၁နှစ်အတွင်း ကသာစစ်ရှောင်ကိုယ်ဝန်ဆောင် ၁၀ဦးထက်မနည်း ကိုယ်ဝန်ပျက်ကျ ထိခိုက်သေဆုံးခဲ့
ရှင်ငြိမ်း
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဒီတနှစ်တာကာလအတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၁၀ဦးထက်မနည်း ကိုယ်ဝန်ပျက်ကျခြင်း၊ ထိခိုက်သေဆုံးခြင်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း စစ်ရှောင်များ၏ ကျန်းမာရေးကို ကူညီပေးနေသည့် ကျန်းမာရေးအဖွဲ့များနှင့် မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးမှူးတဦးက “တချို့လည်း ပြေးရင်းလွှားရင်းနဲ့ လမ်းကြမ်း တော့ ချော်လဲတာရှိတယ်၊ တချို့က အာဟာရချို့တဲ့တာ၊ ကိုယ်ဝန်ဆိပ်တက်တဲ့ပြဿနာတွေနဲ့ ကိုယ်ဝန်ပျက်ကျတာရှိတယ်၊ တချို့လည်း လမ်းမှာစစ်ကြောင်းနဲ့တွေ့ပြီး ရိုက်နှက်ခံရလို့ ပျက်တာရှိတယ်”ဟု HI Honest Information သို့ ပြောသည်။
၂၀၂၅ခု ဇန်နဝါရီ မှ ၂၀၂၆ ဇန်နဝါရီအထိ တနှစ်တာကာလအတွင်း အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ ကသာမြို့နယ် က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၁၁ ဦးနှင့် မီးဖွားပြီးစမိခင်တဦး သေဆုံးခဲ့သည့် ဖြစ်ရပ်များရှိခဲ့ပြီး၊ အခြားသော အတည် မပြုနိုင်သေးသည့် အချက်အလက်များလည်းရှိနိုင်ကြောင်း ကသာ၊ ထီးချိုင့်နယ် ဘက်ရှိ နယ်လှည့် ကျန်းမာရေးအဖွဲ့ ၂ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
“ကိုယ်ဝန်ဆောင်တွေ ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျတာက ၁၀ ဦးထက်မနည်းဘူးဗျာ၊ ကျနော့်မှာစာရင်းရှိတာက ၁၀ ဦးပါ၊ အဲ့ထက်လည်း ပိုကောင်းပိုနိုင်တယ်၊ ပြီးရင် မီးဖွားပြီးစမိခင်ကတော့ ကိုယ်ဝန်ပျက်ကျစာရင်းထဲမှာ ပါပြီးသား၊ သူက ကိုယ်ဝန် ၇ လနဲ့ စစ်ရှောင်စခန်း ရောက်တာနဲ့ ဆုံးသွားတယ်၊ ကျနော်တို့ရောက်တော့ သူဆုံးသွားပြီ” ဟု အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့တဖွဲ့မှ တာဝန်ခံတဦးက HI Honest Information သို့ပြောသည်။
လက်ရှိတွင် ကသာမြို့ကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)လက်အောက်ခံ PDF များ၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် ကချင်လွတ်လပ်ရေးတပ်(KIA) မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ရန် အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကိုင်း-ကချင်နယ်စပ်ရှိ မြို့အများအပြားကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ယင်းသို့ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဒေသခံပြည်သူ ၁၆၀,၀၀၀ ကျော်ရှိသည့် ကသာမြို့နယ်မှ ဒေသခံများသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့အပါအဝင် ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်နေရဆဲဖြစ်သည်။
ကသာမြို့နယ်မှ တိမ်းရှောင်လာသည့် ကိုယ်ဝန်ဆောင်မိခင်တဦးက“ကျမတို့ရှေ့ လမ်းမှာတင် ဗိုက်နာပြီး ကလေးအဖတ် မတင်တော့တဲ့ အမေတွေ၊ အာဟာရမရှိလို့ အားပြတ်နေတဲ့သူတွေ အများကြီးပဲ၊ တောထဲမှာ ပုန်းနေရတဲ့ညတွေဆို ‘ငါရော ငါ့ကလေးရော မနက်ဖြန်ကို မြင်ရပါ့မလား‘ ဆိုတဲ့အတွေးနဲ့တင် တော်တော်လေး စိတ်ဆင်းရဲရတယ်”ဟု ပြောသည်။
အလားတူ နယ်လှည့်ကျန်းမာရေးအဖွဲ့များ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ ခင်ဦး မြို့နယ်တွင် ကိုယ်ဝန်ဆောင်တဦး စစ်တပ်စစ်ကြောင်းထံတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးမှုရှိခဲ့သကဲ့သို့ မိခင်လောင်းတဦး လည်း အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးနေရသည့် အဆိုပါဒေသမှ စစ်ရှောင်မိခင်လောင်းတဦးက”စစ်ကြောင်းနဲ့တိုးမိမှာ အကြောက်ဆုံးပဲ၊ သူတို့က မထင်ရင် မထင်သလို မုဒိမ်းကျင့်သတ်နေတာ စိုးရိမ်တာပေါ့၊ ဒီကလေးကို သေချာမွေးဖွားခွင့် ရဖို့ဆိုတာ ကျမ အတွက်တော့ အိပ်မက်လိုပဲ၊ ဘဝကို သုညကနေ ပြန်စရတာထက် ဘေးကင်းကင်းနဲ့ ကလေးလေးကို မြင်ချင်တာပဲ သိတော့တယ်”ဟု ဆိုသည်။
စစ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၅ အောက်တိုဘာ ၇ ရက်အထိ မြန်မာတဝှမ်း စစ်ဘေးရှောင် သူအရေအတွက်က ၄သန်းကျော် အထိရှိလာပြီလို့ Myanmar Peace Monitor ကဖော်ပြထားပါတယ်။
United Nations OCHA Myanmar(UNOCHA)ကလည်း နိုင်ငံတဝန်းမှာ လူဦးရေ ၃ ဒသမ ၆ သန်း နီးပါးလောက်က နေရပ်စွန့်ခွာနေထိုင်လျက်ရှိတယ်လို့ ခန့်မှန်းထားပြီး၊ ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ ပိုမိုများပြားလာပြီး၊ အရင်ကတည်းက ဆိုးရွားနှင့်ပြီးသားဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုခက်ခဲစေတယ်လို့ ၂၀၂၅၊ စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားပါတယ်။










