တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

‌‌ဒေဝီ စုစည်းတင်ဆက်သည်။

နိုဝင်ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ် အမျိုးသမီးသတင်းတွေထဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတခုကတော့ မင်းကင်းဆေးရုံအုပ် CDM ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ပလဖ အဖွဲ့တခုက ဖမ်းဆီးတဲ့ သတင်းပဲဖြစ်ပါတယ်။

CDM ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) စစ်ဆေးမေးမြန်းဖို့ဆိုပြီး သူနေထိုင်ရာ ဆေးခန်းကနေ လာရောက်ခေါ်ဆောင်ရာမှာ ရဲမေပါဝင်ခြင်းမရှိဘဲ အတင်းအကြပ် ဆွဲလွဲဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရတဲ့ ဖမ်းဆီးမှုရုပ်သံမှတ်တမ်း ပေါ်ထွက်လာပြီးတဲ့နောက် လူထုကြားမှာ ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ ပအဖ(ပြည်သူ့အုပ်ချုပ်ရေး) အဖြစ်တာဝန်ယူစဉ်က လက်နက်နဲ့ငွေကြေးပြန်မအပ်လို့ အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ ဖော်ပြထားပေမယ့် အာဏာရှင်စနစ်ကိုလက်မခံနိုင်လို့ တော်လှန်နေတဲ့ တော်လှန်ရေးနယ်ပယ်က အဖွဲ့အစည်းတခုအနေနဲ့ အမျိုးသမီးတဦးကို လူ့ဂုဏ်သိက္ခာမဲ့စွာ ဖမ်းဆီးတာဖြစ်တဲ့အတွက် လက်မခံနိုင်ဖွယ် လုပ်ရပ်လို့ဆိုကြသလို၊ လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့တွေ ဖမ်းဆီးခြင်းခံထားရတဲ့ အခြားသော CDM ဝန်ထမ်းတွေရဲ့ အခြေအနေတွေကိုလည်း ဝိုင်းဝန်းထောက်ပြကြတာကိုတွေ့ရပါတယ်။

ဒီသတင်းအပြင် ၅၀၅-က အတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ခံဝန်နဲ့ လျှော့ပေါ့ပေးပြီး၊ စစ်အုပ်စုရဲ့ မတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံနိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွတ်ပေးတဲ့အတွက် မျှော်လင့်နေတဲ့မိသားစုတွေအဖို့ ဝမ်းသာဖွယ်သတင်းတခုဖြစ်သလို၊ ပြန်လည်လွတ်မြောက်သူအချို့ကို ထောင်အပြင် မရောက်ခင်မှာပဲ အခြားအမှုတခုနဲ့ ဖမ်းဆီးတာ၊ အိမ်ပြန်ရောက်သွားကြသူတွေကို ညတွင်းချင်းပြန်လည်ဖမ်းဆီးတာ၊ နောက်တရက်မှာပဲ ခံဝန်ထိုးဖို့ခေါ်ပြီးပြန်လည်ဖမ်းဆီးတာ စတဲ့ဖြစ်ရပ်တွေကလည်း စိတ်မကောင်းဖြစ်ဖွယ် မြင်တွေ့ရတဲ့သတင်းတွေပါ။

မြင်းခြံထောင်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ဘားအံကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင်ဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ ညပိုင်းမှာ မန္တလေးမြို့ အောင်ပင်လယ် နယ်မြေရဲစခန်းက ခံဝန်ထိုးဖို့ခေါ်တာကြောင့် နောက်တရက်ရဲစခန်းသွားရာကနေ အကြမ်းဖက်မှုနဲ့ ပြန်လည်ဖမ်းဆီးလိုက်တာ ကလည်းစစ်အုပ်စုရဲ့ ကောက်ကျစ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတခု အဖြစ်ရှုမြင်သလို ဒီသတင်းတွေအပြင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်း ၉ ပုဒ်ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

မင်းကင်းဆေးရုံအုပ် CDM ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို ပလဖ ဖမ်းဆီး

