တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဒီဇင်ဘာလ ၂၈ ရက်ကနေ ဇန်နဝါရီလ ၃ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က စုစည်းဖော်ပြပေးလိုက်ပါတယ်။
၂၀၂၅ခုနှစ် ကုန်ခါနီးရက်ပိုင်းအလို၊ စစ်အုပ်စုက ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအပြီး နောက်ရက်မှာပဲ ရွေးကောက်ပွဲလုပ်ခွင့် မရတဲ့ ရခိုင်ပြည် တောင်ဘက်ခြမ်းက သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၊ လင်းသာရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးတွေ အပါအဝင် ဒေသခံတွေသေဆုံးခဲ့တဲ့သတင်းဟာ နှစ်သစ်ကူးကာလအတွင်း လူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေရတဲ့ သတင်းတွေထဲက တပုဒ်ပါ။
စစ်တပ်ရဲ့ သူရဲဘောကြောင်တဲ့ ဒီလိုစစ်ရာဇဝတ်မှုတွေကြောင့် အမျိုးသမီးနဲ့ကလေးသူငယ်တွေ၊ အရပ်သား သေဆုံး ထိခိုက် ဒဏ်ရာရရှိမှုတွေဟာ မြန်မာလူထုအဖို့ နေ့စဉ်နဲ့အမျှ မနက်ခင်းသတင်းလိုဖြစ်နေတာ နှစ်ကာလတာရှည်လာပြီဖြစ်ပါတယ်။ မြန်မာပြည်မှာ ဈေးအပေါဆုံးက လူ့အသက်တွေလို့တောင် မချိတင်ကဲ တင်စားရတာဟာ နှစ်ရှည်လများဖြစ်လာခဲ့ပါပြီ။
မြေပြင်သတင်းတွေကို လက်လှမ်းမီနိုင်ဖို့ အကန့်အသတ်အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတဲ့ကြားက သတင်းမီဒီယာတွေရဲ့ စာမျက်နှာတွေပေါ်မှာ နေ့စဉ်မြင်တွေ့နေရတဲ့ ဒီလိုသတင်းတွေဟာ မြန်မာပြည်ရဲ့ စစ်အာဏာရှင်ခေတ်သမိုင်းကို ထင်ဟပ် ပြသနေတာပဲဖြစ်ပါတယ်။
ဒီရက်သတ္တပတ်ထဲမှာ ရခိုင်ပြည်၊ သံတွဲ၊ စစ်ကိုင်းတိုင်း၊ မော်လူးဒေသနဲ့ ဝက်လက်ဒေသတွေမှာ စစ်အုပ်စုက လေကြောင်း ဗုံးကြဲတာ၊ စစ်ကိုင်းတိုင်း၊ ပုလဲနယ်က လူနေကျေးရွာကို မီးရှို့ပြီး အမျိုးသမီးတဦးကို မုဒိမ်းကျင့်တာ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုက ၂၀၂၅ခုနှစ်၊ စက်တင်ဘာလကတည်းက ဖမ်းဆီးသွားတဲ့ စိတ်ဝေဒနာရှင်အမျိုးသမီးတဦး ပြန်လည်လွတ်မြောက်လာချိန်မှာ ကိုယ်ဝန်လွယ်ထားရတာ၊ စစ်အာဏာသိမ်းကာလ ၅နှစ်တာအတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၂၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ ဒိုက်ဦး ထောင်မှာ ခရစ္စမတ် ဆုတောင်းတဲ့ နိုင်ငံရေးကျဉ်းသူတွေကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထားတယ် ဆိုတဲ့သတင်းတွေ အပါအဝင် လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြတဲ့ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့သတင်း ၁၆ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
– စစ်အုပ်စုဖမ်းဆီးခံရမှုမှ ပြန်လွတ်လာသူ စိတ်ဝေဒနာသည်အမျိုးသမီး ကိုယ်ဝန်သုံးလကျော်လွယ်ထားရလို့ဆို
– အာဏာသိမ်းကာလ ၅နှစ်တာအတွင်း စစ်အုပ်စု သတ်ဖြတ်၍ အမျိုးသမီး၂၀၀၀ခန့် ကျဆုံး
– ပုလဲနယ်မှ ကျေးရွာကို စစ်တပ်က မီးရှို့ပြီး အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်
– သံတွဲ ဗုံးကြဲခံရမှု ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၉ ဦးသေဆုံး
– စစ်တပ်က ပစ်လိုက်တဲ့ကျည် ထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး ငါးဦးကို ဓားစာခံအဖြစ်ဖမ်းခေါ်သွား
– လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရသွားတဲ့အမျိုးသမီး ရွေးကောက်ပွဲကြောင့် အချိန်မီ ဆေးကုသခွင့်မရ
– သထုံမြို့၌ မဲရုံထဲ ဖုန်းယူလာသည့် အမျိုးသမီး ၂ ဦး ဖမ်းဆီး အမှုဖွင့်ခံရ
– ဒိုက်ဦးထောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးကျဉ်းသူတွေကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထား
– ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းမယ်
– အကျဉ်းသူတွေအပါအဝင် အကျဉ်းသားစုစုပေါင်း ၁၁၀ ဦး NUG လွတ်/ငြိမ်းပေး
– ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရမှု ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရ
– ကမြောကင်းတံတား၌ ဒရုန်းဗုံးထိသည့် သားအမိတွင် မိခင်က ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်ဆဲ
– ထိုင်းစက်ရုံတစ်ခုမှ အမျိုးသမီးမြန်မာလုပ်သားတွေအပါအဝင် လုပ်သား ၁၆၀၀ အလုပ်ဖြုတ်
– ဝက်လက်မှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
– ရွေးကောက်ပွဲနေ့မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ
– အင်းတော်မှာ စာသင်ကျောင်းဗုံးကြဲခံရလို့ ကျောင်းသူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
စစ်အုပ်စုဖမ်းဆီးခံရမှုမှ ပြန်လွတ်လာသူ စိတ်ဝေဒနာသည်အမျိုးသမီး ကိုယ်ဝန်သုံးလကျော်လွယ်ထားရလို့ဆို
Source – KIC
ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုရဲ့ဖမ်းဆီးအဓမ္မပြုကျင့်ခံရသူ နောင်တပွဲရွာနေ စိတ်ဝေဒနာသည် အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ကိုယ်ဝန် ၁၃ ပတ် (သုံးလကျော်) လွယ်ထားရတယ် လို့ သူ့ကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ ပါဝင်တဲ့ စစ်ကြောင်းဟာ အင်းကြီးရွာမှ လန်းခိုဘိုင်း၊ နောင်ထပ္ပံ၊ မြပတိုင်ရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
နော်မူးကြိုင်ကြိုင်အမည်ရှိ အသက် (၂၇) နှစ်အရွယ် စိတ်မကျန်းမာသူအမျိုးသမီးအား စစ်အုပ်စုက အဲ့ဒီကတည်းက သူပြန် မလွတ်ခင် နိုဝင်ဘာလ(၂၃)ရက်အထိ ဖမ်းဆီးအဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း ကေအဲန်ယူရဲ့နယ်မြေဆေးတပ်ဖွဲ့ထံမှ သိရ ပါတယ်။
“မြပတိုင်ဘက်ကနေ ထီဖိုးစံဘက်ကိုလာတဲ့ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ဖြစ်နေတဲ့ရက်မှာ သူရွာက ပျောက်နေတာ၊ နိုဝင်ဘာ(၂၃)ရက်ကျတော့ စစ်တပ်ရှိနေတဲ့ဘက်ကနေ ပြန်လွတ်လာတယ်။ အခုလက်ရှိ သူ့ကိုယ်ဝန်က အခု(၁၃)ပတ်။ သိတာနည်းနည်းနောက်ကျသွားတယ်။ အခုမွေးဖွားဖို့ပဲဆက်စောင့်ရှောက်ရမယ်”လို့ သူ့ကို အနီးကပ် ကျန်းမာရေးစောင့်ရှောက်နေသူက ပြောပါတယ်။
အဓမ္မပြုကျင့်မှုကျူးလွန်ခံရသူမှာ လက်ရှိကိုယ်ဝန်ဆောင်ထားရတဲ့အချိန်မှာလည်း စိတ်ကျန်းမာရေးဆိုးရွားလာတဲ့အပြုအမူ မျိုးမကြာခဏဖြစ်ပေါ်လေ့ရှိတဲ့အတွက် နေအိမ်မှတခြားနေရာသို့ မသွားလာစေဖို့ မျက်ခြေမပြတ်ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း မိသားစုဝင်တွေနဲ့ ကျန်းမာရေးအဖွဲ့မှ သိရပါတယ်။
“သူက ငယ်ငယ်ထဲကစိတ်ကျန်းမာရေးချို့တဲ့တယ်။ သူ့အဖေဆုံးတာကိုစိတ်စွဲပြီးလျှောက်ရှာတာမျိုး ရွာတွေမှာလိုက်သွား နေတာ။ သူကို့ပြန်မေးတော့လည်း စစ်တပ်နဲ့နေခဲ့ရတယ်၊ စစ်တပ်ကသူ့ကို အဲဒီလို လုပ်တယ်လို့ပြောတယ်။ တစ်ခါတစ်ခါ ဆိုလည်း စိတ်ဖောက်ပြန်တာမျိုးရှိနေတော့ အခုအကုန်လုံးက သူ့ကိုစောင့်ကြည့်ပေးနေရတယ် “လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
အာဏာသိမ်းကာလ ၅နှစ်တာအတွင်း စစ်အုပ်စု သတ်ဖြတ်၍ အမျိုးသမီး၂၀၀၀ခန့် ကျဆုံး
Source – MPA
စစ်အာဏာသိမ်းကာလ ၅နှစ်တာအတွင်း စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး၂၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်း ထုတ်ပြန်ပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန်မှာ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၃၁ရက်အထိ စစ်အုပ်စုရဲ့သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၉၈၆ဦး သေဆုံးခဲ့ကြောင်း အမည်နဲ့တကွ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒီထဲမှာ စစ်အုပ်စု ဖမ်းဆီးခံရပြီးနောက် နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်ခံရသူ အမျိုးသမီး ၁၇၃ဦးပါဝင်ကြောင်း သိရပါတယ်။
