ကယားမြေမှာ ကြွေခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲ့မိခင်
ရှင်ငြိမ်း
“စိုင်းဘုန်းမင်းသန့်မေမေလား … ကိုစိုင်း ရှေ့တန်းမှာလက်နက်ကြီးထိပြီး ကျဆုံးပါတယ်။”လို့ ဝင်လာတဲ့ဖုန်းထဲက စကားသံ ခုထိသူ့နားထဲက မထွက်သေးပါ။
ရုတ်တရက်ကြားလိုက်ရတဲ့စကားသံကြောင့် အသက်ရှုတာရပ်သွားသလို “မဟုတ်ဘူး၊မဖြစ်နိုင်ဘူး။”လို့ ပါးစပ် က ငြင်းဆန်နေပေမယ့် မတ်တတ်ရပ်နိုင်စွမ်းမရှိအောင် ပြိုလဲခဲ့ရပါတယ်။
သားကျဆုံးသွားတဲ့ဖြစ်စဉ်ကို သိချင်လို့ နေ့တိုင်းလိုလိုဖုန်းဆက်မေးနေမိပေမယ့် ဒီအဖြေကို ကိုယ်တိုင်ပြန် နား ထောင်ဖို့ကတော့ သတ္တိမရှိအောင် ကြောက်နေခဲ့တာပါ။
ဒီစာတွေဟာ သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့မိခင်တစ်ယောက်က သတိရစိတ်နဲ့ ရေးတင်ထားတဲ့ ကြေကွဲမှတ် တမ်းလေးတစ်ခုပါ။ မိခင်ဖြစ်သူဟာ သားဖြစ်သူကျဆုံးသွားတဲ့နေ့ကစလို့ ယနေ့ထိ ၂ နှစ်နဲ့ ၇ လတိုင်တိုင် လတိုင်း မပျက်မကွပ်ရေးသားနေခဲ့တာပါ။
အခုလိုသားကို သတိရတဲ့စာလေးတွေ သူရဲ့လူမူကွန်ရက်စာမျက်နှာမှာ လစဉ်လတိုင်းရေးပြီးတင် နေတဲ့သူဟာ ကိုစိုင်းဘုန်းမင်းသန့်ရဲ့မိခင်ဖြစ်တဲ့ ဒေါ်နန်းမိုမိုဟန်ပါ။
စက်မှုလက်မှု သိပ္ပံကျောင်းသား ကိုစိုင်းဘုန်းမင်းသန့်ဟာ ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီး ကျေးရွာအနီးမှာ အာဏာရှင်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့သူဖြစ်ပါတယ်။

“သေသောသူကြာရင်မေ့”ဆိုတဲ့စကားက ဒေါ်နန်းမိုမိုဟန်အတွက်တော့ မမှန်ပါဘူး။ ဘာလို့ဆို သားဖြစ်သူ ကျဆုံး သွားတာ နှစ်ချီကြာသွားပေမယ့် သူရဲ့ပူဆွေးသောကတွေကတော့ ယနေ့တိုင် နေ့ရက်တိုင်းအသစ်တွေ ဖြစ်နေလို့ ပါပဲ။
“အရှင်လတ်လတ် ရင်ကိုခွဲချလိုက်သလို မခံမရပ်နိုင်တဲ့ဒဏ်ရာဒဏ်ချက်တွေ။ ဒီဒဏ်ရာက ဘယ်တော့မှ အနာမ ကျက်နိုင်ခဲ့ဘူး။ ဒီဒဏ်ရာက အန်တီအတွက် သေရာပါမယ့်ဒဏ်ရာပါ။”လို့ သူက မျက်ရည်တွေနဲ့ ပြောပါတယ်။
သားကို သတိရတဲ့စိတ်ကြောင့် သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဆက်မလုပ်နိုင်တော့တဲ့အပြင် မစားနိုင်၊ မအိပ်နိုင်နဲ့ နေ့စဉ်ပုံမှန် လုပ်ဆောင်နေတဲ့ မျက်နှာသစ်သွားတိုက်တောင် မလုပ်နိုင်တော့တဲ့အထိ စိတ်ဓါတ်တွေကျ ဗုန်းဗုန်း လဲခဲ့တာပါ။
အခုထိသူစိတ်ပြန်ကျန်းမာလာဖို့ စိတ်ကျန်းမာရေးဆရာဝန် ၂ ဦးနဲ့ ပြသရင်း ပြန်လည်တည်ဆောက်ယူနေရတာ ဖြစ်ပါတယ်။
သားဖြစ်သူရုပ်အလောင်းက ချက်ခြင်းမရဘဲ သေဆုံးပြီး ရက် ၄၀ ကြာမှပြန်တွေ့ရတော့ မိခင်ဖြစ်သူရဲ့ ကြေကွဲ မှုက ပိုလို့ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။
စစ်အာဏာရှင်ကို တော်လှန်နေတဲ့နွေဦးတော်လှန်ရေးမှာ ကိုစိုင်းဘုန်းမင်းသန့်လို သားရဲ့အသက်တွေကို ပေးခဲ့ရ တဲ့မိခင်တွေဒေသအသီးသီးမှာ ရှိနေနိုင်ပါတယ်။ ဒီမိခင်တွေရဲ့ပေးဆပ်မှု၊ တော်လှန်ရေးမှာပါဝင်မှုတွေဟာလည်း တကယ့်ကို လေးစားလောက်တဲ့သူတွေပါ။
ကိုစိုင်းဘုန်းမင်းသန့်မိခင်ဆိုရင် သားသမီးတွေ အန္တရာယ်ကင်းကင်းနဲ့ ပညာသင်နိုင်ဖို့အတွက် စစ်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ကနေ ၂၀၀၀ ခုနှစ်မှာ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
မွေးချင်းမောင်နှမတွေထဲမှာ ကိုစိုင်းဘုန်းမင်းသန့်က သားအကြီးဆုံးဖြစ်ပြီး သူ့မှာ ညီတစ်ယောက်နဲ့ ညီမတစ် ယောက်ရှိပါတယ်။ မိဘတွေက သာမာန်ကုန်သည်တွေဖြစ်ပေမယ့် သားသမီးကိုတော့ ပြည့်စုံအောင် ထားနိုင်ခဲ့ ပါတယ်။
သူဟာ သူငယ်တန်းကနေ အထက်တန်းအောင်တဲ့အထိ ရန်ကုန်မှာကျောင်းတက်ခဲ့ပြီး ကျောင်းပိတ်ရက်တွေမှာ မိသားစုလိုက် မန္တလေးက ဆွေမျိုးအိမ်သွားလည်ပတ်လေ့ရှိပါတယ်။
မန္တလေးမှာနေရင်း ဆွေမျိုးတွေဖွင့်ထားတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းမှာ စာသင်ပေးရင်း စက်မှုလက်မှုသိပ္ပံ ကိုမန္တလေးမှာပဲ တက်ဖြစ်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုစိုင်းဘုန်းမင်းသန့်ဟာ အသားဖြူဖြူ မျက်လုံးမျက်ဆံတွေက မဲနက်နေပြီး ကြံ ခိုင်တဲ့ခန္ဓာ ကိုယ်ပိုင်ဆိုင်ထားကာ ပြုံးရယ်လိုက်တိုင်း ကလေးငယ်တစ်ယောက်လိုဖြူစင်လွန်းတာကြောင့် သူ့ကို လူချောအဖြစ်နဲ့ လူသိများခဲ့ပါတယ်။
သူဟာ ငယ်စဉ်ကတည်းက တခြားမွေးချင်းမောင်နှမတွေထက်ထူးခြားစွာ မိခင်ကို တွယ်တာတတ်သူဖြစ်သလိုမိ ခင်စိတ်တိုင်းကျ ဖြစ်စေခဲ့တဲ့သားလိမ္မာတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
“သားက အင်ဂျင်နီယာပေမယ့် အဲ့ဒါနဲ့လုပ်မစားဘူးတဲ့။ ဘာလို့လဲ သားဆိုတော့ မေမေက အင်ဂျင်နီယာရဲ့ မေမေ ဖြစ်ချင်တာမလား။ မေမေဖြစ်စေချင်တာကို သားကလုပ်ပေးချင်တာပါ။”လို့ မိခင်ကို ပြောပြခဲ့ကြောင်းဆိုပါတယ်။
ဒါ့အပြင် ကိုစိုင်းဘုန်းမင်းသန့်ဟာ အမေဖြစ်သူစိတ်တိုင်းကျဓမ္မစကူးလ်ဆရာမဆို သူက ဓမ္မစကူးလ်ဆရာ၊ အမေ ကင်း ထောက်ဆို သားက ကင်းထောက်ဆရာ၊ အမေဆရာမဆို သားက Guide၊ အမေဈေးရောင်းရင် သားက modelအဖြစ်နဲ့ မိသားစုကိုဂုဏ်တက်စေခဲ့သူဖြစ်ပါတယ်။
