ဖိုဝါဒကျိန်စာသင့်နေကြသူတွေ

ထနောင်းမေ

//သူ့အတွေးသူ့အမြင် //

“သမီးမိန်းကလေးမွေးပါစေ”

ကျွန်မတို့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အမျိုးသားတဦးဟာ အမျိုးသမီးကို အကြမ်းဖက်တာဖြစ်စေ၊ အမျိုးသားတဦးက အမျိုးသမီးတဦးဦးအပေါ် မကောင်းတဲ့လုပ်ရပ်တွေကို ကျူးလွန်တဲ့အခါဖြစ်စေ၊ နှစ်ဦးသဘောတူ ချစ်ကြိုက်လွန်ကျူးကြပြီးမှ တာဝန်မယူဘဲ ယေက်ျားလေးက ရှောင်ပြေးတဲ့အခါ ဖြစ်စေ “သမီးမိန်းကလေး မွေးပါစေ” ၊ “နင့်သမီးအလှည့်ကျရင် နင့်လိုယောကျာ်းမျိုးနဲ့မတွေ့ပါစေနဲ့” စတဲ့ စကားတွေကို ကျိန်စာသဖွယ် ပြောဆိုလေ့ရှိကြပါတယ်။

အမျိုးသမီးတွေအပေါ် မကောင်းတဲ့လုပ်ရပ်တခုခု ကျူးလွန်ထားတဲ့ အမျိုးသားတွေကို အဲ့ဒီ အမျိုးသမီး ခံစားရသလို ပြန်လည်ခံစားစေချင်တဲ့အခါ ဒီစကားကို သုံးနှုန်းလေ့ရှိကြတာပါ။ ဒီစကားအသုံးအနှုန်းကို အများအားဖြင့်ပိုပြီးသုံးနှုန်းတာက ကျမ သတိထားစောင့်ကြည့်မိသလောက် အမျိုးသမီးတွေ ဖြစ်ပါတယ်။

အမျိုးသား ကျူးလွန်တဲ့ အပြစ်ကိုဘာကြောင့် အမျိုးသားကမခံရဘဲ အမျိုးသမီးတွေက ခံရပါစေလို့ ပြောဆိုကြတာပါလဲ။

တာဝန်မဲ့သူအမျိုးသားကြောင့် ထိခိုက်နာကျင်ခံစားရတာဟာလည်း အမျိုးသမီးဖြစ်ပြီး၊ အမျိုးသမီးတွေ ကိုယ်တိုင်ကပဲ တခြား မိန်းကလေးတယောက်ကို မဆီမဆိုင် ထပ်မံထိခိုက်ခံစားစေချင်ရတာ ဘာကြောင့်ပါလဲ။

ဖခင်ဖြစ်လာမယ့်သူက ကျူးလွန်ခဲ့တဲ့ကိစ္စကို မွေးတောင်မမွေးလာသေးတဲ့ သားသမီး၊ အထူးသဖြင့် သမီးမိန်းကလေးအပေါ်မှာ ဖခင်လိုအကျင့်စရိုက်ရှိတဲ့ လူနဲ့ကြုံတွေ့ရပါစေလို့ ဆုတောင်းသဖွယ်၊ ကျိန်စာသဖွယ် စကားပြောတာဟာ ဘာကြောင့်လဲလို့ စဉ်းစားကြည့်တဲ့အခါ “ဖိုဝါဒကြီးစိုးတဲ့ အတွေးအခေါ် ကြောင့်ပဲ” ဆိုတဲ့ အဖြေကိုရပါတယ်။

မကောင်းမှုကျူးလွန်တာက အမျိုးသားဖြစ်ပေမယ့် အပြစ်ကိုတော့ ကျူးလွန်တဲ့အမျိုးသားက ခံစားရမှာမဟုတ်ဘဲ သူကမွေးလာတဲ့ သမီးဖြစ်သူ(အမျိုးသမီး)ကိုသာ ခံစားစေလိုတာကလည်း ဖိုဝါဒ အယူအဆဟောင်းတွေကြောင့်ပါပဲ။

မကောင်းမှုကျူးလွန်တဲ့ အမျိုးသားတွေဟာအမြဲတမ်း လွတ်မြောက်ခွင့်ရအောင် ဖိုဝါအယူအဆတွေက အကာအကွယ်ပေးထားပါတယ်။