Source- DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံကနေ CDM ပြုလုပ်ထားပြီး စစ်ရှောင်တွေနဲ့ ဒေသခံတွေကို ဆေးကုသ ပေးနေတဲ့ ဆေးရုံအုပ် ဒေါက်တာဒေါ်ခင်သူသူလွင်ကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သင်တောရွာက ‌ဆေးခန်းမှာ ဝင်ရောက်ပြီး လက်ထိတ်ခတ် အတင်းအကျပ် ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို စစ်ဆေးမေးမြန်းစရာရှိလို့ဆိုကာ အတင်းအဓမ္မဖမ်းခေါ် သွားခြင်းဖြစ်ပြီး ဘယ်နေရာကို ခေါ်ဆောင်သွားမှန်းမသိသလို၊ မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖုန်းဆက်သွယ်ပေမဲ့ ဖုန်းလိုင်းတွေ မရတာကြောင့် ဆက်သွယ်မေးမြန်းခွင့် မရခဲ့ဘူးလို့ ဒေသခံတွေကဆိုတယ်။

CDM ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ထွက်ကာ ကျန်းမာရေးလုပ်ငန်းတွေကိုသာ ဆက်လက်လုပ်ကိုင်နေတာဖြစ်သလို မင်းကင်းဒေသမှာ နယ်လှည့်ပြီး ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာ၊ စာသင်ကျောင်းတွေက Grate 12 အောင် ကျောင်းသားတွေကိုလည်း ပညာသင်ကြားနိုင်ဖို့ ဆက်ကူညီပေးတာတွေရှိပြီး ဆေးသင်တန်းတက်လိုတဲ့ ကလေးတွေကိုလည်း သင်ကြားပေးနေသူဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ CDM ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို လက်နက်နဲ့ငွေကြေးပြန်မအပ်လို့ အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးတာဖြစ်ပြီး အမျိုးသမီးရဲမေ မထည့်ပေးနိုင်တာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပြည်သူတွေ စိတ်မချမ်းမြှေ့ရတဲ့အပေါ် တောင်းပန်တယ်လို့ ထုတ်ပြန်ပါတယ်။

မင်းကင်းမြို့နယ်မှာ CDM ကျောင်းဆရာမ၊ CDM မီးသတ်ဝန်ထမ်း၊ ကျန်းမာရေး CDM နဲ့ အခွန်ဘဏ္ဍာက ဒုဦးစီး CDM တို့လည်း ပြီးခဲ့တဲ့နှစ်တွေက ပလဖ က ဖမ်းဆီးခဲ့ဖူးပါတယ်။

မဲဆောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး

Source- သံလွင်ခက်

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ နိုဝင်ဘာလ ၃၀ ရက် ည ပိုင်းက ဟိုက်ယက်ကုန်တိုက်အနီးလမ်းဆုံမှာ မဲဆောက်မြို့ရှိ ရေမြောင်းများပြင်ဆင်တဲ့ လုပ်ငန်းခွင်တွင် နေ့စားလုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ မြန်မာအမျိုးသမီးတဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသမီးမှာ ပဲခူးတိုင်း၊ ကညွှတ်ကွင်းဒေသဇာတိက အသက် ၄၄ နှစ်အရွယ် မဥမ္မာဖြစ်ပြီး မဲဆောက်မြို့ ဘမ့်ဆောင်ခွဲရပ်ကွက်၊ လိုတပ်ကုန်တိုက်အကြီးနောက်ဘက်ပိုင်းတွင်နေထိုင်ကာ နေ့စားအလုပ်များလုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။

အဆိုပါ ယာဉ်တိုက်ခံရမှုဖြစ်စဉ်တွင် မီးပွိုင့်အကျော်တွင် မဥမ္မာစီးလာသော စက်ဘီးနဲ့ ယာဉ်ကြောတစ်ခုတည်းတွင် အသက်ငါးဆယ်ကျော်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာတဲ့ မော်တော်ယာဉ်က ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု

Source- DVB

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ကရင်နီပြည်နယ်တွင်းနဲ့ ထိုင်း-ကရင်နီ နယ်စပ်တို့မှာ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO က နိုဝင်ဘာ ၂၅ ရက်ကစပြီး ပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဒီးမော့ဆို၊ ရှားတော၊ ဖရူဆို၊ မယ်စဲ့နဲ့ ထိုင်း-ကရင်နီနယ်စပ် ဘန့်မိုင်နန်းဆွယ် ဒုက္ခသည်စခန်းတို့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်တာတွေကို တားဆီးအဆုံးသတ်ဖို့ အသိပညာမျှဝေနေတာဖြစ်ပါတယ်။

ဒါ့အပြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအဖြစ် မြန်မာ ရွှေ့ပြောင်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မဲဆောက်အိမ်အဖွဲ့က ဦးစီးပြီး နိုဝင်ဘာ ၃၀ ရက် မှာကျင်းပခဲ့ပါတယ်။

နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာလှုပ်ရှားမှုကာလလို့ သတ်မှတ်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေး လှုံ့ဆော်တာနဲ့ လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ကြောင်ဖိုရွာဗုံးကြဲခံရမှုအတွင်း ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်အပါအဝင် ခုနှစ်ဦးသေဆုံး

Source- နိရဉ္စရာ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို အကြမ်းဖက်လေတပ်က ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်အတွင်း သေဆုံးသူ ခုနှစ်ဦးအနက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ပါဝင်ပြီး ဒဏ်ရာရသူ ၁ဝဦးရှိတဲ့ထဲ ၄ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးခြောက်ယောက်ပါဝင်တယ်လို့ သိရပါတယ်။

ကြောင်ဖိုရွာကို နိုဝင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းမှာ အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅ဝဝ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တဲ့အတွက် ရွာထဲမှာကျရောက်ပေါက်ကွဲပြီးတော့ အခုလို သေဆုံး၊ ဒဏ်ရာရမှုများပြားခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားသူတွေထဲ အသက်၅နှစ်အရွယ်ကလေးအပါအဝင် အမျိုးသမီး ၅ဦး၊ အမျိုးသားနှစ်ဦးပါဝင်သလို၊ ဒဏ်ရာရသွားတဲ့ကလေး ၆ဦးကတော့ ကြောင်ဖိုရွာက မဖြိုးသန္တာစိုး (၄)နှစ်၊ မနှင်းမြတ်သိင်္ဂီ (၅)နှစ်၊ မချိုချိုလွင် (၅)နှစ်၊ မနွယ်နွယ်မိုး (၁၂) နှစ်၊ မောင်ဉာဏ်ဇော်လင်း (၄)နှစ်နဲ့ မောင်အောင်ဟိန်းစိုး (၁၀)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူအထဲက တချို့ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အရေးပေါ်ဆေးကုသမှုခံနေရပါတယ်။

သတင်းထောက် မထက်ထက်ခိုင်နှင့် အဆိုတော်သံသာဝင်းတို့ ပြန်လွတ်မြောက်

Source- DVB

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ဘီဘီစီ မီဒီယာအက်ရှင် (BBC- Media Action) ရဲ့ “ခံစားကြည့်” အစီအစဉ်က မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။

ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က တို့နဲ့ တရားစွဲဆို ထောင်ချထားတာဖြစ်ပြီး၊ BBC – Media Action ရဲ့ ခံစားကြည့်အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူနဲ့ အလွတ်တန်းသတင်းထောက် တယောက်လည်းဖြစ်တဲ့ မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၇/၁ နဲ့ စုစုပေါင်း ထောင် ၆ နှစ် ချမှတ်ထားတာဖြစ်ကာ သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၃ နှစ်ကုန်ပိုင်းက အစ်ကိုဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၀-ည တို့နဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ အဆိုတော် သံသာဝင်းလည်း နိုဝင်ဘာ ၃၀ရက်နေ့မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၅၀ လွတ်မြောက်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ နိုင်ငံရေးအကျဥ်းသား ၂၆၈ ယောက် လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ကနဦး ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ကြေညာထားချက်အရ တရားစွဲခံထားရဆဲဖြစ်သူ ၅,၅၈၀ ယောက်ကို အမှုပိတ်သိမ်းပေးလိုက်ပြီး ထောင်ဒဏ်ကျခံနေရသူ ၂,၃၆၁ ယောက်ကို ၅၀၅-က အတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ခံဝန်နဲ့လျှော့ပေါ့ပေး လိုက်သလို ၅၀၅-က အမှုတခုတည်းနဲ့ ထောင်ဒဏ်ကျခံနေရသူ ၇၂၄ ယောက်ကိုတော့ ခံဝန်နဲ့လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ သိရပါတယ်။

မုံရွာမှာ အသက် ၈၀ ကျော် အဘွားနဲ့ မြေးဖြစ်သူတို့ ပြန်ပေးဆွဲဖမ်းဆီးခံရ

Source- Mandalay Free Press-MFP

အာဏာသိမ်း စစ်အုပ်စု ကြီးစိုးလွှမ်းမိုးထားတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ ယမန်နေ့က အသက် ၈၀ ကျော်အဖွားနဲ့ မြေးဖြစ်သူတို့ ပြန်ပေးဆွဲဖမ်းဆီးခံရပြီး ကျပ်သိန်း ၂၅၀၀ နဲ့ ပြန်လာရွေးဖို့ ခြိမ်းခြောက် စာပို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းအချိန် မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားတစ်ဦးနဲ့ မြေးဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသမီးတို့ကို လက်နက်ကိုင် လူတစ်စုက သေနတ်နဲ့ထောက်ကာ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ ရပ်ကွက်အနီးမှာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု အထိုင်ချတပ်စွဲ ဂိတ်ဖွင့်ထားတဲ့ မုံရွာပညာရေးကောလိပ်ရှိပြီး အိမ်စီးကားနဲ့လာတဲ့ လက်နက်ကိုင်တစ်စုက အဲ့ဒီ စစ်အုပ်စု ဂိတ်အနီးက နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် မြေးအဘွားနှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားတာဖြစ်ပြီး၊ ပြန်ပေးဆွဲဖမ်းဆီးခံရသူတွေဟာ လုပ်ငန်းရှင်မိသားစုတွေ မဟုတ်ဘဲ သာမန်တောင်သူ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ပြန်ပေးဆွဲ၊ ပေါ်တာဆွဲ၊ ဓားပြမှုတွေ ပိုမိုဖြစ်ပွားနေပြီး နေထိုင်သွားလာရေး မလုံခြုံတာကြောင့် မုံရွာမြို့က စီးပွားရေး လုပ်ငန်းရင်အများစု တခြားဒေစတွေဆီ ပြောင်းရွှေ့နေထိုင်ကြပြီး၊ပြီးခဲ့တဲ့ မေလကလည်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ မြဝတီလမ်းမှာ သားအမိနှစ်ယောက် ဆိုင်ကယ်စီး သွားလာနေချိန် လက်နက်ကိုင် လူတစ်စုက သေနတ်ထောက်ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားကာ ကျပ်သိန်း ထောင်ချီနဲ့ ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။

၄ တန်းကျောင်းသူကို မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားအား ထောင်ဒဏ် ၂၅ နှစ် အမိန့်ချ

