“သတင်းမဲ့ဇုန်အမှောင်ထုကြား အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးများ”

ရှင်ငြိမ်း

“ကိုယ်ဝန်ရလာတော့မှပဲ တရွာလုံးက သိကြရတော့တယ်”

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၂၉ နှစ်အရွယ် ကလေးမိခင် မဆန်းဦးဟာ ဒေသတွင်းမှာ လူမသိသူမသိ တိတ်တဆိတ်ဖြစ်ပွားခဲ့တဲ့ ရင်နာစရာ အဖြစ်အပျက်တခုကို သက်ပြင်းချရင်း ပြောပြပါတယ်။

သူပြောပြနေတာက ရွာထဲက အမျိုးသမီးငယ်လေးတဦး မုဒိမ်းကျင့်ခံရပြီးနောက် ကိုယ်ဝန်ရသွားတဲ့ ဖြစ်ရပ်ပါ။

ကုလားတန်မြစ်အနီးမှာ ရှိပြီး စပါးစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေကြောင့် တချိန်က စိုပြည်စိမ်းလန်းခဲ့တဲ့ ပုဏ္ဏားကျွန်းမြေ ဟာ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့ နောက်ပိုင်းကစပြီး လုံးဝ ပြောင်းလဲသွားခဲ့တယ်။

အာဏာသိမ်းစစ်ကောင်စီလက်ကနေ အာရက္ခတပ်တော်(AA) က သိမ်းပိုက်ခဲ့ပြီးချိန်၊ အဲဒီကာလကစလို့  ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့သွားသလို၊ ဖုန်း၊ အင်တာနက်စတဲ့ ဖြတ်လေးဖြတ်အပြင် သတင်းမီဒီယာကဏ္ဍပါ အားလုံးကို ဖြတ်တောက်ပစ်ခံခဲ့ရတာဖြစ်တယ်။

၁ နှစ်ခွဲနီးပါး ကြာမြင့်လာတဲ့အထိ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုံးဝ ပြတ်တောက်နေတဲ့ ပုဏ္ဏားကျွန်းဒေသခံ ဒီအမျိုး သမီးငယ်လေးဟာ အကြမ်းဖက်ခံရချိန်မှာ ဘယ်သူ့ဆီသွားပြီး အကူအညီတောင်းရမှန်း၊ ဘယ်သူ့ ကို ရင်ဖွင့်ပြောပြရမှန်း မသိခဲ့ပါဘူး။

သတင်းစီးဆင်းမှုတွေ ပြတ်တောက်သွားတဲ့အခါ ကျူးလွန်ခံရသူ အမျိုးသမီးငယ်ဟာ ကာယကံရှင်ရဲ့ ခြိမ်းခြောက်မှုအောက် မှာ ငိုကြွေးရင်း နောက်ဆုံးကိုယ်ဝန်ရင့်လာမှပဲ ရွာကလူတွေ သိခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့ တရားခံကတော့ အဲ့ဒီအချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်တယ်။

“မီဒီယာတွေမရှိတော့ မိန်းကလေးတွေ အကြမ်းဖက်ခံရတာ ပိုများလာတယ်လို့ ခံစားရတယ်၊ စော်ကားခံရပေမဲ့ အသံ မထွက်နိုင်တော့ ကျူးလွန်သူတွေက ပိုပြီး ရဲတင်းလာကြတယ်၊ လွတ်သွားတဲ့သူလည်း နောက်ထပ် ထပ်မကျူးလွန်ဘူးလို့ မပြောနိုင်ဘူး၊ မီဒီယာမရှိတော့ အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေဟာ လူမသိသူမသိ မြေမြုပ်ခံနေရတယ်” လို့ မဆန်းဦးက ပြောပါတယ်။

မုဒိမ်းကျင့်ခံရပြီးနောက်ပိုင်း အမျိုးသမီးတယောက်အတွက် ပထမဆုံး လိုအပ်တာက အရေးပေါ် ဆေးဝါးကုသမှုနဲ့ ဥပဒေအရ အကာအကွယ်ပေးနိုင်မယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါတွေတခုမှ မရရှိခဲ့တာကြောင့် ဒီအမျိုးသမီးငယ်ဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကိုလက်ခံခဲ့ရတယ်။

နစ်နာသူ အမျိုးသမီးငယ်ဟာ ငွေကြေးနဲ့ တရားမျှတမှုတွေ ဆုံးရှုံးခဲ့ရတဲ့အပြင်၊ ကူညီဖေးမ နားလည်ပေးမယ့်သူမရှိဘဲ ရွာသားတွေရဲ့ ကဲ့ရဲ့ပြစ်တင်တဲ့ အပြောအဆိုတွေအောက်မှာပဲ စိတ်ဒဏ်ရာကြီးစွာနဲ့ ရှင်သန်နေရပါတယ်။

မဆန်းဦး ပြောသလို မီဒီယာတွေ မရှိတော့တဲ့အခါ အမျိုးသမီးတွေမှာ “အသံထွက်ခွင့်” ဆုံးရှုံးသွားရုံတင် မဟုတ်ပါဘူး။

ကျား၊ မ အခြေပြု အကြမ်းဖက်မှုရဲ့ သဘောသဘာဝအရ သတင်းအချက်အလက် ဖြတ်တောက်ခံရမှုဟာ အမျိုးသမီးတွေ အတွက် အသက်ရှင်သန်ပိုင်ခွင့် လုံခြုံရေးတံတိုင်းကြီးတခုလုံး ပြိုလဲသွားတာနဲ့ အတူတူပါပဲ။

ပြည်တွင်းသတင်းသမားအရေး ဆောင်ရွက်နေတဲ့ Detained Journalists Informationရဲ့  ၂၀၂၂ ခုနှစ်အတွင်း စုဆောင်းခဲ့တဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ တရားဝင်လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာနက ၉ ခုရှိပါတယ်။

ဒါပေမဲ့ ဖမ်းဆီးမှုနဲ့ ရုံးခန်းတွေမှာ ရှာဖွေတာတွေကြောင့် ပိတ်သိမ်းသွားတဲ့ သတင်းဌာနပေါင်း ၂၀၀ လောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရာနဲ့ချီတဲ့မီဒီယာတိုက်တွေ ပိတ်သိမ်းသွားခဲ့ရသလို၊ နိုင်ငံ တဝှမ်းလုံးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း လုံးဝဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်းဟာလည်း ဒါဇင်နဲ့ချီပြီး တိုးပွား လာနေပါတယ်။

ဒီလိုသတင်းမီဒီယာတွေ အများအပြားပိတ်သိမ်းသွားတာနဲ့ နည်းပညာအမှောင်ချခံရတာဟာ စစ်ဘေးဒဏ်သင့်ဒေသတွေက အမျိုးသမီးတွေအပေါ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ လူမသိသူမသိ ပိုမိုများပြားလာစေဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေတယ်လို့ သတင်းလောကမှာ အနှစ် ၂၀ ကျော်ရပ်တည်ခဲ့တဲ့ အမျိုးသမီးသတင်းစာဆရာတဦးက သုံးသပ်ပါတယ်။

သူက အောက်ပါ အချက် ၃ ချက်နဲ့ ထောက်ပြ သုံးသပ်ထားတာကိုတွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ တိုင်ကြားရေးစနစ် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။  စစ်ပွဲတွေကြောင့် တရားဥပဒေ စိုးမိုးရေးယန္တရား ပျက် ပြားနေချိန်မှာ သတင်းမီဒီယာတွေဟာ ကျူးလွန်သူတွေကို လူထုရှေ့ဆွဲထုတ်ပြီး အရေးယူနိုင်အောင် ဖိအားပေးနိုင်တဲ့ တခုတည်းသော ကလောင်လက်နက် ဖြစ်တယ်။

အခုတော့ ဒီလက်နက် မရှိတော့တဲ့အတွက် ကျူးလွန်သူတွေက အပြစ်ပေးမခံရဘဲလွတ်မြောက်နေသလိုဖြစ်နေတဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ပိုမိုရဲတင်းလာကြတာပါ။

ဒုတိယချက်ကတော့ အရေးပေါ် ကူညီကယ်ဆယ်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်ခွင့်တွေ၊ ဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်သွားတာဖြစ်တယ်။ မုဒိမ်းကျင့်ခံရပြီးနောက် ၇၂ နာရီအတွင်း သောက်ရမယ့် အရေးပေါ် ကိုယ်ဝန်တားဆေး၊ စိတ်ဒဏ်ရာ ကုစားရေးနဲ့ တရားမျှတမှုရှာဖွေပေးမယ့် အရပ် ဘက်အဖွဲ့အစည်းတွေဆီ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်း အားလုံးဟာ ပိတ်ဆို့သွားပါတယ်။

တတိယအနေနဲ့ ‘လူမှုပတ်ဝန်းကျင်ရဲ့ ဒုတိယအကြိမ် ထပ်မံစော်ကားမှုကို ခံရတာ’ ဖြစ်တယ်။ မီဒီယာတွေကနေတဆင့် ကျူးလွန်ခံရသူဟာ အပြစ်မရှိဘူးဆိုတဲ့အကြောင်း စာနာနားလည်ပေးရမယ်ဆိုတဲ့ အရပ်ဘက် အသိပညာပေးမှုတွေ မလုပ် နိုင်တော့တဲ့အခါ၊ ရွာသားတွေဟာ ရှေးရိုးစွဲအမြင်တွေနဲ့ ကျူးလွန်ခံရသူ အမျိုးသမီးကိုပဲ လက်ညှိုးထိုး အပြစ်တင်တဲ့ စိတ်ဒဏ်ရာတွေ ထပ်ပေးတာမျိုးခံကြရတယ်။

ဒီလို ဖြစ်ရပ်တွေ တိုးပွားလာရခြင်းရဲ့ အဓိကတရားခံကတော့ စစ်အာဏာသိမ်းမှုနောက် ဆက်တွဲအဖြစ် နိုင်ငံအနှံ့မှာ တရားဝင်ရပ်တည်ခွင့် ဆုံးရှုံးသွားတဲ့ သတင်းမီဒီယာပိတ်ဆို့မှု (Media Shutdown) နဲ့ နည်းပညာအမှောင်ချမှုတွေကြောင့် ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်အတွင်း မီဒီယာနဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ အမျိုးသမီးတွေ ကြုံနေရတဲ့ မမြင်ရတဲ့ အကြမ်းဖက်မှုတွေရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် စစ်မီးတောက်နေတဲ့ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ စတဲ့ ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်ပေါင်းများစွာဟာ သတင်းမဲ့ဇုန်ကြီးအဖြစ် ကျယ်ပြန့်လာခဲ့တယ်။

ဒီလို အမှောင်ချခံထားရတဲ့ ဒေသတွေမှာ လူထုအတွက် တခြားဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိမရှိဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အင်တာနက်လိုင်းတွေ လုံးဝဖြတ်တောက်ခံထားရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က အချို့ဒေသတွေမှာ စတားလင့်ခ် (Starlink) ဂြိုဟ်တုအင်တာနက်တွေ ရောက်ရှိနေပေမဲ့ ဒါဟာ သာမန်ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် သတင်းအချက်အလက်ရရှိဖို့ လုံလောက်တဲ့ အဖြေတခု မဟုတ်သေးပါဘူး။

စတားလင့်ခ် သုံးဖို့ဆိုရင် စက်ပစ္စည်းရှိတဲ့နေရာ ဒါမှမဟုတ် အင်တာနက်ဆိုင်တွေဆီ သွားရောက်သုံးစွဲရပြီး၊ တနာရီကို ငွေကျပ်သောင်းဂဏန်းအထိ ကုန်ကျတာကြောင့် စားဝတ်နေရေးကြပ်တည်းနေတဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက် လက်လှမ်းမမီနိုင်ပါဘူး။

ဒါ့အပြင် ဝေးလံတဲ့စခန်းတွေကနေ သွားရောက်သုံးစွဲဖို့ဆိုရင် လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေကို စွန့်စားဖြတ်သန်း ရတဲ့အတွက် လုံခြုံရေးအန္တရာယ်လည်း ကြီးမားနေပါတယ်။ အခုလို စစ်ကောင်စီက Starlink စက်ပစ္စည်းတွေကို နှိမ်နင်း ဖမ်းဆီးမှု တိုးလာတာကြောင့် သုံးစွဲသူတွေဟာလည်း လျှို့ဝှက်အသုံးပြုနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ရလဒ်အနေနဲ့ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ မြေပြင်က သာမန်အမျိုးသမီးတွေကတော့ ပြင်ပကမ္ဘာက သတင်းအချက်အလက်တွေနဲ့ အလှမ်းဝေးကွာပြီး ‘သတင်းမဲ့ဇုန်’ ရဲ့ အမှောင်ထုထဲမှာပဲ ပိတ်မိနေကြရဆဲ ဖြစ်ပါတယ်။

ဒီလို သတင်းအချက်အလက် နည်းပညာတွေ လက်လှမ်းမမီတော့တဲ့အပြင်၊ စစ်ပွဲနောက်ဆက်တွဲ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့မှုတွေကလည်း မြေပြင်က အမျိုးသမီးထုကို စီးပွားရေးအရပါ အသက်ရှူကျပ်အောင် ပိုမိုတွန်းပို့နေပါတယ်။

ပုဏ္ဏားကျွန်းဒေသခံ မဆန်းဦးဆိုရင်လည်း ခင်ပွန်းသည်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ ဝိုင်းကူလုပ်ကိုင်ပေးနေတဲ့ သာမန်ကလေး မိခင် တစ်ဦး ဖြစ်ပေမဲ့၊ အခုအခါမှာတော့ သူတို့ရဲ့ တောင်ယာလုပ်ငန်းဟာ ကုန်စည်စီးဆင်းမှု လုံးဝမရှိတော့တဲ့အတွက် ရာနဲ့ ချီတဲ့စပါးကြွေးတွေ ဆုံးရှုံးခဲ့ရပါတယ်။

“ရောင်းဝယ်ကုန်တွေ မရှိတော့ နေ့တိုင်းစားဖို့က ခက်လာတယ်၊ ချွေတာစားနေရတာပဲ” လို့ မဆန်းဦးက ဆိုပါတယ်။

ဒါ့အပြင် သားဦးလေးကို မွေးဖွားပြီးနောက်ပိုင်း မဆန်းဦးရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ်တော့ဘဲ ဓမ္မတာသွေးတွေ ခဏခဏ ဆင်းနေခဲ့ပါတယ်။ စိုးရိမ်စိတ်နဲ့ ဆေးစစ်ကြည့်လိုက်တော့မှ သားအိမ်မှာ အကြိတ်ရှိနေမှန်း သိလိုက်ရတာ ဖြစ်တယ်။

ရောဂါကို အမြစ်ပြတ်ဖို့ ခွဲစိတ်ကုသဖို့ ပြင်ဆင်နေတုန်းမှာပဲ စစ်အာဏာသိမ်းမှုကြီး ဖြစ်ပွားခဲ့ပြီး၊ ခွဲစိတ်ပေးမယ့် ဆရာဝန် လည်း ထွက်ပြေးတိမ်းရှောင်လိုက်ရတာကြောင့် မခွဲဖြစ်လိုက်တော့ဘဲ ရောဂါအကြိတ်ကြီးနဲ့ပဲ လမ်းခုလတ်မှာ သောင်တင် နေခဲ့ရတယ်။

လက်ရှိ ၂၀၂၆ ခုနှစ်အထိ ၁ နှစ်ခွဲနီးပါး သတင်းအမှောင်ကျပြီး ဆေးဝါးပြတ်လပ်နေတဲ့ ဒီကာလမှာ မဆန်းဦးဟာ သူရဲ့ ရောဂါကို ဘာစနစ်တကျ ကုသမှုမှမရှိဘဲ ရိုးရာမြန်မာဆေးမြီးတိုတွေ၊ ရွာထဲမှာ အလွယ်တကူရတဲ့ အရပ်ဆေးတွေနဲ့ပဲ တောင့်ခံ ဖြေရှင်းနေခဲ့တာဖြစ်တယ်။

အမျိုးသားတွေ အိမ်မှုကိစ္စလုပ်လေ့မရှိတဲ့ ရိုးရာဓလေ့တွေကြားကပဲ မဆန်းဦး သွေးဆင်းပြီး အိပ်ရာထဲလဲနေတဲ့ နေ့ရက်တွေ ဆိုရင် ခင်ပွန်းသည်က ရေခပ်တာ၊ ထမင်းဟင်းချက်တာကအစ သားဦးလေးကို ထိန်းကျောင်းတဲ့အထိ အိမ်မှုကိစ္စ အဝဝကို လုပ်ကိုင်ခဲ့တယ်။

“ဒါပေမဲ့လေ ယောကျာ်းက ဘယ်လောက်ပဲ ကူညီပေးပေး၊ သက်သာအောင်လုပ်ပေးပေး၊ ဒါကြီးမခွဲနိုင်ဘဲနဲ့တော့ သက်သာ ပျောက်မှာမဟုတ်ဘူး၊ ဆေးခန်းသွားဖို့လည်း လမ်းခရီးက ကျမတို့အတွက် သေမင်းကို စိန်ခေါ်နေသလိုပါပဲ” လို့ မဆန်းဦးက ပြောပါတယ်။

