တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက် နှုတ်စုစည်းဖော်ပြအပ်ပါတယ်။

ဒီတပတ်မှာ မြန်မာသတင်းမီဒီယာစာမျက်နှာတွေပေါ်ကို တက်လာတဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ  HI – Honest Information  က သတိပြု ပြန်လည်မှတ်တမ်းတင်ဖြစ်တဲ့ တော်လှန်ရေးထဲက မုဒိမ်းမှုတွေ၊ နိုင်ကျဉ်းအမျိုးသမီးတွေရဲ့အခြေအနေအပါအဝင် မြန်မာပြည်တဝှမ်းက ထူးခြားတဲ့ အမျိုးသမီး ဖြစ်ရပ်တွေကို စုစည်းထားပါတယ်။

ဒီတပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အမျိုးသမီးသတင်းတွေထဲ လူထုကြားမှာ စိတ်ဝင်စားမှုအမြင့်တက်ဆုံး သတင်းကတော့ ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်အချို့က ၂နှစ်အတွင်း မုဒိမ်းမှု၊ ဆင်သတ်မှုအပါအဝင် ပြစ်မှု ၇မှု ကျူးလွန်ခဲ့ကြောင်း  NUG ထုတ်ပြန် တဲ့သတင်းနဲ့ ဒေါ်ကြည်ပြာ အပြစ်မရှိဟု NUG ဆုံးဖြတ်တဲ့ သတင်း ၂ပုဒ်ဖြစ်ပါတယ်။

NUG အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်မှုတွေမြင့်တက်နေပြီး တော်လှန်ရေး အသိုင်းအဝိုင်းကြားမှာ ဝိဝါဒကွဲပြားမှုတွေလည်း မျိုးစုံဖြစ်ပေါ်နေစေတဲ့ ဒီသတင်း ၂ပုဒ်အပါအဝင် စုစုပေါင်း ၁၃ပုဒ်ကို ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။

  • ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်အချို့က ၂နှစ်အတွင်း မုဒိမ်းမှု၊ ဆင်သတ်မှုအပါအဝင် ပြစ်မှု ၇မှု ကျူးလွန်ခဲ့ကြောင်း  NUG ထုတ်ပြန် 
  • ဒေါ်ကြည်ပြာ အပြစ်မရှိဟု NUG ဆုံးဖြတ်
  • အကြမ်းဖက်စစ်အုပ်စု အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေ “ဓမ္မတာထိန်ခြင်း” (Amenorrhea) ဝေဒနာခံစားနေရ
  • ယူကရိန်းရဲ့ အသေခံဒရုန်းနည်းပညာရယူပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အမျိုးသမီးတပ်ဖွဲ့
  • တမူးမှာ ပေါ်တာဆွဲဖမ်းဆီးခံထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ အမျိုးသမီးတွေ နှစ်ရက်ဆက်တိုက်ဆန္ဒပြ
  • ဝိုင်းမော်ဒေသက သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် သောက်သုံးရေ ညစ်ညမ်းမှုများအပေါ် နေရပ်ပြန်မည့် စစ်ရှောင်အမျိုးသမီးများစိုးရိမ်နေ
  • ကျောက်ဖြူတွင် စစ်တပ် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
  • လိုင်းကားတွေပေါ်မှာ အမျိုးသမီးခရီးသည်တွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ စော်ကားတဲ့အပြင်  ဗီဒီယိုခိုးရိုက်ပြီး ပြန်ရောင်းစားနေ
  • အွန်လိုင်းတွင် ရေးသားပြောဆိုမှုကြောင့် ပြီးခဲ့သည့် ၃ လအတွင်း အမျိုးသမီး ၁၆ ယောက်အပါအဝင် လူ ၅၀ ခန့် ဖမ်းဆီးခံရ
  • မော်ဒယ်လုလုအောင် ရခိုင်စစ်ရှောင်ကလေးများအတွက် ကျပ်သိန်း ၃၀ လှူ
  • တော်လှန်အမျိုးသမီးများကို စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်နည်းဖြင့် တိုက်ခိုက်နေ
  • ပန်ဆန်းက KTV တစ်ခုမှာ အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံး
  • ရေဖြူတွင် အမျိုးသမီးတစ်ဦးအား ရိုက်သတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ကို ရဲစခန်းက ခံဝန်ဖြင့် ပြန်လွှတ်

ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်အချို့က ၂နှစ်အတွင်း မုဒိမ်းမှု၊ ဆင်သတ်မှုအပါအဝင် ပြစ်မှု ၇မှု ကျူးလွန်ခဲ့ကြောင်း  NUG ထုတ်ပြန် 

Source – Honest Information

ဗမာအမျိုးသားကာကွယ်ရေးတပ်မတော်( BNRA ) အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ)ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ ဝင် တချို့က ၂၀၂၄ မှ ၂၀၂၆ အတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ ဆင်သတ်မှု၊ လူသတ်အလောင်းဖျောက်မှုအပါအဝင် ပြစ်မှု  ၇ မှု ကျူးလွန်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့  ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါတယ်။

BNRA  အဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးက အသက် ၁၆နဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၂ဦးကို ဖမ်းဆီးပြီး မုဒိမ်းမှု ကျူးလွန်တာ ၊ မုဒိမ်းကျင့်ရန်ကြံစည်တယ်လို့ စွပ်စွဲပြီး လူသတ်၊ အလောင်းဖျောက်ခဲ့တာတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ယင်းမာပင်ခရိုင် တပ်ရင်း ၃ နဲ့ တပ်ရင်း ၄ တို့က တပ်ဖွဲ့ဝင်တွေကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု၊ ဥယျာဉ်နယ်မြေအတွင်းက ဆင်မ ပိုးအိစံကို သတ်ဖြတ်ခုတ်ထစ်မီးရှို့ မှုနဲ့ ပကဖရဲဘော် တွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်တာတို့ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ 

အဲဒီ ကျူးလွန်မှုတွေကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်ဆောင်ရွက် ရာမှာ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး လွှဲပြောင်းအပ်နှံပေးဖို့ BNRA အကြောင်းကြားခဲ့ပေ မယ့် ယင်းတို့ဘက်က ကျူးလွန်သူတွေကို လွှဲပြောင်းပေးအပ်ခြင်းမရှိဘူးလို့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။  

ဒေါ်ကြည်ပြာ အပြစ်မရှိဟု NUG ဆုံးဖြတ်

Source – ဧရာဝတီ

အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့နဲ့ တိုင်ကြားခံရတဲ့ ဒေါ်ကြည်ပြာဟာ အရေးယူရလောက်တဲ့ အချက်မတွေ့ရဘဲ ဝန်ထမ်းတွေကို ချိုသာစွာဆက်ဆံရန်သာ ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုးကာ တိုင်ကြားသူတွေထံ အကြောင်းပြန်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို ထိရောက်စွာ အရေးယူပေးရန် ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ ကိုဖြိုးအပါ ၁၂ ဦးက နိုဝင်ဘာ ၁၉ ရက်ကတိုင်ကြားခဲ့ ပါတယ်။

တိုင်ကြားမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ ၅ ဦးအဖွဲ့က နှစ်လခွဲခန့် စုံစမ်းစစ်ဆေးပြီးနောက် ဒေါ်ကြည်ပြာအနေနဲ့ ဝန်ထမ်းများအပေါ် နှုတ်ဖြင့်ချိုသာမှုမရှိဘဲ ပြောဆို ဆက်ဆံသည်ကိုသာတွေ့ရပြီး အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားသူတွေဘက်မှ သက်သေ ပြနိုင်ခြင်းမရှိကြောင်း၊ ဒေါ်ကြည်ပြာအနေနဲ့လည်း ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားတွေ စာရင်းစစ် အစီအရင်ခံစာများ တင်ပြခဲ့ရာ အဂတိလိုက်စားမှုမတွေ့ရဘူးလို့ NUG က ဆိုထားပါတယ်။

စုံစမ်းစစ်ဆေးဆဲကာလမှာ ဒေါ်ကြည်ပြာကို တာဝန်မှယာယီရပ်နားခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု အစီအရင်ခံစာအရ ၎င်းအပေါ် တရားစွဲဆိုအရေးယူဖို့ ပေါ်ပေါက်ခြင်းမရှိသလို ရာထူးထုတ်ပယ် နိုင်လောက်တဲ့အချက်လည်း မတွေ့ရဘူးလို့ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုအကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေ “ဓမ္မတာထိန်ခြင်း” (Amenorrhea) ဝေဒနာခံစားနေရ

Source – PVTV

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေ “ဓမ္မတာ ထိန်ခြင်း” (Amenorrhea) ဝေဒနာခံစားနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(အေအေပီပီ) က ထုတ်ပြန်ပါတယ်။

လေ့လာစောင့်ကြည့်မှုတွေအရ အကျဉ်းထောင်တွေမှာ အမျိုးသမီးတွေ ဓမ္မတာ ပုံမှန်မလာဘဲ တချို့မှာ ၃ လ ၊ အချို့မှာ ၆လအထိ ဓမ္မတာမလာတာတွေကြုံတွေ့နေရကြောင်း ၊ ဒီ ပြဿနာတွေရဲ့အရင်း အမြစ်က ထောင်ထဲမှာ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ မစားရတာ ၊ သံဓာတ် ချို့တဲ့ကိစ္စက စတင်ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဆက်တိုက်ခံ စားနေရကြောင်း နဲ့ တချို့နိုင်ငံရေးအကျဉ်းသူတွေဟာ ထောင်ကလွတ်မြောက်ပြီးနောက် အပြင်ရောက်မှ ကျန်းမာရေး စစ်ဆေးမှုခံယူရကာ အမျိုးသမီးရောဂါတွေကြောင့် ခွဲစိတ်ကုသကြရမှုတွေ လည်း ရှိနေကြောင်း အေအေပီပီ က အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါအပြင် အကျဉ်းထောင်တွေမှာ ခန္ဓာကိုယ်ကိုက်ခဲတာ၊ အရေပြားရောဂါ ဖြစ်တာတွေ ကြုံတွေ့ကြရ သလို၊ ကိုက်ခဲတဲ့ဝေဒနာအတွက် ဒိုင်ကလိုနဲ့ ပါရာစီတမောဆေးတွေသာ ဝေငှပေးတဲ့အတွက် ကျောက်ကပ်ရောဂါကိုပါ နောက်ဆက်တွဲခံစားနေကြရတယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ အသေခံဒရုန်းနည်းပညာရယူပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အမျိုးသမီးတပ်ဖွဲ့

Source – People’s Spring

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ AIF Myanmar တပ်ဖွဲ့ ရဲ့ အမျိုးသမီးတပ်ဖွဲ့ (WITCH ) ဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ဆီက အသေခံဒရုန်း နည်းပညာအချို့ ရယူထားတယ်လို့ အဲဒီအဖွဲ့ထံကသိရပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဆီကနေ အသေခံဒရုန်း တိုက်ခိုက်ရေးသင်ခန်းစာတွေရယူခဲ့သလို ချင်းဒေသရဲ့ တောင်ပေါ်ဒေသ မြေမျက်နှာသွင်ပြင်နဲ့ ကိုက်ညီမယ့်ဒရုန်းတိုက်ခိုက်ရေး ဗျုဟာ ကိုလည်း ဖော်ဆောင် နေတယ်လို့ WITCH အဖွဲ့က ဆိုပါတယ်။

WITCHအဖွဲ့ကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ၂၀၂၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့ တာပါ။ WITCH အဖွဲ့မှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေပဲ ပါဝင်တာလည်းဖြစ်ပါတယ်။

တမူးမှာ ပေါ်တာဆွဲဖမ်းဆီးခံထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ အမျိုးသမီးတွေ ရက်ဆက်တိုက် ဆန္ဒပြ

Source – Burma VJ

ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေတဲ့အတွက်  စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFတွေကို အမျိုးသမီးတွေအပါအဝင် မိသားစု တွေက  ဖေဖော်ဝါရီ ၁၆ရက်နဲ့၁၅ရက်တို့ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဆန္ဒပြပွဲမှာ တမူးမြို့နယ်တောင်ပိုင်းအတွင်းက မင်းသမီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ဘုက္ကန်ကျေးရွာစတဲ့ ကျေးရွာတွေက ပါဝင်ခဲ့ကြပါတယ်။

“PDFအလိုမရှိ၊ ဖမ်းဆီးထားသူတွေကိုချက်ချင်းလွှတ်” စတဲ့ကြွေးကြော်မှုတွေနဲ့ အမျိုးသမီးအများစု ပါဝင်တဲ့ လူအုပ်ကဆန္ဒပြချီတက်ခဲ့ကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ အမှတ်-၁စစ်ဒေသ၊တမူးခရိုင်တပ်ရင်းတွေဟာ ဒေသခံ အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှု၊ ညအိပ်ချိန်မှာတောင်အိမ်ထဲဝင်ဖမ်းဆီးတာ၊ လှည်းပေါ်ကနေ ဆွဲချခေါ်ဆောင်တာ၊ တောင်ယာလုပ်ငန်းခွင်ထဲထိလိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေပြီး ဖမ်းဆီးရာမှာ လည်း လူလတ်ပိုင်းအိမ်ထောင်သည်အမျိုးသားတွေအပြင် အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် လူငယ်အမျိုးသားတွေကိုပါ ပေါ်တာဆွဲတာတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

ဝိုင်းမော်ဒေသက သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် သောက်သုံးရေ ညစ်ညမ်းမှုများအပေါ် နေရပ်ပြန်မည့် စစ်ရှောင်အမျိုးသမီးများစိုးရိမ်နေ

Source – Honest Information

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းအချို့က စစ်ရှောင်မိသားစုအချို့ နေရန်ပြန် အခြေချဖို့ ပြင်ဆင် နေကြပေမယ့် ဒေသတွင်း သတ္တုတူးဖော်မှုတွေကြောင့် ပျက်စီးသွားတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သောက်သုံးရေ ညစ်ညမ်းမှုပြဿနာကို ကြုံတွေ့နေရပြီး မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ကျန်းမာရေးတာဝန်ခံတွေနဲ့ စစ်ရှောင်အမျိုးသမီးတွေဆီကသိရပါတယ်။

Sam Mai ကျေးရွာဟာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း KIO က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ နမ်ဆန်ယန် တိုက်နယ်အတွင်းရှိ ကျေးရွာတရွာဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး စီစဉ်နေတဲ့ နေရာဖြစ်ပါတယ်။ ဒေသခံတွေ ပြန်မရောက်ခင်ကာလမှာ

တရုတ်လုပ်ငန်းရှင်အချို့နဲ့ ဒေသခံအချို့ ပူးပေါင်းကာ”Hpri Lung” ခေါ် သတ္တုရိုင်းတွေကို တူးဖော်ခဲ့ကြ တဲ့အတွက် အနီးနားရှိ ချောင်းရေတွေနဲ့ ရေအရင်းအမြစ်တွေဟာ သုံးစွဲလို့မရအောင် ညစ်ညမ်းနေပြီ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

ရေထုညစ်ညမ်းမှုကြောင့် နေရပ်ပြန်မယ့် အမျိုးသမီးတွေ၊ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအပေါ် ရေရှည် ကျန်းမာရေး ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျန်းမာရေး တာဝန်ခံတွေကဆိုပါတယ်။

နေရပ်ပြန်စစ်ရှောင်တွေဟာ သန့်ရှင်းတဲ့ရေကို ရရှိဖို့အတွက် မြေအောက်ရေကို အနက်ကြီးတူးမှသာ ရရှိနိုင်မှာဖြစ်ပြီး ရေဘုံဘိုင်တတွင်းကို ကျပ် ၈ သိန်းမှ ၁၅ သိန်းခန့်အထိ ကုန်ကျစရိတ်ရှိနေတဲ့အတွက် အရင်းအနှီးမရှိတဲ့ စစ်ရှောင်မိသားစုတွေအတွက် အခက်ကြုံနေကြရတာဖြစ်ပါတယ်။

ကျောက်ဖြူတွင် စစ်တပ် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

Source – DVB

·ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မီးကျောင်းရေသောက်ကျေးရွာကို စစ်ကောင်စီတပ်က  ဖေဖော်ဝါရီလ (၁၇)ရက်နေ့ညနေက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်လာရောက်ဗုံးကြဲတာကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဂျက်ဖိုက်တာနဲ့ ဗုံးကြဲရုံသာမက စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တယောက် အပါအဝင် စုစုပေါင်း အမျိုးသမီး ၂ ယောက်နဲ့ ကျွဲနွားတွေ သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာ အောက်ဘက် ရှိ ပင်လယ်ပြင်မှာ ရပ်တန့်ထားတဲ့ စစ်ကောင်စီ ရေတပ်ကနေ ကျောက်ပြောက်ရွာဘက်ကို လက်နက်ကြီး ကျည် ၄ လုံး ပစ်ခတ်ရာ ကျောက်ပြောက်ရွာက အသက် ၈၀ အရွယ် အမျိုးသမီး တယောက် သေဆုံးခဲ့ပါတယ်။

လိုင်းကားတွေပေါ်မှာ အမျိုးသမီးခရီးသည်တွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာစော်ကားတဲ့အပြင်  ဗီဒီယိုခိုးရိုက်ပြီး ပြန်ရောင်းစားနေ

Source – Honest Information

ရန်ကုန်က အများပြည်သူသုံး လိုင်းကားတွေပေါ်မှာ အမျိုးသားတချို့ဟာ  ခရီးသည် အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်နေတဲ့ဗီဒီယိုကို ခိုးရိုက်ပြီး တယ်လီဂရမ်ချန်နယ်မှာ ပြန်ရောင်းစားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့  Against Sexual Violence အဖွဲ့က  Telegram Report Team ရဲ့ Leader တဦးဖြစ်တဲ့ ကိုဘီလီ (Billy) က HI – Honest Information ကိုပြော ပါတယ်။

အရင်က ခရီးသည်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို သူတို့ရဲ့ အမျိုးသားလိင်အင်္ဂါနဲ့ ထောက်တာမျိုးတွေ ရှိပေမယ့် အခုဖြစ်စဉ်တွေက အမျိုးသမီးတွေရှေ့မှာ သူတို့လိင်အင်္ဂါကိုထုတ်ပြီး အမျိုးသမီးတွေရဲ့ မျက်နှာတွေကိုပါ ဗီဒီယိုရိုက်တဲ့ ပုံစံမျိုးတွေကို ရုံးဆင်း၊ ရုံးတက် ကားကြပ်တဲ့အချိန်တွေသာမက ကားချောင်တဲ့အချိန်တွေမှာတောင် ပေါ်ပေါ် တင်တင်ရိုက်ကူးတာတွေလည်းရှိနေတယ်လို့ ကိုဘီလီ ထံက သိရပါတယ်။

ဒီလိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဝင်ကြေးဘယ်လောက်သတ်မှတ်ထားပြီးတော့ ပြန်တင်ကြတာ ရှိသလို တခြားလိင်မှုဆိုင်ရာဗီဒီယိုတွေတင်တဲ့ချန်နယ်တွေကို ပြန်ရောင်းစားကြတာမျိုးတွေလည်း ရှိတယ်လို့ ကိုဘီလီကရှင်းပြပါတယ်။

ဒီလိုဖြစ်စဉ်တွေကိုတင်တဲ့ ချန်နယ်တွေအပါအဝင်  ၂၀၂၆ ဇန်နဝါရီလ အတွင်း Local Leak Telegram Channel (အမျိုးသမီးတွေရဲ့ လိင်မှု ဗီဒီယိုတွေကို တယ်လီဂရမ်မှာ ဝင်ကြေးကောက်ခံပြီး ပြန်တင်နေတဲ့စာမျက်နှာ) ၁၇၈ ခုကို ဖြုတ်ချနိုင်ခဲ့တယ်လို့ ASV ရဲ့စာရင်းတွေအရ သိရပါတယ်။

အွန်လိုင်းတွင် ရေးသားပြောဆိုမှုကြောင့် ပြီးခဲ့သည့် ၃ လအတွင်း အမျိုးသမီး ၁၆ ယောက်အပါအဝင် လူ ၅၀ ခန့် ဖမ်းဆီးခံရ

Source – DVB

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ၃ လအတွင်း စစ်ကောင်စီက အွန်လိုင်းပေါ်ကအရေးအသားတွေကို အကြောင်းပြပြီးအမျိုးသား ၃၃ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် ဖမ်းဆီးခံခဲ့ကာ အဲဒီထဲက ၁၆ ယောက်ကိုတော့ စစ်ကောင်စီရဲ့ ရွေးကာဥပဒေနဲ့ ဖမ်းဆီးခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အစီရင်ခံစာမှာ အင်တာနက်ဖြတ်တောက်ခံရတဲ့အခြေအနေတွေ၊ အွန်လိုင်းသုံးပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးလို့ ဖမ်းဆီးခံရတဲ့အခြေအနေတွေ၊ စစ်အုပ်စုရဲ့ စောင့်ကြည့်ရေး ယန္တရားတွေကြောင့် ဖမ်းဆီးခံရတဲ့အခြေအနေတွေ၊ အတုအယောင် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ ဖိနှိပ်မှုဆိုင်ရာအခြေအနေတွေ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ထိပါးနေတဲ့ အခြေအနေတွေနဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုကြောင့် ဖမ်းဆီးခံရတာတွေကို စောင့်ကြည့်ဖော်ပြထားပါတယ်။

အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုရေးသားတဲ့အပေါ်  ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိပြီး တောင်ဝိုင်းတောင် မြေဖြိုတာနဲ့ပတ်သက်လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားခဲ့တဲ့ သာသနာနွယ် ဖောင်ဒေးရှင်းဆရာတော်နဲ့ ကပ္ပိယ ၂ ယောက်ကို ဖမ်းဆီးတာလည်း ပါဝင်ပါတယ်။

စစ်ကောင်စီဟာ အင်တာနက်ပေါ်က ရေးသားပြောဆိုတာတွေကို စောင့်ကြည့်အရေးယူနေသလို တဘက်မှာလည်း သတင်းမှားတွေထုတ်လွှင့်နေတာကိုတွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

 မော်ဒယ်လုလုအောင် ရခိုင်စစ်ရှောင်ကလေးများအတွက် ကျပ်သိန်း ၃၀ လှူ

Source – Myanmar Press Photo Agency

ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေက ၆လအောက်ကလေးငယ်များ နို့မှုန်အာဟာရ ပြည့်ဝစေရန် မော်ဒယ်လုလုအောင်က ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

လုလုအောင်ရဲ့ လှူဒါန်းမှုပို့စ်အောက်မှာ သူရဲ့ ပရိသတ် ၆၅၀က comment ပေး ကောင်းချီး ပေးထား တာကိုလည်းတွေ့ရပါတယ်။

အရွယ်စုံArakanese Ladies အဖွဲ့ဟာ စစ်ဘေးရှောင်စခန်းများရှိ ၆လအောက်ကလေးငယ်တွေ နို့မှုန် အာဟာရ ပြည့်ဝစေဖို့ အလှူငွေ လက်ခံလျက်ရှိပြီး လှူဒါန်းသူတွေကို အရွယ်စုံArakanese Ladies လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

တော်လှန်အမျိုးသမီးများကို စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်နည်းဖြင့် တိုက်ခိုက်နေ

Source – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

တော်လှန်ရေးနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးတွေကို စစ်အုပ်စုက အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနည်းလမ်းနဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂကပြောပါတယ်။

တော်လှန်ရေးနယ်ပယ်အတွင်းရှိ အမျိုးသမီးအများစုဟာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေး အရှိန်အဟုန် မြင့်နေစဉ် လက်နက်ခဲယမ်းအတွက် ရန်ပုံငွေလိုအပ်ချက်တွေကို ကမ်ပိန်းအပြင် အွန်လိုင်းမှတစ်ဆင့် စည်းရှုံးလှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဒီအမျိုးသမီးတွေဟာ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စစ်အုပ်စုနဲ့ ထောက်ခံသူတွေက လာရောက် ဆဲဆိုတာ၊ အမြင်မတော်တဲ့ စာတိုနဲ့ ဓာတ်ပုံတွေပေးပို့တာ၊ ကာမဆက်ဆံပြုမူရန် ပြောင်ပြောင်တင်းတင်းတောင်းဆိုတာ စတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအမျိုးမျိုး ကျူးလွန်ခံနေ ကြရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရရဲ့ တွဲဖက်အတွင်းရေးမှူး မဝေဝေက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအမျိုးမျိုးကြောင့် တော်လှန်ရေးအတွက်လှုပ်ရှားနေသူ အမျိုးသမီးတွေ ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေရှိလာတယ်လို့ဆိုပါတယ်။

ပန်ဆန်းက KTV တစ်ခုမှာ အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံး

Source – ရွှေဖီမြေ

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ရှိ KTV တစ်ခုမှာ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့အမှုန့်ကို အရှူလွန်ပြီး အမျိုးသမီးတဦးသေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် (၃၀) ဝန်းကျင်အရွယ်သာ ရှိသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက် နေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။

ပန်ဆန်းမြို့အပြင် ရှမ်းမြောက် မြို့နယ်အများအပြားမှာ လူကို စိတ်ကြွစေတဲ့ K မှုန့်နဲ့ အရည်ဖျော် သောက်ရတဲ့ ရွှေတို့ဟာ KTVနဲ့ ကလပ်တွေမှာ တရားဝင်အသုံးပြုနေကြပြီး အသုံးလွန်ပြီး သေဆုံးတာ‌ တွေနဲ့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးသွားရောက်ကုသရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်ကလည်း တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ရှိ KTVတစ်ခုထဲမှာ ဗန်းမော်မြို့က အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

ရေဖြူတွင် အမျိုးသမီးတစ်ဦးအား ရိုက်သတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ကို ရဲစခန်းက ခံဝန်ဖြင့် ပြန်လွှတ်

Source – ဧရာဝတီတိုင်းမ်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အမျိုးသမီးတစ်ဦးကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ရဲစခန်းက အရေးယူခြင်း မရှိဘဲ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာမှ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးစုငယ် (ခ) နောင်ကြီးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ  ဖေဖော်ဝါရီလ ၁၃ ရက် က အသက် (၃၅) နှစ်အရွယ် မခိုင်ကို ရွှေခိုးတယ်လို့ စွပ်စွဲကာ  သေဆုံးတဲ့အထိ ဝိုင်းဝန်းရိုက်နှက် ခဲ့ကြတာဖြစ်ပါတယ်။

ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး နောင်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကံပေါက်နယ် မြေရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး ခံဝန်နဲ့သာပြန်လွှတ်ပေးခဲ့ပါတယ်။

လူသေဆုံးသည်အထိ ရိုက်နှက်ခဲ့တဲ့  အုပ်ချုပ်ရေးမှူး နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို အရေးယူမှုမရှိဘဲ  ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် သဘွတ်ချောင်းရွာ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။