ကိုဗစ်တွေဖြစ်တော့ မန္တလေးမှာ စက်မှုအင်ဂျင်နီယာ ဒုတိယနှစ်စာမေးပွဲဖြေနေစဉ် ကျောင်းပိတ်လိုက်ရပါတယ်။ တဆက်ထဲမှာအာဏာသိမ်းမှုဖြစ်တော့ ကျောင်းဆက်မတက်တော့ဘဲ တော်လှန်ရေးထဲပါဝင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ပထမဆုံးကြုံရတဲ့ကိုစိုင်းဘုန်းမင်းသန့်က မိခင်ကို အာဏာသိမ်းတာနဲ့ပတ်သက်ပြီး မေးခွန်း တစ်ခုမေးခဲ့ပါတယ်။
“အာဏာသိမ်းလိုက်တဲ့နေ့က လက်ရှိအုပ်ချုပ်နေသူတွေကို ဖမ်းဆီးပြီး အာဏာသိမ်းလို့ရလား။ အဲ့လိုလုပ်လို့ရ လားမေမေ။ ရတယ်သား အမေတို့ရှေ့မှာ အစဉ်အဆက်တွေရှိခဲ့တယ်။”လို့ ဒေါ်နန်းမိုမိုဟန်က ရှင်းပြခဲ့ကြောင်း ပြောပါတယ်။
သူဟာ မိခင်ရဲ့အဖြေကို လက်မခံချင်ခဲ့သလို ဒါဟာ မတရားမှုလို့လည်း မြင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်အာ ဏာပြန်ရဖို့အတွက်ကိုစိုင်းဘုန်းမင်းသန့်တို့ဟာ လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။
“သားက နေ့တိုင်းထွက်တယ်။ နေပူပူထဲ ရှေ့ကနေမိုက်ကိုင်ပြီး အော်တော့ ပြန်လာရင် အသံတွေဝင်လို့။ ဒါကတ ရက်ထဲ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးလို့ ပြောရတယ်။”လို့ ဒေါ်နန်းမိုမိုဟန်က ပြောပါတယ်။
အစပိုင်းမှာတော့ မိခင်ဖြစ်သူက အသက်အန္တရာယ်ထိခိုက်မှာကို မပူပန်ခဲ့ဘဲ သားပင်ပန်းမှာကိုသာ စိုးရိမ်နေခဲ့ တာပါ။ နောက်ပိုင်း အဖမ်းအဆီးတွေကြမ်းပြီး ပစ်ခတ်တာတွေဖြစ်လာတော့ သပိတ်တွေလည်း ထွက်ဖို့ အခက် အခဲတွေရှိလာခဲ့ပါတယ်။
ဒီအချိန်မှာ ကိုစိုင်းဘုန်းမင်းသန့်က မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။ သူ့အနေနဲ့ သပိတ်တွေ အဆင်ပြေပြေဖော်ဆောင်နိုင်ဖို့ မိခင်ဖြစ်သူက နောက်ကွယ်ကနေပံ့ပိုးကူ ညီပေးခဲ့ရတာ ဖြစ်ပါတယ်။
ဥပမာဆိုရင် သပိတ်ထွက်ရင်း အပစ်ခံရသူတွေကို ဆေးကုပေးရတာ၊ စောင့်ရှောက်ပေးရတာ၊ ဖမ်းဆီးခံရသူ တွေ ကို သွာ ကူထုတ်ပေးရတာ စတဲ့ကိစ္စရပ်တွေမှာ ဝိုင်းကူလုပ်ကိုင်ပေးခဲ့ရတာပါ။
ပထမဆုံး နေပြည်တော်က အမျိုးသမီးတစ်ဦးသေနတ်အစစ်နဲ့ အပစ်ခံရပြီးဆုံးသွားတော့ ကိုစိုင်းဘုန်းမင်းသန့်က မျက်ရည်ကျရင်း သူတို့ပိုအလုပ်လုပ်ရမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။
