ဖိုဝါဒကြီးစိုးတဲ့မြန်မာပြည်က အမျိုးသမီးလွှတ်တော်အမတ်တဦး
ခင်ဘုန်းမို့
မြို့ရွာ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ခေတ်အဆက်ဆက် ဦးဆောင်ဦးရွက်လုပ်ခဲ့ကြတဲ့သူတွေဟာ အမျိုးသား အများစုပါ။ နိုင်ငံအဝှမ်းမှာ လမ်းတွေ၊ တံတားနဲ့ ဆည်မြောင်းကန်ချောင်းတွေ ဖွင့်လှစ်ကြတဲ့ အခမ်းအနားတွေမှာ ရှေ့ဆုံးတန်းမှာဖြစ်စေ၊ စင်ပေါ်တက်ပြီး ဦးဆောင် စကားပြောရတာဖြစ်စေ အားလုံးလိုလိုက စစ်ယူနီဖောင်း ဝတ်ထားသူတွေ၊ အမျိုးသားတွေပါ။ ဒါဟာ မြန်မာ့လူ့အဝန်းအဝိုင်းထဲမှာ ပုံမှန်မြင်နေကျ မြင်ကွင်းတွေပါ။
အဲ့ဒီလို အခမ်းအနားတွေမှာ အမျိုးသမီးတွေတော့ လှလှပပကျော့ကျော့မော့မော့ဝတ်ဆင်ပြီး အခမ်းအနား အစီအစဉ် ဖတ်ကြားရတာ၊ ဖဲကြိုးကိုင်ရတာ၊ ပန်းစည်းဆက်ရတာ၊ စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ပေးရတာ စတဲ့ အခန်းကဏ္ဍကနေသာ ပါဝင်ကြတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက်တော့ ထုံးစံလိုဖြစ်လို့နေပါတယ်။
အမျိုးသမီးတွေ နောက်တန်းမှာသာ နေရာပေးခံရတာ၊ အရံသဘောလောက်သာထားတဲ့ ဒီလိုခေါက်ရိုးကျိုးနေတဲ့ အခြေအနေကို ပြောင်းပြန်လှန်ရိုက်ချိုးပစ်လိုက်တဲ့ အခင်းအကျင်းကို ၂၀၁၅ ရွေးကောက်ပွဲကာလအလွန်တွေမှာ သိသိသာသာ မြင်တွေ့လာရပါတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးဝန်ကြီးတွေ စတဲ့ ဦးဆောင်မှုနေရာ၊ ရှေ့တန်းနေရာမှာ တစတစ ပါဝင်လာတဲ့ အပြောင်းအလဲတွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။
၅နှစ်တာကာလအတွင်း သိသာတဲ့အချိုးအကွေ့တွေကို ကျော်လွန်ပြီးတဲ့နောက်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၆ ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် အမျိုးသမီးကိုယ်စားလှယ် ၁ ထောင်ကျော် ပါဝင်ပြီး အမျိုးသမီး ၁၉၀ ကျော် အနိုင်ရခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအခင်းအကျင်းမှာ ဦးဆောင်မှုအခန်းကဏ္ဍနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ဆိုတာ ဖိုဝါဒကြီးစိုးတဲ့မြန်မာပြည်အတွက်တော့ ခက်ခဲကြမ်းရှတဲ့ ခရီးရှည်တခုလိုပါပဲ။
အဲဒီလို ခရီးကြမ်းကို ဖြတ်သန်းဖို့ကြိုးစားခဲ့ဖူးသူ အမျိုးသမီးနိုင်ငံရေးသမားများစွာ ရှိခဲ့တဲ့အထဲက တဦးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ကနေဝင်ရောက်ယှဥ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ အသက် ၃၀ အရွယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုအောင်ပဲ ဖြစ်ပါတယ်။
