တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇန်နဝါရီ ၃၁ ရက်ကနေဖေဖော်ဝါရီ ၆ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်အမျိုးသမီးသတင်းတွေထဲ စိတ်မကောင်းစရာဖြစ်ရပ်တခုကတော့ အကျဉ်းထောင်အချို့မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ သတင်းတွေပဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာစစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်က ဆန္ဒပြတဲ့ အကျဥ်းသူ ၁၅ ဦးခန့် တိုက်ပိတ်ခံရတာ၊ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ၃ နှစ်နီးပါး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ကို လွှတ်ပေးဖို့တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ ၇ ဦး ထပ်မံတိုက်ပိတ်ခံထားရတာ လနဲ့ချီရှိလာပြီဖြစ်တယ်ဆိုတဲ့ သတင်းတွေက နိုင်ငံရေးအကျဉ်းသူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။
တိုက်ပိတ်ခံရတဲ့ အကျဉ်းသူတွေဟာ အစားအသောက်လုံလုံလောက်လောက်မရတာ၊ တကိုယ်ရေသန့်ရှင်းမှုလုပ်ဆောင်ခွင့် မရတာ၊ ဆေးကုသခွင့်မရတာ၊ မိသားစုနဲ့တွေ့ဆုံခွင့်မရတာစသဖြင့် သာမန်အကျဉ်းသူတွေထက် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေရင်ဆိုင်ရတဲ့အတွက် တိုက်ပိတ်ခံရတဲ့ နိုင်ကျဉ်းအမျိုးသမီးတွေရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေပါတယ်။
ဒါ့အပြင် လူထုစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဖြစ်စဉ်တခုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်းတို့ကို အရေးယူပေးဖို့ ရုံးဝန်ထမ်းတွေက NUG အစိုးရထံ တိုင်ကြားထားတဲ့အမှုကိစ္စ ဖြစ်ပါတယ်။ ဒီလို တိုင်ကြားထားတဲ့အမှုကို တလအတွင်း အပြီးသတ်မယ်လို့ စုံစမ်းစစ်ဆေးရေးဘက်က ထုတ်ပြောခဲ့ပေမဲ့၊ ရက်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ အကောင်အထည်ပေါ်လာမှု မရှိသေးပါဘူး။ လာဘ်ပေးလာဘ်ယူမှုနဲ့ တိုင်ကြားခံထားရတဲ့ ကိစ္စကို ပြေလည်အောင်ဖြေရှင်းမပေးနိုင်သေးတာ နဲ့ပတ်သက်လို့ NUG ရဲ့ တရားစီရင်မှုအပေါ် လူထုဝေဖန်ထောက်ပြ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဒီသတင်းအပြင်
အမျိုးသားရှားပါးလာတဲ့ မြောင်မြို့မှာ အမျိုးသမီးတွေ ညကင်းစောင့်နေရတဲ့သတင်း၊ ဆီဆိုင်မြို့မှာ အသက် ၁၈ နှစ်ပြည့် အမျိုးသမီးတွေကို စစ်မှုထမ်းစတင်ခေါ်နေတယ်ဆိုတဲ့ သတင်းတွေအပြင် မြန်မာသတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၁၁ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
- NUG အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ထားသည့်အမှု အရေးမယူနိုင်သေး
- မော်လိုက်ထောင်မှ ဆန္ဒပြအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံရ
- ဟင်္သာတမှာကျောင်းသားတွေကို ရွှံ့စေးလျက်ခိုင်းတဲ့ ဆရာမ စစ်ဆေးခံရ
- စစ်ကောင်စီထံ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရေးအပါအဝင် အချက် ၄ချက်ကို WLB တောင်းဆို
- ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတချို့တိုက်ပိတ်ခံရတာ လချီနေပြီလို့ PPNM ထုတ်ပြန်
- အာဏာသိမ်းကာလ ၅နှစ်အတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် ၁သောင်းကျော်သေဆုံးခဲ့
- အမျိုးသားရှားပါးလာသည့် မြောင်တွင် အမျိုးသမီးများ ညကင်းစောင့်နေရ
- ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ
- ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး ၃ကြိမ်မြောက် ကွန်ကရက်မှာ အမျိုးသမီးခေါင်းဆောင် ၄ဦး ရွေးချယ်
- ယောဒေသကို တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတာကြောင့် ကျောင်းသူနှစ်ဦးအပါအဝင်အမျိုးသမီး ငါးဦးသေဆုံး
- ကျောက်ထု၊ မီအယ်ရွာကိုစစ်တပ်ဗုံးကြဲ CDM ဆရာမနဲ့ကလေးငယ်တွေအပါအဝင် ၅ဦးထက်မနည်း သေဆုံး ၊ ၂ဦးဒဏ်ရာပြင်းထန်
NUG အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ထားသည့်အမှု အရေးမယူနိုင်သေး
Source-DVB
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ ခင်ပွန်းတို့ကို အရေးယူပေးဖို့ ရုံးဝန်ထမ်းတွေက NUG အစိုးရထံ တိုင်ကြားထားတဲ့အမှုကိစ္စ တလအတွင်း အပြီးသတ်မယ်လို့ စုံစမ်းစစ်ဆေးရေးဘက်က ထုတ်ပြောခဲ့ပေမဲ့ ရက်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ အကောင်အထည်ပေါ်လာတာ မရှိသေးဘူးလို့သိရပါတယ်။
ဝန်ထမ်း၁၂ ဦးက ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့ခင်ပွန်း ဦးညီညီမင်း တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း မလျော်ဩဇာသုံးစွဲမှုတို့နဲ့ တိုင်ကြားထားမှုကို NUG အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ တိုင်ကြားသူ ၁၂ ယောက်၊ သက်သေ ၅ ယောက်တို့နဲ့အတူ စုံစမ်းစစ်ဆေးခဲ့ပြီး တလအတွင်း အပြီးသတ် ဆောင်ရွက်ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တိုင်ကြားထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးမှု ရလဒ်ပေါ်ထွက်ရေးအတွက် တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ တရားလိုလုပ် တိုင်တန်းခဲ့သူ ၁၂ ယောက်က NUG အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အိတ်ဖွင့်ပေးစာတစောင်ကို ဇန်နဝါရီ ၂၈ ရက်က ပေးပို့ခဲ့ပေမယ့် လက်ရှိအချိန်အထိ တိုင်ကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NUG ဘက်ကရော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဘက်ကပါ အကြောင်းပြန်လာတဲ့ မရှိသေးတဲ့အတွက် တိုင်ကြားသူတွေ အနေနဲ့ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့ခဲ့တာလို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုအဖွဲ့ ဖွဲ့စည်းပြီးနောက်မှာ တိုင်ကြားထားသူ ၁၂ ယောက်ကိုလည်း ဒေါ်ကြည်ပြာက ပြန်လည်တိုင်ကြားခဲ့တဲ့ အတွက် သူတို့ရဲ့ ရာထူးတာဝန်တွေကနေ ယာယီရပ်ဆိုင်းခဲ့ပြီး Page ကို ပိတ်ဖို့ စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကို မေးမြန်းကြည့်ရာမှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး မပြီးပြတ်သေးတဲ့အတွက် အမှုအခြေအနေ အသေးစိတ်ကို မထုတ်ပြန်တာလို့ ဆိုပါတယ်။
မော်လိုက်ထောင်မှ ဆန္ဒပြအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံရ
Source-The Irrwaddy
စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်က ဆန္ဒပြတဲ့ အကျဥ်းသူ ၁၅ ဦးခန့် တိုက်ပိတ်ခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)နဲ့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီများထံမှ သိရပါတယ်။
မော်လိုက်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသူတွေအပါအဝင် အကျဥ်းသူ ၁၀၀ ကျော်က သွေးသစ္စာသီချင်း သံပြိုင် သီဆိုခဲ့ကြရာ ၎င်းတို့ထဲက ၁၅ ဦးခန့် တိုက်ပိတ်ခံထားရတာဖြစ်သလို ဆန္ဒပြမှုနဲ့အတူ အမှုကြီး ၉ မှု ပယ်ကာဖျက်သိမ်းရေး၊ အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးကျရရှိရေး၊ အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေးစတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့ပါတယ်။