“တခါတရံ အပစ်ခံရတဲ့သူ့ရဲဘော်တွေကို ထမ်းပြီး အသက်ကယ်ဖို့ကြိုးစားတာတွေလည်းရှိတယ်။ အဲ့နေ့တွေ ပြန် လာရင် တကိုယ်လုံးသွေးတွေပေကျံလာတယ်။ သားနောက်ရက်မသွားနဲ့တော့။ ထိလိမ့်မယ်ဆိုတော့ သား ဘယ် လိုမှ နောက်ဆုတ် လို့မရဘူး။ သေသွားတဲ့သူတွေရှိတယ်။ သူတို့အတွက် လုပ်ပေးနိုင်သလောက် လုပ်ပေးရမယ် တဲ့ ။”လို့ပြန်ပြောကြောင်း မိခင်ဖြစ်သူက ဆိုပါတယ်။
အဖမ်းအဆီးတွေများလာတော့ ပြောက်ကြားသပိတ်တွေလုပ်ပြီး စစ်ကြောင်းထွက်တာကို မရပ်နားခဲ့ပါဘူး။ မိခင် ဖြစ်သူကသားရဲ့လုံခြုံရေးကို စိုးရိမ်လာတာကြောင့် သပိတ်တွေဆက်မထွက်ဖို့ ၃ ကြိမ်တိုင်တိုင်တားခဲ့ပေမယ့် သူက နောက်မဆုတ်ခဲ့ပါဘူး။
နောက်ပိုင်း သပိတ်စစ်ကြောင်းထွက်တဲ့သူနည်းလာတဲ့အခါမှာ စစ်တပ်က သပိတ်ဦးဆောင်သူတွေကို ပိုက်စိပ် တိုက် ရှာဖွေ ဖမ်းဆီးတာတွေလုပ်ဆောင်လာခဲ့ပါတယ်။ အိမ်လာရှာတာတွေ၊ သတိပေးတာတွေအထိ ဖြစ်လာ တော့ ကိုစိုင်းဘုန်းမင်းသန့် ဟာ တစ်နေရာမှာသွားတိမ်းရှောင်ရင်း သပိတ်တွေဆက်လုပ်နေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီမှာလည်း သပိတ်တွေဆက်လုပ်ဖို့ မလွယ်ကူတော့ လက်နက်ကိုင်ထဲဝင်ဖို့ စုံစမ်းရေးတွေစတင် လုပ်ဆောင် ပါတော့ တယ်။ အိမ်မှာ လိုတာမရှိ ထမင်းဆိုရင် အရန်သင့်ခူးခပ်ထားပြီးသားစားခဲ့ရတဲ့သားကတောထဲသွား မယ် ဆိုတော့ မိခင် ဖြစ်သူမှာရင်ပူရပြန်ပါတယ်။
စုံစမ်းပြီးပြန်လာတော့ ကရင်နီမြေမှာတာဝန်ထမ်းဖို့ မိခင်ထံခွင့်တောင်းပါတယ်။ အခုလိုတောထဲသွားတာထက် မြို့ပေါ်က နေ တခြားနည်းလမ်းနဲ့ တော်လှန်ရေးအတွက် ကူပေးတာ ပိုကောင်းမယ်လို့ မိခင်ကအကြံပေး တာ ကို သူက လက်မခံခဲ့ပါဘူး။
“သူက EAO တွေနဲ့ လက်မှတ်ထိုးတာဆိုတော့ တိုက်ပွဲတွေတော့မရှိဘူးတဲ့။ အဲ့လိုပြောခဲ့တာ။ အန်တီကလည်း ဒီမှာဖမ်းဆီး နှိပ်စက်ခံရတာထက်စာရင် အဲ့ဒီနေရာက လွတ်မြောက်နယ်မြေလို့ သိထားတော့ ခွင့်ပြုလိုက်တာ ပေါ့ ။”လို့ ဒေါ်နန်းမိုမိုဟန် က ပြောရင်းနဲ့ မျက်ရည်ကျပါတယ်။
“သားပြန်လာမယ်နော်..”လို့ အမေ့ကို ကန်တော့ရင်း ကတိပေးခဲ့ပြီး ငိုနေတဲ့မိခင်ကို ပွေ့ဖက်နှစ်သိမ့်ရင်း မိခင် ကျောကို သပ်ကာ အမေ့ပါးကို နမ်းရှိုက်ပြီးမှ ကိုစိုင်းဘုန်းမင်းသန့် ထွက်သွားခဲ့တာဖြစ်ပါတယ်။
ကိုစိုင်းဘုန်းမင်းသန့်ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှာ ကရင်နီ(ကယား)ပြည်နယ်မှာရှိတဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်(KNDF)မှာ စစ်သင်တန်းတက်ရင်း တာဝန်ထမ်းဆောင်ဖို့ရောက်သွားခဲ့ပါတယ်။
တောထဲရောက်တဲ့အချိန်ကစလို့ မကျဆုံးမီအချိန်ထိ တစ်နေ့မှမပျက် မိခင်နဲ့ဖုန်းအဆက် အသွယ်ရှိ နေခဲ့တာ ဖြစ် ပါတယ်။
