ရခိုင်အမျိုးသမီး ၃၂ ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး၊ သင်တန်းတွေက ဖယ်ကျဉ်ခံထားရတယ်လို့ UNDP စစ်တမ်းမှာဖော်ြပ

သန့်ရှင်းထွန်း

ရခိုင်ပြည်က အမျိုးသမီး ၃၂ ရာခိုင်နှုန်းဟာ အလုပ်အကိုင်၊ ပညာရေး သို့မဟုတ် သင်တန်းတွေကနေ ဖယ်ကျဉ်ခံထားရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီစဉ် (UNDP) က စစ်တမ်းတရပ် ထုတ်ပြန်လိုက်ပါတယ်။

NEET (Not in Employment, Education or Training) အမည်ရှိတဲ့ အစီရင်ခံစာကို အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကရင်နီ (ကယား) ပြည်က အမျိုးသမီး (၄၂) ရာခိုင်နှုန်းဟာလည်း အလားတူ ဖယ်ကျဉ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေဟာ မိသားစုတာဝန်တွေ၊ စစ်ပွဲကြောင့် နေရပ်စွန့်ခွါရမှုတွေ၊ လုံခြုံရေးအန္တရာယ်တွေက အလုပ်အကိုင်၊ ပညာရေးကဏ္ဍက ဖယ်ကျဉ်ခံနေရမှု (NEET) ဖြစ်နိုင်ခြေကို တိုးစေတယ်လို့လည်း စစ်တမ်းက ဆိုထားပါတယ်။

အလုပ်အကိုင်နဲ့ ပညာရေးကဏ္ဍက ဖယ်ကျဉ်ခံနေရတာဟာ လူငယ်တွေအတွက် ဝင်ငွေ၊ ကျွမ်းကျင်မှုနဲ့ လူမှုအဆင့်အတန်း မြင့်မားနိုင်တဲ့အခွင့်အလမ်းတွေကို ဆုံးရှုံးစေတယ်လို့လည်း ရေးသားထားပါတယ်။

ရခိုင်ပြည်၊ မောင်တောမြို့က အသက် ၂၃ နှစ်အရွယ် မစုစုက “တိုက်ပွဲတွေဖြစ်တော့ လခစားတွေအကုန် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်၊  ကြုံရာကျပန်းအလုပ်လုပ်ရင်း စားဝတ်နေရေးကို အဓိကဖြေရှင်းနေရတယ်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းဆိုတာ ဘာမှမရှိဘူး၊ မျှော်လင့်ချက်မဲ့နေတယ်”လို့ ပြောပါတယ်။

မောင်တောနယ်စပ် အပါအဝင် အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ စစ်မဖြစ်ခင်က ဌာနဆိုင်ရာတွေမှာ လုပ်ခဲ့တဲ့အမျိုးသမီးတွေဟာ လက်ရှိမှာ ကုန်ရောင်းကုန်ဝယ်လုပ်တာ၊ ဈေးဆိုင်ငယ်တွေ၊ ကွမ်းယာဆိုင်တွေ ဖွင့်လှစ်ရောင်းချတာ၊ တအိမ်ဝင်တအိမ်ထွက် အဝတ်အထည် လိုက်ရောင်းတာတွေ လုပ်နေကြရတာကို တွေ့ရပါတယ်။

ဘွဲ့ရထားတဲ့ အသက် ၂၄ နှစ်အရွယ် မခင်နှင်းအေးက “ဘွဲ့ရရင် သက်မွေးပညာသင်တန်းတခုခု ဆက်တက်မယ်လို့ ရည်မှန်းထားခဲ့တယ်၊ ရည်မှန်းချက်တွေက တိုက်ပွဲနဲ့ ပဋိပက္ခတွေထဲမှာ ပျောက်ကွယ် သွားတယ်၊ ရခိုင်ကနေတခြားကို ထွက်ပြီးပညာရှာဖို့ကလည်း ကန့်သတ်ထားတော့ ဒီလိုပဲ အိပ်လိုက်၊ စားလိုက် နေနေရတယ်”လို့ ပြောပါတယ်။

အရင်တုန်းက ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မခိုင်သက်မွန်ကတော့ အလုပ်လက်မဲ့ ဖြစ်သွားခြင်းက အမျိုးသမီး‌တွေကို အိမ်မှုကိစ္စအလုပ်ပြန်လုပ်ဖို့ တွန်းပို့လိုက်တာနဲ့ တူနေတယ်လို့ ပြောပါတယ်။

အခုလို အခြေနေတွေကို သေချာမကိုင်တွယ်နိုင်ရင် မြန်မာနိုင်ငံဟာ ရေရှည်ဆင်းရဲနွမ်းပါးမှု၊ ဖယ်ကျဉ်ခံရမှုနဲ့  လူသားအရင်းအမြစ်တွေ အလဟဿဖြစ်မှု စတဲ့အန္တရာယ်တွေကို ရင်ဆိုင်လာရနိုင်တယ်လို့ UNDP က သတိပေးထားပါတယ်။

Author: