အုတ်သယ်၊ မြေတူးရင်း မြိုသိပ်ထားရတဲ့ အသံများ

လင်းဆက်မေ

ကျောပေးထားတဲ့ အနောက်ဘက်ဆောက်လက်စတိုက်ထဲကနေ  တခုခုရောက်လာသလို ရိပ်ခနဲ မြင်လိုက်မိတဲ့ မညိုတယောက် သူ့အလုပ်သူဆက်လုပ်နေပေမဲ့ အဲဒီအရိပ်လိုလိုက တလှုပ်လှုပ်ဖြစ်နေလို့ ဘာများပါလိမ့် ဆိုပြီး သေချာအောင်လှည့်ကြည့်လိုက်မိပါတယ်။

ခါးကုန်းပြီး အားကျိုးမာန်တက်နဲ့ မြေကြီးပေါက်နေတဲ့ မညိုရဲ့ ကိုယ်ခန္ဓာ နောက်ပိုင်းကို ကြည့်ပြီး ပန်းရန် ဆရာက ဆောက်လက်စတိုက် မကွယ်တကွယ်ကနေ အာသာဖြေနေတာကို မြင်လိုက်ရချိန်မှာ မညိုတယောက် မညို ဘာမှ မပြောနိုင်တော့ဘူး။ နေ့စားခတောင် မယူတော့ဘဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့တယ်။

စားစရာမရှိရင်လဲ ထမင်းကို ဆားဖြူးပဲ စားတော့မယ်ဆိုတဲ့အတွေးနဲ့ မအေကိုမျှော်နေမယ့် ကလေး ၃ယောက် ရှိရာအိမ်ကို နာရီနဲ့ချီပြီး လမ်းလျှောက်ပြန်ခဲ့ပါတယ်။  

အသားညိုညို လူပုံနွဲ့နွဲ့၊ ရုပ်ရည်အသင့်အတင့်နဲ့ အသက် ၄၀ အရွယ် မညိုဟာ ခင်ပွန်းဖြစ်သူ တဦးတည်းဝင်ငွေနဲ့ မလောက်ငှဘဲ ကြပ်တည်းလွန်းတော့ အိမ်ရဲ့ ဝင်ငွေအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ မြေကြီးတူး၊ မြေကြီးသယ်စတဲ့ အလုပ်ကြမ်း အမျိုးအစားကို လုပ်နေရသူပါ။  နေလောင်အသားအရည်နဲ့ သူ့လက်ခြေတွေဟာ ကြမ်းရှနေပါတယ်။  

ညနေရောက်တော့ အလုပ်သိမ်းလို့ အိမ်ပြန်လာတဲ့ ခင်ပွန်းကိုလည်း မပြောပြခဲ့ဘူး။ စိတ်တိုပြီး  တဖက်လူကို တခုခုသွားလုပ်ရင် မဖြစ်သင့်တာတွေဖြစ်ပြီး ကိုယ့်ယောကျ်ားထောင်ကျမလား စိတ်ပူမိတာနဲ့ပဲ အဖြစ်မှန် မပြောရဲခဲ့ပါဘူး။

“ပင်ပန်းလို့ ဆက်မလုပ်နိုင်ဘူး၊ နားဦးမယ်၊ ဒီရက်ထဲတော့ ငွေကြပ်မယ်၊ ချွေတာ စားကြတာပေါ့”လို့ပဲ မိသားစုကို နှစ်သိမ့်ထားလိုက်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အပြောအဆိုရင့်သီးပြီး၊ မကြားဝံ့မနာသာစကားလုံးတွေနဲ့ ထိကပါးရိကပါးလုပ်တတ်တာတွေကို ကြုံလာကြရင် “ပြန်မပြောရဲလို့” ၊ “ပြောရင်လဲထူးမှာမဟုတ်လို့” ၊ “ဘယ်သူ့ကို  ယုံကြည်ပြီး တိုင်ရမယ်မှန်းမသိလို့” ဆိုတဲ့ အမျိုးသမီးတွေ တော်တော်များများ ရှိနေကြပါတယ်။