မော်လိုက်အကျဥ်းထောင်မှာ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ်မှ ပြစ်ဒဏ်ကျခံနေရသူ ၁,၆၀၀ ဦးခန့်အနက် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံတကာအစိုးရအပါအဝင် အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိအကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေး၊ ညှဥ်းပန်းနှိပ်စက်ခံရမှု ပပျောက်စေရေးနဲ့ အလျင်အမြန်လွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်တပ်အား ဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံ မျှ မလုံလောက်ဘဲ သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးနဲ့ချိတ်ဆက်၍ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် PPNM နဲ့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီတို့က တိုက်တွန်းတောင်းဆိုထားပါတယ်။
ဟင်္သာတမှာကျောင်းသားတွေကို ရွှံ့စေးလျက်ခိုင်းတဲ့ ဆရာမ စစ်ဆေးခံရ
Source-DVB
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အလက လက်ပံစု (နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်က အလက လက်ပံစု(နောက်) စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ်တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့ရှိသွားပြီး ရွှံ့ပေအောင်လုပ်တဲ့သူ မေးမရတဲ့အတွက် ကျောင်းသား အယောက် ၃၀ ကျော်ကို ခေါပြီး လျှာနဲ့လျက်ခိုင်းခဲ့ကာ၊ မိဘပြန်မပြောကြဖို့၊ ပြန်ပြောခဲ့ပါက ကျောင်းရောက်လာတဲ့အခါ ရိုက်နှက်မယ်လို့ပါ ကျောင်းသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တာကို မိဘတွေက သိရှိပြီးနောက် စုပေါင်းတိုင်ကြားလို့ ဖေဖော်ဝါရီ ၂ ရက်မှာ မြို့နယ်အဆင့် ပညာရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် နှစ်ဆုံးစာမေးပွဲတွေရှိတာကြောင့် စစ်ဆေးမှုလုပ်ငန်းတွေကို ခေတ္တဆိုင်းငံ့ထားမှာဖြစ်ပြီး စာမေးပွဲတွေပြီးဆုံးပါက ခရိုင်အဆင့် တာဝန်ရှိတဲ့သူတွေပါတဲ့ အဖွဲ့က ဆက်လက်စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီထံ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရေးအပါအဝင် အချက် ၄ချက်ကို WLB တောင်းဆို
Source- HI -Honest Information
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း” အမည်ရှိ အစီရင်ခံစာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၂၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေအပေါ် အရေးယူနိုင်ခြင်းမရှိတဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်အချက် ၄ ချက်အား WLB က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။
ယင်းအချက် ၄ချက်က စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန်၊ နိုင်ငံတကာ တရားမျှတမှု ယန္တရားများမှတဆင့် ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူရန်၊ စစ်ကောင်စီထံ လက်နက်နဲ့ လေယာဉ်ဆီ ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ရန်၊ မြေပြင်ရှိ အမျိုးသမီးအဖွဲ့အစည်းများထံသို့ ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ တိုက်ရိုက်ပံ့ပိုးပေးရန် စတာတွေပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေး အကြပ်အတည်းကို နိုင်ငံတကာက ခိုင်မာပြတ်သားစွာ အရေးမယူပါက အမျိုးသမီး များနဲ့ ကလေးငယ် သန်းပေါင်းများစွာအတွက် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံတွေ့ရလိမ့်မယ်လို့ WLB က သတိပေးပြောကြားပါတယ်။