သားအိမ်ကင်ဆာနဲ့ ကိုယ်ဝန်ပျက်ကျတာစတဲ့ သားဖွားမီးယပ်နဲ့ မျိုးဆက်ပွားကျန်းမာရေး သတင်းအချက်အလက်တွေက အစ အမှောင်ချခံရတာကြောင့် ဒေသခံအမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ဟာလည်း ခြိမ်းခြောက်ခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ဘယ်မြို့က ဘယ်ဆေးခန်း ဖွင့်နေလဲ၊ ဘယ်မှာ ဆရာဝန်ရှိလဲဆိုတာ မဆန်းဦးတို့ ဘာမှ မသိရပါဘူး။ လမ်းခရီး တလျှောက် စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေပိတ်ဆို့ထားလို့ ဆေးခန်းသွားပြဖို့ အရေးဟာ အသက်နဲ့ရင်းပြီး စွန့်စား ရတဲ့ ခရီးတခုလိုဖြစ်နေပါတယ်။

ကဏ္ဍအသီးသီး ဖြတ်တောက်ပိတ်ဆို့ခံရတဲ့ ဒဏ်ကြောင့် မဆန်းဦးတို့ ဇနီးမောင်နှံဟာ ကုသလို့ရတဲ့ ဝေဒနာကို လက်မှိုင်ချ ရင်း သတင်းအချက်အလက်ပြတ်တောက်မှုအမှောင်ထုထဲမှာ အသက်ဘေးနဲ့ ရင်ဆိုင်နေကြရတာဖြစ်တယ်။

ဒီလိုအဖြစ်တွေက ရခိုင်ပြည်က အမျိုးသမီးတွေချည်းပဲ ရင်ဆိုင်နေကြရတာမဟုတ်ပါဘူး။

မီဒီယာစီးဆင်းမှုရပ်တန့်သွားတာဟာ ဒေါ်ဆိုင်းနောင်တို့လို စစ်ရှောင်အမျိုးသမီးတွေအတွက် သူတို့ကိုကာကွယ်ပေးထားတဲ့ လုံခြုံရေးတံတိုင်းကြီး ပြိုကျသွား သလိုဖြစ်စေခဲ့တယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးရှိ ဂျာမိုင်ယန်စစ်ရှောင်စခန်းမှာ ခိုလှုံနေရတဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်ဆိုင်းနောင်ရဲ့ နေ့ရက်တွေကတော့ ပြင်ပစစ်ပွဲဒဏ်တင်မကဘဲ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ငရဲကိုပါ တပြိုင်တည်း ဖြတ်သန်းနေရတာ ပါ။

သူရဲ့ခင်ပွန်းသည်ဟာ စစ်ရှောင်စခန်းထဲမှာ ပုံမှန်အလုပ်အကိုင်မရှိဘဲ ကြုံရာကျပန်း လုပ်ကိုင်နေရသူ ဖြစ်ပါတယ်။ စစ်ဘေး ကြောင့် စိတ်ဖိစီးတာ၊ အလုပ်လက်မဲ့ဖြစ်ပြီး ငွေကြေးကျပ်တည်းတာတွေနဲ့အတူ အရက်ကိုပါ အလွန်အကျွံ သောက်စား လာတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူရဲ့ ဒေါသဟာ ဒေါ်ဆိုင်းနောင်အပေါ် ကျရောက်ပေါက်ကွဲလာခဲ့တယ်။

အကြောင်းပြချက်မရှိဘဲ နေ့စဉ်ရက်ဆက်ဆိုသလို ဆဲဆိုရိုက်နှက်တာ၊ ဆံပင်ဆွဲပြီး ကြမ်းပြင်နဲ့ ဆောင့်တာထိ ရက်ရက်စက် စက် နှိပ်စက်လေ့ရှိပါတယ်။

“သူအရမ်းမူးနေရင်တော့ ကိုယ်က တတ်နိုင်သလောက် ပြန်လုပ်တာပေါ့၊ ဒါပေမဲ့ ယောကျာ်းသားရဲ့ အားကိုတော့ မယှဉ် နိုင်ပါဘူး၊ အဲ့ဒါသိတော့ သူက ကျမက ပြန်လုပ်ရင် အငြိုးတကြီးနဲ့ကို ပြန်ရိုက်တာ၊ နောက်တော့ ဘာမှမတတ်နိုင်ဘဲ ကြိတ်ခံ၊ ရှောင်နိုင်ရင် ရှောင်နေရတာပဲ”လို့ ပြောပါတယ်။

အဆိုးဆုံးကတော့ ဒီလိုမတရားမှုတွေကို တိုင်တန်းဖို့ နေရာမရှိတာပါပဲ။ ဒေသတွင်း မီဒီယာတွေ အားကောင်းခဲ့တုန်းက စစ်ရှောင်စခန်းတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိလာရင်ဖြစ်စေ၊ ရိက္ခာပြတ်လပ်တာဖြစ်စေ ကြုံရရင် သတင်းထောက်တွေက အမြန်ဆုံး လာရောက်သတင်းယူပြီး သတင်းစာမျက်နှာကနေတဆင့်  ကူညီမယ့်သူတွေက သတင်းအချက်အလက်တွေ ရရှိပြီး အကူအညီရခဲ့ကြပါတယ်။

အခုတော့ သတင်းသမားတွေ၊ သတင်းမီဒီယာတွေလည်း မရှိသလို၊ တဦးချင်းစီလွတ်လွတ်လပ်လပ်အသုံးပြုနိုင်တဲ့  အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံရတဲ့အခါ ဒေါ်ဆိုင်းနောင်တို့ ဘဝဟာ သတင်းမဲ့ ဇုန်ထဲမှာ ကူညီပေးနိုင်မယ့်သူတွေနဲ့ ကင်းကွာရာကို ရောက်နေတဲ့အခြေအနေ ဖြစ်ပါတယ်။  

“အရင်ကတော့ တခုခုဆို သတင်းထောက်တွေကို ဖုန်းဆက်ပြောလို့ရတယ်၊ အခုက စခန်းထဲမှာ အမျိုးသမီးတွေ လိင် ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရတာ၊ အမျိုးသမီးတွေကို စစ်တပ်က အနိုင်ကျင့်စော်ကားတာ၊ လိင်အကြမ်းဖက်တာတွေရှိရင် ဘယ်သူ့ကို ပြောရမှန်းမသိဘူး” လို့ ဒေါ်ဆိုင်းနောင်က ဆိုပါတယ်။  

စခန်းတာဝန်ခံတွေကို သွားတိုင်ရင်လည်း သက်သေယူလာဆိုတဲ့စကားကြောင့် အများစုက ပြောမထွက်ခဲ့ကြပါဘူး။ ဒါ့ အပြင် ကျူးလွန်သူက နစ်နာတဲ့မိသားစုကို ပြန်လည်ခြိမ်းခြောက်တာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

 “အော်ရင်တောင် ကိုယ့်အသံက ဒီစခန်းအပြင်ဘက်ကို မကျော်နိုင်ဘူး” ဆိုတဲ့ ဒေါ်ဆိုင်းနောင်ရဲ့ စကားအတိုင်း မီဒီယာ စီးဆင်းမှုရပ်တန့်သွားတာဟာ စစ်ရှောင်အမျိုးသမီးတွေအတွက် ကာကွယ်ပေးမယ့် လုံခြုံရေးတံတိုင်း ပြိုကျပြီး၊ အမှောင်ထုထဲမှာ လှောင်ပိတ်ခံလိုက်ရတာဖြစ်တယ်။    

တခါ စစ်တပ်ရဲ့ ကဏ္ဍစုံ ဖြတ်တောက်မှုတွေဟာ ဝေးလံတဲ့ ဒေသတွေတင်မကဘဲ မြို့ပြဆီကိုပါ ရိုက်ခတ်လာပါတယ်။

ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတခုမှာ အလုပ်လုပ်ခဲ့ပြီး မီဒီယာပိတ်သိမ်းခံရမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ သတင်းထောက် မိုင်ဆဲလီ (အမည်လွှဲ)ရဲ့ ဖြစ်ရပ်ကတော့ အိပ်မက်တွေကို ရိုက်ချိုးခံလိုက်ရရုံတင်မကဘဲ အမျိုးသမီးတဦးရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကိုပါ ချောက်ထဲ တွန်းပို့လိုက်သလို ဖြစ်သွားစေခဲ့တယ်။

စစ်အာဏာသိမ်းပြီးနောက် သတင်းတိုက်တွေ ဆက်တိုက်ပိတ်သိမ်းခံရသလို၊ သူကိုယ်တိုင်လည်း စစ်ကောင်စီရဲ့ဖမ်းဆီး အရေးယူမယ့် အန္တရာယ်ကြောင့် တိမ်းရှောင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ချင်းတောင်တန်းတွေကို ကျောခိုင်းပြီး အလုပ်အကိုင်ရနိုင်မယ့် ရန်ကုန်မြို့ပြကြီးဆီကို ရွှေ့ပြောင်းလာခဲ့တယ်။  

