိန်က မျိုးဆက်ဟောင်းတွေဟာလည်း နွေဦးတော်လှန်ရေးကိုပါဝင်အားဖြည့်နေကြပါတယ်။

ရှစ်လေးလုံးမှာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့စိတ်ဒဏ်ရာတွေက ဘယ်လောက်ထိဆိုးဝါးခဲ့ပြီး ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ၊ အတိတ်ကကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး မျိုးဆက်သစ်တွေအတွက် အကြံပေးစကားသံတွေကို  HI – Honest Information က အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်နှင်းနှင်းမွှေး

တွဲဘက်အထွေထွေအတွင်းရေးမှူး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ရှစ်လေးလုံးကာလမှာ ကျမက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တဦး အနေနဲ့ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂကနေပြီးတော့  ပါဝင်ခဲ့ပါတယ်။

ရှစ်လေးလုံးကာလမှာ ကြုံခဲ့ရတဲ့ အကြောင်းအရာတွေက ပြန်မစဉ်းစားချင်လောက်အောင် စိတ်ထိခိုက် စရာကောင်းတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

ကျမ မှီခဲ့သလောက်ဆိုရင် ၈ရက်၊၈လ ရန်ကုန်မြို့လယ်ခေါင် ဆူးလေမှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတဲ့ ပြည်သူလူထုကို စစ်တပ်က ထောင်နဲ့ချီပြီးတော့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

နောက်ပြီးတော့ ကျဆုံးတဲ့သူတွေရော၊ မကျဆုံးသေးပဲနဲ့ မသေမရှင်ဖြစ်နေတဲ့ သူတွေကိုပါ ကျင်းထဲမှာ မြုပ်တာတွေလည်း ရှိခဲ့တယ်။ စစ်တပ်ရဲ့ဆိုးယုတ်မှုတွေက ကျမတို့ရဲ့ရင်ထဲ အသည်းထဲမှာ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တဲ့ အင်မတန်မှ ရင်နာကြေကွဲစရာကိုခံစားရင်းနဲ့ တပြိုင်နက်ထဲမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မှ ဖြစ်မယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ ဖြတ်သန်းမှုတွေ ဖြစ်ပါတယ်။

၈၈ ကာလဖြစ်ပြီတော့ လူသတ်မှုတွေ  အမျာအပြားကို ကြုံခဲ့ရတယ်။ စက်တင်ဘာ ၁၈ အာဏာသိမ်း တဲ့အခါမှာ ကျမတို့ရဲ့ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်ဖြုတ်ချတာ၊ သေနတ်နဲ့ချိန်ထားပြီး ပစ်သတ်မယ် လို့ ခြိမ်းခြောက်တာမျိုးတွေကြုံခဲ့ရတယ်။

နောက်ပိုင်းမှာတော့ ပါတီတွေ ထောင်ခွင့်ရတဲ့အချိန်မှာ လူ့ဘောင်သစ်ဒီမိုကရက်ပါတီကို ဝင်ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့လိုအချိန်ကာလမှာ ဘယ်သူတွေ နိုင်ငံရေးလုပ်တယ်ဆိုတာ ထင်ထင် ရှားရှား မြင်ရတဲ့ အခြေအနေ မျိုးဖြစ်တယ်။ နောက်တခုက အမျိုးသမီးတွေ နိုင်ငံရေးလုပ်ရင် ပိုပြီး တော့ သိသာထင်ရှားတဲ့ အခြေအနေဖြစ်တယ်။

အဲ့လိုမျိုးဆိုတော့ ညညဆိုရင် စစ်ကားတွေက အမြဲတမ်း ကျမတို့အိမ်ရှေ့နားမှာ လာပြီးတော့ သူတို့ရဲ့ ကြေညာချက်တွေကို လော်စပီကာတွေနဲ့ အကျယ်ကြီးဖွင့်တာ၊ အိမ်ပေါ်ကို စစ်ဖိနပ်တွေနဲ့တက်ပြီးတော့ တအိမ်လုံးမွှေနောက်ရှာဖွေတာ၊ ကျမကိုလည်း စစ်ကြောရေးကိုခေါ်သွား၊ ရဲစခန်းမှာအချုပ်ခံရ၊ နောက်ဆုံးထောင်ကျ၊ ဒါမျိုးတွေဖြစ်တဲ့အခါကျတော့ ကားသံကြားရင် အိမ်ထဲကို ဝင်ရှာတော့မယ်ဆိုတဲ့ စိတ်ခံစားချက်ဖြစ်ရတယ်။ ခွေးဟောင်သံကြားရင်လည်း အိမ်ကိုလာနေပြီလားဆိုတာမျိုးဖြစ်ရတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာက ယုံကြည်ချက်ကြောင့် လုပ်တာတော့ဖြစ်ပါတယ်။ သို့သော်လည်း အချိန်မရွေး လက်လွတ်စပယ် ဝင်ရောက်ဖမ်းဆီးရှာဖွေနိုင်တဲ့ အခင်းအကျင်းမျိုးရှိသလို ငယ်ရွယ်တဲ့ အမျိုးသမီးလည်း ဖြစ်တဲ့အခါကျတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းမလုံခြုံမှုတွေ အများကြီးဖြစ်ရတယ်။ အဲ့ခံစားချက်မျိုးက အခုချိန်တောင်    တခါတခါပြန်ဖြစ်တယ်။

တကယ်တမ်းဆို ရှစ်လေးလုံးက ဒီနှစ်ဆိုရင် ၃၈ နှစ်ပြည့်ပြီ။ ၃၈ နှစ်ဆိုတဲ့အချိန်ကာလက နည်းတဲ့ ကာလမဟုတ်ပါဘူး။ ဒါပေမဲ့  ကျမတို့ဆီမှာရခဲ့တဲ့ စိတ်ခံစားချက်တွေက လုပ်ငန်းတာဝန်တွေကို လုပ်နေရင်း၊ နိုင်ငံရေးအတွေ့အကြုံတွေ ဖြတ်သန်းနေရင်းတောင်မှ ဖြတ်ခနဲသတိရတဲ့ကိစ္စတွေ ရှိပါတယ်။

ကျမအနေနဲ့ဆိုရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာထက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်တယ်လို့ ပြောလို့ရမလားတော့မပြောတတ်ပါဘူး။ ကျမကိုဖမ်းဆီးတဲ့အချိန်မှာ အမျိုးသမီး ရဲမေတွေ လုံးဝမပါပါဘူး။ အမျိုးသားတွေ အများကြီးလာရောက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်တာ ဖြစ်တယ်။

ပထမတကြိမ်ဖမ်းဆီးခေါ်ဆောင်တဲ့ အချိန်တုန်းကဆိုရင်လည်း အမျိုးသမီးအချုပ်မရှိတဲ့ ရဲစခန်းမှာ စပြီးချုပ်ထားတယ်။ အမျိုးသားအချုပ်သားတွေရဲ့ရှေ့မှာ ကျမငုတ်တုတ်ထိုင်နေရတာမျိုး၊ အမျိုးသမီး ရဲမေရှိဘဲနဲ့အမျိုးသားရဲတွေကပဲ ကျမကို တချိန်လုံးစောင့်ကြည့် စစ်ဆေးတာမျိုးတွေကိုကြုံခဲ့ရတယ်။ ထောင်ကျပြီးတဲ့အခါကျတော့လည်း အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ မကြားတကြားပြောဆိုတာတွေ၊ နိုင့်ထက်စီးနင်း ပြောဆိုတဲ့ ကိစ္စတွေကိုကြုံရပါတယ်။ 

ဒုတိယတကြိမ်ထောင်ကျတဲ့ အချိန်မှာလည်း ကြုံရတယ်။ စစ်ကြောရေးဝင်တဲ့အချိန်ဆို အိမ်က မိသားစုဝင်တွေကို တခုခုလုပ်လိုက်မယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုမျိုး၊ ညဉ့်နက်သန်းခေါင်မှ နိုးပြီးတော့ စစ်ကြောရေးဝင်တာ၊ အမျိုးသမီးအဖော်မရှိဘဲနဲ့စစ်ဆေးမေးမြန်းတာ၊ အစာရေစာ မကျွေးဘဲနဲ့ စစ်ဆေးတာ အဲ့လိုမျိုးစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်တဲ့ ကိစ္စတွေတော့ အများကြီးကြုံခဲ့ရပါတယ်။

အဲ့ဒီကာလ နိုင်ငံရေးမှာ ပါဝင်တဲ့  အမျိုးသမီးအနေနဲ့လည်း အဖေက နိုင်ငံရေးအဝန်းအဝိုင်းကသူ ဖြစ်တဲ့အခါကျတော့ ကျမရဲ့နိုင်ငံရေးလုပ်ဆောင်မှုကို အားပေးတဲ့အထဲမှာပါပါတယ်။ ဒါပေမဲ့ အမျိုးသမီးနဲ့နိုင်ငံရေးဆိုတာက သိပ်ပြီးတော့ အပ်စပ်တယ်လို့မယူဆတဲ့ ခေတ်ကာလမျိုးဖြစ်ခဲ့တော့ ပတ်ဝန်းကျင်အနေနဲ့ မိန်းကလေးတွေက ထောင်ကျတန်းကျခံပြီးတော့ နိုင်ငံရေး ဘာလို့နေလဲဆိုတဲ့ ပြစ်တင်မှုမရှိရင်တောင်မှပဲ နားမလည်နိုင်တဲ့ ပုံစံမျိုးတွေနဲ့ ဆက်ဆံတာမျိုးတွေလည်း ကြုံရတယ်။ 

ထောင်ထဲမှာ ဆန္ဒပြလို့ ရိုက်နှက်နေပူလှမ်းပြီး တခြားအကျဉ်းထောင်ကိုရွေ့တဲ့ ကိစ္စမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။ အဲ့ဒီတုန်းကရခဲ့တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ   ဒဏ်ရာဒဏ်ချက်တွေဆိုရင် အခုချိန်ထိ ခံစားရတာမျိုးတွေရှိတယ်။