“သူ ဒီနေ့ဆို ဘာလုပ်တယ်။ ဘယ်တွေသွားကြတယ်ဆိုတာ။ ပိုက်ဆံလိုတယ်ဆိုရင် ပို့ပေးတယ်။ သူမဆုံးခင် ၁၉ ရက်အ ထိ အဆက်အသွယ်ရှိသေးတယ်။ ၂၀ ရက်ကျတော့ လုံးဝဆက်သွယ်လို့ မရတော့ဘူး။”လို့ မိခင်ဖြစ်တဲ့ ဒေါ်နန်းမိုမိုဟန်က ရှိုက်သံရောနေတဲ့ငိုသံနဲ့ ပြောပါတယ်။
ကိုစိုင်းဘုန်းမင်းသန့် တောထဲရောက်ပြီး ၂ ပတ်လောက်ရှိတဲ့အချိန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် ညနေ ၃ နာရီ လောက်မှာတော့ ဒေါ်နန်းမိုမိုဟန်ဆီ ကိုစိုင်းဘုန်းမင်းသန့်ကျဆုံးကြောင်း သတင်းရောက်လာခဲ့ တာဖြစ်ပါ တယ်။

“သူကျဆုံးတယ် ဆိုတာကို အန်တီမယုံဘူး။ သူသွားတာမကြာသေးတော့ နောက်သင်တန်းတက်နေတုန်းဆိုတော့ မဟုတ် ဘူး။ မဖြစ်နိုင်ဘူးပေါ့။ နောက်သားကို ထားခဲ့ရတယ်ဆိုတော့ အန်တီရင်ထဲဘယ်လိုမှမခံစားနိုင်ဘူး။”လို့ ဒေါ်နန်းမိုမိုဟန် က ပြောပါတယ်။
ကိုစိုင်းဘုန်းမင်းသန့်ကိုထားခဲ့တယ်ဆိုတာက တိုက်ပွဲတွေကြောင့် ရုပ်အလောင်းကို ပြန်မကောက်ယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားသေလားရှင်လားမသိဘဲ ထားရစ်ခဲ့ရတယ်ဆိုတော့ အသက်ရှိနေဦး မလားလို့ မျှော်လင့်ချက် ရှိနေခဲ့တာပါ။
“အဲ့လိုဒဏ်ရာကြီးတွေနဲ့ သားလေးနာနေတော့မယ်။ ချက်ခြင်းဆုံးသွားတာဟုတ်ရဲ့လား။”ဆိုတဲ့ပူပန် သောက တွေက သူ့ အတွက် ပိုလို့ခြောက်ခြားစရာဖြစ်စေခဲ့ပါတယ်။
“အန်တီကလေ ဘယ်လိုတောင်ဆုတောင်းခဲ့သလဲဆိုရင် အကယ်၍ လက်နက်ကြီးထိတယ်။ ဒဏ်ရာရတယ်ဆိုရင် ချက်ခြင်း သေသွားစေချင်တယ်။ သားခံစားရမယ့်ဝေဒနာကို တွေးပြီး အန်တီရင်ထဲမခံစားနိုင်ဘူး။”လို့ ငိုရှိုက်ရင်း ပြောပါတယ်။
သားဖြစ်သူကျဆုံးသွားတဲ့နေ့ဟာ ဒေါ်နန်းမိုမိုဟန်အတွက်တော့ ရင်တစ်ခုလုံး ကြေမွပျက်စီးပြီး အသည်းတွေ အစိတ်စိတ် အမွှာမွှာကွဲရတဲ့နေ့၊ ကိုယ့်ကိုကိုယ် မသိနိုင်တော့လောက်အောင် ရူးသွပ်သွားစေတဲ့နေ့လို့ သူက သတ် မှတ်ထားတာဖြစ်ပါတယ်။
“သားကို ထားခဲ့တယ်ဆိုတော့ ကူညီမယ့်သူတော်ကောင်းနဲ့တွေ့ပြီး ကယ်တင်စောင့်ရှောက်ပေးထားပါစေ။ တ နေရာရာမှာ အသက်ရှင်နေပါစေ။”ဆိုတဲ့မိခင်ဖြစ်သူရဲ့ဆုတောင်းစကားက မပြည့်ခဲ့ပါဘူး။
သားဖြစ်စဉ်တွေသိရဖို့ ကျဆုံးချိန်မှာ အတူရှိခဲ့တဲ့ရဲမေကို ဖုန်းဆက်မေးတော့လည်း ဟုတ်မှန်ကြောင်းဖြေခဲ့သလို ရဲဘော် တချို့ကလည်း အတည်ပြုခဲ့ကြပေမယ့် ဒေါ်နန်းမိုမိုဟန်ကတော့ လက်မခံသေးပါဘူး။