အဲဒီတုန်းက သူဟာ ဧရာဝတီတိုင်း၊ တိုင်းဒေသကြီးလွှတ်တော်မှာ အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ် စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် အမျိုးသားတွေသာ ဦးဆောင်လေ့ရှိတဲ့ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအစည်းအဝေးတွေ၊ မြို့ပြတည်ဆောက်ရေး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွေ၊ မြို့ရဲ့ အားကစားပွဲတော် ဆုပေးပွဲ အခမ်းအနားတွေမှာ ရင်ဖုံးအင်္ကျီနဲ့ ထမီကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦးက ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်တာ၊ ဆွေးနွေးတာ၊ ဦးဆောင်ဆုံးဖြတ်ရမယ့် နေရာတွေမှာ ရှိနေတာကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း မြန်အောင်မြို့ရဲ့ မြင်ကွင်းတွေထဲ ထူးထူးခြားခြား မြင်တွေ့လာရပါတယ်။
မြင်နေကျမြင်ကွင်းတွေထဲ အသစ်အဆန်းအဖြစ် အမျိုးသမီးတဦးပါဝင်နေတဲ့အပေါ် ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ရှေးရိုးစွဲအမြင်နဲ့ ဝေဖန်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဒေါ်စုစုအောင်က ပြောပြပါတယ်။
သူက “မိန်းကလေးဖြစ်ပြီး မိသားစုအလုပ်လည်းသေချာမလုပ်၊ ကိုယ့်ရှေ့နေအလုပ်လည်း ကိုယ်မလုပ်ဘဲ လတ်လျားလတ်လျားနဲ့ ဒီအလုပ်တွေကို လုပ်ရကောင်းလား ဆိုတဲ့ အမြင်တွေရှိခဲ့ပြီး ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်၊ ဆွေမျိုးသားချင်းတွေကလည်း ရှေ့နေအလုပ်ပဲလုပ်၊ မလုပ်ချင်လည်း အိမ်ထောင်ပဲပြု ဆိုတဲ့ပြောဆိုမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်” လို့ အတွေ့အကြုံတွေကို ရင်ဖွင့်ပါတယ်။
အသက်ငယ်တဲ့အပြင် အမျိုးသမီးတဦးအနေနဲ့ ပါဝင်နိုင်ဖို့ ရှေးရိုးစွဲအယူအဆတွေ၊ ခွဲခြား ဆက်ဆံမှုတွေ စတဲ့အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။ မိသားစုသဖွယ်၊ သမီးတယောက်သဖွယ် လက်တွဲခေါ်တဲ့ ပါတီဝင်တွေလည်း ရှိခဲ့ကြသလို၊ အမျိုးသမီးတဦးအဖြစ် နိုင်ငံရေးမှာပါဝင်တဲ့အခါ တချို့က လူထုရှေ့နဲ့ အစည်းအဝေးတွေမှာ အကဲစမ်းတဲ့ မေးခွန်းမျိုးတွေ၊ မေးခွန်းမေးတာမျိုးတွေ လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေကို ထမ်းဆောင်ရတဲ့အခါ ဒီအမျိုးသမီးငယ်က လုပ်နိုင်ပါ့မလားဆိုတဲ့ အမြင်တွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေါ်စုစုအောင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ မြန်အောင်မြို့နယ်ထဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေဟာ အသက်အရွယ်အားဖြင့် ၅၀၊ ၆၀ကျော် အရွယ်တွေ ဖြစ်ကြတဲ့အပြင် နိုင်ငံရေး အတွေ့အကြုံပြည့်ဝသူ အမျိုးသားတွေလည်း ဖြစ်ကြပါတယ်။