ကျမကြုံခဲ့ရတဲ့ စိတ်ပိုင်းပဲဖြစ်ဖြစ်၊ရုပ်ပိုင်းပဲဖြစ်ဖြစ်၊ ဒဏ်ရာဒဏ်ချက်တွေကို ကျမက လက်တွေ့ အလုပ်တွေထဲမှာ ကိုယ့်ရဲ့ယုံကြည်ချက်ကို မြှုပ်နှံလုပ်ဆောင်ရင်းနဲ့ပဲ ဒါတွေကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစား ပါတယ်။ ကျမတို့ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေမျိုးတွေကို နောင်လာနောင်သားတွေ၊ နောက် မျိုးဆက်တွေကို ရင်ဆိုင်မကြုံတွေ့ရအောင် ကျမတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ခံစားချက်၊ ယုံကြည်ချက်နဲ့ပဲဆက်ပြီးတော့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကို ဖြတ်သန်းရတဲ့အချိန်မှာ အရင်တုန်းကခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက ပြန်ပေါ် လာတယ်ဆိုတာထက်ကို နည်းနည်းလေးပိုမယ်လို့တော့ ပြောလို့ရနိုင်ပါတယ်။  နွေဦးတော်လှန်ရေး ကာလမှာ လူငယ်အများစုက မတရားမှုကို ငုံ့မခံဘူးဆိုတဲ့စိတ်နဲ့ တော်လှန်ရေးထဲမှာ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ကျမတို့တုန်းကတော့ နိုင်ငံရေးကို လုပ်ကိုလုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ခံစားချက်၊ ယုံကြည်ချက်နဲ့ လုပ်ခဲ့ကြတာဖြစ်တဲ့ အခါကျတော့ တူသလိုနဲ့ မတူတာလေးတွေလည်းရှိတယ်။

ဒါပေမဲ့ သေချာတဲ့ အချက်ကတော့ စစ်အာဏာရှင်တွေက အပေါင်းများစွာပိုပြီးတော့ ဆိုးဝါး ယုတ်မာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်၊ စော်ကားမှုတွေ လုပ်တယ် ဆိုတာကို ကြားသိ ရတဲ့ အခါမှာ ကျမတို့ကြုံခဲ့ရတဲ့အခြေအနေထက်တောင် အများကြီးပိုဆိုးလာတယ် လို့မြင်ရတယ်။

ဒါမျိုးတွေကို မြင်ရကြားရ၊ သိရတဲ့အခါတိုင်းမှာ စိတ်ထဲမှာ တော်တော်ကိုပဲ မချမ်းမမြေ့ဖြစ်ရတယ်။ ဒါမျိုးတွေကို ဆက်ပြီးတော့ မကြုံရအောင် ငါတို့ဆက်ပြီးတော့ အလုပ်လုပ်ဖို့လိုတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်းပိုပြီးတော့ဖြစ်လာပါတယ်။

ကိုယ့်နိုင်ငံရဲ့စနစ်ပြုပြင်ပြောင်းလဲဖို့ ကောင်းမွန်ဖို့အတွက် ကြိုးစားတဲ့နေရာမှာ ဝိုင်းဝန်းပြီးတော့ တတ်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်သယ်ပိုးကြဖို့ လိုတယ်လို့  ယူဆပါတယ်။

အမျိုးသမီးနဲ့နိုင်ငံရေးဟာ မသက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းကတော့ ယောကျ်ားလေးတွေက နိုင်ငံရေးလုပ်ကြလိမ့်မယ်၊ အမျိုးသမီးတွေက ငါတို့နောက်ကနေ ဝန်းရံပံ့ပိုးပေးရင် တော်ပြီပေါ့ဆိုတဲ့ အယူအဆက ခေတ်ကုန်သွားပြီ၊ ကျန်ခဲ့ပြီလို့ မြင်ပါတယ်။ 

နွေဦးတော်လှန်ရေးစတဲ့အချိန်မှာ ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲဆိုပြီးတော့ လမ်းမပေါ်ကို ထဘီအလံထူပြီး ထွက်လာခဲ့ကြတဲ့ အချိန်မှာ လူထုရဲ့ရင်ထဲကို ပြက်ပြက်ထင်ထင် ထိုးသွင်းနိုင်ခဲ့တဲ့ ကိစ္စကတော့ တော်လှန်ရေးက အားလုံးနဲ့သက်ဆိုင်တယ်၊ အမျိုးသမီးတွေက ဟိုးအရင်တုန်းကလို နောက်မှာချန်နေခဲ့လို့မရတော့ဘူး။  အကုန်လုံးအတူတကွ တော်လှန်ကြတော့မှ ခေါင်းဆောင်မှုနေရာ မှာရော၊ ကျန်တဲ့နေရာအသီးသီးမှာ ပါဝင်ကြတော့မှသာလျှင် အောင်မြင်လာလိမ့်မယ်။ အောင်မြင်မှ သာလျှင် ကျွန်မတို့ရဲ့နောင်လာနောင်သား မျိုးဆက်တွေကို အခုလိုမျိုး အင်မတန်ရက်စက်ပြီးတော့ ရင်နာဖွယ်ကောင်းတဲ့၊ ကြမ်းတမ်းတဲ့အဖြစ်မျိုးတွေ မကြုံဖို့အတွက် ကျမတို့တော်လှန်ရေးကို အပြီးသတ်အောင် ဆောင်ရွက်ရမှာဖြစ်တယ်။

ဒေါ်မာလာ 

NLD ပါတီဝင်

ရှစ်လေးလုံးအရေးတော်ပုံကြီး မရောက်ခင် ရှေ့မှာဖြစ်ခဲ့တဲ့  ငွေစက္ကူဖျက်သိမ်းတဲ့ကိစ္စတွေ၊ ကျောင်းသား ဖုန်းမော်ကျဆုံးတဲ့ ကိစ္စတွေ ရင်ထဲမှာ မကောင်းဖြစ်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ  နိုင်ငံရေးဆိုတာကို ဒီလောက်မသိသေးဘူး။