ဖုန်းတွေဆက်မေးလည်း သူသိချင်တဲ့အဖြေမျိုးမရတာကြောင့် ဗေဒင်သွားမေးတော့ သားက သက်ရှိ ထင်ရှား မရှိ တော့ဘူး ဆိုတဲ့အတွက် နောက်ဆုံးမှာ လက်မခံချင်ဘဲ လက်ခံလိုက်ရပါတော့တယ်။ ဖြစ်စဉ်ကကိုစိုင်းဘုန်းမင်း သန့်ဟာ သူကျဆုံးခဲ့ရတဲ့ စက်တင်ဘာ ၂၀ ရက် မနက် ၈ နာရီလောက်မှာ ရှေ့တန်းက ရဲဘော်တွေကို ကူညီ ရင်း နောက်တန်းမှာ ကင်းစောင့်ပေးဖို့တာဝန်နဲ့ သွားရာမှာ လမ်းမှာ စစ်တပ်နဲ့တွေ့ပြီး နှစ်ဖက်အပြန်အလှန် ပစ် ခတ်မှုဖြစ်ခဲ့တာပါ။
တိုက်ပွဲဟာ အချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်မှ လူအင်အား၊ လက်နက်အင်အား အင်မတန်သာ လွန်နေ ခဲ့တာ ဖြစ် ပါတယ်။ ဒီတိုက်ပွဲမှာ ကိုစိုင်းဘုန်းမင်းသန့်အပါအဝင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်လေးဦး ဒဏ်ရာ ရခဲ့ပါတယ်။
“ကိုစိုင်းဘုန်းမင်းသန့်ကျတော့ ညီမနဲ့ ပြေးတာပေါ့။ ညီမတို့က သုံးဖွဲ့ခွဲပြီးပြေးတာ။ ညီမနဲ့ပြေးတဲ့အချိန်မှာ လက် နက်ကြီး ကျတဲ့အချိန်မှာ ညီမကို ကာကွယ်ပေးရင်းနဲ့ သူလည်းကျသွားတာပေါ့။”လို့ ကိုစိုင်းဘုန်းမင်းသန့် ကျဆုံး ချိန်မှာအတူရှိခဲ့တဲ့ ရဲဘော်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်းကို ဖြေကြားထားပါတယ်။
ကျဆုံးရဲဘော်နှစ်ဦးအနက် ကိုစိုင်းဘုန်းမင်းသန့်ရဲ့ရုပ်အလောင်းကတော့ တိုက်ပွဲတွေဆက်ဖြစ်နေလို့ ပြန် မ ကောက်နိုင်ခဲ့တာပါ။ နောက်ပိုင်း စစ်တပ်ကမိုင်းတွေထောင်ထားတာ၊ ကင်းပုန်းတွေချထားတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ကိုစိုင်းဘုန်းမင်းသန့်ရုပ်အလောင်းကို ရက် ၄၀ ကြာမှပြန်ကောက် နိုင်ခဲ့တာဖြစ်ပါတယ်။
သို့ပေမဲ့ မိခင်ဖြစ်သူက သားရုပ်အလောင်းမတွေ့မချင်း တရက်လေးမှအိပ်မပျော်စားမဝင်ခဲ့ပါ။ သားကျသွား တာ ကို လက်ခံလိုက်တယ်ဆိုပေမယ့် မယုံကြည်နိုင်တာနဲ့ သတိရခြင်းတွေက သူရဲ့အတွေးတွေထဲမှာ အချိန်တိုင်း ရှိနေခဲ့တာလို့ဆိုပါတယ်။

သေဆုံးသွားတဲ့တပ်ဖွဲ့ဝင်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင်အလေးပြုကြောင်း KNDF ကလည်း ထုတ်ပြန်ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ကိုစိုင်းဘုန်းမင်းသန့်ကျဆုံးမှုအပေါ် ပြည်တွင်းပြည်ပမီဒီယာ တွေကလည်း ဖော်ပြကြသလို ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာလည်း သူ့ဓါတ်ပုံကိုကိုင်ဆောင်ကာ သပိတ်ထွက်ခဲ့ကြပါတယ်။
“သူ ကယားရောက်တာ ရက်ပိုင်းပဲရှိသေးတာ။ ရဲဘော်တွေအပေါ်လည်းစောင့်ရှောက်ပေးတတ်တဲ့သူပါ။ လူတော် တွေဆုံး ရှုံးရတာနှမြောတယ်။”လို့ သူရဲ့သူငယ်ချင်းဖြစ်တဲ့ရဲဘော်တစ်ဦးက မှတ်ချက်ပေးပါတယ်။
ကိုစိုင်းဘုန်းမင်းသန့်ဟာ သူယုံကြည်တဲ့လမ်းကို အဆုံးထိလျှောက်သွားခဲ့တာဖြစ်လို့ အာဇာနည်သူရဲကောင်းလို့ သတ်မှတ် ပေးမယ်ဆိုရင် ဘယ်လိုသဘောထားရှိပါသလဲလို့ မေးမြန်းတဲ့အခါ …
“ဒီနေ့ဒီအချိန်မှာတော့ လက်ရှိကာလမှာ ကျဆုံးသွားသူအများကြီးရှိတော့ အားလုံးရဲ့မိခင်တွေကို မေးကြည့်ရင် ဘွဲ့တံဆိပ် ကို လိုချင်သလား။ သားကို လိုချင်လားဆိုရင် သားကိုပဲလိုချင်ပါလိမ့်မယ်။ အာဇာနည်ဆိုတဲ့ဘွဲ့ကို မလို ချင်ပါဘူး။”လို့ ဒေါ်နန်းမိုမိုဟန်က သူ့ဆန္ဒကိုဖွင့်ဟပါတယ်။
ဒေါ်နန်းမိုမိုဟန်ဟာ သားကျသွားတယ်ဆိုတာ စကားနဲ့သာကြားရပေမယ့်သားရဲ့ရုပ်အလောင်းလည်း မမြင်မတွေ့ မပွေ့ ဖက်ရ၊ နုတ်ဆက်စကားမပြောလိုက်ရတဲ့အပေါ် ထိခိုက်ဝမ်းနည်းနာကျင်မှုတွေဟာ ခုထိမပြယ်ပျောက် နိုင်သေးပါ။
“ဒီနေ့ဒီအချိန်ထိ သူ့ရုပ်အလောင်းပုံတွေကို ကြည့်နိုင်ဖို့အားမပြောနဲ့ အကောင်းပကတိရှိတဲ့သားပုံကိုတောင် ပြန်ကြည့်နိုင်ဖို့ က အင်အားမရှိသေးဘူး။ သူရေးခဲ့တဲ့စာတွေရှိတယ်။ အန်တီ ပြန်မဖတ်နိုင်ဘူး။”လို့ ဒေါ်နန်းမိုမို ဟန်ကပြောပါတယ်။
သားရဲ့ရုပ်အလောင်းဓါတ်ပုံတွေ၊ အရိုးပြာအိုးနဲ့ ဖုန်းနှစ်လုံးပြန်ရခဲ့ပေမယ့် ဖွင့်မကြည့်ရဲ လောက်အောင် မိခင် ဖြစ်သူကခံစားခဲ့ရတာဖြစ်ပါတယ်။
သားကျဆုံးပြီးနောက်ပိုင်း ၃ နှစ်လုံးလုံးမှာ နာရေးကလွှဲလို့ ဘယ်လိုလူမူရေးကိစ္စတွေကိုမှ မသွားခဲ့ပါ။ အိမ်ထဲက အိမ်အပြင်မထွက်သလို သက်ရှိခင်ပွန်း၊ သားသမီးတွေနဲ့ စကားမပြောတော့တာဖြစ်ပါတယ်။
“အစပိုင်း ၁ နှစ်လောက်က ရေတောင်မချိုးဘူး။ သမီးက လုပ်ပေးရတယ်။ တနေရာမှာ ထိုင်ပြီဆိုလည်း မထ တော့ဘူး။ အိပ်ပြီဆိုလည်း အခန်းထဲကအပြင်ကမထွက်ဘူး။ စိတ်နဲ့လူနဲ့မကပ်တော့ ကားတောင်မမောင်းနိုင် တော့ဘူး။ ဘယ်သွားသွား သားပုံရိပ်သားအသံတွေကြားနေရတယ်။”လို့ ဒေါ်နန်းမိုမိုဟန်က ပြောပါတယ်။
ဒီလွမ်းနာကို သက်သာလိုသက်သာညားဆိုတဲ့အတွေးနဲ့ သူရဲ့လူမူကွန်ရက်မှာ သားအကြောင်း၊ လွမ်းဆွတ်သတိ ရကြောင်းတွေ လစဉ်လတိုင်းရေးသားနေခဲ့တာဖြစ်ပါတယ်။
“သားလေးက ဘယ်လိုသေသွားတာလဲဆိုတဲ့အတွေးနဲ့ နေနေရတော့ အရမ်းအသက်ရှုကြပ်ပြီး အရမ်းစိတ် ပင် ပန်းရတယ်။ သားကို သတိရလွမ်းတဲ့စိတ်နဲ့ ဒီ ၃ နှစ်လုံးလုံးဆရာဝန်ပြခဲ့ရတယ်။ စိတ်တွေလည်း ပူဆွေးသောက တွေနဲ့ ဖြတ်သန်းနေရတယ်။”လို့ ဒေါ်နန်းမိုမိုဟန်က ဆိုပါတယ်။
ဒေါ်နန်းမိုမိုဟန်ဟာ ၃ နှစ်နီးပါး ဆေးကုသမှုခံယူနေရပေမယ့် အခုထိတော့ သူရဲ့စိတ်တွေပုံမှန်ပြန်မဖြစ်သေးဘဲ ပိုဆိုးမလာဖို့အတွက် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
“သားက သေလူလိုထွက်သွားပေမယ့် အမေက ရှင်လျှက်နဲ့သေခဲ့ရသူပါ။ ဒီနိုင်ငံကြီး ပုံမှန်ပြန်ဖြစ်ခဲ့ရင်တောင် အန်တီ့ဘဝ က ပုံမှန်ပြန်မဖြစ်နိုင်တော့ဘူး။”လို့ ဒေါ်နန်းမိုမိုဟန်က တမ်းတရင်းပြောပါတယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ နုနုနယ်နယ် အင်ဂျင်နီယာကျောင်းသားဖြစ်တဲ့ သားတစ်ယောက်ဆုံးရှုံးသွားရတဲ့ မိခင်ရဲ့ရင် ထဲ ဘယ်လောက်တောင် ပူဆွေးသောကရောက်နေမလဲဆိုတာ မိဘတိုင်းခံစားနားလည်ထားတာဖြစ်ပါတယ်။
ကိုစိုင်းဘုန်းမင်းသန့် ကျဆုံးမှုအတွက် မိခင်ဖြစ်သူတစ်ယောက်ထဲ မျက်ရည်ကျခဲ့ရတာမဟုတ်ဘဲ တပြည်လုံးက မိခင်တွေ အပါအဝင် ပြည်သူတစ်ရပ်လုံးကပါ တောက်တခေါက်ခေါက်နဲ့ ဝမ်းနည်းကြေကွဲခဲ့ရတာပါ။
ကိုယ်တိုင်က မထိမတို့မရိုက်ရက်တဲ့သားသမီးတွေကို အသက်တွေရင်းရတဲ့လက်နက်ကိုင်တိုက်ပွဲထဲ မဝင်စေလို တာက မိခင်တွေရဲ့ကြီးမားတဲ့မေတ္တာတရားဖြစ်ပါတယ်။
သို့ပေမဲ့ ယုံကြည်ရာလမ်းလျှောက်နေကြတဲ့သူတို့ကလေးတွေကို မပြောသာ မတားသာလို့လွှတ်လိုက်ရပေမယ့် နေ့ရက်တိုင်းကို မိခင်တွေဟာ စိုးရိမ်သောကတွေနဲ့ ဖြတ်သန်းနေကြရတာပါ။
မိခင်တွေဟာ တောထဲရောက်နေတဲ့သူတို့ကလေးတွေကို အနေအစားခက်နေမလား။ ပင်ပန်းနေမလား။ အန္တ ရာယ် ကင်းပါ့ မလား။ ညအိပ်ရင်တောင်ခြင်ကိုက်နေမလားဆိုတဲ့ ကိစ္စရပ်သေးသေးလေးတွေကအစ တွေးပူပန် တတ်ကြသူတွေပါ။
ကိုယ်တိုင်က စစ်ပြေးနေရတဲ့ကြားက သားသမီးတွေ အန္တရာယ်ကင်းဖို့ ဗေဒင်တွေမေး၊ နတ်တွေတင်ပြီး ဆု တောင်းပေးနေ တတ်ကြတာကလည်း ဒီအမေတွေပါပဲ။ တောထဲက သားသမီးတွေ အနေဆင်းရဲ၊ အစားဆင်းရဲ မှာစိုးလို့ ပင်ပင်ပန်းပန်းရှာဖွေကာ ငွေပို့ပေးနေတဲ့မိခင်တွေဆိုတာကလည်း ဒုနဲ့ဒေးပါ။
ဆန္ဒပြသပိတ်တွေမှာ သားသမီးတွေကို ကာကွယ်ရင်း ကျဆုံးရတဲ့မိခင်တွေ၊ သားသမီးတွေနဲ့အတူ တောထဲမှာ နိုင်ရာ တာဝန်ထမ်းနေတဲ့မိခင်တွေ၊ ကျဆုံးသွားတဲ့သားသမီးတွေအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့မိခင်တွေ၊ တောထဲက သားသမီးတွေလက်နက်ဖိုးရအောင် ရှာပေးနေတဲ့မိခင်တွေ၊ ထောင်ကျနေတဲ့သား၊သမီးတွေကို မျှော်နေတဲ့ မိခင်တွေရဲ့ပေးဆပ်မှု ဟာ တကယ့်ကိုစံထားလေးစားစရာပါ။
ဒီနွေဦးတော်လှန်ရေးမှာ မိခင်တွေရဲ့ပေးဆပ်မှု၊ စွန့်လွှတ်မှုတွေဟာ နှိုင်းပြစရာစကားလုံးပင်မရှိပါ။