“ကျမတို့ ဆွေမျိုးအရင်းထဲမှာ သန်းရွှေ စစ်အစိုးရလက်ထက်က ထောင်ထဲရောက်ခဲ့တဲ့ အမျိုးသမီး တွေရှိတယ်။အဲဒီတုန်းက ထောင်ထဲမှာ အသတ်ခံရမှာတို့ သေမှာတို့ မပူခဲ့ရဘူး။အခု ကျမတူမ နိုင်ငံ ရေးနဲ့ ထောင်ကျတော့ ထောင်ထဲမှာ ဘယ်နေ့ တစ်ခုခုဖြစ်မလဲဆိုတာ အမြဲပူနေရတယ်။ဒီနေ့ခေတ် ထောင်ဆိုတာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်ကိုတောင် အာမခံချက် မပေးနိုင်ဘူးလို့ ခံစားမိတယ်”လို့ ရန်ကုန်မြို့နေ အသက်၄၈နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အမျိုးသမီးတွေ သေဆုံးရတာက လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့သတ်ဖြတ် ခံရမှု၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ပြီးနောက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ် စက်မှုနဲ့ ထောင်တွင်းကျန်းမာရေး ပြဿနာတို့ကြောင့်ဖြစ်ပြီး အမျိုးသမီးသေဆုံးမှုရဲ့ ၇၅ရာခိုင်နှုန်း ခန့်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတို့ကြောင့် ဖြစ်ကြောင်း AAPP ကထုတ်ပြန်ထားပါတယ်။
သေဆုံးအမျိုးသမီး ၁၉၈၆ ဦးထဲတွင် အသက်၁၈နှစ်အောက်ကလေး ၃၇၃ဦး ပါဝင်ပြီး အသက်၆၅နှစ် အထက် သက်ကြီး ရွယ်အိုတွေလည်း ပါဝင်ပါတယ်။
အမျိုးသမီးများ သေဆုံးမှုမှာ စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ပြီး ၆၅၄ဦးရှိကြောင်း AAPPက ဆိုပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၅နှစ်ကုန်အထိ အမျိုးသမီး ၆၂၂၂ဦး နိုင်ငံရေးအရ စစ်အုပ်စု ဖမ်းဆီးတာခံခဲ့ရပါတယ်။
ပုလဲနယ်မှ ကျေးရွာကို စစ်တပ်က မီးရှို့ပြီး အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်
Source – DVB
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာကို စစ်တပ်က ဒီဇင်ဘာ ၂၉ ရက် မနက်အစောပိုင်း ၁ နာရီက ရွာမီးရှို့ပြီး ဒေသခံအမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဒီစစ်ကြောင်းဟာ ပုလဲမြို့တွင်း အထိုင်တပ်စွဲနေတဲ့ စစ်သားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်တောင်းကြီးရွာသားတယောက်က “ပုလဲမြို့ကနေ ရိက္ခာလာလုတဲ့ စစ်ကြောင်းပါဗျ။ သူတို့ ၂၈ ရက်နေ့ ညနေခင်းပိုင်း မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကျနော်တို့ရွာအနီးမှာ တိုက်ပွဲဖြစ်သေးတယ်။ အဲလို တိုက်ပွဲဖြစ်ပြီး မနက်ခင်း ၁ နာရီနီးပါး မှာ ရွာကို မီးနဲ့ရှို့သွားတယ်။ အမျိုးသမီးတဦးကိုလည်း အဓမ္မပြုကျင့်သွားတယ်။ ကျည်ခွံကောက်တဲ့ အမျိုးသားတဦးကို လည်း လက်နှက်ဖက်လုံး ခုတ်ဖြတ်တာတွေ လုပ်သွားကြသေးတယ်။ ရွာက အိမ် ၃၀ နီးပါး မီးလောင်ခဲ့တယ်”လို့ ပြောပါ တယ်။
ဒီစစ်ကြောင်းဟာ လက်တောင်းကြီးရွာကို မီးရှို့ပြီး ရိက္ခာတွေလုယူကာ ပုလဲမြို့အတွင်း ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း သိရပါတယ်။
ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက အသက် ၃၀ ကျော်အရွယ်ဗျ။ ကူညီ ဆောင်ရွက်တာတွေ ပြုလုပ်ပေးထားပါတယ်။ လက်အဖြတ်ခံရတဲ့ အမျိုးသားလည်း ဆေးကုသမှု ပေးထားပါတယ်။ လူစိတ်မရှိတဲ့ စစ်(-)တွေပါ။ အခုရာသီက ဒေသခံ တောင်သူတွေရဲ့ စပါးနဲ့ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းတဲ့ကာလဆို တော့ ပြည်သူတွေရဲ့ စပါးနဲ့ ရိက္ခာ လုယူတာတွေ လုပ်နေကြတာ။ မင်းတိုင်ပင် အထိုင်စစ်ကြောင်းကလည်း အနီးဝန်းကျင် ရွာတွေက ရိက္ခာတွေ လုသလို ဇီးဖြူကုန်းအထိုင် ပျူစခန်းကလည်း ရိက္ခာလုယူတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ကလည်း ပုလဲမြို့ပေါ် အထိုင်ချ စစ်တပ်က ထပ်မံရိက္ခာလုယူဖို့ စစ်ကြောင်းလှုပ်ရှားမှု ပြုလုပ်နေပြီး ဒေသခံ တောင်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေတယ်လို့လည်း သိရပါတယ်။
သံတွဲ ဗုံးကြဲခံရမှု ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၉ ဦးသေဆုံး
Source – ဧရာဝတီ
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၉ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ သံတွဲမြို့နယ်၊ ငပလီ၊လင်းသာရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော် (AA)က ၂၀၂၄ စက်တင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၃ မှာ သံတွဲမြို့ကို ထည့်သွင်းကျင်းပမယ်လို့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကြေညာထားပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့ မှာ ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။
အင်းတော်မှာ စာသင်ကျောင်းဗုံးကြဲခံရလို့ ကျောင်းသူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Source – ဖက်ဒရယ် FM
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပဲခူးကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw Revoluation-IR ရဲ့ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။
ဒီကနေ့၊ မနက် ၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“ဗုံးအားကတော့ တော်တော်ပြင်းတယ်။ ပေါင် ၃၀၀ လား၊ ပေါင် ၅၀၀ လားတော့ မပြောတတ်ဘူး။ ကျောင်းသူတစ်ယောက် သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ သူတို့က တစ်ခြားရွာက ကျောင်းသူတွေပေါ့။ သူတို့က ပဲခူးရွာမှာ အဆောင်လာနေ ရင်းနဲ့ ကျောင်းတက်တာ”လို့ သူက ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် Grade – 12 အတန်းတက်ရောက်နေတဲ့ တောင်ဖီလာကျေးရွာနေ ကျောင်းသူတစ်ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က ပဲခူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့တိုက်ခိုက်ခဲ့တာလို့ Indaw Revoluation-IR ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာလည်း မော်လူးမြို့ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
စစ်တပ်က ပစ်လိုက်တဲ့ကျည် ထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး ငါးဦးကို ဓားစာခံအဖြစ်ဖမ်းခေါ်သွား
Source – Myanmar Now
အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့ပေါ်မှ ထွက်လာတဲ့ စစ်ကြောင်းဟာ လမ်းခရီးမှာ တွေ့တဲ့ ဒေသခံအမျိုးသမီး ငါးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် မုံရွာမြို့ပေါ်မှာ စစ်ကော်မရှင်ရွေးကောက်ပွဲလုပ်နေစဉ် မြောက်ဘက် မိုင် ၂၀ ကျော်အကွာ ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲနေ့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပို့လာတဲ့ စစ်ကူတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမယ့် စစ်တပ်က အင်အားထပ်ဖြည့်ကာ ရှေ့ဆက်တိုးလာကြောင်း တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။
နမခမှ ထွက်လာတဲ့ စစ်ကြောင်းဟာ လမ်းခရီးမှာတွေ့ရတဲ့ဒေသခံအမျိုးသမီး ငါးဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်သွားခဲ့ သလို စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးထိမှန်တာကြောင့် ထနောင်းကုန်းရွာမှ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
နမခ အခြေစိုက်ရာ မုံရွာမြို့ပေါ်မှာ ရွေးကောက်ပွဲလုပ်နေစဉ် ဘုတလင်မြို့ပေါ်စစ်တပ်အခြေစိုက်နေရာတွေ တိုက်ခိုက်ခံရ တဲ့အတွက် စစ်တပ်မှ လေကြောင်းနဲ့ စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်သေဆုံး တာတွေရှိခဲ့ပါတယ်။
ဘုတလင်မြို့ပေါ်တိုက်ပွဲအတွင်း စစ်တပ်အခြေစိုက်နေရာအချို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်း အခက်အခဲကြောင့် ပြန်ဆုတ်ခွာခဲ့ရကြောင်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရသွားတဲ့အမျိုးသမီး ရွေးကောက်ပွဲကြောင့် အချိန်မီ ဆေးကုသခွင့်မရ
Source – Dawei Watch
လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာထဲ စစ်တပ်ရဲ့လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပေမယ့် ရွေးကောက်ပွဲရှိနေတဲ့အတွက် နေ့ခင်းအချိန်ထိ ဆေးကုသခွင့်မရသေးဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်မှ ရွေးကောက်ပွဲအပိုင်း ၁ အဖြစ် ထားဝယ်မြို့နယ်မှာ ကျင်းပနေချိန် မြို့ပေါ်မှာ ပေါက်ကွဲမှု အချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ထားဝယ်မြို့ပတ်ပတ်လည်ကို နံနက် ၇ နာရီခွဲ အချိန်ခန့်မှစလို့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရပါတယ်။
စစ်တပ်က ထားဝယ်မြို့အဝင်အထွက်ဂိတ်များအားလုံးပိတ်ပြီး ရွေးကောက်ပွဲ ကျင်းပနေတာကြောင့် လက်နက်ကြီးကျည်စ ထိမှန်တဲ့ အမျိုးသမီးမှာ နေ့လယ်ပိုင်းထိ မြို့ပေါ်တက်ဆေးကုသခွင့်မရခဲ့တာ ဖြစ်ပါတယ်။
ထားဝယ်မြို့ အပြင်ဘက်ရှိ လောင်းလုံးမြို့နယ်မြောင်ပိုင်းနဲ့ တောင်ဘက်ပိုင်းတို့ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တာလို့ မြိုခံတချို့က ဆိုပါတယ်။
သထုံမြို့၌ မဲရုံထဲ ဖုန်းယူလာသည့် အမျိုးသမီး ၂ ဦး ဖမ်းဆီး အမှုဖွင့်ခံရ
Source – DVB
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက်က မဲသွားပေးရင်း ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲ့ဒီနေ့ မနက်ပိုင်းက မရမ်းကုန်းကျေးရွာ ဂျိုးဖြူကုန်း မူလွန်ကျောင်းထဲမှာ မဲပေးနေစဉ် ဖုန်းလာလို့ ထုတ်ကိုင်တဲ့ အမျိုးသမီးနဲ့ အဖော်ဖြစ်သူကို မဲရုံဗီဒီယို ရိုက်ကူးတယ်လို့ စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးလိုက်တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှူးက မဲပေးဖို့ လိုက်အော်နေလို့ အိမ်ကနေ အမြန်သွားပြီး မဲပေးတာ မဲရုံထဲ ဖုန်းပါသွားတယ်။ မဲရုံထဲရောက်တော့ ဖုန်းလာလို့ ထုတ်ကိုင်တာကို စစ်တပ်နဲ့ရဲက သူတို့ကို ဗီဒီယိုရိုက်တယ်ဆိုပြီး ဖမ်းတာ၊ အခု သထုံ ရဲစခန်းမှာ ရွေးကောက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်”
ဖမ်းဆီးခံရသူအမျိုးသမီး ၂ ယောက်က မရမ်းကုန်းကျေးရွာနေ မခင်မိုးလှိုင်နဲ့ မခင်မာဝေတို့ဖြစ်ပြီး သထုံမြို့မရဲစခန်းက ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၄(က) နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
“သာမန်ပြည်သူကတော့ မဲရုံထဲကို ဖုန်းမယူရဘူးဆိုတဲ့ သတ်မှတ်ချက်ကို သိမှမသိတာ။ မဲပေးရ မယ်ဆိုတာတောင် ဖိအားတွေကြောင့် ပေးရတာရှိတယ်။ ခွင့်လွှတ်လို့ရတဲ့ကိစ္စတွေကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်တာတော့ မကောင်းဘူးပေါ့။”
သထုံမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၆ အုပ်စုနဲ့ ကျေးရွာပေါင်း ၁၇၅ ရွာရှိပြီး မဲရုံ စုစုပေါင်း ၈၀ ရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၁၄၆,၆၂၂ ယောက် ရှိပါတယ်။
ဒိုက်ဦးထောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးကျဉ်းသူတွေကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထား
Source – KIC
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ခရစ္စမတ်နေ့၌ ဆုတောင်းဝတ်ပြုနေတဲ့ နိုင်ငံရေး အကျဉ်းသူတွေကို ထောင်အာဏာ ပိုင်တွေက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေ တဲ့အဖွဲ့အစည်း (၄) ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)မှာ ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီးဆောင်အတွင်း အကျဉ်းသူတွေ ခရစ္စမတ် ဆုတောင်းနေစဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင်၊ အမျိုးသမီး ၃ ပွင့်အဆင့်ရှိ ဇင်မာကြည်အောင်နဲ့ အကျဉ်းသားတွေဖြစ်တဲ့ နိုင်ဖြိုးဝေ(ခ)နိုင်ကြီးတို့ ပါဝင်တဲ့လူတစ်စုက ဝင်ရောက်ရိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက“ထောင်ထဲမှာ ပါဆယ်နဲ့ ဆေးဝါး အခက်အခဲတွေ ရာသီဥတုကြောင့် နွေးထွေးစွာ မနေရတဲ့အပြင် အခုလိုမျိုး ဖိနှိပ်မှုတွေ ဆိုးဆိုးဝါးဝါး ကြုံနေရတဲ့အချိန် ဖြစ်တယ်။ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ/သား တစ်ဦးချင်းစီက အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ ဖိနှိပ်မှု ညှင်းပန်းနှိပ်စက်မှု ကင်းလွတ်ခွင့်စတာတွေက ရရှိသင့်တယ်။ လက်ရှိမှာ အကျဉ်းထောင်တွင်း အခြေအနေကတော့ ဒီအခွင့်အရေးတွေ အားလုံးချိုးဖောက်ခံရတာဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်”လို့ ပြောပါတယ်။
အခုလိုရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး(၁၁) ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အပြင် သူတို့ထဲမှ ၁၅ ဦး ကို တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံထားတာဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
ထုတ်ပြန်ချက်မှာ အမျိုးသမီးဆောင်အတွင်းသို့ ဒုထောင်ပိုင် ဟိန်းဇင်အောင်ဆိုသူက အမျိုးသားရာဇဝတ်အကျဉ်းသားတွေ ကို ခေါ်ဆောင်ကာ မကြာခဏ ဝင်ရောက်လေ့ရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ကို သိုက်ထွန်းဦးက ထည့်သွင်းပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းမယ်
Source – BBC
စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုတစ်ခုကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး အိဗ်ကူးပါးက ဦးဆောင်နေတယ်လို့ ဗြိတိန်အခြေစိုက် အွန်လိုင်းသတင်းဌာန The Independent က ဖော်ပြပါ တယ်။
ရွေးကောက်ပွဲမတိုင်မီတစ်ရက်အလို ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးရုံး(FCDO)က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။
မြန်မာမှာ လက်ရှိကျင်းပတဲ့ ရွေးကောက်ပွဲဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ပါတီလို စစ်တပ်ကို အတိုက်အခံလုပ်တဲ့ ပါတီတွေ ပါဝင်ခွင့်မပေးထားဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
FCDO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ”ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရမှုကို ဆက်လက်ရှုတ်ချသွား မယ်။ စစ်အစိုးရက သူနဲ့ မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရမယ်” လို့ The Independent သတင်းဌာနကို ဖြေပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ ဗြိတိန်တာဝန်ယူထားတဲ့အခန်းကဏ္ဍအရလည်း မြန်မာနိုင်ငံအပေါ် အာရုံစိုက်သွားမယ်လို့ သူက ဖြည့်စွက်ပြောတဲ့အကြောင်း သတင်းက ဆိုပါတယ်။
အကျဉ်းသူတွေအပါအဝင် အကျဉ်းသားစုစုပေါင်း ၁၁၀ ဦး NUG လွတ်/ငြိမ်းပေး
Source – ဧရာဝတီ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်း သား/သူ ၁၁၀ ဦးအား စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
လူသားချင်းစာနာထောက်ထားမှုအနေနဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူတွေကိုလည်း သူတို့ကျခံနေရတဲ့ပြစ်ဒဏ်ရဲ့သုံးပုံတပုံ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
လွတ်ငြိမ်းသက်သာခွင့်အား နွေဦးတော်လှန်ရေး အကျိုးစီးပွားအား ရှေးရှုကာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘယ်လိုဥပဒေပုဒ်မ တွေနဲ့ ကျခံနေရသူတွေဖြစ်တာကို ထုတ်ဖော်ကြေညာတာ မရှိပါ။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးမှာလည်း အကျဉ်းသား/သူ ၁၆၉ ဦးအား NUG က လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်ပေးခဲ့ပြီး ကျန်အကျဉ်းသား/သူတွေရဲ့ ပြစ်ဒဏ်သုံးပုံတပုံသက်သာခွင့် ပြုခဲ့ပါသေးတယ်။
ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရမှု ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရ
Source – Dawei Watch
ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် ခံရမှုမှာ ကျောင်းသူနှစ်ဦးအပါဝင် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒဏ်ရာရရှိသူ မိသားစုဝင်တွေထံမှ စုံစမ်းသိရှိရပါ တယ်။
ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာလ ၃၁ရက် နံနက် ၁၁ နာရီ ဝန်းကျင်မှာ တစ်ကြိမ်နဲ့ ၁၂ နာရီဝန်းကျင်မှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။
“ကျောင်းသူနှစ်ယောက်က ၄ တန်း ၅ တန်းလောက်ရှိမယ်။ နှစ်ယောက်စလုံးကျောင်းယူနီဖောင်းနဲ့။ ဒဏ်ရာများတယ်။ ကျောင်းသူ တစ်ယောက်က ဝမ်းဗိုက်နဲ့ ခြေလက်တွေ ထိထားတယ်။ သွေးထွက်များနေတယ်။ နောက်ထပ်အမျိုးသမီး သုံးယောက်က ခြေထောက်တွေထိထားတယ်”လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို လက်ရှိထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ကုသနေကြောင်း သိရှိရပါတယ်။ ဒီတိုက်ခိုက်မှုပြီးနောက် စစ်တပ်က ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ဖြတ်သန်းခွင့်ကို ပိတ်လိုက်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပြန်လည်ဖွင့် လှစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ထိုင်းစက်ရုံတစ်ခုမှ အမျိုးသမီးမြန်မာလုပ်သားတွေအပါအဝင် လုပ်သား ၁၆၀၀ အလုပ်ဖြုတ်
Source – ဧရာဝတီ
ထိုင်းနိုင်ငံ၊ ဖစ်ခ်ျဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၆၀၀ ဦးကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဒီဇင်ဘာ၂၉ ရက် နံနက်ပိုင်းက အလုပ်ဖြုတ်လိုက်ကြောင်း အလုပ်သမားတွေထံမှ သိရ ပါတယ်။
ဒီ Cal-Comp Electronics (Thailand) Public Company Limited စက်ရုံရှိ မြန်မာအလုပ်သမားတွေကို ဒီဇင်ဘာ ၂၉ ရက်အထိ လုပ်အားခနဲ့ ရသင့်တဲ့ နစ်နာကြေးပေးလို့ ဒီဇင်ဘာ ၃၀ ရက်မှစကာ အလုပ်မှ ရပ်နားကြောင်း ကြေညာခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ထိုင်းဥပဒေအရ လုပ်သက် တနှစ်နဲ့ ၃ နှစ်ကြား လုပ်သက်ရှိသူတွေကို တစ်ဦးကို နစ်နာကြေး ၅၄၀၀၀ ဘတ်၊ လုပ်သက် တနှစ်အောက် တစ်ဦးလျှင် နစ်နာကြေး ၂၇၀၀၀ ဘတ်ခန့် အသီးသီးပေးအပ်ခဲ့ပြီး လက်ရှိကာလမှာ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးနေတာကြောင့် အလုပ်လက်မဲ့ဖြစ်မှာကို စိုးရိမ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
အလုပ်ဖြုတ်ခံရတဲ့ အမျိုးသမီးတဦးက “စိတ်ဒုက္ခပေးနိုင်ဆုံး အလုပ်ရုံကြီး၊ ခေါ်လိုက်ဖြုတ်လိုက်နဲ့ အလုပ်သမားတွေ ရဲ့ တစိတ်တပိုင်း ရည်မှန်း ချက်တွေကို ရိုက်ချိုးလိုက်သလိုပဲ”လို့ ပြောပါတယ်။
Cal- Comp Electronics စက်ရုံမှာ လုပ်ငန်းခွင်လိုအပ်ချက်အရဆိုကာ လုပ်အားလျှော့တဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း အလုပ်သမား ၁၄၀၀ ကျော်အား အလုပ်မှထုတ်ပယ်ခဲ့ပြီး ၃ လ အကြာမှာ ထပ်မံဖြုတ်ခဲ့ တာဖြစ်ပါတယ်။
ဝက်လက်မှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
Source – DVB
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသမီး ၂ ယောက်သေဆုံးပြီး အမျိုးသားတစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီလိန်ပင်ကျေးရွာအနီးကို မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက် ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ဆိုပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ရှိသူ ကိုနဂါးလေးက “လိန်ပင်ကျေးရွာနဲ့ အနောက်ဖျားမှာရှိတဲ့ အိမ်တွေ ပေါ်ကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူ ပစ်မှတ်ထား ပြီးတော့ ဗုံးတွေလည်း ကြဲချသွားသလို စက်လတ်တွေနဲ့ပါ ပစ်သွားခဲ့တာပါ။ အဲဒါကြောင့် မိသားစုဝင် အမျိုးသမီး ၂ ယောက် သေဆုံးပြီးတော့ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသားတယောက်တို့ ဒဏ်ရာရရှိကြတယ်လို့ပဲ သိရပါ သေးတယ်။ သေဆုံး သွားသူတွေရဲ့ အချက်အလက်တွေကိုတော့ နာမည်တွေနဲ့ အသက်အရွယ်တွေကတော့ စုံစမ်းနေ ဆဲပါ” လို့ ပြောပါတယ်။
စစ်တပ်ဟာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လာနေလို့ ပြည်သူတွေ အနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ပြီး သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲနေ့မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ
Source – မြေလတ်အသံ
ရွေးကောက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းထဲကို ရှော့တိုက်ဒုံးပစ်ခတ်ခံရပြီး ၃ လုံးက ကျုံးထဲကျကာ ၁ လုံးက ရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရှော့တိုက်ဒုံး ၁ လုံးကျရောက်ခဲ့တဲ့ အောင်မြေသာစံမြို့နယ်၊ အမက ဌာနီအရှေ့ရပ်ကွက်၊ ၈၀ လမ်း၊ ၅ လမ်းမှာ မောင်ဖြိုး ကိုကို အသက် ၃၂ နှစ်နဲ့ မထားထားဦး အသက် ၃၈ နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး မထားထားဦးကတော့ ဘယ်ခြေကျင်း ဝတ်ပြတ်ဒဏ်ရာရခဲ့ကာ နန်းတွင်းထဲကထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မနက်ပိုင်း ၁ နာရီဝန်းကျင်မှာ မြို့တွင်းမှာ ပေါက်ကွဲသံတွေဆက်တိုက်ကြားပြီးနောက်မှာ လက်နက်ကြီးပစ်ခတ်သံတွေပါ ဆက်ကြားခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကတော့ ဒီမနက်စစ်ကော်မရှင်ထောက်ခံ မီဒီယာတွေနဲ့တွေ့ဆုံ စဉ်မှာ “စစ်ကိုင်းဘက်က လုပ်တာပေါ့နော်။ ရှော့တိုက်ဒုံး ၄ လုံးမှာ ၃ လုံးက ကျုံးထဲကျတော့ အထိခိုက်မရှိဘူး။ ၁ လုံးကတော့ အထဲမှာ ကျတဲ့အတွက် ၂ ယောက်ထိတယ်”လို့ အတည်ပြုထားပါတယ်။
ကမြောကင်းတံတား၌ ဒရုန်းဗုံးထိသည့် သားအမိတွင် မိခင်က ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်ဆဲ
Source – Dawei Watch
ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး ၎င်း၏သမီးဖြစ်သူမှာလည်း ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားရကြောင်း ဆွေမျိုးနီးစပ်သူများ ထံမှသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် ခရီးသွားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
သာယာကုန်းကျေးရွာသူ မမိလတ်နှင့် သမီးဖြစ်သူ ပထမတန်းကျောင်းသူတစ်ဦး၊ ဒုတိယတန်းကျောင်းသူတစ်ဦး၊ မင်းရပ်တလိုင်းမော်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး စုစုပေါင်းငါးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပထမအကြိမ် ဒရုန်းဗုံး တိုက်ခိုက်ပြီးနောက် တံတားပြန်လည်ဖွင့်လှစ်ချိန်တွင် မမိလတ်မှာ ထားဝယ်မြို့ အိုးလုပ်ပြင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ၎င်း၏သမီး နှစ်ဦးကို ကျောင်းသွားကြိုခဲ့ကြောင်းသိရသည်။
ယင်းနောက် သားအမိသုံးဦး ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ နေအိမ်သို့ပြန်ရန် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ဖြတ်ချိန် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သည့် ဒရုန်းဗုံးစများထိမှန်ခဲ့ကြောင်း၊ နောက်ထပ် ခရီးသွားအမျိုးသမီးညီအစ်မ နှစ်ဦးလည်း ထိမှန် ဒဏ်ရာရရှိကြောင်း ၎င်းတို့၏ မိသားစုများထံမှသိရသည်။
ဒရုန်းဗုံးစထိမှန်ခြင်းကြောင်း မမိလတ် ၏ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၎င်း သမီးကြီး ဖြစ်သူ မှာ ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန်ရရှိကာ သမီးငယ်မှာမူ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးကပြောသည်။
“ခြေထောက်ဖြတ်ရမယ့် အခြေအနေလို့ ပြောတယ်၊ မနေ့ကအထိတော့ မဖြတ်ရသေးဘူး၊ သမီးကြီးဖြစ်သူ ဒုတိယတန်းကျောင်းသူ လေးကတော့ ဗိုက်မှာ ထိပြီး ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားပြီးပြီပြောတယ်၊ သမီးငယ်ကတော့ ဆေးရုံကဆင်းပြီ ၊အမေ နဲ့ သမီးကြီး နှစ်ယောက်ကျန်တယ်”ဟု ၎င်းကပြောသည်။
နောက်ထပ် ဒရုန်းဗုံးအစထိမှန်သည့် လောင်းလုံးမြို့နယ် မင်းရပ်တလိုင်းမော် ကျေးရွာနေ အသက် ၄၀ ဝန်းကျင်အရွယ် ညီအစ်မ နှစ်ဦးမှာလည်း နှစ်ယောက်စလုံး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
ယင်းတံတားကို ဒရုန်းဖြင့် ဗုံးချခဲ့သည့် အဖွဲ့ကိုမူ မသိရှိရသေးပေ။
ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ည တိုက်ခိုက်မှုမှာလည်း တံတား ဧရိယာဝန်းကျင်တွင်နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး၏ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ယနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
ကမြောကင်းတံတားသည် လောင်းလုံးမြို့နယ် ၊ ရေ ဖြူမြို့နယ်တို့မှ ဒေသခံများ ထားဝယ်မြို့သို့ သွားလာရာတွင်အသုံးပြုသည့် အဓိကဆက်သွယ်ရေးလမ်းဖြစ်ပြီး ဒေသခံခရီးသွားများ နေစဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အသွားအလာမပြတ်ကြောင်း မြို့ခံတို့ကပြောသည်။