သူဟာ လွတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူချိန်မှာ ဌာနဆိုင်ရာတွေက ရာထူးကြီးသူတွေဟာ အသက်အရွယ်အရရော အတွေ့အကြုံအရရော ပိုသာတဲ့အတွက် အစည်းအဝေးတွေမှာ ယုံကြည်ချက်ရှိရှိ ပြောနိုင်အောင် သက်ဆိုင်ရာအကြောင်းအရာတွေကို မနားမနေလေ့လာခဲ့ ရတယ်လို့ သူက ဆိုပါတယ်။
“သူတို့နဲ့ကျွန်မ အတူတူလုပ်ကိုင်ဖို့ဆို သူတို့ ၁ ဆလောက်ဆို ကျွန်မက ၅ ဆ၊ ၆ ဆ လောက် ကြိုးစားခဲ့ရတယ်” လို့ ရှေးရိုးစွဲအမြင်တွေကို အလုပ်နဲ့ သက်သေပြခဲ့ရပုံကို ဒေါ်စုစုအောင်က ပြန်လည်ပြောပြပါတယ်။
ဧရာဝတီတိုင်းမှာ ဝန်ကြီးအပါအဝင် အမျိုးသမီးကိုယ်စားလှယ် ၉ ယောက်ရှိပြီး၊ အဲဒီအမျိုးသမီး ကိုယ်စားလှယ် တွေဟာ နေ့မအား၊ ညမနား ကြိုးစားကြတဲ့အတွက် ၂ နှစ်၊ ၃ နှစ်လောက် အကြာမှာ “လက်ကီးဆဲဗင်း အမျိုးသမီး တွေ၊ တော်လိုက်တာ၊ လုပ်နိုင်တယ်” ဆိုတဲ့ အားပေးထောက်ခံမှု၊ အသိအမှတ်ပြုမှုနဲ့ ချီးကျူးသံတွေကို ကြားခွင့် ရလာခဲ့တယ်လို့ သူကဆိုပါတယ်။
ဒေါ်စုစုအောင်ဟာ ငယ်စဉ်က အတန်းပညာသင်တဲ့အရွယ်မှာကြုံခဲ့ရတဲ့ အလွတ်ကျက် ပညာရေးစနစ်တွေ၊ အဖြေမှန်သော်လည်း တွက်ချက်နည်း မတူတဲ့အတွက် အမှတ်မပေးတဲ့ သင်ကြားရေးစနစ်တွေကို နားမလည်နိုင်စွာ ဖြစ်ခဲ့ပြီး မေးခွန်းပေါင်းမြောက်မြားစွာနဲ့ ကြီးပြင်းခဲ့သူတဦး ဖြစ်ပါတယ်။
“ဒါမျိုးတွေက ကျွန်မစိတ်ထဲမှာ မေးခွန်းမေးစရာတွေ တွေးတောစရာတွေဖြစ်လာတယ်၊ အဲ့အချိန်တုန်းကတော့ ဒါဟာ နိုင်ငံရေးစနစ် နိုင်ငံရေးမူဝါဒကြောင့်လို့ ကျွန်မသိမနေခဲ့ဘူး” လို့ ဒေါ်စုစုအောင်က ငယ်စဉ်က နိုင်ငံရေးအသိအမြင်အခြေအနေကို ပြန်ပြောပြပါတယ်။
သူ နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်မှာလည်း ကျောင်းသားဆိုတာ နိုင်ငံရေးနဲ့မသက်ဆိုင်ဘူး၊ နိုင်ငံရေးက ကိုယ်နဲ့ မဆိုင်ဘူး၊ ကိုယ်အလုပ်လုပ်မှ ကိုယ်ထမင်းစားရမှာဆိုတဲ့ ဝါဒမှိုင်းတွေအောက်မှာ ကြီးပြင်းခဲ့ရပြီး နိုင်ငံရေးနဲ့ ထိတွေ့ခွင့် မရှိခဲ့ပါဘူး။
အဘိုးအဘွားတွေက တောင်သူလယ်သမားတွေဖြစ်ပြီး၊ မိဘတွေကတော့ အရောင်းအဝယ် လုပ်ကြသူတွေ ဖြစ်တယ်။ သူ့အဒေါ်တဦးက ရှေ့နေဖြစ်တဲ့အခါ သူကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက ရှေ့နေဖြစ်ချင်ခဲ့တယ်။
“ကျွန်မကြီးလာတော့လည်း အရမ်းတော်တဲ့ ရှေ့နေလုပ်မယ်၊ ပြီးရင် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီမယ် ဆိုတဲ့စိတ်နဲ့ ၁၀ တန်းအောင်ခဲ့တယ်” လို့ ဆိုပါတယ်။
တက္ကသိုလ် ဒုတိယနှစ် ရောက်တဲ့အခါမှာတော့ မြန်မာသမိုင်းမှာ အရေးအပါဆုံးဖြစ်ရပ်တခုဖြစ်တဲ့ ရွှေဝါရောင်အရေးအခင်းနဲ့ ကြုံတွေ့ရပါတယ်။ မေတ္တာသုတ်ရွတ်ဖတ်ပြီး လမ်းမတွေပေါ်ငြိမ်းချမ်းစွာ စီတန်းကြွလာတဲ့ သံဃာတော်တွေကို အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးတာတွေ မြင်ရတဲ့အခါ ဘာလို့ ဒီလိုလုပ်တာလဲ၊ ဘယ်သူက လုပ်တာလဲဆိုတဲ့ သိချင်စိတ်တွေဖြစ်လာပြီး မေးမြန်းစုံစမ်းကြည့်တဲ့အခါ စစ်အာဏာရှင်စနစ်ကြောင့် ဆိုတာကို နားလည်ခဲ့တယ်။