ဒါ့အပြင်အစီရင်ခံစာမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့တဲ့ လိင်နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ်ပေါင်း ၂၀၉ မှု ကို အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ အစီရင်ခံစာတွင်ပါဝင်တဲ့ အမှုပေါင်း ၂၀၉ မှုက ၂၀၂၅ (၁)နှစ်စာ အတွက်ပဲ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး၊ ၂၀၂၁- ၂၀၂၅ (၅)နှစ်တာအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း ၁,၀၀၀ နီးပါးရှိခဲ့ရာ ကျူးလွန်သူတွေထဲ အဓိက တရားခံဖြစ်တဲ့ စစ်အုပ်စုအပြင် လက်နက်ကိုင်အင်အားစု အမျိုးမျိုးလည်း ပါဝင်နေတာ တွေ့ရှိရတယ်လို့ WLB ၏ မူဝါဒရေးရာဦးဆောင် အဖွဲ့ဝင်တဦးကပြောပါတယ်။
ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတချို့တိုက်ပိတ်ခံရတာ လချီနေပြီလို့ PPNM ထုတ်ပြန်
Source-BBC
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ၃ နှစ်နီးပါး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ ထပ်မံတိုက်ပိတ်ခံထားရတာ လနဲ့ချီရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အနည်းဆုံး နိုင်ငံရေးအကျဉ်းသူ ၇ ဦး တိုက်ပိတ်ခံထားရပြီး သူတို့က နှစ်နဲ့ချီတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ မမိုးမိုးစန်း၊ မနွေးနွေးမြင့်လွင်နဲ့ မဂျူးဇင်သီတို့ကို လွှတ်ပေးဖို့ ထောင်အာဏာပိုင်တွေကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
ယင်းအကျဉ်းသူ ၇ ဦးတိုက်ပိတ်ခံလိုက်ရတဲ့ ရက်စွဲကိုတော့ အတိအကျမပြောနိုင်ပေမယ့် တိုက်ပိတ်ခံရတာ လနဲ့ချီ ရှိပြီဖြစ်သလို ၊လက်ရှိမှာယင်း နိုင်ငံရေးအကျဉ်းသူ ၇ ဦးကို ထောင်ထဲက အမျိုးသမီးအဆောင်ရဲ့ တိုက်ပိတ်တဲ့ဘက်ခြမ်းမှာ မထားဘဲ နိုင်ငံရေးအကျဉ်းသားတွေကို အရင်က တိုက်ပိတ်တာတွေလုပ်ခဲ့တဲ့ အမျိုးသားအဆောင်ဘက်ခြမ်းက တိုက်တွေမှာ ပိတ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ ၇ ဦးထက်မနည်း တိုက်ပိတ်ခံထားရတဲ့နေရာဟာ အမျိုးသားအဆောင်ဘက်ခြမ်းထဲမှာဖြစ်တာကြောင့် ရေချိုး သန့်ရှင်း ရေးလုပ်ဖို့ တိုက်ထဲကနေ ထွက်ခွင့်ပေးတဲ့အချိန်တွေမှာလည်း အမျိုးသားအဆောင်ဘက်ကနေ လှမ်းမြင်နေရ တဲ့အတွက် လုံခြုံမှုမရှိတဲ့အခြေအနေလို့ သူက ဖြည့်ပြောပါတယ်။
လက်ရှိ ဒိုက်ဦးထောင်မှာ နိုင်ငံရေးအမှုအပါအဝင် မတူညီတဲ့အမှုတွေနဲ့ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူ အမျိုးသမီးအရေအတွက် ၃၀ ဦးဝန်းကျင်ရှိပြီ၊ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ကိုတော့ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပိတ်ပင်ထားသလို မိသားစုတွေပို့လာတဲ့ ပစ္စည်းတွေကိုလည်း ထောင်အာဏာပိုင်တွေက လက်ခံခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းကာလ ၅နှစ်အတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် ၁သောင်းကျော်သေဆုံးခဲ့
Source- HI – Honest Information
အာဏာသိမ်းကာလ ၅နှစ်အတွင်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် သေဆုံးမှု ၁သောင်းကျော်ရှိတဲ့အနက် အမျိုးသမီးနဲ့ ကလေးသူငယ်သေဆုံးမှုက ၃၅ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာနက နွေဦးတော်လှန်ရေး ၅နှစ်ပြည့်နေ့က ထုတ်ပြန်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၅ ဒီဇင်ဘာ ၃၁အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် မတရားညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုကြောင့် ကလေး၊ လူငယ်နဲ့ အမျိုးသမီးဦးရေ သေဆုံးမှုမှာ ၁၁,၄၇၂ ဦးရှိတဲ့ အနက် အမျိုးသမီးဦးရေက ၂,၆၅၂ဦး သေဆုံးသူအားလုံးအနက် ၂၃.၁ ရာခိုင်နှုန်း၊ ကလေးသေဆုံးမှုမှာ ၁,၃၇၉ ဦး သေဆုံးသူအားလုံးအနက် ၁၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
အမျိုးသမီးနဲ့ကလေးသူငယ်သေဆုံးမှုဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်း ဒေသကြီးတို့က အများဆုံးဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးက သေဆုံးမှုအနည်းဆုံး၊ နေပြည်တော်နဲ့ အမည်မသိဒေသလို့ဖော်ပြထားတဲ့ဒေသတို့က သေဆုံးမှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
နိုင်ငံတဝန်း အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ၂၀၂၃ ဧပြီလမှာဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ပဇီကြီး ဖြစ်စဉ်ဟာ လူအများအပြားသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တခုဖြစ်ပြီး ကလေးသူငယ် အမျိုးသမီး နဲ့ ပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့ရပါတယ်။
အမျိုးသားရှားပါးလာသည့် မြောင်တွင် အမျိုးသမီးများ ညကင်းစောင့်နေရ
Source- HI – Honest Information
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အလုပ် လုပ်ကိုင်နိုင်တဲ့ အမျိုးသားအင်အားနည်းပါးလာရာ ယင်းတို့ကိုယ်စား အမျိုးသမီးတွေက ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ခိုင်းစေတဲ့ ညပိုင်းကင်းစောင့်တာဝန်ကိုယူထားကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရ ပါတယ်။
အမျိုးသားဦးရေနည်းပါးနေတဲ့ မြောင်မြို့နယ်ရှိ လှေတင်ဦး၊ ကျည်ကုန်း၊ မြေစွန်းတော်၊ မာလကာခြံရွာ၊ ပန်းညိုနဲ့ ညောင်ကားယားစတဲ့ ကျေးရွာတွေမှာ အမျိုးသားတွေကိုယ်စား အမျိုးသမီးတွေက ကင်းစောင့်နေရတာ ၁ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။
ယင်းကျေးရွာရှိ အမျိုးသမီးတွေက နေ့ဘက်မှာ စားဝတ်နေရေးနဲ့ အိမ်မှုကိစ္စများကို လုပ်ကိုင်ရတဲ့အပြင် ညဘက်တွင်လည်း အလှည့်ကျကင်းစောင့်နေကြရပြီး၊ ကင်းမစောင့်နိုင်ပါက ရပ်ရွာအုပ်ချုပ်ရေးမှူးကို တကြိမ်လျှင် ကျပ် ၃ သောင်းမှ ၅ သောင်းအထိ ပေးနေရသဖြင့် လူမှုစီးပွားအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယင်းစစ်မှုထမ်းဥပဒေ ထွက်ရှိပြီးနောက် စစ်ကိုင်းတိုင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဒေသခံပြည်သူတွေကို ဖိအားပေးကာ ရပ်ရွာလုံခြုံရေးအတွက် တအိမ်လျှင် တဦးနှုန်း အလှည့်ကျစနစ်ဖြင့် ညပိုင်း ကင်းစောင့်ရမယ်လို့ ခိုင်းစေခဲ့ပါတယ်။
ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ
Source-သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ဇန်နဝါရီလ ပထမပတ်က စပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်းစတင်ခေါ်ယူနေပြီး ကျောင်းတက်နေသူများလည်းပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းခေါ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စာရင်းပါကြောင်း ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်ကြောင်းနဲ့ ကျောင်းသူဖြစ်၍ စစ်မှုမထမ်းနိုင်လျှင် ငွေကြေးဖြင့် လာရောက်ညှိနိူင်း နိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက်ပြည့်ပြီးတဲ့ အမျိုးသားတွေကိုလည်း ခေါ်ယူနေပြီး စစ်ကော်မရှင်မှ ခေါ်ဆောင်သွားသော စစ်မှုထမ်း အမှတ်စဉ်(၁) မှ လူငယ်များမှာလည်း သတ်မှတ် နှစ်ကာလ ပြည့်သွားသော်လည်း ပြန်လာနိုင်ခြင်း မရှိတဲ့အပြင် မိသားစုနဲ့ အဆက်အသွယ်ပါ ပြတ်တောက်သူများလည်း ရှိတယ်လို့ သိရတယ်။
စစ်မှုထမ်း အမှတ်စဉ် (၁)ကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလမှာ စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အသက်ပြည့်ပြီးတဲ့ လူငယ်အမျိုးသားများကို မဲနှိုက်ခေါ်ယူခဲ့ပြီး ယခုအချိန်တွင် အမှတ်စဉ်(၂၁) အထိ ရှိပြီ ဖြစ်ပါတယ်။
စစ်မှုထမ်း အမှတ်စဉ် (၂၁)အဖြစ် ပြန်လည်ခေါ်ယူလာတဲ့အတွက် ဒေသခံလူငယ်တွေနဲ့ အသက်ပြည့်ပြီးတဲ့ ကျောင်းသား၊ကျောင်းသူများ စိုးရိမ်နေကြပြီး မိဘများမှာလည်း ငွေကြေးနဲ့ စားဝတ်နေရေးပါ အခက်ကြုံနေရပါတယ်။
ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး ၃ကြိမ်မြောက် ကွန်ကရက်မှာ အမျိုးသမီးခေါင်းဆောင် ၄ဦး ရွေးချယ်
Source – Honest Information
ဖားအံမြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ ၃ ကြိမ်မြောက် ကွန်ကရက်မှာ ခေါင်းဆောင်တွေအဖြစ် အမျိုးသမီး ၄ ဦးကို ရွေးချယ်ခဲ့ပြီးရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ခေါင်းဆောင်တွေကတော့ ဥက္ကဋ္ဌ နေရာအဖြစ် နော်အဲ့ရှီး၊ ဒုဥက္ကဋ္ဌ နေရာအဖြစ် နော်ကမွီးမွီး၊ အတွင်းရေးမှူး နေရာအဖြစ် နော်သက်မူးနွယ်၊ တွဲဖက်အတွင်းရေးမှူးနေရာအဖြစ် နော်ဖောလား တို့ဖြစ်ပါတယ်။
ကွန်ကရက်ကနေ ရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ကရင်အမျိုးသမီး အစည်းအရုံးရဲ့ စည်းရုံးရေး နဲ့အသိပညာပေးရေး၊ ပညာရေး ၊လူမှုရေး၊ ကျန်းမာရေးစတဲ့ ဌာနကြီး ၄ခုအောက်က လုပ်ငန်းတွေ ဖြစ်တဲ့ ဝန်ဆောင်မှု လုပ်ငန်း၊ စွမ်းရည်မြင့်တင်ရေးလုပ်ငန်းနဲ့ စည်းရုံးလှုံ့ ဆော်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် သွားရမှာဖြစ် ပြီးရွေးချယ်ခံခဲ့ ရတဲ့ခေါင်းဆောင်တွေဟာ ၂နှစ်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
လာမယ့်သက်တမ်းမှာ ကျေးရွာတွေထဲဆင်းပြီး စည်းရုံးရေးလှုံ့ဆော်မှုတွေပြုလုပ်ဖို့၊ အမျိုးသမီးတွေ နိုင်ငံရေးထဲ မှာ တက်တက်ကြွကြွပါဝင်ဖို့၊ KNU ဌာနဆိုင်ရာမှာ အမျိုးသမီးအင်အားများလာဖို့၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ဖို့ ၊ နိုင်ငံရေးမှာဖြစ်ဖြစ် တရားစီရင်ရေးမှာ ဖြစ်ဖြစ် အမျိုးသမီးတွေ ပါဝင်လာ ဖို့၊ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ရန်ပုံငွေရှာတဲ့ အစီအစဉ်တွေကိုလည်း ရှေ့ဆက် လုပ်ငန်းစဉ်ထဲမှာ ဆောင်ရွက်ဖို့ချမှတ်ခဲ့ပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဖားအံမြို့နယ်ရဲ့ ၃ကြိမ်မြောက် ကွန်ကရက်ကို ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်မှာ ဇန်နဝါရီလ ၂၇ရက်က ၂၈ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကရင်အမျိုးသမီးအဖွဲ့အစည်း (Karen Women’s Organization – KWO) ကို ၁၉၄၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းအင်အားချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ KWO အဖွဲ့ဝင်တွေအဖြစ် ကရင်ပြည်နယ်၊ မြန်မာနိုင်ငံအတွင်းနဲ့ ထိုင်း–မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးစုစုပေါင်း ၇၀,၀၀၀ ကျော်နဲ့ ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ယောဒေသကို တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတာကြောင့် ကျောင်းသူနှစ်ဦးအပါအဝင်အမျိုးသမီး ငါးဦးသေဆုံး
Source – People’s Spring
မကွေးတိုင်း၊ ယောဒေသ ထဲက မိအယ်ရွာကို မနေ့ ဖေဖော်ဝါရီလ ၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသူ နှစ်ဦးအပါအဝင် အမျိုးသမီး ငါးဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
မနေ့ညနေပိုင်း ၄ နာရီ ၅၅ မိနစ်က မိအယ်ရွာမှာ တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲခံရတာဖြစ်ပြီး အရပ်သား ငါးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရသလို နေအိမ် အလုံး ၄၀ ခန့်ပျက်စီးသွားပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ အမျိုးသမီးတွေချည်းပဲဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ၃ တန်းနဲ့ ၈ တန်းကျောင်းသူနှစ်ဦး၊ အသက် ၄၀ အရွယ် တစ်ဦး ၊ အသက် ၇၀ နဲ့ ၅၃ နှစ်အရွယ် အမျိုးသမီး နှစ်ဦး တို့ဖြစ်ပါတယ်။
ဒဏ်ရာရသူအမျိုးသမီးနှစ်ဦးကတော့ အသက် ၅၉ နှစ်နဲ့ ၅၇ နှစ်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။ ဒေသတွင်းသတင်းရင်းမြစ်ကတော့ ရွာတည့်တည့်ကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတာလို့ ဆိုပါတယ်။ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအချို့ရဲ့ ကိုယ်လက်အဂ်ါ အစိတ်အပိုင်းတွေ တစစီ ပြတ်တောက်သွားတာကို အခင်းဖြစ်ပြီး ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရသိရပါတယ်။
စစ်ကောင်စီလေတပ်ဟာ တိုက်ပွဲဖြစ်စဉ်မရှိဘဲ ဗုံးလာကြဲတာဖြစ်ပြီး ရွာမှာ လူစုလူဝေးလုပ်ဆောင်နေတာလည်းမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗုံးကြဲခံရတဲ့ မိအယ်ရွာဟာ ယောဒေသ ၊ ကျောမြို့ရဲ့ မြောက်ဘက် မှာရှိပြီး နှစ်မိုင်ဝန်းကျင် ဝေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊ လောင်းရှည်မြို့တွေကို လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံး ဦးသေဆုံးထားပါတယ်။
ယောဒေသ ၊မိအယ်ရွာကို ဗုံးကြဲခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်တစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်းက တန့်ဆည်၊ ဒီပဲယင်းနဲ့ ကရင်နီ(ကယားပြည်နယ်) မော်ချီး ဒေသတွေမှာ ဗုံးကြဲခံရပြီး ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပါတယ်။
ကျောက်ထု၊ မီအယ်ရွာကိုစစ်တပ်ဗုံးကြဲ CDM ဆရာမနဲ့ကလေးငယ်တွေအပါအဝင် ၅ဦးထက်မနည်း သေဆုံး ၊ ၂ဦးဒဏ်ရာပြင်းထန်
Source – People’s Spring
မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာမတွေနဲ့ ကလေးငယ်တွေ အပါအဝင် ငါးဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့(ဖေဖော်ဝါရီ ၅ ရက်)ညနေ ၅ နာရီဝန်းကျင်က ဆောမြို့နယ်ကျောက်ထုတိုက်နယ်အရှေ့ခြမ်းက မိအယ်ကျေးရွာကို မကွေးလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာက ပေါင်၅၀၀ ဗုံးနှစ်လုံးနဲ့ကြဲသွားတာလို့ ဆိုပါတယ်။
“ရွာတည့်တည့်ကိုကြဲတာ။ငါးဦးသေတယ်။နှစ်ဦးဒဏ်ရာရတယ်။သားအမိနှစ်တွဲလေးဦးနဲ့ ကျန်အမျိုးသားတဦး။ CDM ကျောင်းဆရာမ သားအမိနှစ်ဦးလည်းပါတယ်”လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောပါတယ်။
အသက် ၇၀ ဝန်းကျင် အမျိုးသမီး တစ်ဦး၊ အသက် ၅၀ကျော် နဲ့အသက်၄၀ကျော် အမျိုးသမီးနှစ်ဦး၊ အသက်၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက်၁၀နှစ်အောက်မိန်းကလေးငယ်တစ်ဦးတို့သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒါအပြင် အသက်၅၀ကျော် အမျိုးသမီးနှစ်ဦးလည်း ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိတယ်လို့ သိရပါတယ်။
“ကျောမြို့ရဲ့ မြောက်ထက် နှစ်မိုင်ခန့်အကွာကရွာ။အကြောင်းမဲ့ပါဗျာ။လူစုလူဝေးလဲ မလုပ်ဘူး”လို့ ယောဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူအချို့ရဲရုပ်အလောင်းတွေဟာ ဆိုးရွာစွာပျက်စီးနေကြတာကို People’s Spring ရရှိထားတဲ့သတင်းဓါတ်ပုံတွေထဲမှာတွေ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း စစ်တပ်ဟာ ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေကို လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းက တန့်ဆည်၊ ဒီပဲယင်း နဲ့ ကရင်နီပြည်နယ်က မော်ချီး ဒေသ တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပါတယ်။