ရန်ကုန်ရောက်တဲ့အခါ မိသားစုရဲ့ ဝမ်းရေးနဲ့ စားဝတ်နေရေး ဖိအားတွေကြောင့် ကလောင်ကိုင်ခဲ့တဲ့ လက်တွေဟာ စက်မှုဇုန် က အထည်ချုပ်စက်ရုံတခုရဲ့ အပ်ချုပ်စက်ခလုတ်တွေအပေါ် ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမဲ့ မြို့ပြရဲ့ စက်ရုံအမိုးအကာ အောက်မှာလည်း အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံတဲ့ နားခိုရာ မရှိခဲ့ပါဘူး။

စက်ရုံထဲမှာရှိတဲ့ မန်နေဂျာ၊ အလုပ်ရှင်နဲ့ အလုပ်သမားခေါင်းဆောင်ဆိုတဲ့ အမျိုးသားတွေက သာမန်အထည်ချုပ် အမျိုး သမီးလုပ်သားတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အနိုင်ကျင့် အကြမ်းဖက်တာတွေကို မိုင်ဆဲလီတယောက် နေ့စဉ်နဲ့အမျှ မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ရပါတယ်။

အဆိုးဆုံးကတော့ သူတပါးအဖြစ်ကို ကြားသိပြီး ရင်နာနေရတဲ့ မိုင်ဆဲလီကိုယ်တိုင်လည်း အဲ့ဒီလုပ်ငန်းခွင်ထဲမှာ လိင် အမြတ်ထုတ်ခံရမှုကို ကိုယ်တိုင်ကျူးလွန်ခံခဲ့ရတာပါပဲ။

အလုပ်ခွင်တည်မြဲရေးနဲ့ ရာထူးတိုးမြှင့်ရေး၊ ဒါမှမဟုတ် ဖိအားပေး အကျပ်ကိုင်မှုတွေကြားထဲမှာ အလုပ်ရှင်နဲ့ အထက် လူကြီးတွေရဲ့ စက်ဆုပ်ရွံရှာဖွယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို သူကိုယ်တိုင် ခါးစည်းခံခဲ့ရတာ ဖြစ်တယ်။

“ပထမတော့ အလုပ်အကြောင်းပြပြီး ရုံးခန်းထဲခေါ်တယ်၊ အဲ့ဒီမှာ ပုခုံးကိုင်တာ၊ လက်ကို ကိုင်နမ်းတာမျိုးကနေ စတာပေါ့၊ အချိန်ပိုဆင်းခိုင်းပြီး လူလစ်တာနဲ့ အတင်းအကျပ်ဖက်တာ၊ မဖွယ်မရာကိုင်တာတွေထိ ကျူးလွန်လာတယ်၊ အဲ့ဒါကို ငြင်းရင် လည်း အလုပ်ထုတ်မယ်လို့ ပြောတယ်”လို့ မိုင်ဆဲလီက ရှင်းပြပါတယ်။

အလုပ်မထုတ်ရင်တောင် တမင်သက်သက် အလုပ်ထဲမှာ အမှားရှာပြီး ဒဏ်ကြေးဖြတ်တာမျိုးတွေနဲ့ ဖိအားပေး အကျပ်ကိုင် တာတွေ စက်ရုံထဲမှာ နေ့စဉ်ဖြစ်ပျက်နေတာ ဖြစ်တယ်။ အဆိုးဝါးဆုံးကတော့ ဒီအဖြစ်အပျက်တွေ အပြင်ကို ပေါက်ကြား ရင် သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုပါပဲ။

အရင်ကဆိုရင် ဒါမျိုးမတရားမှုတွေကို ကမ္ဘာကသိအောင် ကလောင်နဲ့ တိုက်ပွဲဝင်မယ့် သတင်းထောက်မိုင်ဆဲလီဟာ အခုတော့ သတင်းအချက်အလက်ပေးပိုင်ခွင့် မရှိတာကြောင့် ဘာမှမတတ်နိုင်ဘဲ နှုတ်ဆိတ်နေခဲ့ရတယ်။

“အလုပ်လက်မဲ့ဖြစ်သွားတာထက် ပိုနာကျင်ရတာက မြေပြင်မှာ ကျမတို့လို အမျိုးသမီးတွေ မတရားအနိုင်ကျင့် စော်ကား ခံနေရတာကို သိနေရက်နဲ့၊ ကိုယ်တိုင်လည်း ကြုံနေရရက်နဲ့ ရေးပိုင်ခွင့်၊ ဖော်ထုတ်ပိုင်ခွင့် မရှိတာက တကယ်ရင်နာဖို့ ကောင်းတယ်၊ မီဒီယာတွေကို ပိတ်ပစ်လိုက်တာဟာ အမျိုးသမီးတွေရဲ့ နာကျင်မှုတွေကို မှတ်တမ်းတွေထဲကနေ ဖျောက် ဖျက်ပစ်လိုက်တာနဲ့ အတူတူပဲ” လို့ မိုင်ဆဲလီက ရင်ဖွင့်ပါတယ်။

