တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်လ ၂၈ ရက်မှ  ဧပြီ ၃၀ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်း တင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ် တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြအပ်ပါတယ်။

ဒီတပတ်သတင်းတွေထဲမှာ လူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ သတင်းတပုဒ်က  မကြာသေးခင်ကမှ မိခင်နဲ့ပြန်တွေ့ခွင့်ရခဲ့တဲ့ အသက် ၇နှစ်အရွယ် မြန်မာ ကလေး ငယ်တဦးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက် မှာ သူ့မိခင်ကိုယ်တိုင်ရဲ့ လည်ပင်းညှစ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဘရူးနိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ အဲဒီမြန်မာရွှေ့ပြောင်းအလုပ်သမား မိခင်ဟာ ပြင်းထန် စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အတွက် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သမီးဖြစ်သူကိုပါ တပါတည်း ခေါ်ဆောင်သွားဖို့ ရည်ရွယ်ချက်နဲ့ ကလေးငယ်ကို ဦးစွာ သတ်ခဲ့မိပေမယ့် မိမိကိုယ်ကိုယ် သတ်သေဖို့ သတ္တိမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဆီမှာ ဝန်ခံထားပါတယ်။

နောက်ထပ် မြန်မာပြည်ရဲ့ ယိုယွင်းပျက်စီးနေတဲ့ တရားစီရင်ရေးနဲ့ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို သက်သေပြနေတဲ့ သတင်းတွေထဲက တပုဒ်ကတော့ သွေးလေးဘက်နာရောဂါ ခံစားနေရတဲ့ နိုင်ကျဉ်း အမျိုးသမီး ဆေးကုသခွင့်မရလို့ သေဆုံးခဲ့တဲ့သတင်းပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ အာဏာရှင်စနစ်အလိုမရှိတဲ့ပြည်သူတွေကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်တွေချတာ၊ စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်တာ၊ အကျဉ်းထောင်တွေထဲမှာ လူသားအခွင့်အရေးဆုံးရှုံးစေတာတွေကို အဆက်မပြတ်ကျူးလွန်ခဲ့ပါတယ်။

သားသမီးကိုမတွေ့လို့ မိဘကိုဖမ်းခေါ်သွားတာ၊ အိမ်ထောင်ဖက်ကိုမတွေ့လို့ ကျန်ရစ်ခဲ့တဲ့ ဇနီး၊ လင်ယောက်ျားတွေကို ဖမ်းဆီးတာ စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့သလို၊ တရားစီရင်ရေး ယန္တရားမှာ ပါဝင်နေတဲ့ အဆင့်တိုင်းက တရားရေးဝန်ထမ်းတွေကလည်း စစ်တပ်ရဲ့မတရားမှုတွေကို အထောက်အပံ့ပေးခဲ့ကြတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်အချုပ်ထောင်က ဆေးကုသခွင့်မရလို့ ထောင်ထဲမှာ အသက်ဆုံးရှုံးလိုက်ရတဲ့  နိုင်ငံရေးအကျဉ်းသူအမျိုးသမီးဟာလည်း ခင်ပွန်းဖြစ်သူကို လာဖမ်းရာမှာ မတွေ့လို့ သူက ကိုယ်စား ဖမ်းဆီးထောင်ချခံခဲ့သူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နောက်ထပ် ထူးခြားပြီး လူပြောများတဲ့ ရခိုင်ပြည်မှာ ပြည့်တန်ဆာတွေကို AA က ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ်ဆိုတဲ့သတင်းတပုဒ်အပါအဝင် မြန်မာသတင်းမီဒီယာအသီးသီးမှာ ဖော်ပြထား တဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၁၆ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြအပ်ပါတယ်။

  • သွေးလေးဘက်နာရောဂါ ခံစားနေရသည့် နိုင်ကျဉ်းအမျိုးသမီး ဆေးကုသခွင့်မရ၍ သေဆုံး
  • ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ထည့်သွင်းမှု မဖြစ်မနေ လိုအပ်ဟု KNU ဥက္ကဋ္ဌပြော
  • ကောလင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ ပြည်သူ ၅ဦးသေဆုံး
  • ရခိုင်မှာ ပြည့်တန်ဆာများကို AA က ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဟုဆို 
  • ဘုတလင် ဆေးရုံ ဗုံးကြဲခံရမှု ပျောက်နေတဲ့ မွေးကင်းစကလေးနဲ့ အမျိုးသမီးရဲ့ အလောင်း ရှာတွေ့
  • ထိုင်း၌ သမီးငယ်ကို သတ်ပြီး ထွက်ပြေးသွားသူ မြန်မာအမျိုးသမီး ဖမ်းဆီးမိ
  • တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့သူကို  ထောင်ဒဏ် ၁၅ နှစ်ချ
  • ဟင်္သာတတွင် အမျိုးသမီး ၁ ဦးအား သတ်ဖြတ်မီးရှို့ခဲ့သည့်တရားခံ ဖမ်းမိ
  • တောင်ကိုရီးယားမှာ စစ်တပ်ရဲ့တပ်မတော်နေ့ပွဲတက်ရောက်တဲ့ ဆယ်လီချမ်းမြမြသော်ကို  လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းနေ
  • သံတွဲဗုံးကြဲခံရ၍ စစ်ရှောင်အမျိုးသမီးလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟု AA ထုတ်ပြန်
  • စစ်အာဏာရှင်တပ်က ဘုရားသုံးဆူအနီးကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး
  • သိန္ဓောရွာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံး
  • ချင်းပြည်မှာ အမျိုးသမီးငယ်တစ်ယောက် မိုင်းနင်းလို့ သေဆုံး
  • ဘုန်းကြီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားက အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိပြီး ဘုန်းကြီးမို့ တိုင်ချင်ရာတိုင်လို့ ပြောလို့ နစ်နာသူက အမှုဖွင့်မယ်
  • မိတ္ထီလာကန်အတွင်း ခုန်ချတဲ့အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး 
  • အရာတော်မှာဗုံးကြဲလို့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံး

သွေးလေးဘက်နာရောဂါ ခံစားနေရသည့် နိုင်ကျဉ်းအမျိုးသမီး ဆေးကုသခွင့်မရ၍ သေဆုံး

Source – Mizzima

စစ်ကိုင်းတိုင်း၊ တန့်ဆည်အချုပ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ကျဉ်းအမျိုးသမီး မသက်သက်မာ ဟာမတ်လ(၂၇)ရက်နေ့က  ဆေးကုသခွင့်မရရှိဘဲ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်က ၂၀၂၄ ခုနှစ်အတွင်း ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူကို လာရောက်ရှာဖွေဖမ်းဆီးခဲ့ရာ မတွေ့တဲ့အတွက် ဇနီးဖြစ်သူ မသက်သက်မာကို ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နှင့် ၅၂(က)တို့နဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

မသက်သက်မာကို အမိန့်ချပြီးနောက် တန့်ဆည်အချုပ်မှ ရွှေဘိုထောင်သို့ ပြောင်းရွှေ့ပါက လမ်းခရီးမှာ ကြားဖြတ်တိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက ထောင်ပြောင်းရွှေ့ခြင်းမပြုဘဲ တန့်ဆည်အချုပ်မှာသာ သုံးနှစ်ကျော်ကြာ ဆက်တိုက်ပိတ်လှောင်ထားခဲ့တဲ့အတွက် အခုလို အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့  PPNM က ထုတ်ပြန်ထားပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ထည့်သွင်းမှု မဖြစ်မနေလိုအပ်ဟု KNU ဥက္ကဋ္ဌပြော

Source – People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (၄)ခုစုစုပေါင်း အဖွဲ့ (၆)ခုနဲ့ စတင်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် ထည့်သွင်းတာဟာ သရုပ်ပြထည့်သွင်းခြင်းမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု မဖြစ်မနေ လိုအပ်လို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါ တယ်။

KNU၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေနဲ့ NUG၊ CRPH တို့ဟာ တော်လှန်ရေးအရှိန်မြှင့်တင်ဖို့ စစ်ရေးအတူပူးပေါင်းကွပ်ကဲဖို့ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့ စတာတွေ အတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ SCDF ကို မတ်လ ၃၁ရက်မှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါ တယ်။

အဲဒီကောင်စီမှာ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်/ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်၃ရပ်နဲ့ တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက အသိပေးပါတယ်။

အမျိုးသမီးတွေဟာ အမြဲတမ်းတော်လှန်ရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

ကောလင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ ပြည်သူ ၅ဦးသေဆုံး

Source – Kachin News Group

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ဖလဲရွာကို မတ်လ ၂၅ ရက်နေ့ က စစ်ကောင်စီ တပ်ဘက်က တံတားဦးဘက်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်း မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အပါအဝင် စစ်ဘေးရှောင် ၅ ဦး သေဆုံး ခဲ့ပြီး နောက်ထပ် ဒေသခံ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလေကြောင်းတိုက်ခိုက်မှုမှာ လူနေအိမ်တွေလည်း အမြောက်အမြားပျက်စီးသွားသလို တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ဘေးရှောင်တွေရှိနေတဲ့နေရာလို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကအတည်ပြုပါတယ်။

သေဆုံးခဲ့ရတဲ့အရပ်သားတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး နဲ့ အသက် ၇၀ ကျော် အဘွား အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၂၀ အရွယ်လူငယ်အမျိုးသမီးတို့ အပါအဝင် အသက် ၅၀၊ ၂၀ ဝန်းကျင်အရွယ် အမျိုးသားတို့ သေဆုံးခဲ့ရတာလို့သိရပါတယ်။

ရခိုင်မှာ ပြည့်တန်ဆာများကို AA က ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဟုဆို 

Source – Western News

ရခိုင်ပြည်အတွင်း ထိန်းချုပ်ထားတဲ့ မြို့နယ်ဒေသတွေမှာ ပြည့်တန်ဆာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးအပ်သွားမယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရပါတယ်။

ယခင်က မြို့ပေါ်ရှိ KTV ၊ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ချိတ်ဆက်ထားတဲ့ KTV ၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ ချိတ်ဆက်ထားတဲ့အနှိပ်ခန်းတွေမှာရှိတဲ့ ပြည့်တန်ဆာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ သော်လည်း လက်ရှိမှာ ကျေးလက်ဒေသရှိ ပြည့်တန်ဆာတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ် သွားမယ်လို့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည့်တန်ဆာတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာမှာ HIV ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းနဲ့ တစ်ခြားကျန်းမာရေး အသိပညာများ မျှဝေခြင်းကို အဓိက လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ပြည့်တန်ဆာတွေအနေနဲ့လည်း အာရက္ခပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ကြဖို့လိုအပ်ကြောင်းလည်း တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

ဘုတလင် ဆေးရုံ ဗုံးကြဲခံရမှု ပျောက်နေတဲ့ မွေးကင်းစကလေးနဲ့ အမျိုးသမီးရဲ့ အလောင်း ရှာတွေ့၊

Source – Mandalay Free Press

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငပရင်းရွာ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက် တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲချိန် ပျောက်ဆုံးနေတဲ့ မွေးကင်းစ ကလေးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတို့ရဲ့ အလောင်းတွေကို ဗုံးကြဲခံရတဲ့ နေရာနဲ့ မနီးမဝေး ဘုရားအို ဘုရားပျက်တွေကြားမှာ ပြန်တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

မတ်လ ၃၀ရက် မွန်းလွဲ ၁နာရီဝန်းကျင်မှာ မန္တလေးမြို့ တံတားဦးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ပထမအကြိမ် ဗုံးကြဲပစ်ခတ်ပြီးနောက် ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် နောက်တစ်နာရီခန့်အကြာ မွန်းလွဲ ၂နာရီခန့်မှာ တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ ဗုံးကြဲ ပစ်ခတ်တာ ဖြစ်ပါတယ်။

ဗုံးထိမှန်လို့ ပွဲချင်းပြီး သေဆုံးသူ လေးဦး အပါအဝင် အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးနဲ့ အမျိုးသား လေးဦး၊ စုစုပေါင်း ခြောက်ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲချိန် ဒဏ်ရာရသူတွေ အပါအဝင် ဒေသခံ အများအပြားဟာ ဝရုန်းသုန်းကား ထွက်ပြေးကြရပြီး အဲ့ဒီလို ထွက်ပြေးသူတွေထဲက မွေးကင်းစ ကလေးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတို့ ပျောက်ဆုံးနေခဲ့ကာ ဒီကနေ့ မတ်လ ၃၁ရက် ညနေပိုင်းမှာတော့ အဲ့ဒီ ပျောက်ဆုံးနေသူ မြေးအဖွားနှစ်ဦးရဲ့ အလောင်းကို ပြန်ရှာတွေ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ရာမှာ ပါဝင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ထိုင်း၌ သမီးငယ်ကို သတ်ပြီး ထွက်ပြေးသွားသူ မြန်မာအမျိုးသမီး ဖမ်းဆီးမိ

Source – ဧရာဝတီ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးကို ကော့လန်းကျွန်းမှာ ဖမ်းဆီးရမိ တယ်လို့ Khaosod သတင်းက ဖော်ပြပါတယ်။

ဘရူနိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ရာမှ မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာပြီး အခင်း မဖြစ်ပွားမီ ရက်ပိုင်းအလိုကမှ သမီးဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၁ ရက်က မင်ဘူရီခရိုင်၊ ရမ်ခမ်ဟမ်း ၁၉၀ (Ramkhamhaeng 190)၊ လမ်းသွယ် ၅ ရှိ နေအိမ်တအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သံသယရှိသူဟာ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် ပြင်းထန်သော စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အတွက် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သမီးဖြစ်သူကိုပါ တပါတည်း ခေါ်ဆောင်သွားဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ကလေးငယ်ကို ဦးစွာ သတ်ခဲ့မိသော်လည်း မိမိကိုယ်ကိုယ် သတ်သေဖို့ သတ္တိမရှိတော့ဘဲ ကော့လန်း ကျွန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံဝန်ခံခဲ့ပါတယ်။

လက်ရှိမှာ သံသယရှိသူအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ဖို့အတွက် မင်ဘူရီရဲစခန်းမှာ ထိန်းသိမ်း ထားရှိပါတယ်။

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့သူကို  ထောင်ဒဏ် ၁၅ နှစ်ချ

Source – DVB

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ရယူခဲ့တဲ့ မအိမူမူအောင် (ခ) မသဲသဲကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ပြီး တိမ်းရှောင်တရားခံ ဒေါ်အိကိုတော့ တရားခံပြေးအဖြစ် ကြေညာပြီး သူ့ပစ္စည်းတွေကို ဝရမ်းကပ်ထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ မတ် ၃၀ ရက်က ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မကျီးပင်စောက်ကျေးရွာနေ အမျိုးသမီးတဦးကို မအိမူမူအောင်(ခ) မသဲသဲက တရုတ်အငှားမယား လုပ်မယ်ဆိုရင် တင်တောင်းငွေ ယွမ် ၁၅,၀၀၀ ရမယ်လို့ စည်းရုံးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ မိုင်းပေါက်မြို့ကိုပို့ပေးပြီး ပွဲစား ဒေါ်အိရဲ့ အိမ်ကို ရောက်ပြီးနောက် ဒေါ်အိက တရုတ်ပွဲစားတွေဆီ အဲဒီအမျိုးသမီးရဲ့ ဓာတ်ပုံတွေပို့ပေးလို့ လာရောက်ကြည့်ရှုကြပြီး တရုတ်ပွဲစား တွေက ဒေါ်အိကို တရုတ်ငွေတွေပေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရုတ်ပွဲစားတွေနဲ့အတူ တောလမ်းကသွားခဲ့ပြီး တရုတ်ပြည်က အမည်မသိ ရွာတရွာကို ရောက်ပြီးနောက် အဲဒီက တရုတ်နိုင်ငံသား ‘ဝ’ အမျိုးသား အဲကားဆိုသူနဲ့ လက်ထပ်ခဲ့ရပါတယ်။

တင်တောင်းငွေမရတာကြောင့် သားမယားအဖြစ် နေထိုင်ဖို့ပြောတာကို ငြင်းဆန်ခဲ့ပြီး ပွဲစားတွေဆီက ဝယ်ယူပြီးဖြစ်လို့ ကလေးမွေးပြီးမှ ပြန်ခိုင်းမယ်ပြောတာကြောင့် သားမယားအဖြစ် နေထိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သားမယားအဖြစ်နေထိုင်ဖို့ ငြင်းဆန်တဲ့ရက်တွေမှာ အခန်းတွင်းတံခါးပိတ်ပြီး ခြေနဲ့ကန်တာ၊ ကြိုးနဲ့ ရိုက်နှက်တာတွေလုပ်လို့ အဲကား တောင်ယာကိုသွားနေတုန်း အိမ်ကနေ ထွက်ပြေးပြီး လျန်စန်း ရဲစခန်းကို ရောက်သွားတာကြောင့် တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် ၂ လ နဲ့ ၂ ရက် ချမှတ်ခံရပြီးနောက် မြန်မာနိုင်ငံနယ်စပ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဟင်္သာတတွင် အမျိုးသမီး ၁ ဦးအား သတ်ဖြတ်မီးရှို့ခဲ့သည့်တရားခံ ဖမ်းမိ

Source – DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ငွေချေးတာမပေးတာကြောင့် အမျိုးသမီးတယောက်အား လုယက် သတ်ဖြတ် မီးရှို့အလောင်းဖျောက်ခဲ့တဲ့ အမျိုးသားတယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၃ ရက်က ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ ဆပ်ပြာအိုင်ကျေးရွာက လူမနေတဲ့ ဝါးဘိုးခြံလွတ် အတွင်းမှာ အသက် ၅၇ နှစ်အရွယ် ကျုံတုံးကျေးရွာက ဒေါ်သင်းသင်းအေးဟာ မီးရှို့အသတ်ခံရတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့ပြီး ဖြစ်စဉ်ကို စစ်ကောင်စီရဲတွေက ဆက်လက် စုံစမ်း စစ်ဆေးခဲ့တာလို့ သိရပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ ကြီးချောင်း ကျေးရွာနေ အွန်စော (ခ) ဖြိုးဝေအောင် ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးခဲ့ရာ မတ် ၂၈ ရက်က မအူပင်မြို့  ကားဝင်းထဲမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ တရားခံ အွန်စော (ခ) ဖြိုးဝေအောင်ကို လုယက် လူသတ် မီးရှို့ အလောင်းဖျောက်မှုနဲ့ ဟင်္သာတမြို့ နယ်မြေခံရဲစခန်းက ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄/ ၂၁၁ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

တောင်ကိုရီးယားမှာ စစ်တပ်ရဲ့တပ်မတော်နေ့ပွဲတက်ရောက်တဲ့ ဆယ်လီချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းနေ

Source – People’s Spring

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စစ်ကောင်စီက ပြုလုပ်တဲ့ တပ်မတော်နေ့ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ် (Social Punishment) ပြုလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနေပါတယ်။

ချမ်းမြမြသော်ဟာ တော်လှန်ရေးအစောပိုင်းကာလက ကိုရီးယားမီဒီယာတွေမှတဆင့် မြန်မာ့အရေး အတွက် အသံထုတ်ဖော် (Speak Out)ပေးခဲ့ပြီး တော်လှန်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တက်ကြံလှုပ်ရှားသူတွေနဲ့ လူမှုအသင်းဖွဲ့တွေကြားမှာ ချမ်းမြမြသော်က နာမည်ရှိသူတစ်ဦး ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ညစာစားပွဲမှာ ချမ်းမြမြသော်က စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်တွေနဲ့ အတူတူ ဂုဏ်ပြုအားပေးခဲ့တဲ့အတွက် အခုလို Social Punishment ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။

ရပ်တည်ချက်ပြောင်းလဲကာ ပြည်သူတွေအပေါ် သစ္စာဖောက်ခဲ့တဲ့ ချမ်းမြမြသော်ရဲ့ လုပ်ငန်းနဲ့ မိသားစု တွေက အစ Boycott & Social Punishment လုပ်ကြဖို့ လိုကြောင်းနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေကြောင်းကို တောင်ကိုရီးယားဘက်ကိုလည်း အသိပေးဖို့ လိုအပ်ကြောင်း Fncc Burma Fact Check Community က ဖော်ပြခဲ့ပါတယ်။

သံတွဲဗုံးကြဲခံရ၍ စစ်ရှောင်အမျိုးသမီးလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟု AA ထုတ်ပြန်

Source – နိရဉ္စရာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားစစ်ဘေးရှောင်အမျိုးသမီးလေးဦးပါဝင်တဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး နောက်ထပ်ကလေးနှစ်ဦးအပါအဝင် စစ်ရှောင်အမျိုးသမီးသုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသွားသူတွေမှာ ဒေါ်မအေးမေ (၄၇)နှစ်၊ ဒေါ်မအောင်သန်း(၂၆)နှစ်၊ မပြည့်ဖြိုးနွယ်(၇)နှစ်နှင့် မအေးငြိမ်းလှိုင်(၂)နှစ်တို့ဖြစ်ပြီး သူတို့လေးဦးစလုံးဟာ ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာက ဖြစ်တယ်လို့သိရပါတယ်။

ဒဏ်ရာရသွားသူတွေကတော့ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၂)ရပ်ကွက်မှ ဒေါ်အေးသန္တာဦး (၂၈)နှစ်၊ မမိုးထက်သန္တာ(၈)နှစ်နှင့် သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာမှ မသဲရတီဦး(၃)နှစ်တို့ဖြစ်ကြပါတယ်။

စစ်အာဏာရှင်တပ်က ဘုရားသုံးဆူအနီးကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး

Source – Dawei Watch

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာဘက် တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဒေသခံ‌တွေထံကသိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်းရှိ မက္ကသာဘက်ကို မတ်လ ၃၁ ရက်နေ့ က စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၃၀ ကျော် အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။

သိန္ဓောရွာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

Source – Dawei Watch

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာမှာ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ပုဆိန်နဲ့ ခုတ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကသိရပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ရွာမှာ နေထိုင်သူဖြစ်ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရသူတစ်ဦးကို ဖမ်းမိထားကာ အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ယာယီတာဝန်ခံက ဆိုပါတယ်။

ချင်းပြည်မှာ အမျိုးသမီးငယ်တစ်ယောက် မိုင်းနင်းလို့ သေဆုံး

Source နိရဉ္စရာ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးရွာအနားမှာ လမ်းပြုပြင်ဖို့သွားတဲ့ တီးတိန်မြို့နယ်၊ ထေးဇန်ရွာသူ Lia Dim Suan Nem (ခ) Di Neam (၂၆)နှစ် အရွယ် အမျိုးသမီးငယ်တစ်ယောက်ဟာ မတ်လ (၃၀)ရက်နေ့မှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ချင်းသတင်းဌာနဖြစ်တဲ့ Chin World က သတင်းဖော်ပြပါတယ်။

ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့လိုက်ကြပေမယ့် အသက်တော့ မကယ်နိုင်တော့ဘူးလို့ ဒေသခံရွာသူ တစ်ယောက်ကို ကိုးကားပြီး အဲဒီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

သူမ မိုင်းနင်းမိတဲ့နေရာတဝိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ နောက်ပိုင်း အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ ကာလကြာမြင့်စွာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားရာ ဒေသလည်းဖြစ်တယ်လို့ သိရပါတယ်။

ဘုန်းကြီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားက အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိပြီး ဘုန်းကြီးမို့ တိုင်ချင်ရာတိုင်လို့ ပြောလို့ နစ်နာသူက အမှုဖွင့်မယ်

Source – CJ Platform

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရွှေဗုဒ္ဓေါစေတီအနီးမှာ ဘုန်းကြီးကိုယ်တိုင် မောင်းနှင်လာတဲ့ ဘုန်းကြီး ကျောင်းတံဆိပ် ကပ်ထားတဲ့ ကားတစ်စီးက အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက် မိပြီး ဘုန်းကြီးမို့ တိုင်ချင်ရာတိုင်လို့ ပြောခဲ့တာကြောင့် နစ်နာသူက သံဃနာယကအဖွဲ့ကို တိုင်ကြားမှုအပြင် မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့ နစ်နာသူနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်မှာ မြောင်းမြမြို့၊ ခွေးလေးကြီးကျေးရွာ၊ ရွှေဘုန်းပွင့် ကျောင်းတိုက်က ဘုန်းကြီးကျောင်းတံဆိပ်ပါ မော်တော်ယာဉ်တစ်စီးဟာ ရွှေဗုဒ္ဓေါစေတီအနီးမှာ အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို နောက်ကနေ တိုက်မိရာ ဆိုင်ကယ် တိမ်းမှောက်ပြီး မောင်းနှင်လာသူ အမျိုးသမီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒေါ်ရီစန်းမှာ မြောင်းမြ ပြည်သူ့ဆေးရုံကြီးမှာ ၃ ရက်တိုင် ဆေးကုသမှု ခံယူခဲ့ရပြီး ယာဉ်မောင်းသူ ဘုန်းကြီးဟာ ရွှေဘုန်းပွင့်ကျောင်းတိုက်က ဆရာတော်တစ်ပါး ဖြစ်တယ်လို့ သိရပါတယ်။

မိတ္ထီလာကန်အတွင်း ခုန်ချတဲ့အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး 

Source – မြေလတ်အသံ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဓမ္မသုခ ရွှေစည်းခုံဘုရား တောင်ဘက်အခြမ်း မိတ္ထီလာကန်အတွင်း ခုန်ချတဲ့ အမျိုးသမီး ရေနစ်သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ရှင်မြို့ကျေးရွာနေသူ အသက် ၂၃ နှစ်အရွယ် မအိသီရိစိုးဖြစ်ပြီး ဧပြီ ၁ ရက်မနက် ၉ နာရီမှာ ရထားသံလမ်းပေါ်ကနေ ကန်အတွင်းကို ခုန်ချခဲ့တာလို့ ဆိုပါတယ်။

အလောင်းကိုတော့ဒေသခံတွေက မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် စစ်ဆေးမှုတွေ ပြုလုပ်ပြီး နေ့ချင်းအိမ်ပြန်သယ်သွားတယ်လို့ သိရပါတယ်။

အရာတော်မှာဗုံးကြဲလို့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံး

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အုပ်ရှစ်ကုန်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ် ဒေသခံတွေ ဆီက သိရပါတယ်။

မတ်လ ၃၀ ရက်ညနေပိုင်းမှာ အုပ်ရှစ်ကုန်းရွာဆေးပေးခန်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးခန်းလာပြတဲ့ပြည်သူတွေကို ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၈ ဦးကိုတော့ ဆက်လက်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။