တက္ကသိုလ်တက်၊ ဥပဒေဘွဲ့ရ၊ ရှေ့နေအလုပ်တွေ လုပ်ခဲ့ပေမယ့် တရားရေးပိုင်းမှာ ကြာကြာမနေရဘဲ တိုင်းပြည်အတွက်အရေးကြီးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်မှာ ပါဝင်လျှောက်လှမ်းမယ့်အိပ်မက်တွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့ပါတော့တယ်။
ဥပဒေဘွဲ့ရပြီးလို့ (အလုပ်သင်ရှေ့နေ) အဖြစ် နယ်မှာပြန်နေချိန်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ ဒေါ်စုစုအောင်တို့မြို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး လာရောက် မဲဆွယ်စကားပြောချိန်မှာ နိုင်ငံရေးနဲ့ စတင်ထိတွေ့မိခဲ့ပါတယ်။
အဲ့ဒီကနေတစ်ဆင့် ပါတီနိုင်ငံရေးကိုစိတ်ဝင်စားလာခဲ့ပြီး ၂၀၁၂ မှာ NLD ပါတီကိုဝင်ရောက်ခဲ့သလို၊ မြန်အောင် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ မဲဆွယ်ပွဲတွေမှာ လိုက်ပါကူညီဆောင်ရွက်ခဲ့တယ်။

ဒီလိုဆောင်ရွက်ရင်းနဲ့ ငယ်ငယ်ကသိချင်တဲ့အရာတွေ၊ ပြုပြင်ချင်တဲ့အရာတွေ၊ ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရတဲ့ အလွှဲအမှားတွေ စာသင်ကြားနေတဲ့အရွယ်မှာ ကြုံတွေ့ရတဲ့စနစ် အမှားတွေကို သင်ခန်းစာယူ၊ လွှတ်တော်ထဲကနေ ဥပဒေပြဌာန်းပြီး ပြည်သူတွေနဲ့ကိုက်ညီမယ့် ဥပဒေတွေကို ပြုပြင်ရမယ်ဆိုတဲ့စိတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့ရွေးချယ်မှုကို ခံခဲ့ရပါတော့တယ်။
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခြင်း၊ ကိုယ်စားလှယ်လုပ်သက် နုနယ်တဲ့အပေါ် လုပ်ငန်းစဉ်တွေကို ပိုင်ပိုင်နိုင်နိုင် မသိနိုင်ဘူး၊ ဥပဒေတွေ နားမလည်လောက်ဘူးဆိုတဲ့ အထင်အမြင်သေးခံရမှုနဲ့အတူ တဖက်လူတွေ ရဲ့ အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတခုကိုလည်း သူက မှတ်မှတ်ရရ ပြန်ပြောပြပါသေးတယ်။
သူ့မဲဆန္ဒနယ်ထဲမှာ တည်းခိုခန်းနဲ့ KTV လုပ်ငန်းအသစ်တခု ဖွင့်လှစ်လိုတဲ့ လုပ်ငန်းရှင်က လုပ်ငန်းဖွင့်လှစ်နိုင်ဖို့ အတွက် သူ့လက်မှတ်လိုအပ်ကြောင်းနဲ့ လက်မှတ်ထိုးမပေးသေးတဲ့အတွက် သူ့လုပ်ငန်းတွေ နှောင့်နှေးနေတဲ့ အကြောင်းပြောကာ ဖုန်းဆက်ရန်ရှာခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ထဲမှာ မပါဝင်ဘဲ၊ စည်ပင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး စတဲ့ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်သာ အဓိကလိုအပ်တဲ့ ဒီလုပ်ငန်းစဉ်မှာ ဒေါ်စုစုအောင်ရဲ့ ခွင့်ပြုလက်မှတ်တောင်းယူဖို့ စည်ပင်အရာရှိ တဦးကိုယ်တိုင်က အဲဒီလုပ်ငန်းရှင်ကို ညွှန်ခဲ့တာလို့လည်း တဆင့်ပြန်သိခဲ့ရပါတယ်။