အဲ့ဒီအချိန်မှာတော့ ကျမက တက္ကသိုလ်ဒုတိယနှစ်တတ်နေတဲ့ အချိန်ဖြစ်တယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ စစ်အာဏာရှင်စနစ်ကြီးဟာ ကိုယ့်နိုင်ငံအတွက် မကောင်းဘူးဆိုတဲ့ အသိတခုပဲရှိနေတယ်။ တက္ကသိုလ် ကျောင်းသူတဦးအနေနဲ့  ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတဲ့အခါမှာ ဒီအရေးတော်ပုံက ပါသင့် တယ်ဆိုပြီးတော့  ဆန္ဒပြပွဲတွေမှာပါတယ်။ အိမ်က အန္တရာယ်ဖြစ်မှာစိုးလို့မလွတ်ချင်ဘူး။ ဒါပေမယ့် ကိုယ်ကစိတ်အားသန်တဲ့ အခါကျတော့ သူငယ်ချင်းတွေချိန်းပြီးတော့ ဆန္ဒပြတာတွေလုပ်တယ်။ အစာငတ်ခံဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်။

တက္ကသိုလ်ကျောင်းသူတယောက်အနေနဲ့ စစ်အာဏာရှင်ကို မကျေနပ်ချက်တွေ စတင်ခံစားလာရတယ်။  စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့ ငွေစက္ကူတွေဖျက်သိမ်းတဲ့အချိန်မှာ ကျမ မိသားစုက မွေးမြူရေး လုပ်ငန်း လုပ်ကိုင်တယ်။ အကိုတယောက်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အရွေးခံလိုက် ရတော့ နိုင်ငံခြားကိုသွားဖို့ ငွေလိုတော့ မိသားစုလုပ်ငန်းကြက်ခြံက ကြက်တွေအားလုံးကို ထုတ်ရောင်း ပြီးတော့ ဒေါ်လာတွေဝယ်လိုက်တယ်။ နောက် ပြိုင်ပွဲကနေ ပြန်အပယ်ခံလိုက်ရတော့ ဒေါ်လာတွေကို ပြန်ရောင်းလိုက်ပြီးတော့ ငွေတွေကို ကိုင်လိုက်တဲ့အချိန်မှာ ငွေစက္ကူတွေ ဖျက်သိမ်းခံလိုက်ရတယ်။ ကိုယ့်မှာရှိရှိသမျှ အကုန်ချွတ်ခြုံကျသွားတယ်။ တော်တော်လေးဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေတွေ ခံစားခဲ့ရတယ်။  

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားမှာ ဟောပြောတာကို နားထောင် ပြီးတဲ့ နောက်မှာ နိုင်ငံရေးကို စိတ်ဝင်စားလာပြီးတော့ ဒေါ်ခင်ကြည်ဈာပနကနေ နိုင်ငံရေး လမ်းကြောင်းပေါ် ရောက်လာတယ်။ ကိုယ်တတ်နိုင်တာ ဝိုင်းကူမယ်ဆိုတဲ့စိတ်နဲ့ ဒီနေ့အထိပါတီတာဝန်တွေကို ထမ်းဆောင်တယ်။

၈၈၊ ၉၀ကာလတွေမှာ ခဏခဏဖမ်းဆီးလို့ရှောင်တိမ်းရတာတွေရှိတယ်။ ကိုယ့်ရပ်ကွက်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေက ကိုယ်တွေနဲ့တွေ့လို့ စကားပြောရင် သူတို့တွေက ဝန်လေးတဲ့အပြုအမူတွေ ကြုံခဲ့ရတယ်။  ကိုယ်နဲ့စကားပြောရင် သူတို့ကိုထိခိုက်မှာဆိုတဲ့    အပြုအမူကို ခံစားခဲ့ရတယ်။ အဲ့ဒါကတော့ နိုင်ငံရေးရဲ့ ရိုက်နှက်ချက်တွေလို့မြင်တယ်။

ဒါပေမဲ့ ၂၀၁၅ ရောက်တဲ့ အချိန်မှာတော့ ကိုယ်ကတောင်မခေါ်ရဘူး၊ ကိုယ့်ကိုအတင်းလိုက်ခေါ်တဲ့ လူတွေဖြစ်လာတာကိုလည်းကြုံရတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွေမှာလည်း ကိုယ်တိုင် ပါဝင်ခဲ့တယ်။ နိုင်ငံရေးကို ရှစ်ဆယ့်ရှစ်ကစပြီးတော့ ဒီနေ့တိုင်ပါလာတဲ့အခါမှာ ကလေးတွေ ရှေ့တန်း က နေပြီးတော့ အသက်ပေးကာကွယ်နေတာကို ကျမတို့ လျစ်လျူမရှုနိုင်ဘူး။ လိပ်ပြာလုံစွာနဲ့ တော်လှန်ရေးခရီးကြီးကို ဆက်ဖို့အတွက် ဆုံးဖြတ်ပြီးတော့  ယနေ့တိုင် တော်လှန်ရေးခရီးကို ဆက်နေတာဖြစ်တယ်။

ဒေါ်ကလျာ

နိုင်ငံရေးအကျဉ်းသူဟောင်း

၁၉၈၈မှာ    ကျမတို့က ကျောင်းသားဆိုတော့   ကျောင်းထဲက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ ဗကသ ထဲမှာပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေ ပိုပြီးတော့လုပ်ဖြစ်တယ်။  

စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခဲ့တာဆိုရင် ၉ရက်နေ့မှာ အိမ်ကညီမအငယ်ဆုံးက ပျောက်သွားတယ်။     ဆန္ဒပြဖို့ သွားရင်းနဲ့ပျောက်သွားတာ။ ကျမရယ် အမေရယ်က  သူ့ကို လိုက်ရှာတယ်။ လိုက်ရှာတဲ့အခါ ဆေးရုံကြီးကို ရောက်သွားတော့ ဆေးရုံကြီးမှာ ပစ်သတ်ခံထားရတဲ့ အလောင်းတွေကို မျက်စိနဲ့မြင်တွေ့ ခဲ့ရတယ်။ အဲ့ဒီအခြေအနေတွေက အမြဲတမ်းစိတ်ထိခိုက် ခံစားစရာတခုဖြစ်ခဲ့တယ်။ အဲ့ဒီမြင်ကွင်း တွေက အခုချိန်ထိကိုစွဲတယ်။ ဒီတိုင်းနေရင် ပေါ်ချင်မှပေါ်တယ်။  ဒါပေမဲ့ ဘယ်အချိန်မှာ သွားပေါ်လဲ ဆိုတော့ နွေဦးတော်လှန်ရေးဖြစ်တဲ့အချိန်မှာ ပြည်သူတွေကို   ပစ်သတ်တယ်ဆိုတဲ့ သတင်းတွေ တက်လာတယ်။

ကိုယ်တိုင်လည်း ပစ်သတ်ခံရတဲ့    မိသားစုတွေနဲ့တွေ့ပြီးတော့ အင်တာဗျူးတွေလုပ်တဲ့အခါမှာ         နဂိုရှိနေတဲ့ စိတ်ဒဏ်ရာတွေ၊   စိတ်ခံစားချက်တွေကပေါ်တယ်။ ကျမတို့က အဲ့လိုဟာတွေ့တဲ့အခါကျရင် ဒေါသထွက်တယ်၊ ဒေါသနဲ့ပဲတုံ့ပြန်ဖို့ ကြိုးစားတယ်။ စစ်တပ်ကြီးပြုတ်မှရမယ်၊ တိုက်ရမယ်ဆိုတာ သိတယ်။ သူတို့ကို တိုက်တဲ့အခါ ကိုယ်ပဲနစ်နာမယ်၊ ကိုယ်ပဲထောင်ကျမယ်၊ ကိုယ်ပဲဘဝပျက်မယ် ဆိုတာ မသိလို့လား ဆိုတော့သိတယ်။  သို့သော်အဲ့ဒီဟာတွေကို မျက်စိထဲမှာ မြင်ထားရတဲ့အတွက် ကြောင့် ကိုယ့်ကျိုးအတွက်ကြည့်ပြီး ရပ်ရမယ့်အချိန်မှာ မရပ်နိုင်ဘူး။ တခုခုတိုက်ဆိုင်မှုရှိလာရင်    ကျမတို့ကပါချင်လာတယ်၊ ရအောင်ပါတယ်။   

စစ်တပ်ကို ကျမတို့က ဘယ်လိုမှ နားလည်လက်ခံပေးလို့မရဘူး။ ရန်သူတယောက်လိုဖြစ်သွားတယ်။            ကျမတို့  အမြဲတမ်းထိုးနှက်ခွင့်ရမယ့် အခြေမျိုးရောက်လာရင် ထပြီးတော့ ထိုးနှက်ပစ်လိုက်တာပဲ။  အဲ့လိုထိုးနှက်လိုက်တဲ့  အခါကျရင် ကိုယ်က ထွက်ပြေးရတာမျိုးတွေ၊ ပုန်းရှောင်ရတာမျိုးတွေ ဖြစ်မယ် ဆိုတာသိတယ်။ သို့သော် စိတ်က လုပ်ကိုလုပ်ချင်တယ်။ နွေဦးတော်လှန်ရေးမှာ     ပါဝင်နေတဲ့ အမျိုးသမီးငယ်လေးတွေကို လေးစားတယ်။  တနေ့တလံ ပုဂံဘယ်ပြေးမလဲပေါ့။

နှစ်(၇၀)တည်ဆောက်ထားတဲ့ စစ်တပ်ကြီးကို တိုက်ရတယ်ဆိုတာ နံရံကို ခေါင်းနဲ့ဆောင့်ရတာ၊ ဘာပဲပြောပြော ကြမ်းတမ်းမယ်။  နံရံကြီးက ချက်ချင်းကြီးတော့ ပြိုကျမှာမဟုတ်ဘူး။  အဲ့အတွက် ကြိုးစားပါ။  ပြည်သူကိုစည်းရုံးတဲ့အခါကျရင် မျှော်လင့်ချက် အမှားတွေမပေးပါနဲ့ မှန်မှန်ကန်ကန်နဲ့    ကိုယ့်ဘက်ပါလာအောင်၊ ကိုယ်ကဘာဖြစ်လို့ စစ်တပ်ကို တော်လှန်နေရတာလဲဆိုတဲ့ အကြောင်းကို ပြည်သူတွေကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးဖို့လိုတယ်။ ဗမာပြည်မှာ စစ်တပ်ကရှိရမယ်။ သို့သော် အခုရှိနေတဲ့စစ်တပ်ကတော့ မရှိသင့်တဲ့စစ်တပ်။  မရှိသင့်တဲ့စစ်တပ်ကြီးကို ဖယ်ရှားဖြစ်ဖို့ ဆိုရင် မျိုးဆက်သစ်လူငယ်တွေရဲ့အားမာန်တွေလိုတယ်။ ကြိုးစားပါလို့ အမြဲတမ်းအားပေး ထောက်ခံ နေပါတယ်။

သလ္လာဝတီ

NLD လွှတ်တော်ကိုယ်စားလှယ်

ရှစ်လေးလုံးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့  မြို့ကြီးတွေမှာ တပြိုင်ထဲ အထွေထွေ သပိတ်ပေါ်ပေါက်ဖို့ ဆိုပြီးတော့ ကျောင်းသားသမဂ္ဂတွေနဲ့ချိတ်ဆက်ပြီးတော့ လှုံ့ဆော်တဲ့အပိုင်းတွေ၊ လူထုဟောပြောတဲ့ အပိုင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်တို့က NLD ပါတီကို         ထူထောင်လိုက်တဲ့အခါမှာ NLD မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှု အောက်ကနေပြီးတော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။     ရှစ်လေးလုံးကို ဖြတ်သန်းခဲ့တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ ကျမအနေနဲ့က အများကြီး တော့ မရှိခဲ့ပါဘူး။  ဘာဖြစ်လို့လဲဆို ကျမတို့က အဲ့အချိန်မှာ လူငယ်တွေလည်းဖြစ်တယ်။ စိတ်တူ ကိုယ်တူ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ၊အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြတယ်။ လှုပ်ရှားမှုတွေမှာ မိသားစုရဲ့ ပံ့ပိုးကူညီမှုတွေ၊ထောက်ခံ အားပေးမှုတွေ အများကြီးရခဲ့တဲ့ အခါကျတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ သိပ်မရှိခဲ့ပါဘူး။  အနည်းအကျဉ်းတော့ရှိပါတယ်။  

အကြောက်တရားရှိတဲ့ ပတ်ဝန်းကျင်နဲ့လှုပ်ရှားမှုတွေ ကြုံတွေ့ရတဲ့ အခါကျရင်တော့ သူတို့ရဲ့ အကြောက်တရားကြောင့် ကျမတို့အပေါ်မှာ ပံ့ပိုးကူညီမှု၊ အားနည်းတာတွေတော့ ကြုံတွေ့ရပါတယ်။ ရှစ်လေးလုံးအတွေ့အကြုံဆို ထောက်လှမ်းရေးက လိုက်တာတွေ၊ အစည်းအဝေးလုပ်နေတဲ့ အချိန်တွေ မှာ စစ်ကားတွေနဲ့ဝိုင်းခံရတာတွေ၊ တည်းခိုနေတဲ့ဆီကနေ ချက်ချင်းထွက်ပြေးရတာတွေ ကြုံခဲ့ရတာ ရှိပါတယ်။ ကျမတို့ကအမြဲတမ်း တပါတီအာဏာရှင်စနစ် ပြုတ်ကျရေး၊ အာဏာရှင်စနစ်ကြီး ပျက်သုန်း ပြီးတော့ ဒီမိုကရေစီရရှိရေးဆိုတာကိုပဲ ခေါင်းထဲမှာရှိနေတာ။

တချိန်လုံး ဒီဟာပဲတွေးနေတယ်၊ စာတွေဖတ်တယ်၊ ရေးတယ်၊ ကဗျာတွေစပ်ကြတယ်။ ညအိပ်မပျော် တာတွေလည်းရှိတယ်။ တအားကြီးစိုးရိမ်တာမျိုးတော့ မကြုံခဲ့ဘူး။ လုပ်စရာရှိတာတော့ ကျမတို့ လုပ်နေကြတာပဲ။ ကြောက်စိတ်မရှိဘူး၊ အဖမ်းခံရနိုင်တယ်ဆိုတဲ့ဟာက စိတ်ထဲမှာအသေးအမွှားလို ဖြစ်ပြီး၊ လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့စိတ်၊ ကိုယ်ရဲ့အရှေ့မှာလည်း ခေါင်းဆောင်လည်းရှိနေတယ်။ ဖြစ်လာရင်တော့လည်း လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ အနေအထားနဲ့ လုပ်စရာရှိတာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

စိတ်ဒဏ်ရာတွေက အကုန်လုံးမှာတော့ အနည်းနဲ့အများတော့ရကြတာပါပဲ။ ကျမတို့ သွားနေတဲ့ လမ်းကြောင်းမှာ ငါတို့ရဲ့ပန်းတိုင်က ဘာလဲဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်ပါ တယ်။     

လက်ရှိနွေဦးတော်လှန်ရေး ဖြတ်သန်းရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာက အဟောင်းထက် အသစ်၊ အသစ်တွေ အများကြီးကိုခံစားရပါတယ်။ ဒီတော်လှန်ရေးက တကယ့်ကို အာဏာရှင် အဆုံးသတ် ရမယ့်  ပွဲဖြစ်တဲ့အတွက်  အရင်းအနှီးလည်းပိုများတယ်။ ရှစ်လေးလုံးကာလ  တောက်လျှောက် ဖြတ်သန်းလာတဲ့ အချိန်ကာလတွေထက်ကို ပိုပြီးတော့ ကိုယ်တိုင်မှာလည်းထိခိုက်တယ်။ တိုင်းပြည် မှာလည်း တအားထိခိုက်တယ်။ အပြီးသတ်တိုက်ပွဲဖြစ်တဲ့အခါကျတော့ ပိုပြီးတော့ နစ်နာတယ်။ ပြည်သူတွေလည်းနစ်နာတယ်။ လူငယ်တွေမှာလည်း အများကြီးပေးဆပ်ရတာ အရင်းအနှီးကြီးတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် စိတ်ဒဏ်ရာအသစ်တွေခံစားရတယ်။

ဒါပေမဲ့လည်း လုပ်စရာရှိတဲ့ အလုပ်ကိုလုပ်ရမှာပဲ၊ ကျမတို့ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ကတော့ အားလုံးက စိတ်ဒဏ်ရာရသော်ငြားလည်း စိတ်ဓာတ်ကျလို့မရဘူး။ မျိုးဆက်သစ်တွေအနေနဲ့ ဘယ်လို အခက်အခဲတွေပဲကြုံကြုံ၊ ကိုယ့်ရဲ့စိတ်ရင်း စိတ်ဓာတ်အမှန်နဲ့ ကျမတို့ ယုံကြည်ချက်ခိုင်မာဖို့လိုတယ်။  မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ခိုင်မာတဲ့ ယုံကြည်ချက်ရှိဖို့လိုပါတယ်။  ဒါတွေကပဲ ကျန်တဲ့အခက်အခဲတွေကို     ကျော်ဖြတ်သွားတာ။  ဘယ်လိုအခက်တွေပဲ ကြုံတွေ့ရကြုံတွေ့ရ ယုံကြည်ချက် မပျက်ပါနဲ့လို့ ပြောချင် ပါတယ်။  ကျမတို့ ယုံကြည်ချက်ပန်းတိုင်ကို မျက်ခြေမပျက်သရွေ့  ကျမတို့ဟာ    အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဒေါ်အေးမိုး

၈၈မျိုးဆက်

၈၈မှာ သပိတ်စခန်းဖြိုခွဲခံရပြီး လက်နက်ကိုင်တော်လှန်ဖို့ တောထဲရောက်ခဲ့တယ်။ ၈၈ မှာ အကိုတယောက်နဲ့အတူ တောခိုလာတယ်။ အကိုအဖမ်းခံရပြီး အသတ်ခံရတဲ့အခါ မောင်နှမဆုံးရှုံးရတဲ့ စိတ်ဒဏ်ရာခံစားခဲ့ရတယ်။

အဲ့အချိန်ကာလမှာ  မိန်းကလေးတော်တော်များများကြောက်ရွံ့ခဲ့ရတယ်။ ညဘက်အိပ်မပျော်ဘူး။         အဲ့လိုမရေရာမှုတွေက စိတ်ဒဏ်ရာအဖြစ်ကျန်ခဲ့တယ်။ ဒီနေ့ဒီအချိန်ထိ စိတ်ထဲမှာ ဒဏ်ရာရနေတုန်းပဲ။                နိုင်ငံရေးလုပ်တဲ့အခါမှာလည်း ဒီနိုင်ငံရဲ့ ကျား၊ မ ခွဲခြားဆက်ဆံတဲ့   ဓလေ့ကြောင့် အမျိုးသမီး ဖြစ်ရတော့ ယောက်ျားတွေလောက် တန်းတူအခွင့်အရေးမရဘူး။ အဲ့ဒီခံစားချက်တွေတော့ဖြစ်မိတယ်။

အရင်ကကြုံခဲ့ရတဲ့ အခြေအနေတွေကို ပင်ပန်းဆင်းရဲခြင်း၊ ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်းတွေနဲ့ပဲ ဖြတ်ကျော်ခဲ့ရတယ်။   ဒီနေ့အထိ အဲ့ဒီဒဏ်ရာတွေရှိနေဆဲပဲ။ လက်ရှိနွေဦးတော်လှန်ရးမှာ လူငယ်တွေ သေနေကြတာကို မြင်ပြီးတော့ ကြေကွဲမိတယ်။ တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ စိတ်ပျက်လာမိ တယ်။ တော်လှန်ရေးမပြီးသရွေ့ လူငယ်တွေ ဘက်လောက်တောင်၊ အသက်တွေပေးနေကြရဦးမှာလဲ လို့ တွေးမိတယ်။

မျိုးဆက်သစ်တွေအနေနဲ့ တော်လှန်ရေးကို အာရုံစိုက်ပြီး မိမိကိုယ်ကို ကောင်းအောင်   ကြိုးစားကြဖို့ ပြောချင်တယ်။ လူမျိုးစွဲ၊ အာဏာစွဲ၊ အဖွဲ့အစည်းစွဲ၊ အစွဲတွေမထားကြဖို့ အကြံပေးချင်တယ်။