မြန်မာပြည်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဆိုတာ ဟိုးအရင်ခေတ် အဆက်ဆက်ကတည်းက လူအင်အားကို အဓိကသုံးပြီးလုပ်လာခဲ့တဲ့ လုပ်ငန်းခွင်ပါ။ စက်ကရိယာတွေ ပေါများလာတဲ့အခါမှာလဲ လုပ်ငန်းငယ်တွေမှာဆိုရင် ဘိလပ်မြေဖျော်တဲ့ အလုပ်လောက်ကိုပဲ စက်အားသုံးနိုင်ကြပြီး အလုပ်တာဝန်အများစုကို လူအင်အားနဲ့ပဲ လုပ်ကြတာပါ။

အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်း လုပ်နိုင်တဲ့သူတွေရှိတာမို့ ဒီလိုပတ်ဝန်းကျင်၊ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေလည်း အလုပ်လုပ်ကြပါတယ်။ တချို့ အလုပ်တွေဆို အမျိုးသမီးတွေက ပိုပြီးလုပ်ငန်း ကျွမ်းကျင်ကြလို့ အမျိုးသမီးတွေကိုပဲ ရွေးခိုင်းတဲ့ လုပ်ငန်းခွင်မျိုးတောင် ရှိပါတယ်။

နောက်ပြီး ဆောက်လုပ်ရေး လက်စသပ်လို့ အဆောက်အဦကို ပိုင်ရှင်လက်ထဲ အပ်ရတော့မယ်ဆိုရင် သန့်ရှင်းရေးလုပ်ပြီးမှ အပ်ကြရပါတယ်။ ဒီလိုအချိန်မျိုးဆို သန့်ရှင်းသပ်ရပ်အောင် စိတ်ရှည်လက်ရှည် ရှင်းလင်းလုပ်ကိုင်ပေးတတ်တဲ့  အမျိုးသမီးအလုပ်သမားတွေ လုပ်ကြရတာပါ။

ဒီလိုလုပ်နိုင်ကြပေမဲ့ ယောက်ျားသားအများစုကြီးစိုးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အမျိုးသမီး တွေကိုဆိုရင် သူတို့ “သားပြောမယားပြော ပြောစရာတွေ၊ ပြောချင်တိုင်း ပြောလို့ရတဲ့သူတွေ”လို့ မြင်ကြတာ ထုံးစံလို ဖြစ်နေတတ်ပါတယ်။  

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ပန်းရန်ခေါင်းဆောင်/ပန်းရန်ဆရာ(သန်လျှက်ကိုင်) အများစုက  အလုပ်ကြမ်းလုပ်ရတဲ့ အမျိုးသမီးတွေဟာ သူတို့ခေါ်လို့အလုပ်ရတာ၊ သူတို့အလုပ်ပေးမှ အလုပ်ရတာ ဆိုပြီး အတုံ့အလှည့်အနေနဲ့ အခွင့်အရေး ယူချင်တာမျိုးရှိပါတယ်။

နှုတ်အားဖြင့် စော်ကားတာနဲ့ မပြီးဘဲ အလုပ်ပေးနိုင်တဲ့ အာဏာကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ အထိ ဖြစ်လာတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မညိုထက်ဆိုးတဲ့ဘဝကို ရင်ဆိုင်လိုက်ရသူက သေးသေးပါ။ သေးသေးက တကယ်ကို သေးသေးသွယ်သွယ်လေးနဲ့ ချစ်စရာလေးပါ။ အသက် ၃၀ ဝန်းကျင်ဆိုပေမဲ့ သူ့ကို ကြည့်လိုက် ရင် ၁၈နှစ်သမီးလောက်ပဲ ထင်ရပါတယ်။ အရပ်ကလည်း ၄ပေ၊ ၅လက်မလောက်သာ ရှိတာမို့ ပီဘိ ကလေးလေးလိုပါပဲ။

မောင်နှမတွေရှိပေမဲ့ အပျိုမို့လို့ အမေနဲ့ပဲနေပါတယ်။ အမေနောက် အိမ်ထောင်ပြုတော့ ပထွေးနဲ့နေရ ပါတယ်။ သေးသေး ကံကောင်းပါတယ်။ ပထွေးက သေးသေးကို သမီးရင်းလေးလို ချစ်ရှာလို့ပါပဲ။ ဒါပေမဲ့ မိသားစု ၃‌ ယောက်ထဲရှိတဲ့ အိမ်မှာ ပထွေးတယောက်တည်း လုပ်အားနဲ့ စားဖို့မလောက်ငှလို့ သေးသေး အလုပ်ထွက်လုပ်ရပါတယ်။    

အတန်းပညာမတတ်၊ အရင်းအနှီးမရှိတဲ့ သေးသေးဟာ နီးစပ်ရာဆောက်လုပ်ရေး လုပ်ငန်းခွင်မှာပဲ အုတ်သယ်၊ သဲဗန်း၊ မဆလာဗန်းရွက်တဲ့ အလုပ်ကြမ်းသမလေး ဖြစ်လာပါတယ်။ ခန္ဓာကိုယ်သေးငယ် ပေမဲ့ အလုပ်ကြမ်းကို အများနဲ့တန်းတူလုပ်နိုင်ပါတယ်။  ရုပ်ရည်သနားကမားနဲ့မို့ သေးသေးကို အိမ်ထောင်ရှင် ပန်းရန်ဆရာက မျက်စိကျပါတော့တယ်။   

ပန်းရန်ဆရာဟာ သေးသေးကို ဒီသေးသေးကွေးကွေး ကောင်မလေးက သူအလုပ်ပေးထားလို့သာ  အလုပ်ရတာ၊ မဟုတ်ရင် ဘယ်လွယ်မလဲ ဆိုတာမျိုး၊ သူသာလျှင် သေးသေးရဲ့ ကယ်တင်ရှင်၊ ကျေးဇူး ရှင်ဆိုတဲ့အချိုးမျိုးနဲ့ ခြေတော်တင်ဖို့ ကြိုးစားပါတော့တယ်။ ဘယ်သူ့ကိုဘယ်လို အားကိုးရင်ဖွင့် ရမယ်မှန်း မသိခဲ့တဲ့ သေးသေးက ဘယ်လိုမှ မရှောင်နိုင်၊ မတိမ်းနိုင်ခဲ့ပါဘူး။     

အစပိုင်းကတော့ အောက်ပိုင်းပျက်လုံးလို ညစ်တီးညစ်ပတ်တွေ ပြောရာကနေ နောက်ဆုံးတော့ ခြေတော် တင်ခဲ့ပြီး သေးသေးတယောက် ဘာမှမပြောရဲ၊ မတိုင်ရဲဘဲရာကနေ နောက်ဆုံးမှာ တရားမဝင်ဘဲ ကိုယ်ဝန်ဖျက်ချခဲ့ရတဲ့အခြေအနေထိ ရောက်ခဲ့ရပါတယ်။

“အဲဒီတုန်းက ကြောက်လိုက်တာ” လို့ သေးသေးက ခပ်တိုးတိုးပြောပါတယ်။ အဲဒါကလွဲလို့ သေးသေး ဘာမှ မပြောပါဘူး။

သေးသေးရဲ့အစ်မက မကျေမနပ်နဲ့ ရှင်းပြ၊ ပြောပြနေတာကို ငြိမ်ငြိမ်လေးပဲ နားထောင်ပြီး အဲဒီတခွန်းပဲ ဝင်ပြောရှာပါတယ်။ ကြောက်လိုက်တာဆိုတာ ဘယ်အချိန်ကို ပြောတာလဲ။ ခြေတော်တင်ခံခဲ့ရချိန် လား။ ကိုယ်ဝန်ကိုဖျက်ချရတဲ့ အချိန်လားဆိုတာကိုတော့ သေးသေးပဲ သိပါလိမ့်မယ်။

ခပ်သွက်သွက် ခပ်ပျော်ပျော်နေတတ်တဲ့ သေးသေးဟာ အဲဒီအချိန်ကစလို့ ခပ်ငေးငေး၊ ခပ်တွေးတွေး လေး ဖြစ်သွားပါတယ်။ သေးသေးနဲ့ တရပ်ကွက်ထဲနေတဲ့ ကျူးလွန်သူပန်းရန်ဆရာကတော့ ဘာမှမဖြစ် သလို ရပ်ကွက်ထဲ အနေအစားမပျက်၊ အရက်သောက်မပျက်ပါပဲ။  

စစ်တပ်အာဏာမသိမ်းခင်က တိုင်းပြည်စီးပွားရေးဦးမော့နေသလို လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့် အရေးတွေနဲ့ ပတ်သက်ပြီး ပညာပေးကြ၊ စည်းရုံးလှုံ့ဆော်ကြနဲ့မို့လို့ ဒီလိုမျိုးအဖြစ်တွေက နည်းပါးခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတခုမှာ ၇ နှစ်ကျော် လူ့အခွင့်အရေးအတွက် ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ဖူးတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ တယောက်က ဆိုပါတယ်။

ဒီအလုပ်မလုပ်လဲ တခြားအလုပ်လုပ်နိုင်တယ်၊ အလုပ်အကိုင်အခွင့်အလမ်းလဲပေါတဲ့ အခြေအနေမှာ တခုခုဖြစ်ရင်လည်း တိုင်လို့ရတယ်၊ တရားမျှတမှုက အတိုင်းအတာတခုအထိရှိနေတာမို့ ဒီလိုမျိုး ဖြစ်ရပ်နည်းတယ်လို့ ပြောနိုင်တာပါလို့ သူက ရှင်းပြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှာတော့ တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့ တိုင်းပြည်စီးပွားရေးကြောင့် ကုန်ဈေးနှုန်းကလည်း အဆမတန်ကြီးမြင့်လာပြီး လူတန်းစားမရွေး ခက်ခဲကြပ်တည်းလာကြပါတယ်။

ပန်းရန်အလုပ်သမားတယောက်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေမျှတမှုကို ပန်းရန်ဆရာ ကိုသန်းဝင်း(အမည်လွှဲ)က အခုလို နှိုင်းယှဉ်တွက်ချက်ပြပါတယ်။

၂၀၂၁ မှာ ဆောက်လုပ်ရေးလုပ်သား ပန်းရံဆရာတယောက်ဟာ တနေ့လုပ်အားခ ကျပ် ၁၅,၀၀၀ ရပြီး၊ အခုဆို ၃၅,၀၀၀ ဝန်းကျင် ရကြပါတယ်။  အလုပ်ကြမ်းသမားက အရင် ၈,၀၀၀ ရပြီး အခု ၂၀,၀၀၀ ရကြပါတယ်။ ကုန်ဈေးနှုန်းက အနည်းဆုံး ၃ ဆ တက်ချိန်မှာ အမျိုးသမီး အလုပ်ကြမ်းသမားတွေရဲ့ လုပ်ခက  ၂ ဆ သာသာပဲ တက်ပါတယ်။

အဲ့ဒီလိုငွေရှာရခက်ချိန်မှာ အိမ်က ခင်ပွန်း၊ အဖေ၊ သား စတဲ့ အမျိုးသားတွေက မိဘကို လုပ်ကျွေးနေတဲ့ သားလူလွတ်တွေက စစ်မှုထမ်း ပါသွားတာမျိုး၊ စစ်မှုထမ်းပေါ်တာဆွဲခံရမယ့်ဘေးက တိမ်းရှောင်ကြရတာမျိုးတွေဖြစ်လာတဲ့အခါမှာတော့ မူလက အိမ်ထဲမှာ အိမ်ထောင်မှုတာဝန်တွေကို ယူထားကြသူ အမေတွေ၊ မိန်းမတွေနဲ့ အရွယ်မရောက်သေးတဲ့သမီးတွေဖြစ်တဲ့  အမျိုးသမီး ကြီး၊ ငယ်တွေဟာလည်း လုပ်ငန်းခွင်ထဲ ရောက်လာ ကြရပါတော့တယ်။    

စစ်မှုထမ်းခေါ်ခံရမယ်လို့ သတင်းထွက်နေတဲ့ ခင်ပွန်းဖြစ်သူက အိမ်မှာမနေရဲတော့ဘဲ အဝေးတနေရာကို တိမ်းရှောင်နေချိန် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မဆလာသယ်၊ အုတ်ရွတ်အလုပ်တွေကို ဝင်လုပ်နေရတဲ့ ကလေး ၃ဦးမိခင် မနွယ်နွယ်စိုးက “ယောကျ်ားက အနားမှာ မရှိတော့ ပိုဆိုးတယ်၊ ရမလားလို့ စမ်းချင်တယ်”လို့ ပြောပါတယ်။

ဒီလိုတွေ မပြောပါနဲ့လို့ တုန့်ပြန်လိုက်ရင်လည်း အပိုတွေ လုပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို အဆဲအဆိုနဲ့ ရင့်ရင့်သီးသီး တုံ့ပြန်တတ်ကြတာမို့ သူ့အတွက်တော့ လုပ်နိုင်တာတခုက မကြားချင်ဟန်ဆောင်ဖို့ပါပဲ။ 

