“ဒီနေ့မှာ သေသွားရင် ကလေးအတွက် လုံခြုံဖို့ မသေချာလို့ပါ”

(တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက် ခံရသူ အမျိုးသမီးရဲဘော် မသဇင်နဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်)

ရှင်ငြိမ်း ဆက်သွယ်မေးမြန်းသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် NUG လက်အောက်ခံ အမှတ် (၂၀) PDF တပ်ရင်းမှာ အချုပ်ကျနေတဲ့ အမျိုးသမီးရဲမေတဦးကို အချုပ်ခန်းထဲမှာ မုဒိမ်းကျင့်တာ၊ ရိုက်နှက်နှိပ်စက် အနိုင်ကျင့်ခဲ့တဲ့ ဖြစ်စဉ်တခု ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

အသက် (၂၅) နှစ်အရွယ် မသဇင်ဆိုတဲ့ အမျိုးသမီးရဲမေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက တပ်ရင်းရဲ့ခွင့်ပြု ချက်မရှိဘဲ အလှူခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယင်းမာပင်ခရိုင်၊ ပလဖရုံး အချုပ်ခန်းထဲမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရ တယ်။ (ကာယကံရှင် ရဲမေဟာ တပ်ရင်းအတွက် အကူအညီပေးလိုစိတ်နဲ့ အလှူခံပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပြီး၊ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုခင်ကတည်းက သူအလှူခံရရှိတဲ့ငွေကြေး(ကျပ် ၂သောင်းကျော်နဲ့ ဆန်အိတ်)တွေကို စာရင်းဇယားနဲ့တကွ အပ်နှံထားပြီး ဖြစ်တယ်လို့ သိရပါတယ်)

အဲ့ဒီလို ချုပ်နှောင်ခံထားရတဲ့ ၃ရက်တာ ကာလအတွင်းမှာပဲ သူ့ကို ကြိုးနဲ့တုတ်၊ ပါးစပ်ကို အဝတ်စတွေနဲ့ ပိတ်ဆို့ ပြီး အမျိုးသားရဲဘော်တဦး(အချုပ်သား)က တပ်ရင်းမှူး ရန်ရှင်းအောင်အမိန့်နဲ့ မုဒိမ်းကျင့်ခဲ့တယ်လို့ ကာယကံရှင်မသဇင်က TM Mediaကို ထုတ်ဖော်ပြောကြားထားပါတယ်။

ကျူးလွန်ခံရသူ အမျိုးသမီးရဲမေဟာ  ၃ နှစ်အရွယ် သမီးငယ်လေးနဲ့အတူ ဖမ်းဆီးခံရတာဖြစ်သလို၊ ခင်ပွန်းဖြစ်သူကလည်း  ဒီတပ်ဖွဲ့မှာပဲ တာဝန်ထမ်းဆောင်နေတဲ့တော်လှန်ရေး ရဲဘော်တဦး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ တပ်ရင်းကိစ္စနဲ့ ခရီးထွက်တဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။  

ပုံစာ – ကျူးလွန်ခံရသူ အမျိုးသမီးစစ်သည်၏ ခန္ဓာကိုယ်ပေါ်တွင် ကျူးလွန်သူက ဓားဖြင့်ရေးခြစ်ခဲ့သည့် ဒဏ်ရာများ။

ဖမ်းဆီးထားစဉ်မှာ ရဲမေ မသဇင်ဟာ ကာယပိုင်းဆိုင်ရာ စော်ကားခံရရုံတင်မကဘဲ လူမျိုးရေးအရ နှိမ်ချဆက်ဆံမှုတွေ၊ သူတို့သားအမိအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကိုပါ ခံခဲ့ရပါတယ်။ ဒါ့အပြင် မသဇင်ရဲ့ပေါင်နဲ့ ခြေသလုံးတွေမှာ ‘ရန်ရှင်း၊ တပ်ရင်း ၂၀၊ YMYZ’ ဆိုတဲ့ စာလုံးတွေကို ဓားနဲ့မွှန်းပြီး ရေးထိုးခံခဲ့ရတာတွေရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃လနီးပါးက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ တရားမျှတမှုမရရှိသေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေကို တိုင်ကြားနေပြီး ကျူးလွန်သူတွေကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့လည်း NUG ဘက်က ထုတ်ပြန်ထားပါတယ်။

အခုလက်ရှိမှာတော့ မသဇင် မိသားစုဟာ ပုန်းရှောင်နေကြရပြီး ကျူးလွန်သူတွေဟာ နစ်နာသူအမျိုးသမီးရဲ့မိသားစုကို နည်းမျိုးစုံ နဲ့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

လက်ရှိခံစားချက်တွေ၊ လုံခြုံရေးစိုးရိမ်ပူပင်မှုတွေ၊ စိတ်ဒဏ်ရာတွေ၊ သူ့အပေါ် စွပ်စွဲချက်တွေအပေါ်  ခံစားချက်တွေကို သိရှိနိုင်ဖို့ ကာယကံရှင်အမျိုးသမီးစစ်သည်ကို  HI – Honest Information က အခုလို သီးသန့်ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။

HI Honest Information  ညီမအနေနဲ့ တော်လှန်ရေးထဲကို ဘယ်လိုရောက်လာလဲဆိုတာ အကျဉ်းလေးပြောပြပါလား။

မသဇင် – စစ်တပ်ရဲ့မတရားဖိနှိပ်တာ၊ အသက်အရွယ်မရွေး သတ်ဖြတ်တာ ဒါတွေကို မြင်ရတော့ မကျေနပ်စိတ်နဲ့ တောထဲ ရောက်လာခဲ့တာပေါ့။ ညီမတော်လှန်ရေးထဲရောက်တာ ၇ လလောက်ရှိသေးပေမဲ့ အာဏာသိမ်းကတည်းက သပိတ်တွေမှာ တောက်လျှောက်ပါဝင်ဖြစ်တယ်။ အာဏာရှင်စနစ်ကို မကြိုက်လို့ မြို့ပေါ်မှာ နေကတည်းက ပြတ်သားစွာ ဆန့်ကျင်ခဲ့တာပါ။ တော်လှန်ရေးထဲကို အစကတည်းက ဝင်ဖို့ ဆန္ဒရှိပေမဲ့ ဘယ်လိုဝင်မရမလဲ မသိလို့ အချိန်ကြာသွားခဲ့ တာပါ။

တော်လှန်ရေးထဲရောက်တော့လည်း ကလေးအမေဖြစ်နေတော့ ရဲမေတာဝန်ယူမှာလား၊ မှီခိုလားမေးတော့ ရဲမေကိုပဲ ရွေးချယ်ခဲ့တယ်။ ရဲမေဆိုတဲ့ တာဝန်နဲ့ကျေအောင်လဲ ဆောင်ရွက်ခဲ့ပါတယ်။ ပျက်ကွက်တာမျိုးမရှိခဲ့ဘူး။

ယင်းမာပင်ခရိုင်ကို ရောက်သွားတာကတော့ ညီမအမျိုးသားရဲ့ဖခင်က တာဝန်နဲ့ရောက်နေတော့ အဲ့ခရိုင်မှာပဲ ဝင်ဖြစ်လိုက် တာပေါ့။ ညီမအမျိုးသားနဲ့ သူ့ဖခင်က ဒီခရိုင်ရဲ့ရဲဘော်တွေပါပဲ။

HI    – ယင်းမာပင် စခန်းရောက်တော့ ဘာတွေလုပ်ကိုင်ရလဲ၊ ညီမကို ဘာတာဝန်ပေးထားလဲ။

မသဇင် – အဲ့ဒီစခန်းသွားတဲ့ ညမှာပဲ တပ်ရင်းက ရဲဘော်ကျသွားခဲ့တယ်။ အဲ့အပေါ်မှာတောင် ကြောက်စိတ်မဝင်ဘဲ စိတ်အား ထက်သန်နေတုန်းပါ။ စခန်းစရောက်တော့ ဘာတာဝန်မှမပေးထားပါဘူး။ ကိုယ်အသိစိတ်နဲ့ဘဲ ဟင်းကူချက်ပြုတ် ပေးပါတယ်။

