ဒုတိယအိမ်ကပေးတဲ့ ဒဏ်ရာ

မော့ဂျေ

“ကျနော်အသက်ရှင်ဖို့တောင် မစဉ်းစားထားဘူး၊ အားလုံးကို လက်လျှော့ပြီး အဆုံးသတ်လိုက်ဖို့ စဉ်းစား ထားတာ”  

ဒါဟာ အထက်တန်းကျောင်းသားအရွယ် ကလေးတယောက်ဆီက ထွက်လာတဲ့ စကားလုံးတချို့ဖြစ်ပါတယ်။

မိဝေးဖဝေးနဲ့ နိုင်ငံဖြတ်ကျော် ရွှေ့ပြောင်းကျောင်းသားအဖြစ် ကျောင်းအိပ်ကျောင်းစား ပညာသင်ယူနေတဲ့ ဒီကလေးက မျက်လုံး၊ နှာခေါင်းနဲ့ နားရွက်တွေ နီရဲလာတဲ့အထိ အံကိုကြိတ်ပြီး တိုးတိတ်တိမ်ဝင်သွားတဲ့အသံနဲ့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးတဲ့ အတိတ်အကြောင်းကို ပြန်ပြောင်းပြောပြ လာတာဖြစ်ပါတယ်။  

“ဟေ့ရောင် ….  မင်းအဲ့လောက်ကိတ်လို့ သဘောကျခံရတာလား” ၊ “ ငါနဲ့ တွဲမလား” လို့ မထိတထိပြောခံရတာ၊ ကျောင်းအဆောင်ရဲ့ ဘုံရေချိုးကန်မှာ “မင်းအထဲက ဘာတွေဝတ်တာလဲ”  ဆိုပြီး ခါးဝတ်ကို ဆွဲချွတ်ဖို့ ကြိုးစား တာမျိုးတွေကို မကြာခဏဆိုသလို တွေ့ကြုံနေရတဲ့ အခြေအနေတွေက သူ့အတွက် ဆက်လက် ရှင်သန်နေဖို့ အခက်အခဲဆုံးအရာတွေထဲက တချို့ပါပဲ။

သူ့အကြောင်းအရာတွေကို ပြန်ပြောင်းပြောပြဖို့အတွက် သူက ပြည့်စုံ ဆိုတဲ့ နာမည်လွှဲကို သုံးစေချင်ခဲ့ပါတယ်။

ပြည့်စုံဟာ  အရပ် ၅ပေခွဲအထက်၊ အသားအရောင်က ဝင်းဝင်းစိုစိုနဲ့ ခင်မင်နှစ်လိုစရာအသွင်အပြင်ရှိပြီး၊ သူနဲ့စကားပြောချိန်မှာ ကလေးစိတ်တောင် ကောင်းကောင်းမပျောက်ချင်သေးတဲ့ အမူအယာပုံစံမျိုးနဲ့ ဆယ်ကျော်သက် ကလေးတယောက်ဖြစ်ပါတယ်။ စာကြိုးစားပြီး အင်ဂျင်နီယာဖြစ်ချင်တဲ့ သူ့မျှော်လင့်ချက်က ထိုင်းနိုင်ငံ အစိုးရ ပညာရေးဌာနရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပြီး အင်ဂျင်နီယာ ကျောင်းတက်ချင်ခဲ့တာပါ။

၂၀၂၁ အာဏာသိမ်းမှု မဖြစ်ခင်တုန်းက  မြန်မာပြည် ဘက်ခြမ်းနယ်စပ်က ရွာလေးတရွာမှာ သူ့အဖေ ဘက်က အဖိုး၊ အဖွားတွေနဲ့ အတူနေထိုင်ရင်း ကျောင်းတက်ခဲ့တာပါ။ အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် သူပညာသင်ယူနေတဲ့ ကျောင်းက ဆရာ/ဆရာမတွေအားလုံး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ထဲ ပါဝင်သွားခဲ့လို့  ကျောင်း ၁နှစ် နားခဲ့ရပါတယ်။

ကျောင်းနားနေတဲ့အချိန်မှာ ထိုင်း မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်းမှာ အလုပ်လုပ်နေတဲ့ အဖေနဲ့အမေက သူ့ကို ကျောင်းဆက်တက်ဖို့ ခေါ်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့မှာ မိဘတွေနဲ့ အတူနေထိုင်ရင်း ကနေ ၂၀၂၄ ခုနှစ်မှာ ပြည့်စုံရဲ့ မိဘနှစ်ပါးဟာ သူတို့မိဘတွေရဲ့ ကျန်းမာရေးကြောင့် ကြည့်ရှုစောင့်ရှောက်ဖို့ လိုလာတဲ့အတွက် သားဖြစ်သူကို  ကျောင်းအိပ်ကျောင်းစားအဖြစ် အပ်ထားခဲ့ပြီး ပြည်တွင်းထဲကို ပြန်ဝင်သွား ခဲ့ရပါတယ်။  