ခင်ပွန်းရှိစဉ်ကတော့ အိမ်မှာပဲနေ၊ အိမ်အလုပ်လုပ်၊ အားရင် အနီးအနားမှာ တောတိုးပြီး မှိုရှာ၊ မျှစ်ချိုးပြီး နေခဲ့ပေမဲ့ ယောက်ျားက ဆုံးပါးသွားချိန်မှာ တခြားအတတ်ပညာလည်းမရှိတော့ သမီးပျိုလေးတယောက်နဲ့အတူ ပန်းရန်နောက်လိုက်ဝင်လုပ်နေရတဲ့ ဒေါ်ရီသန့်ကလည်း မနွယ်နွယ်စိုးရဲ့ စကားကို ထောက်ခံပါတယ်။  

“အပြောအဆို အတင့်ရဲတာများ အမေရှေ့တောင် မရှောင်ဘူး”လို့ သူက ပြောပါတယ်။  

အမျိုးသမီးတွေအပေါ် ရိုင်းစိုင်းတဲ့စကားလုံးတွေပြောဆိုပြီး အလုပ်ခိုင်းတာ၊ မအေနှမ ဆဲဆိုတာ “ငိုက်မနေနဲ့ နင်ကညက ကောင်းကောင်း မအိပ်ရလို့လား၊ ည ထွက်တဲ့အလုပ် လုပ်နေလို့လား” စတဲ့ ကာယိန္ဒြေပျက်ပြားစေတဲ့အပြောအဆိုမျိုးတွေက  နေ့စဉ်ကြားနေကျစကားတွေလို ဖြစ်နေလေ့ရှိပါတယ်။

အမျိုးသမီးတယောက်အလုပ်လုပ်တာ နှေးရင် ပန်းရန်ဆရာတယောက်၊ အလုပ်ခေါင်းဆောင် တယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်တဲ့ သတိပေးမှုတွေလုပ်လို့ရပေမဲ့ “အလုပ်မလုပ်ချင်ဘူးလား၊ -င်လိုချင်နေလို့လား”ဆိုတဲ့ စကားလုံးမျိုးတွေ သုံးနှုန်းလေ့ရှိပါတယ်။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်ကို ပါးစပ်အရသာခံ ပြောဆိုတာမျိုးတွေကို “ထမင်းစား၊ ရေသောက်” လိုကို ပြောဆိုခံရတာပါဆိုပြီး ကြုံရသမျှကိုပြန် ဒေါ်ရီသန့်က  ပြောပြပါတယ်။ အသက်ကြီးသူပီပီ  အခြားအမျိုးသမီးတွေရှက်လို့ ပြန်မပြောရဲခဲ့တာတွေကို အကုန်လည်း သိနိုင်အောင်၊ နားထောင်သူလဲ နားခံသာအောင် ထိန်းထိန်းသိမ်းသိမ်း စကားလုံးတွေနဲ့ ပြောပြပါတယ်။

နောက်ဆုံးမှာ သမီးပျိုလေးကို အလုပ်က နားစေပြီး၊ လူကြီးဖြစ်တဲ့ သူကတော့ ဘာမှဝင်ရောက်မတုန့်ပြန်ဘဲ နားမကြားသလိုသာနေတော့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကို စစ်တပ်အာဏာမသိမ်းခင်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လူထုပညာပေးလုပ်ငန်းတွေ၊ အာဏာပိုင်တွေနဲ့ လွှတ်တော်ကို လှုံ့ဆော်အကြံပေး (Advocacy) အလုပ်တွေလုပ်ခဲ့တဲ့  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးကတော့ “အချင်းချင်း စောင်မကြည့်ရှုကြပါ” လို့ပဲ အကြံပေးနိုင်ပါတယ်။

ဒီလို ပညာရေးအားနည်းတဲ့၊ ငွေကြေးချို့တဲ့တဲ့၊ ကျောထောက်နောက်ခံမရှိတဲ့  အခြေခံလူတန်းစား အသိုင်းအဝိုင်း တွေမှာတင် ဖြစ်တာမဟုတ်ပါဘူး။ ဒီလိုနှုတ်အား‌ဖြင့်လည်းကောင်း၊ ကိုယ်ထိ လက်ရောက်သော်လည်းကောင်း၊ ကပါးရိကပါး လုပ်တာတွေက ပညာတတ် အသိုင်းအဝိုင်းတွေရဲ့ အလုပ်ခွင်မှာလည်း ဖြစ်နေတဲ့ အရာတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုင်လို့မရ၊ တိုင်စရာအနေအထားမရှိ၊ ဥပဒေက အကာအကွယ်မပေးနိုင်တဲ့ အခြေအနေမျိုးမှာ အကောင်းဆုံးဖြစ်အောင် ရှောင်တိမ်းရမယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင် စဝင်ကတည်းက ပန်းရန်ဆရာ ကို အစ်ကိုကြီးတန် အစ်ကိုကြီး၊ အရွယ်ကြီးရင် ဦးလေး၊အဘ ဆိုတာမျိုးခေါ်ပြီး ရိုသေပါကြောင်း လေးစားပါ ကြောင်းပြသပြီး သားသမီးလို သဘောထားပါလို့ကြိုတင်ပြောဆိုပြီး လုပ်ရပ်တွေ စမလာရဲအောင် လုပ်ကြည့်ပါလို့ အကြံပေးပါတယ်။

ပြည်သူကို ပြည်သူကပဲ ကာကွယ်ရမယ့် အခုလို အခြေအနေမှာ ဆောက်လုပ်ရေးလုပ်ငန်းအပ်နှံသူ အိမ်ရှင်တွေကလည်း ဒီလို အမျိုးသမီးလုပ်သားတွေကို ကာကွယ်ပေးပါလို့ သူက သတင်းစကားပါးပါတယ်။

တခါတလေကျတော့ ဒီလိုကြုံတွေ့နေရတဲ့အရာတွေကို သက်သာလျော့ပါးတဲ့ အခြေအနေလည်း ရှိတယ်လို့ မြေကြီးတူး၊ မြေကြီးသယ် အလုပ်ကို အမျိုးသား တွေနဲ့ ရင်ဘောင်တန်း လုပ်နိုင်တဲ့ အငယ်မ (အမည်လွှဲ) က ပြောပြပါတယ်။

အိမ်ဆောက်၊ ဆိုင်ခန်းဆောက်ကြရချိန်မှာ အလုပ်အပ်တဲ့ အိမ်ရှင်၊ လုပ်ငန်းရှင်၊ ကြီးကြပ်တဲ့   အင်ဂျင်နီယာရှိရင်  အပြောအဆို ဆင်ခြင်တတ်တယ်လို့ နေပြည်တော် တည်စကတည်းက ရေကြည်ရာမြက်နုရာရှာရင်း ရောက်လာတဲ့ အငယ်မ ကသူ့အတွေ့အကြုံကို ပြောပြပါတယ်။

အဲဒီကတည်းက မြေကြီးသယ်တဲ့အလုပ်၊ ဆောက်လုပ်ရေး အလုပ်ကြမ်းသမား လုပ်ခဲ့တဲ့ အငယ်မက နှစ် ၂၀လောက်လုပ်လာတာ အမျိုးသမီးအလုပ်သမတွေကို ဒီလို ထိပါးစော်ကားတာမျိုးမဟုတ်ဘဲ၊ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံတဲ့ ပန်းရန်ခေါင်းဆောင်၊ ဆောက်လုပ်‌ရေး လုပ်ငန်းခွင်ဆိုတာ လက်ချိုးရေလို့ ၁၀ ချောင်း မပြည့်ဘူးလို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းမှာ ဒီလိုအပြုအမူတွေ ရှိနေတာတော့ မဟုတ်ပါဘူး။ အမျိုးသမီး အလုပ်သမားတွေကို အစ်မ၊ ညီမ၊ သမီးလို သဘောထားပြီး ကာကွယ်ပေးတဲ့ ပန်းရန်ဆရာတွေလည်း ရှိနေတာကို သူရဲ့ ပြောစကားတွေအရ သိရပါတယ်။  

အလုပ်အတူတွဲလုပ်ဖူးတဲ့ ပန်းရန်ဆရာတဦးဆိုရင် အမျိုးသမီးအလုပ်သမတွေအတွက် ပိုစဉ်းစားပေးတာ၊ အလုပ်အပ်တဲ့ ပိုင်ရှင်ကို အမျိုးသမီးတွေအတွက် အိမ်သာလိုနေရာမျိုးစီစဉ်ပေးလို့ရအောင် ခွင့်တောင်ပေးတာ၊ အခြားယောကျ်ားသားအလုပ်သမားတွေက အလုပ်သမတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရင်လည်း “ဒါမျိုး ငါ့ဆိုဒ်ထဲ မပြောနဲ့”လို့ တင်းတင်းကြပ်ကြပ် တားမြစ်တာမျိုးက အစရှိတယ်လို့ အငယ်မက အသိအမှတ်ပြု ချီးမွမ်း ပြောဆိုပါတယ်။