HI –  မီဒီယာတွေမှာလည်း မသဇင်ရဲ့လုံခြုံရေးကို အလေးထားဖို့ ဆက်တိုက်ဖော်ပြနေတော့ လက်ရှိ လုံခြုံရေးက ဘယ်လိုရှိသလဲ၊

မသဇင်– အခုထိတော့ ညီမ လုံခြုံမှုရှိနေပါသေးတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်တော့ စိတ်ချရတဲ့ အနေအထား မဟုတ်သေးပါဘူး။ နေရာအခက်အခဲရှိပေမဲ့ စားရေး၊ သောက်ရေးကတော့ အဆင်ပြေပါတယ်။ လက်ရှိအခြေအနေက ဘာလဲ အတိအကျမပြောနိုင်တဲ့အခြေအနေပါ။

HI – ဒီဖြစ်စဉ်တွေပြီးတဲ့နောက်မှာ ကလေးရဲ့စိတ်အခြေအနေနဲ့ ညီမရဲ့စိတ်ပိုင်းဆိုင်ရာ ဘယ်လိုရှိပါသလဲ။

 မသဇင်– ကလေးရှေ့မှာတော့ ရိုက်တာမျိုး မရှိခဲ့တော့ ကလေးက ဘာမှ မသိရှာပါဘူး။ အချုပ်ခန်းထဲမှာတော့ မနေချင်ရှာဘူး။ ဒါပေမဲ့ ကလေးအတွက်လည်း စိုးရိမ်ပူပန်နေရတုန်းပါ။ ညီမဆိုရင် အရင်က အရမ်းသတ္တိရှိတဲ့သူပါ။ အခုတော့ မိုးခြိမ်းတာတောင် လန့်တယ်။

HI  –  အသက် (၃) နှစ်အရွယ် ကလေးငယ်ကို ဓားစာခံလုပ်ပြီး ခြိမ်းခြောက်ခံရတဲ့ မိခင် တယောက် အနေနဲ့၊ အဲ့ဒီအချိန်က ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုတွေနဲ့ အခုလက်ရှိ ကလေးရဲ့အနာဂတ်လုံခြုံရေးအတွက် မသဇင်ရဲ့ စိတ်ထဲမှာ ဘယ်လိုမျိုး ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေရသလဲ။

မသဇင် – ကလေးအပေါ်ထားတဲ့စိတ်ပူတာကတော့ ပြောမပြတတ်လောက်အောင်ပဲ။ ပထမအကြိမ် မုဒိမ်းကျင့်ပြီး ဒုတိယအကြိမ်မှာတော့ ကလေးကို ငဲ့ပြီး မုဒိမ်းကျင့်တာကို နှုတ်ဆိတ်ခဲ့တယ်။ တတိယအကြိမ် ကလေးကိုကာကွယ်ဖို့ ကြိုးစားလို့ ဓားနဲ့ အမွန်းခံရတယ်။ ကလေးကို ထိခိုက်မှာ သေလောက်အောင် စိတ်ပူပါတယ်။ သေဖို့ စိတ်ကူးနဲ့ အစာငတ်ခံတာတောင် ဒီလိုခံစားချက်တွေ မခံစားချင် လို့ ထမင်းပြန်စားခဲ့တာ။ ဒီနေ့မှာ သေသွားရင် ကလေးအတွက် လုံခြုံဖို့ မသေချာလို့ပါ။

HI  – ရဲရဲဝံ့ဝံ့ ဖွင့်ချခဲ့ပေမယ့်၊ ပတ်ဝန်းကျင်က ဖေးမကူညီမယ့်အစား လျစ်လျူရှုတာ ဒါမှမဟုတ် ပြစ်တင် တာတွေ ကြုံရတဲ့အခါ မသဇင်အပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာသလဲ။

မသဇင် – တပ်ရင်းမှူး ပါးစပ်က အလိုတူပါလို့ ထွက်တော့ မယုံကြည်ရဲတော့ဘူး။ ဒီစကားမျိုးကို အမျိုးသား အဖေကို နည်းနည်းမှ မဟတာ ဘာကြောင့်လဲတော့ သိချင်မိတယ်။ ဘာသာရေးဘက် ပါသွားတာလည်း ဝမ်းနည်းစိတ် ကြောင့် ရင်ဖွင့်ပြောသလို ထွက်မိသွားတာ၊ အရမ်းစိတ်ပင်ပန်းနေရချိန် အဲ့လိုအပြုအမူတွေက တကယ်ကိုခက်ခဲတဲ့ အခြေအနေပါ။

HI  –   အခုတဖက်ကလည်း ဒီမုဒိမ်းမှုက အလိုတူအလိုပါဆိုပြီး ပြောနေတာရှိတယ်၊ ဒီအပေါ်မှာ မသဇင်အနေနဲ့ ဘာပြောချင် လဲ၊ စိတ်ခံစားရမှုဘယ်လိုရှိပါလဲ။ 

မသဇင် – ခရိုင်တောင်မှာ (ယင်းမာပင်ခရိုင်၊ ပလဖထောင်) ကျူးလွန်တဲ့ ကိုဘယ်ကျော်ကို ရိုက်စစ်တော့ ပထမ မဖြေဘူး။ နောက်တော့ သူက ညီမနဲ့ အလိုတူအလိုပါလို့ပြောတယ်။ ကိုကတုံးက ညီမမျက်နှာတွေ ရိုက်တယ်၊ ဆောင့်ကန် တယ်။ ဒူးထောက် ပါးရိုက်တာတောင်မှ ညီမ အရိုးရှင်းဆုံးဖြေခဲ့ပါတယ်။ ညီမမှာ ကာမပိုင်ယောကျာ်းရှိတာ အခုလိုကိစ္စ လုပ်ပါ့မလားလို့လည်း ရှင်းပြခဲ့တာ။ အခုထပ်ပြောတော့ နောက်တကြိမ် စော်ကားခံရသလိုပဲ အစကအရှက်ကိုပဲ ထိပါး စော်ကားတာ၊ အခုက သိက္ခာကိုပါ ထပ်ပြီးစော်ကားတာ။

အပြစ်တင်စကားတွေကြားရတော့ စိတ်ပိုပြီးရှုပ်ရပါတယ်။ အခုလို လိုင်းပေါ်ထိရောက်သွားဖို့ ဖွင့်ချဖို့ အစကတော့ စိတ်ကူး မရှိပါဘူး။ အခုဟာက တပ်ရင်းမှူးကို ယုံကြည်လို့ ဖွင့်ဟခဲ့တာပါ။ တပ်ရင်းမှူးက အခုလိုအောက်တန်းကျတဲ့လုပ်ရပ် မလုပ် ဘူးထင်လို့ပါ။ သူပါးစပ်က အလိုတူပါလို့ ထွက်လာလို့ ညီမက ရှေ့ဆက်တိုးရတာပါ။

HI – မုဒိမ်းမှုကျူးလွန်ဖို့ကို တကယ်ပဲ တပ်ရင်းမှုး ရန်ရှင်းက ခိုင်းစေခဲ့တာလား၊ သတင်းတွေမှာတော့ တပ်ရင်းမှူးက ကျူးလွန်တယ်လို့ပြောနေကြလို့

မသဇင် – မဟုတ်ပါဘူး။ ကိုဘယ်ကျော်ပါ။ တပ်ရင်းမှုးကိုယ်တိုင် ဖော်ထုတ်စစ်ဆေးမေးမြန်းထားပြီးပါ။ ကျူးလွန် တာက ကိုဘယ်ကျော်ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းသေချာပါတယ်။ ဘာလို့လဲဆိုတော့ တပ်ရင်းမှူး ကိုယ်တိုင် ရွေးချယ်ထားတဲ့သူ ဖြစ်တာအပြင် စစ်ဆေးတုန်းကလဲ သူပါလို့ ဝန်ခံထားပါတယ်။ မလုပ်တဲ့သူကတော့ ဘယ်လောက်ပဲ ရိုက်ရိုက် မဟုတ်ဘူး လို့ပဲ ပြောမှာပါ။ ညီမသာဆို အသေသာခံလိုက်မယ် မလုပ်တဲ့အရာကို ဘယ်လို အကြောင်းနဲ့မှ မပြောဘူး။

HI – ဘယ်ကျော်က ဘာရာထူးလဲ။

မသဇင် – ယင်းမာပင်တပ်ရင်း (20)က ရဲဘော်ပါ။ ဒါပေမဲ့ သူက ရဲဘော် ၂ယောက် ထွက်ပြေးလို့ မသင်္ကာမှုနဲ့ အချုပ်ထဲရောက်နေတဲ့ အချုပ်သားပါ။ 

HI  – နောက်တခုက မသဇင်အနေနဲ့ လုံခြုံရေးစိုးရိမ်နေရတဲ့အချိန်မှာတောင် ရန်ရှင်းရဲ့ကလေးပုံကို မတင်ဖို့ တောင်းဆိုတဲ့ညီမရဲ့ စိတ်ခံစားချက်၊ သဘောထားကိုလည်း သိချင်ပါတယ်။

မသဇင် – တပ်ရင်းမှူးသမီးပုံကို တွေ့ပြီး အတော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်သမီးတုန်းက အရမ်း သောကများခဲ့တာ။ သူ့အမေသာ ဒီပုံကိုမြင်ရင် စိတ်ထိခိုက်မှာ မလိုလားလို့ပါ။

HI –  လက်ရှိတွင် သက်ဆိုင်ရာ တပ်ရင်းမှ တာဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံ ဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီးဖြစ်ကာ … ”လို့ NUG က စာထုတ်ထားတယ်။ ဒီအပေါ်မှာ ဘာပြောချင်တာရှိပါသလဲ။

မသဇင် – တပ်ရင်းမှူးကိုလည်း ဖမ်းထားတယ်ဆိုပြီး စာထွက်ထားပေမဲ့ လက်ရှိအချိန်ထိ လိုင်းပေါ်မှာ ရှိနေကြောင်း တွေ့ရပါတယ်။ အဲ့အတွက် ပိုပြီး စိုးရိမ်မိပါတယ်။

HI – တခြားသူသုံးတာမျိုးရောမဖြစ်နိုင်ဘူးလား၊ ဥပမာ သူ့အမျိုးသမီးတို့၊ တခြားတပ်ရင်းက တယောက်ယောက် သူ့ဖုန်းကို သုံးနေတာမျိုးလေ။

မသဇင် – သူ့အမျိုးသမီးကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ပထမ အချက်ကတော့ သူအကောင့် သူပဲ သီးသန့်သုံးလို့ပါ။ ဒုထိယ အချက်ကတော့  သူနဲ့ သူ့အမျိုးသမီး ရန်ဖြစ်စကားများလို့ ထွက်သွားတာလို့ ညီမတို့စခန်းမှာရှိကတည်းက သိထား တာပါ။ တခြားတပ်ရင်းက သုံးတာမျိုးဆိုလည်း ခဏ၊ ခဏ လိုင်းပေါ်မရှိလောက်ပါဘူး။ စစ်ဆေးတာမျိုး လုပ်တာဆို တရက်ကို တကြိမ်လောက် ဝင်စစ်ဆေးတာမျိုးဆို လက်ခံလို့ အခြေအနေပါ။ အခုဟာက မကြာခဏ လိုင်းတက်နေတာ မြင်ရတွေ့ရ တာမျိုးပါ။

HI – အခုဖြစ်စဉ်အပေါ်  မသဇင်အနေနဲ့ ဘာဖြစ်ချင်တဲ့ဆန္ဒရှိသလဲ၊ နောက်လုံခြုံရေးအပေါ်မှာပါ ဘယ်လို ဖြစ်စေချင်တဲ့ဆန္ဒ ရှိပါသလဲ။ အခုကလေးရဲ့လုံခြုံရေးနဲ့ မိသားစုရဲ့လုံခြုံရေးအတွက် နေထိုင်ရတဲ့အခါမှာ ဒါတွေက အခက်အခဲဖြစ်စေနေလား၊ ဝန်ပိသလိုဖြစ်စေသလား။

မသဇင် – ညီမ ဖြစ်ချင်တာကတော့ တခုတည်းပါ။ အမှုမှန်ပေါ်ဖို့ပါပဲ။ အရှက်တရားအပြင် သိက္ခာကိုပါ ထိခိုက်လို့ ပါ။ ဒီအရာတွေကနေ အမြန်ဆုံး အဆုံးသတ်ချင်ပြီ။ အပြစ်ရှိတဲ့သူ ထိုက်သင့်တဲ့အပြစ်ခံရမှာပါ။

HI – မသဇင်အနေနဲ့ အမှုနဲ့ပတ်သက်ပြီး NUG ကို ဘာပြောချင်လဲ၊ ဘာတွေတောင်းဆိုချင်တာရှိလဲ။

မသဇင်  – ညီမအနေနဲ့ NUG ကို သက်သေအကုန်ကို တိကျမှန်ကန်စွာ စစ်ဆေးပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆို တော့ တချို့ သက်သေ ရဲဘော်တချို့ကလည်း စခန်းမှာမရှိတော့ပါဘူး။ ရဲဘော် ကြာဇံ၊ မိုးကြီး၊ ယမား ရွှေလုံး ထွက်ပြေးသွားကြတယ်လို့ ကြားထားပါတယ်။ အဲ့ရဲဘော်တွေကို အဓိကထားပြီး စစ်ဆေးဖို့ တောင်းဆိုချင်တာက စခန်းမှာ ရှိတဲ့ ရဲဘော်တွေဆို သင်ထားတဲ့အတိုင်း လိမ်ညာဖြေဆိုမှာ ကြောက်လို့ပါ။ တပ်ရင်းမှူး ပြောစကားတွေထဲမှာတောင် လိမ်ညာမှုတွေ ပါနေလို့ပါ။ စခန်းက ရဲဘော်တွေနဲ့ တပ်ရင်းမှူးက သက်သေတွေပါပဲ။ ကုလားမခေါ်တဲ့ သက်သေတွေလဲ ညီမဘက်မှာ ရှိပါတယ်။ အမှုစစ်တဲ့နေရာမှာ မျှတမှန်ကန်မှုရှိမယ်ဆိုရင်တော့ အလွန်ဝမ်းသာမိမှာပါ။

HI –   တခြားထပ်ဖြည့်ပြောချင်တာရှိရင် ပြောပေးပါ။  

မသဇင်  –  ညီမအနေနဲ့ ထပ်ပြောချင်တာက စခန်းစောင့်ထားခဲ့ဆိုတာ ညီမဘက်မှာ ခိုင်လုံတဲ့အရာ ရှိပါတယ်။ တပ်ရင်းမှူးဘက်က ပေါ်တင်လိမ်တာပါ။ ညီမက မြန်မာ မွတ်ဆလင်ပါ။ ဗုဒ္ဓဘာသာကိုးကွယ်နေထိုင်တဲ့ရပ်ကွက်မှာ ကြီးပြင်းလာတဲ့သူဖြစ်လို့ ဘာသာရေးအရ စိတ်ဝမ်းကွဲစေတာမျိုးတွေတော့ တကယ်မလိုလားပါဘူး။ အဲ့ဒီအတွက်လည်း အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။