တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်အမျိုးသမီးသတင်းတွေထဲ သတိပြုမိတာက အမျိုးသမီးတွေ တရုတ်နိုင်ငံကို လူကုန်ကူးတဲ့ ဖြစ်စဉ်သတင်းတွေ များလာတာပါ။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ဘေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်ကြပ်တည်းမှု နောက်ဆက်တွဲအဖြစ် ပဋိပက္ခဒေသအသီးသီးက  ကျေးလက်နဲ့ မြို့ပြတွေမှာပါ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး အလုပ်အကိုင်ရှာဖွေပေးတာ၊ အိမ်ထောင်ဘက် ရှာဖွေပေးတာစတဲ့ မက်လုံးတွေနဲ့ တရုတ်နိုင်ငံကို လူကုန်ကူးမှုတွေက ပြန်လည်ခေါင်းထောင်လာတာကို သတင်းတွေက ဖော်ပြနေပါတယ်။

‎အမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ်လုပ်ဆောင်ဖို့ ပေါ်ပေါ်ထင်ထင်စည်းရုံးမှုတွေလည်းရှိနေပြီး နယ်စပ်မြို့ တွေမှာလည်း  အလုပ်အကိုင်ရှာဖွေရင်း ပွဲစားတွေရဲ့ လိမ်လည်ခံရတာတွေ မကြာခဏ ကြုံနေရတာက အထူးအလေးပေး ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်လာတာကို တွေ့ရပါတယ်။

နောက်ထပ် ထူးခြားပြီး ဝေဖန်ခံရမှု မြင့်တက်နေတဲ့ သတင်းတပုဒ်က  မီဇိုးအမျိုးသမီးတွေ လက်ထပ်ထိန်းမြားခွင့်နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းတခုကို မီဇိုရမ်လွှတ်တော်က အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းတပုဒ်ပါ။ မီဇိုးအမျိုးသမီးတွေဟာ လူမျိုးခြားနဲ့လက်ထပ်မယ်ဆိုရင် မီဇိုးလူမျိုးဖြစ်ခြင်းကနေရပ်ဆိုင်းခံရပြီးမွေးလာတဲ့သားသမီးတွေကလည်း Tribal (ဌာနေတိုင်းရင်းသားမျိုးနွယ်စု)အဖြစ် ဆက်လက်ခံယူလို့  ရတော့မှာ မဟုတ်ဘူးဆိုတဲ့ဥပဒေကြမ်းဟာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဘဝနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဓလေ့ထုံးတမ်းအယူအဆတွေနဲ့  ခွဲခြားသတ်မှတ်လိုက်တဲ့  လူမှုရေးပြသနာတခုအဖြစ် အမျိုးသမီးတွေနဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ရှုမြင်ကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း မြို့နယ်တချို့၊ ‌တောင်ကြီးနဲ့ မြို့နယ်အချို့မှာ အသက် ၁၈ – ၂၇ နှစ် အတွင်းရှိ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူနေတာတွေကလည်း လူငယ်အမျိုးသမီးတွေနဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်မှု မြင့်တက်စရာ ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီလိုသတင်းတွေအပြင်အခြားသောသတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြတဲ့  အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်းတွေထဲကမှာ အထူးခြားဆုံး ၁၇ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။

 မုံရွာမြို့ စစ်တပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ရွာက ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသူဖြစ်နေ

  စုံစမ်းခံရတဲ့ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် နုတ်ထွက်စာတင်

  ပျော်ဘွယ်မြို့၌ သိမ်ကျောင်းအတွင်း မဖွယ်မရာပြုလုပ်သည့် စုံတွဲကို အရေးယူ

– အကြမ်းဖက်စစ်တပ်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ကျောက်ဖြူမှာ တစ်ပတ်အတွင်း ၅ နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးမီဇိုးအမျိုးသမီးများ လူမျိုးခြားနှင့်လက်ထပ်ပါက မီဇိုးလူမျိုးဖြစ်ခြင်းမှရပ်ဆိုင်းခံရမည့် ဥပဒေကြမ်း မီဇိုရမ် လွှတ်တော်ကအတည်ပြု

  ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းအား ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံး

 စစ်ပွဲတွင်း လိင်အကြမ်းဖက်မှု အ‌ရေးယူဖို့ ကုလပြောဆိုချက် စစ်ကော်မရှင်ကန့်ကွက်

မြင်းမူ၌ ဗုံးကြဲ၍ ကလေးငယ်များအပါ ၁၀ ဦး သေဆုံး

 တောင်ကြီးတွင် အမျိုးသမီး စစ်မှုထမ်းကိစ္စကြောင့် လူငယ်နှင့် မိဘများ စိုးရိမ်မှုမြှင့်တက်

 လားရှိုးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး တရုတ်ယွမ် ၈ သောင်းနဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေ

  ထိုင်းလူနာတင်ကားပေါ်တွင် မြန်မာအမျိုးသမီး ကလေးမွေး

 ရောနှောနေထိုင်ရမှုကြောင့် စစ်ရှောင်အမျိုးသမီးငယ်များ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် ကြုံတွေ့နေရ

  ဥသျှစ်ပင်မှာ တံတားပေါ်ကခုန်ချတဲ့ အမျိုးသမီး သေဆုံး

 လားရှိုးတွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးအား ပြန်ပေးဆွဲ

 အကျဉ်းကျနေတဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ဇနီးက အင်းစိန်ထောင်ထဲမှာ ငွေတိုးချေးစားပြီး စီးပွားဖြစ်နေ

  ရန်ကုန်တွင် အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူနေ

  HIV ထိန်းချုပ်ရေးအပါအဝင် လိင်လုပ်သားများကို ULA က ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုး

မုံရွာမြို့ စစ်တပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ရွာက ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသူဖြစ်နေ

Source – People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီး ကံသာဘုန်းကြီးကျောင်းနဲ့ ကိုက် ၄၅၀ ခန့်အကွာ၊ အောင်သစ္စာဆီဆိုင်အနီးမှာ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ပြီး သေဆုံးသူမှာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူဟာ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာက အသက် ၁၉ နှစ်အရွယ် မဆုရီ(ခ)ပေါက်ကြီးဖြစ်ပြီး မုံရွာမြို့ ဇောတိက ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ဘုန်းကြီးမွေးနေ့ပွဲ သွားရောက်ချိန် ပျောက်ဆုံးသွားပြီးနောက် လမ်းဘေးမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဟာ နားကပ်တစ်ရံကိုဝတ်ဆင်ထားခဲ့ပေမဲ့ ပြန်တွေ့ချိန်မှာတော့ နားအဖြတ်ခံထားရပြီး နားကပ်လည်း မရှိတော့သလို၊ သေဆုံးသူက စစ်ကောင်စီတပ်စွဲရာအနီး လဲကျနေတာမို့ ဘယ်သူမှသွားမသယ်ရဲဘဲ နောက်တနေ့ ညနေပိုင်းမှသာ သယ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ်မှာ မကြာခဏ ဓါးပြတိုက် လုယက်မှုတွေအဖြစ်များနေပြီး စစ်ကောင်စီတပ်ကလည်း ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စုံစမ်းခံရတဲ့ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် နုတ်ထွက်စာတင်

Source – BBC

လူ့အခွင့်အ‌ရေးချိုးဖောက်မှု၊ အလွဲသုံးစားပြုလုပ်မှု၊ မလျော်သြဇာသုံးစွဲမှုတွေနဲ့စွပ်စွဲခံရပြီး တိုင်ကြား စုံစမ်းခံရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာက ရာထူးကနေ နုတ်ထွက်စာတင် လိုက်ပြီလို့ NUG ဝန်ကြီးချုပ်ရုံးထံကနေ သိရပါတယ်။

ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားတာတွေနဲ့ပတ်သက်ပြီး NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက လူမှုကွန်ရက်ကနေတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ညနေပိုင်းမှာပဲ ဒေါ်ကြည်ပြာက နုတ်ထွက်စာတင်ခဲ့တာလို့ ဝန်ကြီးချုပ်ရုံးက အတည်ပြုပါတယ်။

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို အရေးယူပေးဖို့ CDM ဝန်ထမ်း ၅ ဦးပါဝင်တဲ့ ၁၂ ဦးအဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားစာပေးပို့ခဲ့ပါတယ်။ အဲဒီနောက် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးဦးဆောင်ပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး ၅ ဦးပါဝင်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုဝင်ဘာ ၂၅ ရက်မှာပဲ ဖွဲ့စည်းပေးခဲ့ပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ လက်မှတ်ရေးထိုးထားတဲ့ “ပြင်းထန်စွာသတိပေးခြင်း” ဆိုတဲ့ထုတ်ပြန်စာတစ်စောင် ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ ထွက်လာခဲ့ပြီး အဲဒီစာအရ စုံစမ်းစစ်ဆေးမှုတွေမှာဒေါ်ကြည်ပြာဟာ အဂတိလိုက်စားမှု မတွေ့ရတာကြောင့် ရာထူးကနေ ထုတ်ပယ်ရလောက်တဲ့အချက်မရှိဘူးလို့ ဖော်ပြခဲ့ပြီးဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာသတိပေးတယ်လို့ ဖော်ပြထားပါတယ်။

ပျော်ဘွယ်မြို့၌ သိမ်ကျောင်းအတွင်း မဖွယ်မရာပြုလုပ်သည့် စုံတွဲကို အရေးယူ

Source – DVB

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျုံတောဝကျေးရွာအုပ်စု အင်ကြင်းကုန်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ သိမ်ကျောင်းထဲ မှာ မဖွယ်မရာပြုလုပ်ခဲ့တဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့ကို ပျော်ဘွယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်က အင်းကြင်းကုန်းဘုန်းကြီးကျောင်းအတွင်းရှိ သိမ်ထဲမှာ မဖွယ်မရာပြုလုပ်နေတဲ့ စုံတွဲကို ဆရာတော်တပါးက ဗီဒီယိုရိုက်တင်ခဲ့ရာကနေ လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးနောက် အခုလိုအရေးယူတာလို့ မြိုခံတယောက်ကပြောတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြို့ခံတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ သိမ်ကျောင်းအတွင်း ကာမဆက်ဆံတဲ့ကိစ္စက အရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်တာမှန်ပေမဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်တဲ့ကိစ္စက မလုပ်သင့်ဘူးလို့ မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။

လတ်တလောမှာ ပျော်ဘွယ်မြို့မရဲစခန်းက အဆိုပါ အမျိုးသားနဲ့ အမျိုးသမီးကို ဖေဖော်ဝါရီ ၂၀ ရက်မှာ (ပ) ၂၄ /ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

အကြမ်းဖက်စစ်တပ်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ကျောက်ဖြူမှာ တစ်ပတ်အတွင်း ၅ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံး

Source – နိရဉ္စရာ

အကြမ်းဖက် မြန်မာစစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဦးတည်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၇ ရက်အတွင်း ၅ နှစ် အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံး သွားခဲ့ပါတယ်။

သေဆုံးသွားခဲ့ရသူ အသက်၅နှစ်အရွယ် မခင်ထက်ထက်စိုးနဲ့ သူမရဲ့ အဒေါ် အသက် ၄၃နှစ်အရွယ် ဒေါ်ခင်ဆန်းဝေတို့က ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းမှာ ဝမျှောင်ကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က အသေခံဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စဉ်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသလို၊ နောက်ထပ် သေဆုံးသူ ၀မျှောင်ရွာက အသက် ၆၀ အရွယ် ဒေါ်မဝေချမ်း က ဆေးကုသမှုခံယူနေရင်း ရင်ဘတ်မှာ ရရှိသွားတဲ့ ပြင်းထန်ဒဏ်ရာနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

နောက်ထပ် သေဆုံးသူ အသက် ၅၅နှစ်အရွယ် ဒေါ်ခင်လှရွှေ ကတော့ ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာကနေ ငအုပ်ကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး စစ်အုပ်စုရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဝမ်းဗိုက်၊ ညာဖက် လက်မောင်းနဲ့ ခြေထောက်တို့မှာ ရရှိသွားတဲ့ ပြင်းထန် ဒဏ်ရာတွေနဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခဲ့ရပါတယ်။

မီဇိုးအမျိုးသမီးများ လူမျိုးခြားနှင့်လက်ထပ်ပါက မီဇိုးလူမျိုးဖြစ်ခြင်းမှရပ်ဆိုင်းခံရမည့် ဥပဒေကြမ်း မီဇိုရမ် လွှတ်တော်ကအတည်ပြု

Source – ခိုနူမ်းသုန်သတင်း

မီဇိုးအမျိုးသမီးများအနေဖြင့် လူမျိုးခြားနှင့် လက်ထပ်ထိမ်းမြားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမည့် ဥပဒေ ကြမ်းကို မီဇိုရမ်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

ယနေ့ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း” “The Mizo Marriage and Inheritance of Property (Amendment) Bill, 2026 ကို တင်သွင်းခဲ့ရာယင်းဥပဒေကြမ်းကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အားလုံးတညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်းအရ မီဇိုးအမျိုးသမီးတွေက လူမျိုးခြားကို လက်ထပ်ထိမ်းမြားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမှာဖြစ်ပြီး ယင်းတို့ မွေးလာတဲ့ သားသမီးတွေ မှာလည်း Tribal (ဌာနေတိုင်းရင်းသားမျိုးနွယ်စု)ဖြစ်ခြင်းကို ဆက် လက်ခံယူ၍ ရတော့မှာမဟုတ်ဘူးလို့ မီဇိုရမ်ဝန်ကြီးချုပ် ကပြောပါတယ်။

လူမျိုးခြားလက်ထပ်တဲ့ မီဇိုးအမျိုးသမီးတွေက ယခုပြင်ဆင်တဲ့ မီဇိုးလက်ထပ် ထိမ်းမြား ခြင်းနှင့် အမွေဆက်ခံခြင်း ဆိုင်ရာဥပဒေအောက်မှာ အကျုံးဝင်တော့မှာမဟုတ်ဘဲ မီဇိုးအမျိုးသားတွေက လူမျိုးခြားအမျိုးသမီးကို လက်ထပ်လျှင်မူ ယင်းဥပဒေအောက်မှာ ဆက်လက်အကျုံးဝင်ပြီး ၎င်းတို့ရဲ့ သားသမီးတွေမှာ မီဇိုးအဖြစ်ဆက်လက်ခံယူနိုင်တယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းအား ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံး

Source –  နိရဉ္စရာ

အကြမ်းဖက် မြန်မာလေတပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရတဲ့ အပြစ်မဲ့အရပ်သား ပြည်သူတွေစာရင်းကို အာရက္ခတပ်တော် (AA)မှ ထုတ်ပြန်ခဲ့ရာ သေဆုံးသူ ၁၇ ဦးအထဲမှာ အမျိုးသမီး ၁၂ ဦးပါဝင်ပါတယ်။

ဒီတိုက်ခိုက်မူကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီးသေဆုံးသူ ၁၇ ဦးအထဲမှာ မမျိုးသက်နွယ်(၆) နှစ်၊ မစောသဇင်မျိုး (၁၄) နှစ်၊ မောင်ပြည့်ငြိမ်းစိုး (၁၃) နှစ်နဲ့ မအိမြတ်ဝေ (၁၅) နှစ် ကလေး ၄ ဦးပါဝင်ပြီး ဒဏ်ရာရသူ ၁၅ ဦးအထဲမှာလည်း မမြတ်စန္ဒာစိုး (၆) နှစ်နှင့် မသွယ်သွယ်ဖြိုး (၇) နှစ်စတဲ့ ကလေး ၂ ဦး ပါဝင်ပါတယ်။

စစ်ပွဲတွင်း လိင်အကြမ်းဖက်မှု အ‌ရေးယူဖို့ ကုလပြောဆိုချက် စစ်ကော်မရှင်ကန့်ကွက်

Source – RFA

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေကို စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေပြီး ဒီကျူးလွန်နေသူတွေကို တာဝန်ယူ အပြစ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်ကို မြန်မာစစ်ကော်မရှင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ပိုများလာခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေထဲမှာ စစ်ကော်မရှင် တပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေပါနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင်ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် ပရာမီလာ ပက်တင် (Pramila Patten) ကဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူ ၁၁.၆ သန်းဟာ အကာအကွယ် အကူအညီမဲ့နေရသလို ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေး ၆ သန်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ လိုနေတယ်လို့လည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေတဲ့အတွက် ကျူးလွန်သူတွေကို ပိုပြီး ပြစ်မှု ကျူးလွန်ဖို့ အားပေးသလိုဖြစ်နေသလို သားကောင်ဖြစ်ရတဲ့ အမျိုးသမီးတွေအတွက်လည်း တရားမျှတမှု မပေးနိုင်တဲ့ အခြေအနေမှာ ရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ကတော့ ဒီပြောဆိုချက်ဟာ အခြေအမြစ်မရှိတဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေကို အခြေခံထားတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင် နိုင်ငံရေးအရ ဖိအားပေးမှုသာ ဖြစ်ဖွယ်ရှိကြေား၊ မြန်မာ့ လူ့အဖွဲ့အစည်းဟာ လိင်အကြမ်းဖက်မှုကို ရိုးရာယဉ်ကျေးမှု အရ ဆန့်ကျင်တဲ့ အစဉ်အလာရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဘယ်လိုပြစ်မှုကိုမဆို အသေးအဖွဲပဲ ဖြစ်ဖြစ် လုံးဝခွင့်မလွှတ်ဘဲ အရေးယူအပြစ်ပေးတဲ့မူဝါဒရှိကြောင်း တုံ့ပြန်ထားပါတယ်။

မြင်းမူ၌ ဗုံးကြဲ၍ ကလေးငယ်များအပါ ၁၀ ဦး သေဆုံး

Source – ဧရာဝတီ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို ယမန်နေ့ည ၇နာရီခွဲခန့်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ ရွှေကျောင်းကန်ရွာ ဆီကျိတ်စက်ဝိုင်းတခုကို မုံရွာ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ )မှ တက်လာသော စက်တပ်လေထီး ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် ယောကျ်ားလေးတဦး နှင့် မိန်းကလေး တဦး၊ လူကြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသူ ၅ ဦးထဲမှ တဦးထပ်မံသေဆုံးခဲ့ပြီး ဆီစက်အဆောက်အဦနဲ့ နေအိမ်တို့လည်း ပျက်စီးခဲ့ပါတယ်။

တောင်ကြီးတွင် အမျိုးသမီး စစ်မှုထမ်းကိစ္စကြောင့် လူငယ်နှင့် မိဘများ စိုးရိမ်မှုမြှင့်တက်

Source – ခမ်းသားငေါဝ်း

တောင်ကြီး မြို့ရပ်ကွက်အချို့မှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေတာကြောင့် မိဘတွေနဲ့ လူငယ်အမျိုးသမီများအကြား စိုးရိမ်မှုများ ပိုမိုမြှင့်တက်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တချို့တွင် ယခုရက်ပိုင်း အသက် ၁၈ မှ ၂၇ အထိ ကျောင်းသူ မဟုတ်သူ၊ အစိုးရဝန်ထမ်းတွေနဲ့ အိမ်ထောင်ကျထားသူတွေကို ပယ်ထားကာ စစ်မှုထမ်းစာရင်းပြုစုနေတာကြောင့် လူငယ်နဲ့မိဘတွေမှာ စိုးရိမ်နေပြီး ၊မိဘအချို့မှာ သမီးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကာ နိုင်ငံခြား ထွက်ခွာအလုပ်လုပ်ရန်၊ အိမ်ထောင်ပြုရန် တိုက်တွန်းမှု ပိုမိုပြုလုပ်လာတယ်လို့ သိရပါတယ်။

အချို့မိသားစုတွေမှာလည်း လာမည့်ကာလမှာ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာမသေချာသေးတာကြောင့် စိတ်မချရတဲ့ အခြေအနေမှာရှိနေပြီး မသေချာမှုနဲ့ သတင်းအချက်အလက်မပြည့်စုံမှုတွေကြောင့် ဒေသခံမိသားစုများအကြား စိုးရိမ်စိတ်များ ပိုမိုကြီးထွားလာနေပါတယ်။

တောင်ကြီးမြို့ရပ်ကွက်အချို့က အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူမှုကို လူမှုကွန်ရက်အပါအဝင် အွန်လိုင်းပေါ်မှာသတင်း မဖြန့်ဝေဖို့လည်း သတိပေးထားပါတယ်။

လားရှိုးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး တရုတ်ယွမ် ၈ သောင်းနဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေ

Source – ရွှေဖီမြေ

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်လန်ကျေးရွာက အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မဥက္ကာမွန်ဆိုသူ အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်မှာ ယွမ် ၈ သောင်း (ငွေကျပ် သိန်း ၄၀၀ ကျော်)နဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင် တွေဆီက ‌သိရပါတယ်။

မဥက္ကာမွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့မှာ နေအိမ်ကနေ ထွက်သွားရာကနေရန်ကုန်မြို့မှာ နေထိုင်တဲ့ ပွဲစားလုပ်သူ မခိုင်ဝင်းထက်ဆိုသူက လိမ်လည်ခေါ်ယူပြီး တရုတ်ပြည်ထဲက မြို့တစ်မြို့မှာ ယွမ် ၈ သောင်းနဲ့ ရောင်းစားခဲ့တာလို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။”

မဥက္ကာမွန် ပျောက်ဆုံးနေတာ အခုနဲ့ဆိုရင် ၂ နှစ်နီးပါးကြာ ရှိနေပြီဖြစ်ပြီး သူမ ပျောက်ဆုံးနေကြောင်းကို မိသားစုဝင်တွေက တရုတ်-မြန်မာ သံရုံးမှာ တိုင်ကြားထားသော်လည်း လက်ရှိအချိန်အထိ ဘာမှ အစအနမှ မရသေးတဲ့အတွက် မိသားစုဝင်တွေက ပူပန်နေပြီး ၎င်းကို တွေ့ရှိပါက မိသားစုဝင်ဖုန်းတွေဖြစ်တဲ့ 09 686 000 465, 09 777 782 545 ကို ဆက်သွယ်အကြောင်းကြားပေးဖို့ အကူအညီတောင်းခံထားပါတယ်။

‎နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ အလုပ်အကိုင်ရှာဖွေရင်း အခုလို ပွဲစားတွေရဲ့ လိမ်လည်ခံရတာတွေ မကြာခဏ ကြုံနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်တုန်းကလည်း အမျိုးသမီး ၈ ဦးကို လူကုန်ကူးဖို့ လုပ်နေတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်တဲ့ ၁၀၅ မိုင် ကျင်စန်းကျော့မှာ ဖမ်းမိခဲ့ပါတယ်။

ထိုင်းလူနာတင်ကားပေါ်တွင် မြန်မာအမျိုးသမီး ကလေးမွေး

Source – Migrant Times

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်မှာ မြန်မာအမျိုးသမီး အလုပ်သမားတဦး ကလေးမွေးရန်အတွက် လူနာတင်ကားဖြင့် ဆေးရုံသို့အသွား လမ်းတနေရာ၌ အရေးပေါ်ကလေးမွေးခဲ့ပြီး ၎င်းကားနံပါတ်ကို ကံကောင်းသည်ဟုဆိုကာ ထီထိုးနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းမှာ အယုဒ္ဓယခရိုင်၊ အုထိုင်းမြို့နယ်ရှိ အလုပ်သမားစခန်းတစ်ခုမှ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေးရန် ဗိုက်နာနေတာကြောင့် လူနာတင်ယာဉ်တစ်စီး အရေးပေါ်ခေါ်ခဲ့ပြီး အုထိုင်းဌာနီဆေးရုံသို့ ပို့ဆောင်ခဲ့စဉ်လမ်းခုလတ်မှာအရေးပေါ် ကလေးမွေးချင်လာတဲ့အတွက် အုထိုင်းဌာနီဆေးရုံမှ ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ ချိတ်ဆက်ပြီးမွေးဖွားပေးခဲ့ခြင်းဖြစ်ပါတယ်။

မွေးဖွားပြီးနောက် မိခင်နဲ့ ကလေးကို ဆက်လက်ကုသမှုခံယူရန် အုထိုင်းဌာနီဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

ရောနှောနေထိုင်ရမှုကြောင့် စစ်ရှောင်အမျိုးသမီးငယ်များ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် ကြုံတွေ့နေရ

Source – HI News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တို့မှာ တိုက်ပွဲတေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်လာရတဲ့ အမျိုးသမီးငယ်တွေမှာ ယာယီခိုလှုံရာစခန်းများ တွင်စုပုံရောနှောနေထိုင်ရတာကြောင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရပါတယ်။

ယာယီခိုလှုံရာစခန်းတွေမှာ ကျား၊ မ သီးသန့်ခွဲခြားထားတဲ့ အဆောင်များမရှိဘဲ လူဦးရေအမြောက်အမြား ပြည့်ကြပ်စွာ ရောနှောနေထိုင်နေရတာကြောင့် အမျိုးသမီးများအတွက် လုံခြုံမှုကင်းမဲ့နေသလို စစ်ဘေးရှောင်စခန်းရှိ ယာယီအဆောင်တွေမှာ အခန်းများကပ်လျက်ဖြစ်နေပြီး အကာအကွယ် မခိုင်လုံဘဲ အမျိုး သမီးများ အဝတ်လဲချိန်၊ အိပ်စက်ချိန်တွေမှာ ချောင်းကြည့်ခံရတာ အိမ်သာနဲ့ ရေချိုးခန်းသွားချိန်တွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ရင်ဆိုင်ကြုံတွေ့နေရတယ်လို ခိုလှုံရာစခန်းတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ထံမှ သိရပါတယ်။

အမျိုးသမီးများအနေနဲ့ ထိုသို့ ထိပါးနှောင့်ယှက်ခံရမှုများကို တိုင်ကြားတဲ့အခါ ခိုင်လုံတဲ့ သက်သေမရှိတာ ကြောင့် အခက်အခဲ ကြုံတွေ့ရကာ၊ “မတော်တဆဖြစ်မှာပါ”လို့ ဆိုကာ ကျူးလွန်သူဘက်မှ ကာကွယ်ပေးမှုလည်း ကြုံတွေ့ရတာကြောင့် တရားမျှတမှုရရှိရန် ခက်ခဲနေတယ်လို့ စစ်ရှောင်အမျိုးသမီးများက ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ဦးရေမှာ တိုးပွားလျက်ရှိပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် အထူး ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေ အရေးပေါ်လိုအပ်နေပြီ ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေး နေသူတွေက ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ထားသည့် “လုံခြုံမှုကင်းမဲ့သောဘဝများ” အစီရင်ခံစာအရ စစ်အာဏာ သိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တအာင်းဒေသ၌ မုဒိမ်းပြုကျင့်ခံရသူ (၄) ဦး အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူ စုစုပေါင်း ၉၀၀နီးပါး (၈၉၄ ဦး) ရှိခဲ့ကြောင်း သိရသည်။

ဥသျှစ်ပင်မှာ တံတားပေါ်ကခုန်ချတဲ့ အမျိုးသမီး သေဆုံး

Source – မြေလတ်အသံ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာနေထိုင်တဲ့ အသက် ၅၂ အရွယ်ဒေါ်မြဝတ်ရည်ဝင်း (ခ) ဒေါ်ဝတ်ရည် ဆိုသူမှာ ဥသျှစ်ပင်မြို့နဲ့လဲရွာကို ဆက်သွယ်ထားတဲ့တံတားပေါ်ကနေ ခုန်ချခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်မနက်အစောပိုင်းမှာ အလောင်းကိုတွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါအမျိုးသမီးမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး အကြွေးတချို့လည်း ရှိတယ်လို့သိရကာ အလောင်းကိုတော့ ဒီနေ့လယ် ၃ နာရီမှာသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

လားရှိုးတွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးအား ပြန်ပေးဆွဲ

Source – DVB

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကုန်စုံဆိုင်တဆိုင်ကို အမည်မသိ လက်နက်ကိုင် ၄ ယောက်က ဝင်ရောက်ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီး တယောက်ကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက လားရှိုးမြို့မဈေးအနီး ရပ်ကွက် ၅ ထဲက ‘တွမ်ကျား’ ကုန်စုံဆိုင်ကို အမည်မသိ လက်နက်ကိုင်တွေ ဝင်ရောက်လာပြီး ငွေကြေးတချို့ကို လုယူကာ၊ ဆိုင်ထဲမှာထိုင်နေတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို သေနတ်နဲ့ချိန်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်မှာ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုနဲ့ ပြန်ပေးဆွဲမှု စတဲ့ ရာဇဝတ်မှုတွေဟာ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားနေပေမဲ့ တရားခံတွေကိုတော့ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေက နည်းပါးလွန်းတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။

အကျဉ်းကျနေတဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ဇနီးက အင်းစိန်ထောင်ထဲမှာ ငွေတိုးချေးစားပြီး စီးပွားဖြစ်နေ

Source – BAP

အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက် ညှင်းပန်းနှိပ်စက်မူနဲ့ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ သရုပ်ဆောင်မင်းရာဇာ ရဲ့ဇနီးဖူးငုံပွင့်ဟာ ထောင်ထဲမှာ အတိုး ၁၀၀ နူန်းနဲ့ ငွေတိုးချေးစားပြီး စီးပွားဖြစ် နေတယ်လို့ အခြားအကျဉ်းသားတွေရဲ့ မိသားစုတွေ ကပြောပါတယ်။

အမူပေါင်းစုံနဲ့အကျဉ်းကျခံနေသူတွေက သူ့ထံမှာ ငွေကျပ်တသိန်းကျပ်ချေးရင် အတိုးတသိန်း ပေးရတာ ဖြစ်ပြီး အတိုးကို တရားရုံးချိန်းတွေမှာ မိသားစုဝင်တွေက ပေးရတယ်လို့ တရားမမူနဲ့ ထောင်ကျနေသူတွေ ရဲ့ မိသားစုဝင်တွက ပြောကြပါတယ်။

မင်းရာဇာရဲ့ဇနီးဖြစ်သူဟာ၂၀၂၀ ခုနှစ် ဧပြီလက သရုပ်ဆောင် မင်းရာဇာအပါအဝင် (၄) ဦးကို အိမ်အကူ မိန်းကလေးအပေါ် သက်ငယ်မုဒိမ်းမှု အပါအဝင် အပြင်းအထန်နာကျင်စေမှုတွေ ကျူးလွန်တဲ့အတွက် တရားစွဲဆိုထောင်ချခံထားရ တာဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ထောင်၂၅ နှစ်ကျခံနေတဲ့ သရုပ်ဆောင် မင်းရာဇာဟာလည်း အင်းစိန်ထောင်ထဲမှာ “အကျဉ်းသားအရာရှိ” ဖြစ်လာပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းနေတယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေက အသိပေးထားဖူးပါတယ်။

ဒါ့အပြင်ဖူးငုံပွင့်ဟာ ထောင်အတွင်း စာရေးနေရာ ရယူထားပြီး အခွင့်ထူးခံလူတန်းစားအဖြစ် ထောင်ဝန်ထမ်း‌တွေရဲ့ အရေးပေးခံနေရသလို အကျဉ်းသားတွေဆီ ငွေတိုးပေးစားနေမှုကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက တားဆီးထားတာ မရှိဘူးလို့ ထောင်ကျခံနေရသူမိသားစုဝင်‌တွေက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်က သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးကို မြဝတီမြို့ DKBA ထိန်းချုပ်နယ်မြေထဲမှာ ဖမ်းဆီးခဲ့ကာ အမှုကို တရားရုံးက ၃ နှစ်ကြာ စစ်ဆေးပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ မုဒိမ်းမှု ပုဒ်မ ၃၇၆ အတွက် နှစ် ၂၀၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အတွက် ၅ နှစ် ချခဲ့ပါတယ်။

ရန်ကုန်တွင် အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူနေ

Source – DVB

ရန်ကုန် မြို့နယ်တချို့ဖြစ်တဲ့ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာနဲ့ လှိုင်သာယာမြို့တို့မှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ တောင်ကြီး၊ မုံရွာနဲ့ မော်လမြိုင်မြို့တို့မှာလည်း စစ်မှုထမ်းဖို့ ဆိုပြီး ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ အမျိုးသမီးစာရင်းတွေကို လိုက်လံကောက်ယူနေတယ်လို့ သိရပါတယ်။

စစ်မှုထမ်း အမျိုးသမီးစာရင်း ကောက်ယူရာမှာ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးတွေစာရင်းကို လိုက်လံကောက်ယူနေတာလို့ သိရပါတယ်။

HIV ထိန်းချုပ်ရေးအပါအဝင် လိင်လုပ်သားများကို ULA က ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုး

Source – DMG

အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက် လိင်လုပ်သားတွေကို ULA ရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ယခုနှစ် ၂၀၂၆ ကစပြီး ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ULA ကျန်းမာရေးဌာန၏ ကူးစက်ရောဂါနှိမ်နင်းရေးကော်မတီနဲ့အတူ အရပ်ဖက်အဖွဲ့အစည်း၊ အခြား သော ဌာနဆိုင်ရာတွေနဲ့  ပူးပေါင်းပြီး ဆေးစစ်ခြင်း၊ ART ဆေးများ အခမဲ့ပေးခြင်း၊ အခြား ကျန်းမာရေး စောင့်ရှောက်မှုအပြင် အခမဲ့ ကွန်ဒုံးဖြန့်ဝေခြင်းတွေကိုပါ ပြုလုပ်နေတယ်လို့  ULA ကျန်းမာရေးဌာန တာဝန်ရှိသူများထံက သိရပါတယ်။

ဒါ့အပြင် ဒေသတွင်း ပြန့်ကြဲနေတဲ့ လိင်လုပ်သားအမျိုးသမီးတွေကိုလည်း စုံစမ်းပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ယခုလို လိင်လုပ်သားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရှိလာခြင်းအပေါ် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် ရခိုင်လူငယ်အသိုင်းအဝိုင်းက ရှုမြင်ပြီး စစ်ဘေးရှောင်စခန်းတွေမှာလည်း HIV ကူးစက်ရောဂါနဲ့ပတ်သက်၍ အသိပညာပေးမှုတွေ ဦးစားပေးပြုလုပ်သင့်တယ်လို့ဆိုပါတယ်။

ရခိုင်တိုက်ပွဲတွေကို အကြောင်းပြုကာ စစ်ကောင်စီက အဘက်ဘက်မှ ပိတ်ဆို့ထားမှုနဲ့အတူ ရခိုင်ဒေသအတွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ဆင်းရဲနွမ်းပါးသူများမှာ စားဝတ်နေရေးအတွက် လိင်လုပ်သားအဖြစ် လုပ်ကိုင်ကြသူများလည်း ရှိလာနေတာကြောင့် ULA/AA အစိုးရအနေဖြင့် လိင်လုပ်သားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန် ဆောင်ရွက်လာခြင်းဖြစ်သလို HIV အပါအဝင် အခြားသော ကူးစက်ရောဂါပြန့်ပွားခြင်း ထိန်းချုပ်ရန် လုပ်လာခြင်းလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တို့တွင် ရခိုင်ပြည်က HIV ရောဂါခံစားနေရသူများအတွက် ART ခေါ် HIV ပိုးထိန်းဆေး ပြတ်လတ်မှုများရှိခဲ့ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ULA ကျန်းမာရေးဌာနက ဆေးဝါးများ အခမဲ့ ပံ့ပိုးခြင်းပြုလုပ်ခဲ့ပါတယ်။