ဒီလိုနဲ့ အတူနေ မိဘဆွေမျိုးညာတိ မပြည့်စုံတဲ့ ပြည့်စုံဟာ  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ရွှေ့ပြောင်းကျောင်း တခုမှာ ကျောင်းအိပ်ကျောင်းစား အထက်တန်းကျောင်းသားတဦး ဖြစ်လာခဲ့တာပါတယ်။

ငွေကြေးမပြည့်စုံတဲ့ မိဘတွေဟာ ဆက်သွယ်ရခက်ခဲတဲ့ အရပ်မှာ ရှိနေတဲ့အတွက် လစဉ်ကျောင်းလခ ပေးသွင်း ဖို့ သူတို့ဘက်က ဆက်သွယ်တဲ့အချိန်မှာသာ  စကားပြောခွင့်ရခဲ့ပါတယ်။   

မိသားစုနဲ့ အဆက်အသွယ် ကောင်းကောင်းမရတဲ့ ပြည့်စုံတယောက် တခြားကျောင်းနေဖက်တချို့လိုပဲ သူတို့ရဲ့ အားကိုးယုံကြည်ရာ ဆရာသမားက လိင်အမြတ်ထုတ်သူ ဖြစ်နေတဲ့အခါမှာတော့ အိမ်ကိုလည်း မပြန်နိုင်၊ ရှိနေတဲ့နေရာမှာလည်း ဖွင့်ပြောမရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအပြည့်နဲ့ ငရဲခန်းထဲမှာနေရသလို ဖြစ်နေခဲ့ ပါတော့တယ်။

ကျူးလွန်သူဟာဆရာဟာ အသက်ကြီးတဲ့အတွက် ညောင်းညာကိုက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ပြည့်စုံကို သူ့အခန်းကို ခေါ်ပြီး နှိပ်ခိုင်းတာမျိုးနဲ့စတင်ခဲ့ပြီး အစောပိုင်းမှာ မုန့်ဖိုးအဖြစ် ဘတ် ၅၀၊ ၁၀၀ စသဖြင့် ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူ့လိုပဲ တခြားကျောင်းသားတွေကိုလည်း ပေးလေ့ရှိတဲ့အတွက် ပုံမှန်ဖြစ်စဉ်လို့ ထင်ခဲ့ တာလို့ ပြောပြပါတယ်။

ပြည့်စုံဟာ ဆရာဖြစ်သူကို သူ့အဖိုးအဖွားတွေကို နှိပ်ပေးသလိုပဲ မိသားစုလိုသဘောထား နှိပ်ပေးခဲ့ပြီး၊  သုံး၊ လေးကြိမ်လောက်ကတော့ ဘာမှ မဖြစ်ခဲ့ပေမယ့် တကြိမ်မှာတော့ ပုံမှန်နှိပ်ပေးတာမျိုး မဟုတ်တဲ့ အပြုအမူတွေ ကို လုပ်ခိုင်းလာခဲ့တယ်လို့ ဆိုပါတယ်။  

“လက်နဲ့လုပ်ခိုင်းတယ်”

အဲဒီစကားပြောပြီးတဲ့နောက်မှာတော့ ပြည့်စုံဟာ သူကြုံခဲ့ရတာတွေကို  ဆက်ပြောချင်ပုံမရတော့ပါဘူး။ ထပ်ပြောဖို့ အင်အားမရှိတော့သလို၊ ရှက်နေပုံရတဲ့ ပြည့်စုံတယောက် နဂိုက ဝင်းဝင်းစိုစိုအသားအရည်နဲ့ မျက်နှာ တပြင်လုံး ရဲလာတာကို တွေ့ရပါတယ်။

သူဟာ လွန်ခဲ့တဲ့ တနှစ်ဝန်းကျင်ကအထိ သူ့ကို ပညာသင်ကြားပေးနေတဲ့ ဆရာဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာကို ခံခဲ့ရပေမယ့် တလျှောက်လုံးမှာ ထုတ်ဖော်ပြောဖို့ အခွင့်အရေး မရရှိခဲ့သူတဦးလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတယောက်အတွက် သူအမြတ်ထုတ်ခံရတဲ့အခြေအနေကို ယုံကြည်ရတဲ့ တခြား ဆရာ၊ ဆရာမ တချို့ကို ဖွင့်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီကျူးလွန်သူဟာ သူတို့ရဲ့ ဆရာဖြစ်တာ တကြောင်း၊ လူယုံကြည်လေးစားရတဲ့ ဆရာဖြစ်နေတဲ့အခါ ဒီလိုကျူးလွန်မှုမျိုးလုပ်မယ်လို့ မယုံနိုင်ကြတဲ့ သဘောမျိုးဖြစ်ဟန်တူပါတယ်။  “မဖြစ်နိုင်ဘူး၊ တခုခုလွဲမှားနေတာပါ” ဆိုတဲ့ တုန့်ပြန်ချက် တချို့ကြောင့် သူ့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေက တိုးတိုးတိတ်တိတ်မှေးမှိန်နေခဲ့ပါတယ်။ 

တနေ့မှာတော့ ပြည့်စုံလိုပဲ တကျောင်းတည်း အတူနေ စီနီယာကျောင်းသားတယောက်ဟာ အဲဒီဆရာဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပြန်ပါတယ်။

အဲဒီလိုကျူးလွန်ခံရသူ ကျောင်းသားရဲ့ မိသားစုဝင်တွေဟာ ဒီဖြစ်စဉ်ကို ထုတ်ဖော်ပြီး ကျူးလွန်သူကို ကာကွယ် ပေးနေသူတွေအများအပြားရဲ့  အတိုက်အခိုက်တွေကို ရင်ဆိုင်ပြီး တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အချိန်မှာတော့ ပြည်စုံဟာ ဥပဒေအရ တရားစီရင် အရေးယူနိုင်ဖို့ တထောင့်တနေရာကနေ သက်သေအဖြစ် ပါဝင်အားဖြည့် ပေးသူ ဖြစ်လာခဲ့ပါတော့တယ်။

တရားစီရင်ရေးကာလတလျှောက် ပြည့်စုံလိုပဲ သက်သေအဖြစ်ပါဝင်ခဲ့တဲ့ အခြားသူတွေက  သူတို့ကိုယ်စီ မိသားစုဝင်တွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကူအညီနဲ့ တတ်နိုင်သမျှ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့ကြ ပေမယ့် အနီးနားမှာ မိဘရော၊ ဆွေမျိုးသားချင်းပါမရှိတဲ့ ပြည့်စုံအတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။

မလွယ်ကူတဲ့ကြားက သက်သေထွက်ဆိုခဲ့တာတွေကြောင့် အဆုံးသတ်မှာ  ကျူးလွန်သူကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအရ ထောင်ချအရေးယူနိုင်ခဲ့ပါတယ်။  

တရားရုံးရဲ့ အကူအညီနဲ့ သူတို့အားလုံးကျောင်းကို ပြန်လည်တက်ရောက်နိုင်ခဲ့လို့ စိတ်အေးချမ်းစရာ နေ့ရက်တွေ‌ ရောက်ရှိလာပြီလို့ ထင်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ စိန်ခေါ်မှုတွေက အဆုံးသတ်မသွားဘဲ စိတ်ဖိစီးမှုတွေ ပြည့်နှက်နေခဲ့တယ်လို့ ပြည့်စုံက ဆိုပါတယ်။

တရားစီရင်ခံလိုက်ရတဲ့ ကျူးလွန်သူဟာ အများလေးစားရတဲ့သူတယောက် ဖြစ်နေတဲ့ အခါ နှစ်ဖက်စလုံးမှာ လိုက်ပါကူညီဆောင်ရွက်ခဲ့ကြတဲ့သူတွေကတော့ သက်သေထွက်ဆိုခဲ့တဲ့ ကလေးတွေဟာ ဘယ်သူတွေပါ ဆိုတာကို သိနေကြပါတယ်။ ကျောင်းသားအများစုက မသိကြဘဲ၊ သိတဲ့ ကျောင်းသားအချို့က နားလည်ဖေးမ ခဲ့ကြတာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပြပါတယ်။

ဒီလိုသိရှိတဲ့အထဲက အချို့က အမြင်မကြည်သလို အမူအယာတွေကို မသိမသာရော သိသိသာသာပါ အများရှေ့ မှာ ထုတ်ဖော်ပြသခဲ့ကြတဲ့ဒဏ်ကို ပြည်စုံတို့တွေ ဆက်ပြီး ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။

မိသားစုဝင်တွေရှိတဲ့သူတွေအတွက် ဒီစိန်ခေါ်မှုတွေက ကျော်ဖြတ်ဖို့ လွယ်ကူနေသလား မသိနိုင်ပေမယ့် ပြည့်စုံ အတွက်ကတော့ လူမသိတဲ့ သူ့အတိတ်က လိင်အမြတ်ထုတ်ခံရမှုငရဲခန်းအပြင်၊  ပတ်ဝန်းကျင်ရဲ့ မသိမသာ ဖယ်ကျဉ်လျစ်လျူရှုတာ၊ ကျောင်းသားအချင်းချင်း စနောက်လှောင်ပြောင်းတဲ့ စကားစုတွေနဲ့ အမြဲလိုလို ပုံစံမျိုးစုံနဲ့ နေ့တိုင်းလိုလို ခံစားပြီးနေထိုင်နေခဲ့ရပါတယ်။

ဒီလို အခြေအနေတွေနဲ့ ထွက်ပေါက်မဲ့တဲ့ ခံစားချက်တွေကို သည်းမခံနိုင်တော့တဲ့  ပြည့်စုံတယောက် ၂၀၂၅ခု နှစ်ကုန်ပိုင်း တရက်မှာတော့ သူနေထိုင်ရာအဆောင်နောက်ဘက်က ဝါးရုံတောထဲကို သွားပြီး သူ့ကိုယ်သူ အဆုံးစီရင်လိုက်ဖို့ အထိ တွေးခဲ့မိတာပဲဖြစ်ပါတယ်။   

ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်နေသူကို တရားစွဲဆိုခဲ့တဲ့ အဲဒီအမှုမှာ သူသက်သေထွက်ဆိုစဉ်ကာလက မိဘနှစ်ပါးနဲ့ အဆက်အသွယ်ရခဲ့ပြီး အားပေးစကားတွေနဲ့ သူ့အခြေအနေတွေ ဟာ နွေးထွေးခဲ့သေးတယ်လို့ သူက ပြောပါတယ်။

ပြီးတော့ တရားရုံးနဲ့ ကူညီဆောင်ရွက်သူတွေရဲ့ အကူအညီနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက် နှစ်သိမ့် ဆွေးနွေးတာကို ၃ကြိမ် လက်ခံရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ အခြေအနေ အကြောင်းကြောင်းကြောင့် မိဘတွေ ပြန်သွားခဲ့ပေမယ့် ဒီကျောင်း အဝန်းအဝိုင်း ထဲကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ သူ့အတွက် စိတ်ဖိစီးမှုတွေဟာ ထပ်တိုးလာခဲ့ပြီး  ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို မခံစားနိုင်တော့တဲ့အဆုံး ဘဝကို အရှုံးပေးစွန့်လွှတ်လိုက်ဖို့ ထွက်ပေါက်ရှာခဲ့မိတာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ဘဝမှာ အားကိုးခင်တွယ်ရာ အစ်ကိုကြီးတယောက်လိုမျိုး  ဖေးမကူညီခဲ့တဲ့ သူတို့ကျောင်းက ကျောင်းသားဟောင်း စီနီယာတယောက်ကို  “ငါ့အစ်ကို ကို ကျေးဇူးတင်စကားပြောရဦးမယ်” ဆိုတဲ့အသိနဲ့ ရုတ်တရက်သတိရလိုက်တာဟာ သူ့အသက်ကို ကယ်တင်လိုက်တဲ့ တခုတည်းသော အကြောင်းအရာ ဖြစ်လာ ပါတယ်။

ပြည့်စုံအတွက် ရင်ဖွင့်ရာဟာ သူ့ စီနီယာအကိုပါ။ ပြည့်စုံတယောက် စိတ်အားမငယ်စေဖို့ အပတ်စဉ် ကျောင်း ပိတ်ရက်တွေမှာ အနည်းဆုံး တနာရီလောက် တွေ့ဆုံ အချိန်ပေးပြီး အားပေးစကား ပြောရင်း သူ့ အခက်အခဲ တွေကို နားထောင်ပေးတတ်တဲ့ အဲဒီစီနီယာဟာ တခါတလေမှာတော့ သူ့မိတ်ဆွေ သူငယ်ချင်းတွေကိုပါ ခေါ်လာပြီး ပတ်ဝန်းကျင်သစ်တခုကို တည်ဆောက်ပေးနေသူလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့ စီနီယာ အကိုဟာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့လိုပဲ ဆရာဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခံခဲ့ရလို့ ကျောင်းဆက်မတက်တော့ဘဲ ကျောင်းထွက်သွားတဲ့ သူတယောက်ပါ။

သူကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေက ပြည့်စုံကို ပြန်စာနာဖေးမဖို့အတွက်ဖြစ်လာတဲ့ အကြောင်းပြချက်တွေလို့ ဆိုရမှာပါ။

သူတို့ကို ကျူးလွန်ခဲ့တဲ့ ဆရာဖြစ်သူဟာ ပခုံးဖက်တာ၊ တင်ပါးပုတ်တာ၊ ခါးထိတာ၊ ဖက်တာတွေကို ဒါက ပုံမှန်ယောကျ်ားလေးသူငယ်ချင်းတွေအချင်းချင်း ဆက်ဆံရင် လုပ်နေကျဆိုတဲ့ ပုံစံမျိုး ရိုက်သွင်းခဲ့တာပါ။ ယောကျာ်းလေးတွေဟာ ဒီအရွယ်မှာ တကိုယ်ရည်အာသာဖြေဖို့လိုတယ် ဆိုပြီး ဒါဟာ ဒီအရွယ်လုပ်ရမယ့် အရာတွေလို့ ထင်မှတ်လာအောင် သူတို့ကို စေခိုင်းတာမျိုးတွေ၊ သူ့အခန်းမှာ ခေါ်အိပ်တာမျိုးတွေကို သူအပါအဝင် တခြားသော ကျောင်းသားလေးတွေကိုလည်း လုပ်ခဲ့ပါတယ်။

အစောပိုင်းမှာ သူကြုံနေရတာတွေကို ပြောပြလို့ရနိုင်မယ်လို့ယုံကြည်ရတဲ့ ဆရာ၊ ဆရာမ တချို့ကို ပြောပြခဲ့ ပေမယ့် သူတို့ကိုယ်တိုင်လည်း ပုံမှန်မဟုတ်တဲ့ကျူးလွန်မှုမျိုးတွေကို ဒီလို ဂုဏ်သိက္ခာနဲ့ ဩဇာရှိတဲ့ ဒီလို ဆရာတယောက်က မကျူးလွန်ဘူးလို့ ယုံကြည်တာကြောင့်လည်း ဖြစ်ဟန်တူပါတယ်။ “ဒါက ဘာမှမဖြစ်ဘူး၊ မင်းတို့လူငယ်တွေသိသင့်တာကို ဆရာကသင်ပေးတာ”လို့ ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။

နောက်ဆုံးတော့ သူ့ကို ကြီးကြီးမားမားထိတ်လန့်စေတဲ့ မြင်ကွင်းတခုကြောင့်  ကျောင်းကနေ အထုတ်အပိုးတွေ ယူပြီး ဝေးရာကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

“တချို့ကလေးတွေကိုကျတော့ သူနိုင်လို့ရတဲ့ဟာမျိုးဆို သူနိုင်တယ်၊ သူနိုင်လို့မရတဲ့ကလေးမျိုးဆိုရင် သူကို လုပ်ခိုင်းတာမျိုးလုပ်တယ်၊ ကလေးတယောက်ကို ထိုးသွင်းတာမျိုးမဟုတ်ဘဲ ပေါင်မှာ Sex လုပ်တာကိုမြင်ပြီး ထွက်ပြေးလာခဲ့တယ်” လို့ ပြည့်စုံရဲ့ စီနီယာအစ်ကိုဖြစ်သူက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာမေးပွဲဖြေခါနီး ဆဲဆဲအချိန်က သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြပါတယ်။

“သူက အရွယ်ရောက်လာမယ့် ယောကျ်ားလေးတွေ ပုံမှန် ကြုံတွေ့ရမယ့် ကိစ္စပါပဲ ဆိုတဲ့ အနေအထားထိ စိတ်ထဲ ယုံလာအောင် ဖြည်းဖြည်းချင်း ဆွဲခေါ်တာ၊ သူ(ပြည့်စုံ)က ခက်ခဲခဲ့တဲ့ကလေးဆိုတော့ သူ့ကို ဂရုစိုက်ပေးတာက မိဘလို ဆရာသမားလို လို့ပဲ သူက ခံယူထားတော့ ဆရာ့ကို သူ့မိဘလိုပဲ သူလုပ်ပေးလို့ရတာတွေ ဂရုတစိုက် လုပ်ပေးခဲ့တာ” လို့ ပြည့်စုံကို ကူညီစောင့်ရှောက်ပေးနေတဲ့ သူက ဆက်လက်ပြောပြပါတယ်။

ပြည့်စုံလိုမျိုးတောင် အဝေးရောက်မိသားစုမရှိတဲ့ စီနီယာဟာ ကျောင်းထွက်ပြီးတဲ့နောက် သူ့ဘဝ ရှင်သန် ရပ်တည်ရေးအတွက် သူတတ်စွမ်းသလောက်ကြိုးစားနေသလို ကျောင်းမှာကျန်နေခဲ့တဲ့ သူ့ဂျူနီယာညီငယ်ကို အားပေးထောက်ပံ့ ကူညီနေသူ ဖြစ်ပါတယ်။ ပြည့်စုံအတွက်တော့ ထိုင်းနိုင်ငံမှာ အားကိုးရာဆိုတာ အဲဒီ စီနီယာပဲ ဖြစ်ပါတယ်။

ပြည့်စုံရဲ့ ပုံမှန်မဟုတ်တဲ့အမူအယာဖြစ်နေတာကို သတိထားမိတဲ့ အဲဒီစီနီယာဟာ ရှင်သန်ဖို့ မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ ပြည့်စုံရဲ့ မိသားစုကို ရအောင်ဆက်သွယ်ပေးခဲ့ရပါတယ်။  

ဒီဇင်ဘာကျောင်းပိတ်ရက်အနည်းငယ်မှာ သွားစရာနေရာမရှိတဲ့ ပြည့်စုံဆီကို အမေရောက်လာပြီး စီနီယာအကိုနဲ့ အတူ မိသားစု ၃ယောက် လျှောက်လည်ခဲ့ရတဲ့နေ့ရက်တွေက ပြည့်စုံအတွက်တော့ အတွေးအမြင်သစ်တွေနဲ့ ပြန်လည်ရှင်သန်လာစေတဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။

အတန်းပညာ‌ကောင်းကောင်း မတတ်ခဲ့တဲ့ မိဘနှစ်ပါးက သူ့ကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့အတွက် ကြိုးစား ရုန်းကန်နေသလို၊ စီနီယာအကိုနဲ့ မိတ်ဆွေတွေကလည်း သူ့ကို ပုံမှန်လိုပြန်လည်နေထိုင်နိုင်ဖို့အတွက် ကူညီပေး နေကြဆဲပါ။

“ငါ့တုန်းက မိဘကမရှိ၊ ငွေမရှိ၊ ကျောင်းမှာအိပ်၊ ကျောင်းမှာစား၊ ဒီလူတွေ ဒုက္ခပေးတာကို တယောက်တည်း ကြိတ်ခံရင်း အိပ်မက်ဆိုးကြီးကို မခံနိုင်လို့ ကျောင်းထွက်လာတာ၊ အခု မင့်မိသားစုရှိတယ်၊ ငါရှိတယ်၊ မင်းက စာတော်တယ်၊ စာတတ်အောင်သင်၊ အားမငယ်နဲ့” ဆိုတဲ့စကားတွေက အဲဒီစီနီယာအစ်ကိုက ပြည့်စုံကို အမြဲတစေ ပြောပြတတ်တဲ့ အားပေးစကားတွေပါပဲ။  

“အစ်ကို အားပေးလို့ ကျောင်းဆက်တက်ဖြစ်နေတာ” လို့ ပြည့်စုံက ပြောပြပါတယ်။

ပြည့်စုံအတွက် သူ့စီနီယာအကို၊ အကိုရဲ့ မိတ်ဆွေတွေ၊ မိတ်ဆွေတွေက တဆင့် နှစ်သိမ့်ဆွေးနွေးပေးတဲ့ သူနဲ့ အတန်းဖော်သူငယ်ချင်းတချို့ကသာ ပြန်လည်ထူထောင်ဖို့အတွက် အဓိကကျတဲ့ အစိတ်အပိုင်းတွေ အဖြစ် ပါဝင်နေပါတယ်။

လူအများရဲ့ဖယ်ကျဉ်တာ (သို့) လျစ်လျူရှုခံရတဲ့ဒဏ်ကို တွန်းလှန်ကျော်ြဖတ်နိုင်ဖို့အတွက် “အကိုတောင် ကျော်ဖြတ်နိုင်တာ ငါလည်း ဒါကြီးကို ကျော်သွားမှာ” ဆိုပြီး သူ့ကိုယ်သူ အားတင်းခဲ့ရတယ်လို့ ပြည့်စုံက စကားဆိုပါတယ်။

ပြည့်စုံလို လိင်အမြတ်ထုတ်မှုကျူးလွန်တာခံခဲ့ရတဲ့သူတွေအတွက် ပတ်ဝန်းကျင်ဟာ အင်မတန်အရေးကြီးပြီး သူတပါးရဲ့ အပြုအမူ အပြောအဆိုတွေကို ကိုယ်က ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် ကိုယ်တိုင်က ရုပ်ပိုင်းစိတ်ပိုင်း အန္တရာယ်နည်းအောင် နည်းလမ်းရှာဖွေသင့်တယ်လို့  ဆိုတဲ့အချက်ကို စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးသူ ဒေါ်ချယ်ရီစိုးမြင့်က အကြံပြုစကား ပြောပါတယ်။

သူက “ဒါတွေကို ကြုံတွေ့ရတဲ့ ကာယကံရှင်အတွက် အတော်လေး ခက်ခဲမှာပဲ၊ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှိနေရတာ အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်၊ ဒီကိစ္စတွေဟာ လက်ရှိအချိန်ထိ ဖြစ်နေဆဲပဲ ဆိုရင်တော့ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံရေးကို ထိပါးနှောင့်ယှက်တဲ့ ပတ်ဝန်းကျင်ကနေ အတတ်နိုင်ဆုံး ရှောင်ရှားပြီး အန္တရာယ်ကင်းအောင် နေနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်” လို့ အကြံပြုပါတယ်။

Gender-based Violence ဆိုတာက ကျူးလွန်ခံရတဲ့လူတွေကို ကြီးမားတဲ့စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဒဏ်ရာ ဖြစ်စေနိုင်တဲ့အပြင်၊ လူအများရဲ့ဖယ်ကျဉ်တာ (သို့) လျစ်လျူရှုခြင်းကိုပါ ထပ်ဆင့်ခံရတယ်ဆိုရင် သူ့ရဲ့စိတ်ဖိစီးမှု ဟာ ပိုပြီးကြီးမားနိုင်ခြေရှိတဲ့အတွက် မိသားစုအသိုင်းအဝိုင်း မရှိပေမယ့် သူ့ကို တနည်းနည်းနဲ့ အကူအညီ ပေးတဲ့ သူတွေ၊ နားလည်ပေးတဲ့ သူတွေရှိတယ်ဆိုတာကို ပြသဖို့လိုအပ်တယ်လို့ ဒေါ်ချယ်ရီစိုးမြင့်က ပြောပြပါတယ်။

လိင်အမြတ်ထုတ်တာ ကျူးလွန်ခံရတဲ့ လူအများစုဟာ တရားစီရင်ရေးကြောင့် အမှုမှန်ပေါ်ပေါက်ပြီး ကျူးလွန် သူကို ဥပဒေအရ အရေးယူလိုက်နိုင်ပေမဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့အတွက်ကတော့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးသူတွေနဲ့ တွေ့ဆုံပြီး မှန်ကန်တဲ့ကုသမှုတွေကို အပြည့်အဝ မရရှိတာ၊ ပတ်ဝန်းကျင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်နိုင်အောင် အားပေးခြင်းမရှိတာ၊ ဖြစ်ခဲ့တဲ့ အရာတွေ က သူ့အပြစ် မဟုတ်ဘူးဆိုတာကို သိအောင်မလုပ်ပေးနိုင်တာနဲ့ အချိန်ပေးနားထောင်သူ မရှိတာကလည်း ကျူးလွန်ခံရသူတွေအတွက် ဘဝအဆုံးသတ်ကို ရောက်စေနိုင်တဲ့ အချက်တွေဖြစ်နေတာကို တွေ့ရပါတယ်။  

မှန်ကန်တဲ့ တရားမျှတမှုဆိုတာဟာ ကျူးလွန်ခံရသူတွေကို ပြန်လည်ကုစားပေးနိုင်မှုဆိုတဲ့အချက်နဲ့ သူတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေပြေနေနိုင်ဖို့က အဓိကကျတယ်လို့ ပြည့်စုံတို့ကို ကျူးလွန်ခဲ့သူကို ဥပဒေအရ အရေးယူနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ သူတဦးကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံရပြီဆိုရင် အမျိုးသမီးတွေက သဘာဝအားဖြင့် နစ်နာမှုပိုကြီး နိုင်ပေမယ့် အမျိုးသားနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေမှာ နစ်နာမှုနည်းတယ်လို့ ဆိုလိုတာမဟုတ်ဘဲ ပြည့်စုံတို့လို့ ကလေးငယ်၊ လူငယ် အမျိုးသားတွေရဲ့ အခြေအနေတွေက နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ပေးဖို့ ပိုလိုအပ်တယ်လို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်တချို့ကလည်း သုံးသပ်ပြပါတယ်။

လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်းက “ကျူးလွန်သူကို အပြစ်ပေးအရေးယူ လိုက်ယုံနဲ့ သူ့ရဲ့ နစ်နာမှုကို တရားမျှတမှု ရသွားတာမဟုတ်ဘူး” လို့ ပြောပါတယ်။

လူမှုအသိုင်းအဝိုင်းမှာ ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ကိစ္စမျိုး၊ အထူးသဖြင့် မုဒိမ်းမှုတွေ ဖြစ်တဲ့အခါ နစ်နာသူအမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအပေါ်ဖြစ်စေ၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ်ဖြစ်စေ စာနာမှုမဲ့တဲ့ စကားတွေနဲ့ စိတ်အခန့် မသင့်တိုင်း ဖိပြောမယ်ဆိုရင် လူမှုပြစ်ဒဏ်ပေးသလိုဖြစ်သွားနိုင်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။

သူက ဆက်လက်ပြီး “ဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတာတွေကို ပြန်လည် ကုသပေးနိုင်တဲ့ အနေအထား မျိုးတွေ၊ သူ့အတွက်ကို နစ်နာမှုအတိုင်းအတာအရ တစုံတရာ ထောက်ပံ့မှုတွေကို နိုင်ငံရဲ့ အစိုးရတွေက လုပ်ပေး နိုင်မှသာလျှင် သူ့အတွက် တရားမျှတမှုကို ရလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

အမျိုးသားတွေရဲ့ သဘာဝအရ အမျိုးသားအချင်းချင်းဖြစ်တဲ့အတွက် ရှက်ရွှံ့စရာ၊ ကြောက်စရာလို့ တွေးထားတဲ့ ဒီလိုလိင်အမြတ်ထုတ်မှုတွေကို ကြုံတွေ့နေရတဲ့ ပြည့်စုံတို့လို လူတွေအတွက် သက်ဆိုင်ရာ အစိုးရတွေက အလေးအနက်ထားပြီး မြို့နယ်တိုင်း ဒါမှမဟုတ် သက်ဆိုင်ရာဌာန တခုခုမှာ ဆက်သွယ်ဆွေးနွေးလို့ရမယ့် နေရာနဲ့ လူတွေထားပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။  

အလားတူပဲ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့နေရတဲ့ အန်ဂျီအို လုပ်ငန်းခွင် တခုက LGBTQIA+ နဲ့ လူ့အခွင့် အရေး လှုပ်ရှားနေတဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ ကိုပြည်အောင်မျိုးဆန့်က “ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံသဏ္ဍာန်တွေကို လှောင်ပြောင်တာ၊ အထူးသဖြင့် နင်က ယောကျာ်းဆန်တာကို ဘာလို့ ဂေးတာလဲလို့ မေးခံရတာ၊ အားကစားခန်း လို ရေချိုးခန်းတွေလိုမှာ မလိုအပ်ဘဲ ဘာဝတ်ထားတာလဲ ဆိုပြီး အတင်းအဝတ်ချွတ်ခိုင်းတာ တွေကြုံရတာကို ဘယ်နားသွားတိုင်မလဲ” လို့ သူကြုံတွေ့ရတာနဲ့ နှိုင်းယှဉ်ပြီး ပြောပြပါတယ်။

သူ့လို LGBTQIA+ နဲ့ လူ့အခွင့်အရေး အတွက် လှုပ်ရှားနေတဲ့ လူတယောက်က ထုတ်ဖော်ပြောဖို့ ခက်ခဲနေရင် ပြည့်စုံလို ကျားကျားလျားလျား ယေက်ျားလေးတွေအတွက် ထုတ်ဖော်ပြောဆိုဖို့အခွင့်အရေးဆိုတာ ပိုပြီး ခက်ခဲတယ်လို့ ဆိုပါတယ်။

ပညာသင်ကြားခွင့်ရဖို့အရေး မိဘတွေနဲ့ ခွဲခွာနေရပြီး ဒုတိယအိမ်လို့သတ်မှတ်ထားတဲ့ စာသင်ကျောင်းပတ်ဝန်း ကျင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ ပြည့်စုံတို့လို ရွှေ့ပြောင်းကလေးငယ်တွေအတွက်ကတော့ ကျူးလွန်သူတွေကို ဥပဒေပိုင်းဆိုင်ရာ အပြစ်ပေးအရေးယူမှုလုပ်နိုင်ခဲ့ပေမယ့်၊ အဲဒီအလွန် ကာလတွေမှာ ခွဲခြားဆက်ဆံမှုကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်နေရဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည့်စုံတယောက် ထွက်မပြေးနိုင်သေးတဲ့ အဲဒီပတ်ဝန်းကျင်မှာပဲ သူ့ဘဝကို အဆုံးသတ်မယ့် စိတ်ကူးအစား သူဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် စာသင်နှစ်ပြီးဆုံးတော့မယ့် လအနည်းငယ်ကို တောင့်ခံ ကျော်လွားနေရဆဲပါ။

အဲဒီလိုပဲ လာမယ့် စာသင်နှစ်မှာ အခြား ပညာသင်ကြားခွင့်ရမယ့်ကျောင်း ဒါမှမဟုတ် ဒီပတ်ဝန်းကျင်နဲ့ အချိန်ပိုင်းသာဆုံတွေ့နိုင်ဖို့အတွက် စီနီယာအကိုနဲ့ မိတ်ဆွေတွေကလည်း ဝိုင်းဝန်းကြိုးစားနေကြတာကို တွေ့ရပါတယ်။

“ငါမသေခင် အကို့ကို ကျေးဇူးတင်စကားပြောရဦးမယ်လို့ တွေးမိလို့ ကျနော် ခုထိရှင်သန်နေတာ” လို့ ပြည့်စုံက ဆိုပါတယ်။