ဒီလိုမျိုး အမျိုးသမီးတွေကို ထိခိုက်ခံစားစေဖို့သာ ပစ်မှတ်ထားစိတ်ကူးလေလေ၊ အမျိုးသားတွေက မကောင်းမှုကိုကျူးလွန်ဖို့ ရဲတင်းလေလေဖြစ်နေဦးမှာပါပဲ။ ဒါဟာ ဖိုဝါဒကို ထပ်မံသက်ဆိုးရှည်စေတဲ့ အတွေးအခေါ်နဲ့အပြုအမူတွေလို့ ဆိုရပါမယ်။

လူ့အသိုင်းအဝိုင်းကလက်မခံခဲ့၊ မကောင်းတဲ့လုပ်ရပ် ကျူးလွန်တဲ့ အမျိုးသားကို တိုက်ရိုက် ခံစားရစေမယ့်၊ အပြစ်ပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားသင့်ပြီး အမျိုးသမီးတွေအ‌ပေါ် ထပ်မံဖိနှိပ်စေတဲ့ အတွေးတွေ အယူအဆတွေကို ပြောင်းလဲသင့်ပါပြီ။

🔳 သမီးရှင်သောက

အထက်မှာပြောခဲ့သလို သမီးမိန်းကလေးမွေးပါစေ ဆိုတာနဲ့ဆက်စပ်ပြီး ထပ်ပြီးတွေးမိတဲ့ အကြောင်းအရာကတော့ မိသားစုစီမံကိန်းတွေချကြတဲ့အခါ အများစုက သမီးမိန်းကလေး မလိုချင်ကြတဲ့ ကိစ္စပါပဲ။

အရင်ခေတ်ကတည်းက (တချို့တိုင်းပြည်တွေမှာဆို ယနေ့ခေတ်အထိ) မိန်းကလေးမွေးရင် သတ်ပစ် တာမျိုး၊ မိန်းကလေးမွေးရင် အမွေမပေးတာမျိုးတွေ၊ သမီးမိန်းကလေးတွေချည်းပဲမွေးရင် မိခင်ကောင်း မပီသဘူး၊ သားယောကျ်ားလေးမွေးမှမြတ်တာ စတဲ့အယူအဆတွေဟာလည်း လူမှုအသိုင်းအဝိုင်းမှာ အနည်းနဲ့အများ ဆိုသလို ဒီနေ့အထိ ရှိနေကြတုန်းပါပဲ။

တခါကဆို ကျွန်မသူငယ်ချင်းတယောက် ကိုယ်ဝန်ရှိတော့ Ultrasound ( အာထရာဆောင်း ) ရိုက်ရမှာ သူကြောက်တယ်လို့ဆိုတယ်။ သူကတော့မွေးလာရင် သားယောကျာ်းလေးပဲဖြစ်ဖြစ်၊ သမီးမိန်းကလေးပဲဖြစ်ဖြစ် ရင်ကဖြစ်လာတဲ့ရတနာမို့ ဘာလေးပဲဖြစ်ဖြစ်ချစ်မှာ ဆိုပေမယ့် ယောက္ခနဲ့ မိသားစုတွေက သားယောကျာ်းလေးမွေးရင် ပိုကောင်းတယ်လို့ပြောကြတဲ့အတွက် သူ့မှာ စိတ်ပူပန် နေရတယ်လို့ ဆိုပါတယ်။

တကယ်လည်း Ultrasound (အာထရာဆောင်း)ရိုက်တဲ့အခါ မိန်းကလေးဖြစ်‌တော့ ခင်ပွန်းဖြစ်သူ ဘက်က မိသားစုတွေရဲ့ပြောစကားတွေကြောင့် ငိုတောင်ငိုရတယ်လို့ ဆိုပါတယ်။

“သားလေး မွေးမှမြတ်မှ၊ သားလေးမှ သူ့အဖေလည်း အားကိုးရမှာပေါ့” ဆိုတဲ့စကားတွေကို နားနဲ့မဆန့်အောင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

သားယောကျာ်းလေးကိုသာ ဦးစားပေးတာ၊ သားယောကျာ်းလေးကသာ မျိုးရိုးဂုဏ်တက်စေတာ၊ အမွေဆက်ခံနိုင်တာ၊ အားကိုးရမှာ စသဖြင့် ဖိုဝါဒကနေ ဆင်းသက်လာတဲ့ အတွေးအခေါ်တွေရဲ့ ပုံသွင်းမှုကြောင့် မိန်းကလေးမွေးတဲ့ မိခင်တွေဟာမျက်နှာငယ်ကြရပါတယ်။

တချို့ နိုင်ငံတွေရဲ့ အယူအဆတွေမှာလည်း သမီးမိန်းကလေးမွေးပြီး လက်ထပ်ပေးတဲ့အခါ မိန်းကလေးဘက်က တင်တောင်းငွေပေးရတဲ့ ဓ‌လေ့တွေလည်းရှိတဲ့အတွက် သမီးမိန်းကလေးကို မလိုချင်ကြတာ ဖြစ်ပါတယ်။

သမီးမိန်းကလေးက အရွယ်ရောက်လို့ လက်ထပ်လိုက်တဲ့အခါ ခင်ပွန်းဖြစ်သူရဲ့ မိသားစုဝင် ဖြစ်သွားမယ်လို့ ယူဆပြီး၊ မိသားစုပိုင်ပစ္စည်းတွေ တခြားမိသားစုကို ပေးလိုက်သလိုဖြစ်မှာစိုးတဲ့ အတွက် သမီးမိန်းကလေးကို အမွေမပေးကြတာလည်း မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေထဲက တချို့မှာ တွင်တွင်ကျယ်ကျယ် ရှိနေကြဆဲဖြစ်ပါတယ်။

ဒါဟာ ဒီနေ့ခေတ်မှာ အမြင်တွေပွင့်လင်းလာကြပြီး ကျား၊ မ ဖြစ်တည်မှုအပေါ် ခွဲခြားဆက်ဆံ သတ်မှတ်ချက်တွေကို နားလည်သဘောပေါက်တဲ့ အတွေးသစ်အမြင်သစ်တွေရှိလာကြပြီဆိုပေမယ့် တချို့ အယူအဆဓလေ့အစွဲတွေက မိသားစုတွေအတွင်းမှာ မသိလိုက်မသိဘာသာ ရှိနေကြတုန်းပါပဲ။

ဒါတွေဟာလည်း ပြောင်းလဲသင့်တဲ့ အတွေးအခေါ်နဲ့ အယူအဆတွေဖြစ်ပါတယ်။

🔳 ယောကျာ်းဘဝရဖို့ ဆုတောင်းသူများ

အမျိုးသမီးတဦးအဖြစ် မွေးဖွားလာခဲ့ရပေမယ့် အမျိုးသမီးဘဝရဲ့ ဖိနှိပ်ခံရမှုတွေ၊ ခက်ခဲမှုတွေကြောင့် အမျိုးသားတွေရဲ့ဘဝကို အားကျနေတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။

ကျွန်မရဲ့ ငယ်သူငယ်ချင်းတဦးရဲ့ ဆုတောင်းကတော့ နောက်ဘဝမှာ လူအဖြစ်ထပ်မံမွေးဖွားလာရရင် ယောကျာ်းပဲဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းပါ။

“မိန်းမဖြစ်ရတာ ပိုပင်ပန်းတယ်၊ ပိုက်ဆံလည်းရှာရ၊ အိမ်မှုကိစ္စလည်းလုပ်ရ၊ သားသမီးမွေးရင် အဲ့သားသမီးကိုလည်းပြုစုရ၊ လင်ပြုစုရနဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ခပ်ရှားရှားပါပဲ”လို့ သူ့အမြင်ကို ဆိုပါတယ်။

သူရဲ့ငယ်ဘဝတလျှောက်မှာလည်း အိမ်က မိန်းကလေးမို့လို့ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်တွေ ကြောင့် လူငယ်ဘဝ၊ ခရီးမထွက်ရ၊ ဘယ်မှမသွားဖူးခဲ့တာကြောင့် နောက်ဘဝမှာ ယောကျာ်းတယောက် အဖြစ် မွေးလာဖို့ပဲမျှော်လင့်တယ်လို့ သူကရင်ဖွင့်ပါတယ်။