လူထုကန့်ကွက်ထားတဲ့ ဒီလုပ်ငန်းဖွင့်လှစ်နိုင်ရေးကို သူ့အနေနဲ့ လုပ်ငန်းဆိုင်ရာတွေ၊ ဥပဒေအကြောင်းအရာ တွေကို သေချာနားမလည်ဘဲ လက်မှတ်ထိုးပေးခဲ့မိရင် ဆုံးဖြတ်ချက်အမှားတခုဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူတွေဆီမှာ ဆန္ဒပြခံရနိုင်တဲ့ဖြစ်ရပ်တခုလို့ သူက မှတ်မှတ်ရရ ရှင်းပြပါတယ်။
အဲ့ဒီအချိန်ကနေစပြီး ဌာနဆိုင်ရာတွေနဲ့ အလုပ်အတူတူ လုပ်ရတဲ့အခါ ပိုသတိရှိသွားပြီး တချို့ကိစ္စတွေကို သေချာလေ့လာဆန်းစစ်ရမယ် ဆိုတဲ့ အသိမျိုးဝင်သွားတယ်လို့ ဆိုပါတယ်။
ဒေါ်စုစုအောင်ဟာ ၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူရင်း ဥပဒေပြုရေးကော်မတီ၊ လွှတ်တော်စီမံခန့်ခွဲရေးကော်မတီ၊ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီ၊ လွှတ်တော် တင်ဒါလက်ခံရေးနဲ့ စီစစ်ရေးကော်မတီ၊ လွှတ်တော်စုံစမ်းရေးကော်မတီ စတဲ့ကော်မတီတွေမှာလည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်မှာ လွှတ်တော်ကိုယ်စားပြုအဖြစ် ဖိလစ်ပိုင်နိုင်ငံကို လေ့လာရေးခရီးစဉ်နဲ့ ဆွစ်ဇလန်နိုင်ငံကို ပညာသင်အဖြစ်သွားရောက်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ရတုန်းကတော့ သူတို့နိုင်ငံရဲ့ အမျိုးသမီးကဏ္ဍတွေမှာ ဘတ်ဂျက်သုံးစွဲမှုအခြေအနေတွေ၊ လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှုနှုန်းတွေကို လေ့လာခွင့်ရခဲ့တယ်လို့ ဒေါ်စုစုအောင်ကပြောပါတယ်။
“မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖိလစ်ပိုင်နိုင်ငံလို အမျိုးသမီးရေးအတွက် သီးခြား ဘက်ဂျက်လည်း မရခဲ့သလို ဆောင်ရွက်ပေးနိုင်ခြင်းလည်း အားနည်းခဲ့တယ်”လို့ ဒေါ်စုစုအောင်က နှိုင်းယှဉ်ပြပါတယ်။
နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ဖို့အရေးကြီးတယ်လို့ သူက ခံယူထားပါတယ်။
“အမျိုးသမီးတွေရဲ့ အခွင့်အရေးပိုင်းကို ဓလေ့ထုံးတမ်းအရရော၊ ရှေးရိုးစွဲအရရော နှိမ်ထားတာမျိုးရှိတယ်၊ အဲ့အမြင်တွေကို ပြောင်းလဲပစ်ဖို့ဆိုရင် အမျိုးသမီးတွေက နိုင်ငံရေးထဲမှာရော၊ အစိုးရထဲတွေမှာရော ၊ ဗျူရိုကရေစီယန္တရားမှာရော ထဲထဲဝင်ဝင် ပါဝင်ဦးဆောင်နေဖို့လိုပါတယ်၊ အဲ့ဒါမှအမျိုးသမီးတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်နိုင်မယ်” လို့ သူက ဆိုပါတယ်။
အမျိုးသမီးတွေနိုင်ငံရေးကို စိတ်မဝင်စားရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေလည်း နှောင့်နှေးနိုင်တယ်လို့ သူက မြင်ပါတယ်။
“ယောကျာ်းလေးတွေချည်းပဲ နိုင်ငံရေးလုပ်ရမယ်၊ ယောကျ်ားလေးတွေချည်းပဲ ဆုံးဖြတ်တဲ့နေရာမှာ လုပ်ရမယ်ဆို အမျိုးသမီးတွေရဲ့အား မပါဘူးဆိုရင် ဥပမာ ငှက်ဆိုရင်ဘယ်တောင်နဲ့ ညာတောင်ပေါ့၊ ခြေလှမ်း လှမ်းတာနဲ့ ပြောရင်တော့ ဘယ်ခြေထောက်နဲ့ ညာခြေထောက်ပေါ့၊ ညာခြေထောက်ကြီးပဲလုပ်ရင် ဘယ်ခြေထောက်က မပါဘူးဆို လိုရာခရီးကို ရောက်အောင်မသွားနိုင်ဘူး” လို့ သူ့အမြင်နဲ့ ယူဆချက်ကို ပြောပြပါတယ်။

ဒေါ်စုစုအောင်ရဲ့ အိမ်ထောင်ဘက်ကလည်း သူ့ရဲ့စိတ်အားထက်သန်မှု၊ နိုင်ငံရေးမှာ အားသွန်ခွန်စိုက် စိတ်ဝင်စားမှုတွေအပေါ် အမြဲနားလည် ဖြည့်ဆည်းပေးသူဖြစ်ပြီး၊ တော်လှန်ရေးမှာ မိသားစုဝင်တွေရဲ့ နားလည်ခွင့်လွှတ်မှုကြောင့် အခက်အခဲကြားထဲကနေ ဆက်လက် ပါဝင်ခွင့် ရနေတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးသမားအဖြစ်နဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ဒေါ်စုစုအောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းမှုကြောင့် သူအပါအဝင် ရွေးကောက်ခံ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးအိပ်မက်တွေကို လွှတ်တော်တွင်းမှာ ဆက်မမက်နိုင်တော့ ပါဘူး။
၂၀၁၅-၂၀၂၀ အတွင်းမှာ ဒီမိုကရေစီဖောင်ဒေးရှင်း တခုကိုချနိုင်ခဲ့ပြီး နောက်ငါးနှစ်မှာ ထပ်မံရွေးချယ်ခံခဲ့ရရင်လည်း မြို့နယ်အတွက် ဘယ်လိုအရာတွေ အကောင်းဆုံး ဆက်လက် ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေရှိခဲ့တယ်လို့ ဒေါ်စုစုအောင်က ဆိုပါတယ်။
ကိုယ်စားလှယ်အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်နေပြီဆိုတဲ့ကာလတခုမှာ စစ်အာဏာသိမ်းမှု ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့မျှော်လင့်ချက်၊ ပြည်သူအတွက် အားသွန်ခွန်စိုက်လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေက ခြေထိုးခံလိုက်ရသလို၊ ဖြတ်ချခံလိုက်ရသလို ခံစားရတယ်လို့ သူက ဆိုပါတယ်။
အာဏာသိမ်းမှုသာမဖြစ်ခဲ့ဘဲ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေကို ၅နှစ်တာကာလ ဆက်လက် ထမ်းဆောင်ခွင့်သာ ရခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုမှုတွေဟာ တိုင်းအနေနဲ့ရော နိုင်ငံအနေနဲ့ရော သိသာထင်ရှားတဲ့အရွေ့တခု ဖွံ့ဖြိုးမှုတခုကို အားလုံးမြင်ရမှာဖြစ်တယ်လို့ သူက ယုံကြည်ခဲ့ ပါတယ်။
“ဒီလို အာဏာသိမ်းဖြစ်စဉ်မှာတော့ ပြည်သူတွေအတွက် မခံချင်စိတ်တွေ ၅နှစ်တာ ခံစားခဲ့ရတဲ့ လွတ်လပ်မှု ဒီမိုကရေစီ အရသာကို ပြန်ပေးချင်တဲ့စိတ်ရှိတဲ့အတွက် ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တာ”လို့ ဆိုပါတယ်။
အာဏာသိမ်းတဲ့နေ့မှာ ဒေါ်စုစုအောင်ရဲ့နေအိမ်ကို စစ်တပ်က လာရောက်ရှာဖွေတာမျိုးတွေကြုံတွေ့ခဲ့ပြီး လွှတ်တော်အိမ်ယာက အခန်းကိုလည်း ဝင်ရောက်ရှာဖွေခြင်းခံခဲ့ရသလို နောက်ပိုင်းမှာ ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၂၂/ ၁၂၄ တွေထုတ်ပြန်ခဲ့ပါတယ်။ အာဏာရှင်တွေပေးနိုင်တဲ့ အန္တရာယ်တွေကနေ လွတ်မြောက်အောင်ကြိုးစားနေထိုင်ရင်း နေရာတွေအဆင့်ဆင့်ရွှေ့ပြောင်းခြေရာဖျောက်နေခဲ့ပေမယ့် မလုံခြုံတဲ့အဆုံးမှာ မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ လွတ်မြောက်နယ်မြေကို ခြေချခဲ့ပါတယ်။
အဲဒီအချိန်ကာလတွေဟာ အာဏာသိမ်းစစ်တပ်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ နှစ်ရှည်ထောင်ဒဏ်တွေချတာ၊ ဒီနေ့အဖမ်းခံလိုက်ရပြီး နောက်နေ့မှာ အလောင်းလာထုတ်ခိုင်းတာ စတဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်နေချိန်ဖြစ်ပါတယ်။
မိသားစုတွေနေတဲ့ဇာတိကနေအိမ်ကိုလည်း လာရောက်စောင့်ကြည့်တာ ဓာတ်ပုံရိုက်တာတွေနဲ့ ကြုံတွေ့ခဲ့ရ တယ်။ မိသားစုဝင်တွေဟာ အာဏာသိမ်းပြီး ၁နှစ်ကျော်လောက်အထိ အိမ်မှာနေလို့ရခဲ့ရပေမယ့် မြို့နယ်မှာ PDF တွေရဲ့ လှုပ်ရှားမှုတွေ ပေါ်လာတိုင်း ရဲစခန်းကိုခေါ်စစ်တာ၊ ရိုက်နှက်တာမျိုးတွေ အကြိမ်ကြိမ် ပြုလုပ်လာတဲ့ အတွက် မိသားစုတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတော့တယ်။
ကိုယ်စားလှယ်သက်တမ်း ၅နှစ်တာမှာ မနားမနေလုပ်ခဲ့တဲ့ ဒဏ်တွေကြောင့်လည်း လမ်းအများကြီး မလျှောက်နိုင်ဘဲ လေးဘက်နာရောဂါကိုလည်း ခံစားနေရသလို၊ ကျန်းမာရေး အခြေအနေကြောင့် ကိုယ်တိုင်လက်နက်ကိုင် မတိုက်နိုင်ပေမယ့် လိုအပ်တဲ့နေရာတွေမှာ ပါဝင်နေတယ်လို့ ဒေါ်စုစုအောင်က ဆိုပါတယ်။
ထောက်ပို့အတူတူ လုပ်နေတဲ့အဖွဲ့က မိတ်ဆွေတဦးရဲ့ ကူညီမှုကြောင့် နေစရာအတွက် ပူစရာမလိုတော့ဘဲ စိုက်ပျိုးရေးတွေလုပ်ပြီး နီးစပ်ရာဈေးလေးတွေမှာရောင်းချကာ ပါလာတဲ့ပိုင်ဆိုင်မှုလေးတွေ ရောင်းချ၊ နေ့စဉ်အသုံးစရိတ်လေးတွေ လျော့ချရင်းနေထိုင်နေတယ်လို့ သူ့ပြောစကားတွေအရ သိရပါတယ်။
ဒေါ်စုစုအောင်အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသမီးကိုယ်စားလှယ် တော်တော်များများ ကတော့ လွှတ်တော်ကိုယ်စားလှယ် လုပ်ငန်းတွေကို မြန်မာနိုင်ငံရဲ့လွှတ်တော် အဆောက်အအုံတွေထဲမှာ မဟုတ်ပေမယ့်၊ မတူညီတဲ့ နေရာအသီးသီးကနေ တာဝန်ဆက်လက် ထမ်းဆောင်နေကြပါတယ်။
ဒေါ်စုစုအောင်ဟာလည်း သူ့ရဲ့နိုင်ငံရေးခံယူချက်အတိုင်း ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)ရဲ့ ကော်မတီဝင် ၁၁ ဦးထဲမှာ ပါဝင်နေပြီး လွှတ်တော်ဥပဒေကြမ်းကော်မတီတာဝန်ကို ဆက်လက် ထမ်းဆောင်နေပါတယ်။
အာဏာမသိမ်းခင် လွှတ်တော်ကိုယ်စားလှယ်တာဝန်နဲ့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး မြို့ရွာတည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ မြင်တွေ့ရလေ့ရှိတဲ့ ဒေါ်စုစုအောင်ဟာ အခုတော့ ထိုင်းနယ်စပ်မြို့ တနေရာမှာ ယာယီနေထိုင်လျှက် မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင် နေပါတယ်။
နေရာအသစ်မှာရွေ့ပြောင်းနေထိုင်ရတာ၊ တော်လှန်ရေးအလုပ်တွေကို စိတ်နှစ်ဆောင်ရွက်ရင်း၊ ရင်းနှီးတဲ့ ရဲဘော်တွေ ကျဆုံးသွားတာ မြင်ရတဲ့အခါမှတော့ စိတ်ဓာတ်ကျတာမျိုးတွေရှိပေမယ့် ဒီမျိုးဆက်မှာ စစ်အာဏာရှင်စနစ်က နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ဒေါ်စုစုအောင်ဟာ အားတင်း ရပ်တည်နေပါတယ်။
တော်လှန်ရေးအောင်တဲ့အခါ သူဖြစ်ချင်တဲ့ဆန္ဒက မိသားစုကိုအချိန်ပေးပြီး အေးအေးချမ်းချမ်းနေကာ၊ ငယ်စဉ်ကဝါသနာပါခဲ့တဲ့ ရှေ့နေအလုပ်တွေကိုလုပ်ရင်း နိုင်ငံရဲ့ပြန်လည်တည်ဆောက်ရေးမှာ ကျရာနေရာက ပါဝင်ဖို့ပဲလို့ ဆိုပါတယ်။
ဒေါ်စုစုအောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်အောင်မဲဆန္ဒနယ်က ပြည်သူတဦးဖြစ်တဲ့ မခင်ချမ်းမြေ့က “အရေးတော်ပုံကြီး အောင်မြင်တဲ့အခါ ဆရာမနဲ့အတူတူ ပြန်လည်ထူထောင်ရေးတွေပြုလုပ်ဖို့ ရည်ရွယ်ထား ပါတယ်၊ ဆရာမက ကျွန်မတို့အားကိုးရတဲ့ ကိုယ်စားလှယ်တယောက်ဖြစ်တဲ့အတွက် ကျွန်မတို့ နယ်တဝိုက်မှာ ပြည်သူလူထုအပေါ်မှာ မေတ္တာအပြည့်နဲ့ ပြန်လည်ထူထောင်ပေးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်” လို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်အပေါ် သူ့ယုံကြည်ချက်ကို ပြောပါတယ်။
၂၀၁၅နဲ့ ၂၀၂၀ ကြားမှာ သိသိသာသာ မြင်တွေ့ခွင့်ရလာခဲ့တဲ့ ဦးဆောင်မှုအခန်းကဏ္ဍ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာခဲ့တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထူးခြားခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ပိုမိုအားကောင်းလာစေဖို့ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုပါဝင်နိုင်မယ့် အရွေ့တခုဆီရောက်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်နေကြတဲ့ အချိန်မှာ စစ်အာဏာသိမ်းလိုက်ခြင်းက ပြောင်းလဲတိုးတက်မှုလမ်းစတွေကို အမှောင်အတိ ကျသွားစေတဲ့ဖြစ်ရပ်လို့ ဆိုရပါမယ်။
တိုင်းကျိုးပြည်ပြု တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒေါ်စုစုအောင်တို့လို ပြည်သူ့ရွေးကောက်ခံ အမျိုးသမီးတွေ ပြန်လည်ပါဝင်ခွင့်ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ အတိအလင်း ပြန်လည်ဆောင်ကျဉ်းနိုင်မှာပဲ ဖြစ်ပါတယ်။