ဒေါ်အတာလင်း

၈၈ မျိုးဆက်

ရှစ်လေးလုံးကာလမှာ စာရွက်စာတမ်းတွေဖြန့်ဝေတာ၊ သတင်းနဲ့ပြန်ကြားရေးမှာပါဝင်ခဲ့တယ်။ ဆူးလေ မှာ ပစ်ခတ်မှုတွေဖြစ်တော့ ကိုယ်ကိုတော့ထိခိုက်မှုတွေမရှိဘူး။ သေနတ်သံတွေရပ်သွားလို့ မြောင်းထဲ ကနေထွက်လာချိန်မှာ သွေးသံရဲရဲတွေ၊ အတုံးအလုံးလဲနေတာကိုတွေ့ခဲ့ရတယ်။ ကျမက ကြက်ခြေနီ အဖွဲ့ဝင်ဆိုတော့ ရှေးဦးသူနာပြုနည်းနဲ့ လူတွေကိုကူနေရင်းနဲ့ ကိုယ်တိုင်လည်းဘာဖြစ်လို့ ဖြစ်သွားမှန်း မသိဘူး၊ သတိရတဲ့အချိန်မှာ ရန်ကုန်ဆေးရုံကြီးမှာရောက်နေပြီ။

ကြည့်ရတာ သွေးလန့်သွားပုံ ပေါက်တယ်။ ဘဝမှာ တခါမှမမြင်ဖူးတဲ့မြင်ကွင်းမျိုးကို ပထမဆုံး ကြုံခဲ့ ရတယ်။ အဲ့လိုကြုံလိုက်ရတဲ့အခါမှာ ခံပြင်းပြီးတော့ ဒီလူတွေကို ပြန်ချချင်တဲ့ စိတ်ကဖြစ်လာခဲ့တယ်။  အစိုးရဆိုတာ တိုင်းပြည်ကိုကာကွယ်ပေးတဲ့သူလို့ ယုံကြည်ထားခဲ့တာ။ အဲ့လိုယုံကြည်ထားတဲ့သူတွေက သတ်ဖြတ်တာကိုမြင်လိုက်တဲ့အချိန်မှာ  ငါတို့နိုင်ငံကမလုံခြုံတော့ဘူးဆိုတဲ့ စိတ်ကိုခံစားခဲ့ရတယ်။ အဲ့တုန်းက (၁၀)တန်းကျောင်းသူပဲရှိသေးတယ်။နောက်တော့ လက်နက်ကိုင်ဖို့ တောခိုခဲ့တယ်။

လက်နက်ကိုင်တဲ့အချိန်မှာလည်း ကိုယ့်ရဲဘော်တွေ ခဏခဏတိုက်ပွဲကျတဲ့အခါ သေသွားတဲ့လူတွေ အပေါ် ဘယ်တော့မှ နာမည်မပျက်စေရဘူးဆိုတဲ့စိတ်၊ သူတို့အတွက် အာဏာရှင်ကို ပြန်တိုက်မယ် ဆိုတဲ့စိတ်၊ သူတို့အတွက် အလုပ်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တယ်။  တောထဲရောက်တဲ့အခါမှာလည်း တော်လှန်ရေးသမားအချင်းချင်း ယုံကြည်လို့ရမယ်လို့ထင်တဲ့သူက ကိုယ့်အပေါ်မှာ လိင်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး ထိပါးဖို့ ကြိုးစားတာတွေကိုလည်းကြုံခဲ့ရတယ်။ နှစ်ခါသုံးခါလောက် ယောက်ျားတွေရဲ့ ကြံစည်မှုကိုကြုံခဲ့ရတယ်။  အမြဲတမ်းတော့ လွတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့ဘူး။

၂၀၂၁ တော်လှန်ရေးဖြစ်တော့လည်း ကိုယ်တိုင်တောထဲဆင်းပြီး ကျမတို့တုန်းကလို အခြေအနေမျိုးတွေ မကြုံရအောင် ကလေးတွေအတွက် တတ်နိုင်သလောက် လူအားရော၊စိတ်အားရော ပံ့ပိုးကူညီခဲ့တာ အခုချိန်ထိပဲ။ ဆန္ဒပြသတင်းတွေသိရတော့လည်း မအိပ်နိုင်၊ မစားနိုင်တွေဖြစ်ရတယ်။ ပြည်ပရောက်တဲ့ သူတွေ ကိုယ်တိုင်လည်း နိုင်ငံခြားသတင်းဌာနတွေကို သတင်းတွေပို့တာတွေလည်းလုပ်ခဲ့တယ်။

တော်လှန်ရေးလုပ်တယ်ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။ ခဲယဉ်းတယ်၊  အရမ်းခဲယဉ်းတဲ့ကြားထဲမှာမှ ဒီလိုမျိုးစိတ်ဓာတ်တွေနဲ့လုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုကိုယ်အမြဲတမ်းဂုဏ်ယူနေဖို့၊ ဘယ်သူတွေက ဘယ်လောက်ပဲ စိတ်ဓာတ်ကျအောင်ပြောပြောနှိမ်နှိမ် သူတို့ကိုဂရုစိုက်စရာမလိုဘူး။ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေဖို့လိုတယ်။ ကိုယ့်ယုံကြည်ချက် အတိုင်းရှေ့ဆက်ပါ။ တယောက်နဲ့တယောက်မှာ မတူညီတဲ့ အရည်အချင်းတွေရှိတဲ့အတွက် တယောက်ကတော်တဲ့အခါ အသိအမှတ်ပြု လက်ခုပ်တီးနိုင်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။