အမျိုးသားလုပ်သားအင်အားကို အများဆုံးအသုံးပြုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဟာ စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲသက်ရောက်မှုကြောင့် လုပ်အားအင်အား ရှားပါးတဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

“လူလိုနေတာ၊ မလောက်ငှ၊ ရှာမရဘူး” လို့ ပန်းရန်ဆရာ ကိုသန်းဝင်း (အမည်လွှဲ)က ဆိုပါတယ်။ 

လူနေအိမ်၊ ဆိုင်ခန်းတွဲစတဲ့ အသေးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ပုံမှန်အားဖြင့် အလုပ်သမား ၅ /၆ ယောက်မှာ အမျိုးသမီး တယောက်ပါလေ့ရှိပါတယ်။ အမျိုးသားထက်စာရင် လုပ်အားခပိုသက်သာတာမို့ ပန်းရန်ဆရာတွေက အမျိုးသမီးအလုပ်သမားကို အလုပ်ခေါ်ခိုင်းချင်ကြပါတယ်။

လုပ်ငန်းခွင်ထဲမှာ အခွင့်အရေးယူတတ်သူတွေများတာနဲ့ ပတ်သက်ပြီး ပန်းရန်ဆရာကိုသန်းဝင်းက “ ဘဝတူချင်း ဒါမျိုးက မပြောသင့်ပါဘူး၊ တကယ်ဆို အမျိုးသမီးတွေကို ကိုယ်ကတောင် ကာကွယ်စောင့်ရှောက်ရမှာ။ လက်လုပ်လက်စား အလုပ်သမားအချင်းချင်း ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ နေကြရမှာပါ”လို့ ခပ်တိုတို မှတ်ချက်ပြုပါတယ်။   

အလားတူ နောက်ထပ် ပန်းရံဆရာတဦးကလည်း အခုလို အလုပ်သမားရှားပါးနေချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အမျိုးသမီးအလုပ်သမားတွေကို အားကိုးနေရသလို၊ ပုံမှန်အချိန်တွေမှာတောင် မပြောသင့်တဲ့ ဒီလို ထိပါးနှောက်ယှက်မှုမျိုးတွေကို အခုလိုအချိန်မှာ ပိုမပြောသင့်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့မှာ  လူတိုင်းမှာ အမေရှိတယ်လေ၊ အစ်မလို၊ ညီမလိုပဲ သဘောထားမလား၊ သမီးလိုပဲ ကိုယ်ချင်းစာမလား၊  ပြောမထွက်ပါဘူး” သူလက်ကိုင်ထားတဲ့ ကိုယ်ချင်းစာစိတ်ကို ရှင်းပြခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ပန်းရန်အလုပ်သမဆိုတာ အလုပ်သမား မှတ်ပုံတင်နဲ့ လုပ်တာမျိုးမဟုတ်တဲ့  နေ့စားကျပန်းအလုပ်မျိုးဖြစ်နေတဲ့အခါအတွက် လုပ်သားအင်အားကတော့ တိကျတဲ့စာရင်းဇယား ရရှိနိုင်ဖို့ ခက်ခဲပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာတယ်၊  ရွှေ့ပြောင်းနေထိုင်ရတာတွေ  များလာတယ်၊  သဘာဝဘေး အန္တရာယ်တွေကလည်း ထပ်ခါတလဲလဲ ဖြစ်နေပြီးတော့ စီးပွားရေးကလည်း  ပြိုလဲလာတဲ့အတွက်  အမျိုးသမီးအခွင့်အရေး တန်းတူညီမျှရေးနဲ့ ပတ်သက်ရင်  အရင်ကရထားတဲ့ တိုးတက်မှုတွေ  ဆုတ်ယုတ်သွားတယ်၊ ကျား၊မရေးရာ တန်းတူညီမျှမှု ကွာဟချက်လည်း တစတစ ပိုမိုနက်ရှိုင်းလာ တယ်လို့  ၂၀၂၅ ခု မတ်က ကုလသမဂ္ဂက  ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀.၄ သန်းက ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကို  အဓိက ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်တယ်။

ကျား၊မခြေပြုအကြမ်းဖက်မှုတွေ၊ ရင်းနှီးကျွမ်း၀င်သူကအကြမ်းဖက်မှုတွေ၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးမြင့်လာတယ်လို့  ဒေသခံ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အစီရင်ခံချက် တွေကို ကိုးကားပြီး ကုလသမဂ္ဂက ဖော်ပြထားပါတယ်။

စီးပွားရေး အခက်အခဲတွေကြောင့် အသက်မွေးဝမ်းကြောင်းတွေ ထိခိုက်ခဲ့ပြီး၊ အမျိုးသမီးများစွာကို ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေတွေဆီကို  ပို့ဆောင်လိုက်ပါတယ်လို့ ကုလသမဂ္ဂက ၂၀၂၅ခုနှစ် မတ်လ ၈ရက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထက်ပိုဆိုးတာကတော့ “ခန့်မှန်းခြေ ၁.၁ သန်းသော ကျား၊မ အခြေပြု အကြမ်းဖက်မှု ခံစားရ သူတွေဟာ အရေးကြီးတဲ့ အထောက်အပံ့တွေ မရရှိခဲ့ပါ” ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

သေချာတာတခုကတော့ ဒီကိန်းကဏန်းတွေထဲမှာ မညိုလည်း မပါဘူး၊ သေးသေးလည်း မပါပါဘူး။ မနွယ်နွယ်စိုး၊ ဒေါ်ရီသန့်နဲ့ အသေးလေးတို့လည်း မပါဝင်ကြပါဘူး။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေမှာ အခြေခံအားဖြင့်  လုပ်ခလစာနှင့် အချိန်ပိုကြေးရပိုင်ခွင့်ရှိတယ်။ ခွင့်ရက်တွေ ခံစားခွင့်ရှိတယ်။ အလုပ်သမားအဖွဲ့အစည်း(သမဂ္ဂ) ဖွဲ့စည်းခွင့်တွေရှိတယ်။  လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ဆိုတာတွေ တောင်းဆိုခွင့်ရှိပါတယ်။ ဒါတွေကို အခြေခံ အလုပ်သမားတွေဖြစ်တဲ့ မညို၊ သေးသေး၊ မနွယ်နွယ်စိုး၊ အငယ်မနဲ့ ဒေါ်ရီသန့်တို့ မသိကြပါဘူး။

“ကြားတောင် မကြားဘူးပါဘူး” လို့ ဒေါ်ရီသန့်က ဆိုပါတယ်။

နေပြည်တော်မှာ ဇူလိုင်မိုးက ကောင်းနေဆဲပါ။ အသက် ၃၀ ပဲရှိသေးတဲ့ ခင်ပွန်းဖြစ်သူကလည်း ဘယ်အချိန်ကာလအထိ စစ်မှုထမ်းခေါ်ခံရမယ့်ဘေးက တိမ်းရှောင်နေရဦးမယ်မှန်းမသိတဲ့အခါ ဝမ်းရေးမို့ မနေသာတဲ့ မညိုကတော့ အလုပ်အကိုင်ရွေးချယ်နိုင်စွမ်းမရှိတဲ့ အခြေအနေမှာ ပန်းရန်နောက်လိုက်အလုပ်ကိုပဲ အားတင်းပြီး ပြန်ဝင်လုပ်နေရပါတယ်။ 

အရင် အလုပ်ခွင်ဘက်ကိုတော့ ခြေဦးမလှည့်ဖြစ်တော့ပါဘူး။ နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်းခွင် အသစ်တခုထဲက သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးအောက်မှာပဲ ခဏနားလိုက် မြေတူးလိုက်၊ မြေသယ်လိုက် လုပ်နေပါတယ်။

ဒါမှမလုပ်ရင် ဘာမှ မလုပ်စားတတ်တဲ့ ဘဝအခြေအနေမို့ ကာကွယ်ပေးနိုင်သူ နည်းပါးတဲ့ ရပ်ဝန်းမှာ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ရင်း မိုးစိုစိုမှာ မစိုပြေသေးတဲ့ ဘဝအရေးကို ကလေး ၃ဦးမိခင် မညိုတယောက်ဖြေရှင်းနေရဆဲပါ။