ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်အချို့က ၂နှစ်အတွင်း မုဒိမ်းမှု၊ ဆင်သတ်မှုအပါအဝင် ပြစ်မှု ၇မှု ကျူးလွန်ခဲ့ကြောင်း  NUG ထုတ်ပြန်  

ဒေဝီ 

ဗမာအမျိုးသားကာကွယ်ရေးတပ်မတော်( BNRA ) အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ)ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ ဝင် တချို့က ၂၀၂၄ မှ ၂၀၂၆ အတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုနှင့် ဆင်သတ်မှု၊ လူသတ်အလောင်းဖျောက်မှုအပါအဝင် ပြစ်မှု  ၇ မှု ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။  

BNRA  အဖွဲ့ခေါင်းဆောင်ဗိုလ်နဂါး က အသက် ၁၆နဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၂ဦးကို ဖမ်းဆီးပြီး မုဒိမ်းမှု ကျူးလွန်တာ ၊ မုဒိမ်းကျင့်ရန်ကြံစည်တယ်လို့ စွပ်စွဲပြီး လူသတ်၊ အလောင်းဖျောက်ခဲ့တာတွေ ကျူးလွန်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၈ နေ့စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ဒါ့အပြင် ယင်းမာပင်ခရိုင် တပ်ရင်း ၃ နဲ့ တပ်ရင်း ၄ တို့က တပ်ဖွဲ့ဝင်တွေကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု၊ ဥယျာဉ်နယ်မြေအတွင်းက ဆင်မ ပိုးအိစံကို သတ်ဖြတ်ခုတ်ထစ်မီးရှို့ မှုနဲ့ ပကဖရဲဘော် တွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်တာတို့ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။  

ပိုးအိစံအမည်ရှိ တဲ့CDM ဆင်ကို အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်း ထဲမှာ BNRAတပ်ဖွဲ့ တချို့က သတ်ဖြတ်ပြီး အလောင်းဖျောက်မီးရှို့ခဲ့တဲ့အတွက် မီးလောင်ကျွမ်းထားတဲ့ အရိုးစုတွေကိုသာ ပြန်တွေ့ရတာကြောင့် အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို ဒေသခံတွေ က တိုင်ကြားထားချက်ကို ယင်းမာပင် ပလဖစခန်း(ပ)၁၄/၂၆ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဉပဒေပုဒ်မ ၆ (၁)နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ PVTV နဲ့ People Spring သတင်းဌာနတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဖော်ပြခဲ့ဖူးပါတယ်။ 

အဲဒီ ကျူးလွန်မှုတွေကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်ဆောင်ရွက် ရာမှာ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး လွှဲပြောင်းအပ်နှံပေးဖို့ BNRA အကြောင်းကြားခဲ့ပေ မယ့် ယင်းတို့ဘက်က ကျူးလွန်သူတွေကို လွှဲပြောင်းပေးအပ်ခြင်းမရှိဘူးလို့ မနေ့ကထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။   

ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာန အကူအညီနဲ့ ရာဇဝတ်ပြစ်မှုကျူးလွန်တယ်လို့ တိုင်ကြားခံရသူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီး ထိန်းသိမ်းနိုင်ရန်ဆောင်ရွက်ရာBNRA အဖွဲ့ဝင် အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ဗမာအမျိုးသားကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ဝင်အချို့ကို လက်နက်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။ 

ဒါ့အပြင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(ပကဖ) အဖွဲ့တွေဆီမှာ လာရောက်ပူးပေါင်းတာ၊ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  

ပြီးတော့ ဗမာအမျိုးသားကာကွယ်ရေးတပ်မတော်( BNRA ) ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်အချို့မှာ ဖေဖော်ဝါရီ ၁၈ ရက် နေ့က လက်နက် ၆လက်၊ ဆက်စပ်ပစ္စည်းများနဲ့အတူ  စစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့  စစ်ကော်မရှင် က ထုတ်ပြန်ပါတယ်။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာကာလအတွင်း ပဋိပက္ခဒေသတွေမှာ စစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် တို့ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁,၀၀၀နီးပါရှိခဲ့တယ်လို့ အမျိုးသမီး များအဖွဲ့ချုပ် (WLB)က ထုတ်ပြန်ထားသလို ၊ ပဋိပက္ခဒေသတွေမှာ ၂၀၂၄ ဇန်နဝါရီ မှ ၂၀၂၅  ဇူလိုင်လ အထိ ပဋိပက္ခနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ် ၈၈မှု စာရင်းကောက်ယူနိုင်ခဲ့တဲ့ အနက် ကျူးလွန်သူ ၂ ဦး က‌နေ ၁၀ဦး အထိပါဝင်တဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ၁၁ မှု ရှိခဲ့တယ်လို့  မြန်မာ့ အမျိုးသမီးသမဂ္ဂ(BWU)  ကလည်းထုတ်ပြန်ထားပါတယ်။