Source- DVB

အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူလေးကို မုဒိမ်းကျင့်ခဲ့တဲ့ ပဲခူးမြို့နယ် အင်းတကော်မြို့က အမျိုးသားကို ဒီဇင်ဘာ ၃ ရက် မနက်မှာ ပဲခူးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂၅ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းတကော်မြို့ ကိုကြွယ်ကုန်းကျေးရွာနေ နိုင်နိုင် (ခ) နိုင်လင်းဝေက တရွာတည်းနေ အသက် ၁၁ အရွယ် ၄ တန်းကျောင်းသူကို မုဒိမ်းကျင့်ခဲ့တာကြောင့် ၃၇၆ (၃) အရ ထောင်ဒဏ် အနှစ် ၂၀၊ ၃၇၇ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၂ ခုနဲ့ နှစ်ရှည်ထောင်ဒဏ် အမိန့်ချခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က ပဲခူးမြို့နယ် အင်းတကော်မြို့ ကိုကြွယ်ကုန်းကျေးရွာမှာဖြစ်ခဲ့ပြီး တရားခံဖြစ်သူ နိုင်နိုင် (ခ) နိုင်လင်းဝေက အသက် ၁၁ ရွယ်အရွယ် ၄ တန်းကျောင်းသူလေးကို ၃ ကြိမ်တိုင်အောင် မုဒိမ်းကျင့်ခဲ့ပြီး ကျေးရွာက ဖမ်းဆီးပြီး ရဲစခန်းပို့ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကလည်း တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်ကို မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူအား တောင်ငူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၆၀ ချမှတ်ခဲ့ပါတယ်၊စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုအတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆မှုနဲ့ မုဒိမ်းမှု ၄၂ မှုဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက ၅ ယောက်ကို သေဒဏ်နဲ့ ၇ ယောက်ကို ထောင်တသက်တကျွန်းချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဘားအံ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင် ထောင်မှလွတ်ပြီးနောက်ရက် ပြန်ဖမ်းခံရ

Source- Mizzima

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ဘားအံကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင် မှာ ဒီဇင်ဘာ ၂ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ညပိုင်းတွင် မန္တလေးမြို့ အောင်ပင်လယ်နယ်မြေရဲစခန်းမှ ခံဝန်ထိုးရန်ခေါ်သဖြင့် နောက်တရက်တွင် ရဲစခန်းသွားရာမှ အကြမ်းဖက်မှုနဲ့ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။

မပိုးပီတိခိုင်က မွန်ပြည်နယ်၊ ဘီးလင်းဇာတိ၊ ဘားအံကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မန္တလေး၌ ဖမ်းဆီးခံခဲ့ရကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် နှစ်နှစ်၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် သုံးနှစ် စုစုပေါင်း ငါးနှစ် ဖြင့် အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

အိုးဘိုထောင်မှတဆင့် မြင်းခြံထောင်သို့ ထောင်ပြောင်းပါပြီးနောက် ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း နောက်ရက်တွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) ဖြင့် ပြန်လည်တရားစွဲဆိုခြင်း ခံနေရခြင်းဖြစ်ပါတယ်။

ပွင့်ဖြူမှာ ထွေအုပ်စာရေးမ တစ်ဦး ပစ်ခတ်ခံရ

Source- သံလွင်တိုင်းမ်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှာနေထိုင်တဲ့ ထွေအုပ်စာရေး ဒေါ်ခင်နီလာ ကို အမျိုးသမီးနှစ်ဦးက နေအိမ်ထဲဝင် ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက် ည ၇ နာရီအချိန်မှာ လယ်ကိုင်းကျေးရွာ တောင်ဘက်အဝင်က စရဖ ဆိုသူ ကိုမောင်နိုင်အိမ်ကို အမျိုးသမီးနှစ်ဦးက ဝင်ရောက်ပစ်ခတ်တာဖြစ်ပြီး ပစ်ခတ်ချိန် နေအိမ်မှာရှိနေတဲ့ ဒေါ်ခင်နီလာကို သေနတ် ၃ ချက် မှန်ပြီး နေရာတင်သေဆုံးခဲ့တာပါ။လက်ရှိမှာတော့ တရားခံတွေ ဖမ်းမိ မမိ ကိုနောက်ဆက်တွဲမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ်ခင်နီလာ ပစ်ခတ်ခံရတဲ့ လယ်ကိုင်းကျေးရွာဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးနယ်မြေနဲ့ အလှမ်းဝေးပြီး စစ်ကောင်စီ ဂိတ်တွေ၊ ရဲစခန်းတွေအထိုင်ချရာနေရာဖြစ်ပါတယ်။ဒေါ်ခင်နီလာရဲ့ အလောင်းကိုတော့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်ပြီးတော့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ထွေအုပ်ရုံးဘက်မှာစုဝေးနေကြတယ်လို့ သိရပါတယ်။

သိရပါတယ်။

Author: