ရောနှောနေထိုင်ရမှုကြောင့် စစ်ရှောင်အမျိုးသမီးငယ်များ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် ကြုံတွေ့နေရ
ရှင်ငြိမ်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်လာရသည့် အမျိုးသမီးငယ်များသည် ယာယီခိုလှုံရာစခန်းများတွင် စုပုံရောနှောနေထိုင်ရခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယာယီခိုလှုံရာစခန်းများတွင် ကျား၊ မ သီးသန့်ခွဲခြားထားသည့် အဆောင်များမရှိဘဲ လူဦးရေအမြောက်အမြား ပြည့်ကြပ်စွာ ရောနှောနေထိုင်နေရခြင်းကြောင့် အမျိုးသမီးများအတွက် လုံခြုံမှုကင်းမဲ့နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ကွတ်ခိုင်ရှိ စစ်ရှောင်မိခင်တဦးက”ဒီမှာက လူတွေက အရမ်းများပြီး ပုခုံးချင်းထိနေရတာ၊ အကာအကွယ်ဆိုတာလည်း ဘာမှမရှိဘူး၊ သမီးလေးက အပျိုဝင်စဆိုတော့ စိတ်ပူတာ ညဘက်ဆိုရင် အိပ်လို့တောင်မပျော်ဘူး၊ ဘယ်သူက လာစော်ကား မလဲဆိုတာ အမြဲကြည့်နေရတယ်”ဟု HI Honest Information သို့ပြောသည်။
စစ်ဘေးရှောင်စခန်းများရှိ ယာယီအဆောင်များသည် အခန်းများကပ်လျက်ဖြစ်နေပြီး အကာအကွယ် မခိုင်လုံသဖြင့် အမျိုး သမီးများ အဝတ်လဲချိန်နှင့် အိပ်စက်ချိန်များတွင် ချောင်းကြည့်ခံရခြင်းများ၊ အိမ်သာနှင့် ရေချိုးခန်းသွားချိန်များတွင်လည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် အမျိုးသမီးများ ထံမှ သိရသည်။
အချို့ ဖြစ်စဉ်များသည် စခန်းများသို့မရောက်မီ စစ်ပြေးနေရသည့် လမ်းခရီးတလျှောက်တွင်လည်း ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်မှ အသက် (၄၀) အရွယ် မိခင်တဦးက “ကျမတို့ စစ်ပြေးလာတော့ လမ်းမှာစုအိပ်ရင်း သမီးလက်မောင်းကို သူ့ဘေးလာအိပ်တဲ့ ယောကျာ်းတယောက်က ပွတ်သပ်တယ်၊ အေးလားဆိုပြီး ထိတာတွေ၊ ဖက်တာတွေလုပ်တယ်၊ စခန်း ရောက်တော့လည်း ရေချိုးရင်၊ အိမ်သာသွားရင် လိုက်လာတာတဲ့”ဟု သူ့ သမီးငယ်ကြုံတွေ့ရသည့် အခြေအနေကို ပြန်ပြောပြသည်။
အမျိုးသမီးများအနေဖြင့် ထိုသို့ ထိပါးနှောင့်ယှက်ခံရမှုများကို တိုင်ကြားသည့်အခါတွင်လည်း ခိုင်လုံသော သက်သေမရှိခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ “မတော်တဆဖြစ်မှာပါ”ဟု ဆိုကာ ကျူးလွန်သူဘက်မှ ကာကွယ်ပေးနေမှုများလည်း ကြုံတွေ့ရသည့်အတွက် တရားမျှတမှုရရှိရန် ခက်ခဲနေကြောင်း စစ်ရှောင်အမျိုးသမီးများက ဆိုသည်။
လက်ရှိစစ်ရှောင်များသည် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်၍ လည်းကောင်း၊ TNLA သိမ်းထားသောနယ်မြေများအား စစ်တပ်ကို ပြန်ပေးလိုက်ရချိန်တွင် တချို့ဒေသခံများမှာ စစ်စခန်း များရှိသည့် နေရာများတွင် ဆက်လက်နေထိုင်ရန် ကြောက်လန့်၍လည်းကောင်း၊ ခြိမ်းခြောက်ခံရမှုများကြောင့် လည်းကောင်း တိမ်းရှောင်လာရသည့် စစ်ရှောင်များဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ဦးရေမှာ တိုးပွားလျက်ရှိရာ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အထူး ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ အရေးပေါ်လိုအပ်နေပြီ ဖြစ်သည်ဟုလည်း စစ်ရှောင်အရေး ကူညီပေး နေသူများက ပြောကြားသည်။
ယခုလက်ရှိ ယင်းဒေသများတွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်မှုကြောင့် စစ်ရှောင်ကူညီရေးလုပ်ကိုင်ပေးနိုင်သူများ ရှားပါးနေပြီး ယာယီခိုလှုံနေရာ ဘုန်းတော်ကြီးကျောင်းတချို့က ကျွေးမွေးတာ၊ တအာန်းအမျိုးသမီးအဖွဲ့က ကူညီတာ စသည့် အခြေအနေ အချို့သာရှိကြောင်း စခန်းတာဝန်ခံအချို့က HI Honest Information သို့ ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ထားသည့် “လုံခြုံမှုကင်းမဲ့သောဘဝများ” အစီရင်ခံစာအရ စစ်အာဏာ သိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တအာင်းဒေသ၌ မုဒိမ်းပြုကျင့်ခံရသူ (၄) ဦး အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူ စုစုပေါင်း ၉၀၀နီးပါး (၈၉၄ ဦး) ရှိခဲ့ကြောင်း သိရသည်။