သတင်းစီးဆင်းမှု ပြတ်တောက်သွားတဲ့အခါ အမျိုးသမီးတွေရဲ့ လူမှုဘဝနဲ့ လုံခြုံရေးအပေါ် ဘယ်လောက်အထိ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ အယ်မလီက “အမျိုးသမီးတွေ အတွက်တော့ ‘မျက်မြင်သက်သေမရှိတဲ့ ကမ္ဘာပျက်ကြီး’ ထဲ ပိတ်မိသွား တာနဲ့ အတူတူပါပဲ၊ ပုံမှန်အချိန်မှာတောင် မြန်မာ့ လူအသိုင်းအဝိုင်းက ဒီရှေးရိုးစွဲအမြင်တွေကြောင့် အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရရင် အသံထွက်တိုင်တန်းဖို့ ခက်ခဲ နေတာ၊ အခုလို အမှောင်ချခံလိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ လူမှုဘဝဟာ လုံးဝ အကာအကွယ်မဲ့သွားပြီး ရာဇဝတ် ကောင်တွေအတွက်တော့ ဘာလုပ်လုပ် အပြစ်မရှိသူ ဖြစ်သွားတာပေါ့” သုံးသပ်ပြပါတယ်။

သူက ဆက်လက်ပြီး သတင်းမဲ့ဇုန်တွေထဲက အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုစီးပွားဘဝ ပြိုလဲမှုကိုလည်း အခုလို မှတ်ချက်ပေးပါတယ်။

“အင်တာနက်နဲ့ မီဒီယာမရှိတော့တဲ့အခါ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ကွန်ရက်တွေ ပျက်စီးကုန် တယ်၊ ဘယ်တိုင်ပြီး ဘယ်သူ့အကူအညီတောင်းရမှန်းလည်း မသိတော့ဘူး၊ အဲ့မှာ ခေါင်းငုံခံရတော့ စိတ်ဒဏ်ရာတွေနဲ့ လူတောမတိုးရဲတော့တာမျိုးဖြစ်သွားနိုင်တယ်”

ဒါ့အပြင် ကျန်းမာရေး သတင်းအချက်အလက်တွေ မရတော့တဲ့အတွက် အမျိုးသမီးတွေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာ နိုင်ပြီး ဒါဟာ သတင်းအမှောင်ချရုံတင် မဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ရှင်သန်ခွင့်၊ လုံခြုံခွင့်နဲ့ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာ ကိုပါ ချေမှုန်းပစ်လိုက်တာလို့ အယ်မလီက ထောက်ပြပါတယ်။

သတင်းအမှောင်ချမှုနဲ့ မီဒီယာ Shutdown ဆိုတာ ရာဇဝတ်ကောင်တွေကို အကာအကွယ်ပေးထားတဲ့ အကောင်းဆုံး တံတိုင်းကြီးတခု ဖြစ်သွားပါတယ်။

မဆန်းဦးရဲ့ မကုသနိုင်သေးတဲ့ သားအိမ်အကြိတ်၊ ဒေါ်ဆိုင်းနောင်ရဲ့ စခန်းပြင်ပကို မကျော်နိုင်တဲ့ အော်ဟစ်သံနဲ့ မိုင်ဆဲလီရဲ့ ပိတ်ပင်ခံလိုက်ရတဲ့ ကလောင်တချောင်းဟာ မြန်မာ့အမှောင်ခေတ်ထဲမှာ အမျိုးသမီးတွေ ဘယ်လို အသံပျောက်နေကြရ သလဲဆိုတာကို ပြသနေပါတယ်။ မီဒီယာပိတ်ဆို့ခံရခြင်းဆိုတာ သတင်းအချက်အလက်ကိုသာ ဖျောက်ပစ်တာမဟုတ်ဘဲ၊ အမျိုးသမီးတွေရဲ့ လုံခြုံခွင့်၊ တရားမျှတမှုနဲ့ ရှင်သန်ပိုင်ခွင့်တွေကိုပါ အမှောင်ထဲမှာ ပိတ်လှောင်ထားလိုက်တာပဲဖြစ်ပါတယ်။