တခြားသူငယ်ချင်းတဦးကတော့ ငယ်ငယ်ကဆို ဆွေမျိုးတွေ အိမ်အလည်လာရင် မောင်ဝမ်းကွဲတွေ ပါလာလို့ အတူတူထမင်းစားကြတယ်။ စားပြီးလို့သိမ်းဆည်းကြတဲ့အခါ မောင်တွေကတော့ စားပြီးတာနဲ့ ထထွက်သွားကြပေမယ့် သူကတော့ ထမင်းပန်းကန်တွေကို အမြဲဆေးကြောခဲ့ရတယ်လို့ ဆိုပါတယ်။

ကလေးဘဝတုန်းကတော့ မိန်းကလေးဖြစ်လို့ ထမင်းပန်းကန်တွေဆေးကြောရတာကို ဘဝင်မကျတာမျိုး မဖြစ်ခဲ့ပေမယ့် ယောကျာ်းလေးတွေဖြစ်တဲ့ မောင်တွေ၊ တခြားမောင်နှမတွေနဲ့အတူ ကစားချင်စိတ်ကြောင့် မိန်းကလေးဘဝကို စိတ်ပျက်မိတယ်လို့ သူကပြောပြပါတယ်။ ဒါ့အပြင် သူ့တို့အိမ်မှာကြည့်ရင်လည်း အဒေါ်အကြီးဆုံးက ဦးလေးတွေရဲ့ ပုဆိုးတွေ၊ အကျီတွေကို အမြဲလျှော်ပေး နေရတာမြင်တဲ့အတွက် သနားမိတယ်လို့ ဆိုပါတယ်။

သူတို့ကတော့ ဖိုဝါဒစနစ်ရဲ့ဖိနှိပ်မှုတွေ၊ ယဉ်ကျေးတဲ့လူဘောင်မှာရှိကြတဲ့ အမျိုးသမီးအခွင့်အရေး တွေကို သေချာနားမလည်ကြတဲ့အတွက် ဖိနှိပ်ခံဘဝကနေလွတ်မြောက်ဖို့ နောက်ဘဝကိုသာ မျှော်လင့်နေကြတာလို့ ကျမမြင်မိပါတယ်။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းမှာ ဖိုဝါဒစနစ်တွေကြောင့် ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင်များရှိနေပြီလဲ။

စာဖတ်သူ မိတ်‌ဆွေတို့ကိုယ်တိုင်ရော ကိုယ့်အပေါ်မကောင်းမှုကျူးလွန်သူကို “သမီးမိန်းကလေးမွေးပြီး ပြန်ခံစားရပါစေလို့” ကျိန်စာတိုက်ဖူးပါသလား။

ဒါမှမဟုတ် “နောက်ဘဝကျရင် အမျိုးသားအဖြစ် မွေးဖွားခွင့်ရပါစေ”လို့ ဆုတောင်းဖူးပါသလား။

ဖိုဝါဒကြောင့်လို့ပြောတဲ့အခါ ဖိုဝါဒဆိုတာဘာလဲ ဖိုဝါဒကြီးစိုးမှုကိုဘာကြောင့် တွန်းလှန်သင့်တာလဲ။

ဖိုဝါဒကြီးစိုးမှုဆိုတာ လူမှုအသိုင်းအဝိုင်းမှာ အာဏာပိုင်စိုးမှုတွေ၊ ဦးဆောင်မှုနေရာတွေ၊ အခွင့်အရေး ရရှိမှုတွေမှာ အမျိုးသားတွေကသာ အဓိကနေရာရနေတဲ့ စနစ်တခုဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အမြဲတမ်းနေရာရနေတဲ့ ရှေးအစဉ်အဆက်ကတည်းက ဖြစ်တည်ခဲ့တဲ့ စနစ်တခုလည်း ဖြစ်ပါတယ်။

ဖိုဝါဒစနစ်ကြောင့် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အမျိုးသားတွေကသာ ဦးဆောင်ပါဝင်ခွင့်ရှိပြီး ဆုံးဖြတ်ခွင့်နဲ့တာဝန်တွေကို အမျိုးသားတွေကသာ ရရှိနေပါတယ်။ ပညာသင်ကြားခွင့်မှာလည်း အမျိုးသားတွေကိုသာ ဦးစားပေးပြီး၊ အမျိုးသမီးတွေကိုတော့ သေစာရှင်စာလောက်သာ တက်ရင်ရပြီဆိုတဲ့ အတွေးနဲ့လုပ်ရပ်တွေဟာလည်း ဖိုဝါဒစနစ်က ပေါက်ဖွားလာတာဖြစ်ပါတယ်။ တချို့လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေကို ရာထူးနဲ့လစာတိုးပေးဖို့ နှောင့်နှေးတာ စတဲ့အလေ့အထတွေလည်း ပါဝင်ပါတယ်။

အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်၊ အိမ်ပြင်ထွက်ခွင့်၊ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ လက်ထပ်ခွင့် စတဲ့အရာတွေကို အကန့်အသတ်နဲ့သာ လုပ်ဆောင်ခွင့်ရနေတာဟာလည်း ဒီစနစ်ကြောင့်ပါပဲ။

အမျိုးသမီးဆိုရင် နူးညံ့ရမယ်၊ အိမ်မှုကိစ္စနိုင်နင်းရမယ်၊ အပျိုစင်ဘဝကိုထိန်းသိမ်းရမယ်၊ မိသားစု မျိုးရိုးဂုဏ်ကို ထိန်းသိမ်းရမယ်၊ သားကိုသခင်၊ လင်ကိုဘုရားလို ပြုစုစောင့်ရှောက်ရမယ် စတဲ့ သတ်မှတ်ချက်တွေဟာလည်း ဖိုဝါဒကြီးစိုးမှုရဲ့နောက်ဆက်တွဲ သတ်မှတ်ချက်တွေပါပဲ။

ဖိုဝါဒကြီးစိုးမှုဟာ အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေအပေါ်လည်း သက်ရောက်မှုတွေ ရှိနေတဲ့စနစ်တခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်ကိုတွန်းလှန်ဖို့လိုအပ်ပါတယ်။

အစဉ်အလာအရ ဖြစ်နေတဲ့ သတ်မှတ်ချက်တွေကို မေးခွန်းထုတ်ပြီး ဒီစနစ်အတွင်းမှာဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ အသံကိုနားထောင်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးတွေဟာလည်း စွမ်းဆောင် နိုင်တယ်ဆိုတာကို အမျိုးသားတွေလည်းမြင်တတ်ဖို့ လိုအပ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ဒီစနစ်ကို ကိုင်စွဲထားတဲ့ သူတွေကိုလည်း ဒီအကြောင်းအရာတွေကို စိတ်ရှည်ရှည်ထား ရှင်းပြပေးဖို့ လိုအပ်ပါတယ်။

ကိုယ်တိုင်ကလည်း ဖိုဝါဒရဲ့သားကောင်အဖြစ်ကနေ လွတ်မြောက်ပြီး တန်းတူညီမှုရှိတဲ့ လူ့ဘောင်တခုကို တည်ဆောက်နိုင်ဖို့ အပြောင်းအလဲမှာပါဝင်ကြရမယ့်အချိန်လည်း ဖြစ်ပါတယ်။

ဖိုဝါဒကျိန်စာတွေသင့်နေတဲ့ အမျိုးသမီးတွေ ဖိနှိပ်မှုကနေလွှတ်မြောက်ဖို့၊ လိင်ကွဲပြားမှုအပေါ် အခြေမခံတဲ့ တန်းတူညီမျှအတွေးအခေါ်တွေနဲ့ သာယာတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် ပြဿနာရဲ့အမြစ်ဖြစ်တဲ့ ဖိုဝါဒကို အရင်ဆုံးတိုက်ထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုးတိုက်ထုတ်ဖို့ဆိုရင် ကိုယ်ကိုတိုင်ကရော ဖိုဝါဒရဲ့သားကောင်ဖြစ်နေတုန်းလား၊ ဒါမှမဟုတ် ဖိုဝါဒကို သက်ဆိုးရှည်စေဖို့ လက်ဆင့်ကမ်းပေးမိတဲ့ လက်တွေဖြစ်နေတုန်းပဲလား။

ဒါတွေကိုမေးခွန်းထုတ်ပြီး ပြုပြင်ပြောင်းလဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Author: