တပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာလ ၁၂ ရက်ကနေ ၁၆ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲကမှ ထူးခြားတဲ့အကြောင်း အရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတပတ် လွတ်လပ်တဲ့သတင်းမီဒီယာ စာမျက်နှာတွေပေါ်ကိုတက်လာတဲ့ အမျိုးသမီးသတင်းတွေထဲမှာ ထူးထူးခြားခြားအနေနဲ့ ဘာသာရေးခေါင်းဆောင်က အဓမ္မပြုကျင့်ခဲ့လို့ ရလာတဲ့ကိုယ်ဝန်ကို အတင်းအကြပ် ဖျက်ချခံရတဲ့ ၅တန်းကျောင်းသူသတင်းနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ခေါင်းဆောင်က အိမ်ထောင်ရှိအမျိုးသမီးတဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ သတင်း ၂ပုဒ်ကိုတွေ့ရပါတယ်။

မြန်မာပြည်က အမျိုးသမီးတွေအပေါ် ပုံစံမျိုးစုံနဲ့ ထိခိုက်နစ်နာစေမှုဖြစ်စဉ်တွေမှာ အာဏာရှင်တွေ သာမက လူထုယုံကြည်ကိုးစားရမယ့် နေရာမှာ ရောက်ရှိနေတဲ့သူတွေပါ အစဉ်မပြတ် ပါဝင်နေတယ် ဆိုတာ ဒီဖြစ်စဉ် ၂ခုက မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံနေရတဲ့ အခြေအနေတွေ၊ အသက်ရှင်ပိုင်ခွင့်ဆုံးရှုံးနေရတဲ့အခြေအနေတွေကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဆိုးရွားရွားကြုံတွေ့နေကြရတယ်။ စိတ်အားတက်စရာအခြေအနေတွေ မမြင်ရတော့လောက်အောင် ရင်ဆိုင်နေကြရချိန်မှာ မိတ္ထီလာအကျဉ်းထောင်ကနေ နိုင်ငံအမျိုးသမီးတဦးထောင်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်တဲ့သတင်းကတော့ ဒီတပတ်မှာ အာဏာရှင်စနစ်ရွံမုန်းသူ တော်လှန်ရေးအသိ ရှိကြသူတွေ အတွက်တော့ အမှောင်ထုထဲမှာ အလင်းတန်းတခု ဖျတ်ကနဲ မြင်လိုက်ရသလို ခံစားရစေတဲ့ သတင်းတပုဒ်လို့ ဆိုရပါမယ်။

ဒီတပတ်အတွင်း HI က စုစည်းဖော်ပြထားတဲ့ အမျိုးသမီးသတင်း ၉ပုဒ်ကတော့

· မိတ္ထီလာထောင်မှ အမျိုးသမီး နိုင်ကျဉ်းတဦးထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်

· ဘုန်းကြီးတပါးရဲ့ အဓမ္မပြုကျင့်ခံရပြီး အတင်းအကြပ် ကိုယ်ဝန်ဖျက်ချခံခဲ့ရတဲ့

၅ တန်းကျောင်းသူရဲ့ ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေ

· မြောက်ချွန်း ပလဖ ခေါင်းဆောင်က အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဟုဆို

· လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသူများကို အကြမ်းဖက်ပုဒ်မများဖြင့် ပြန်လည်ဖမ်းဆီးနေ

· ပြင်ဦးလွင်တွင် မိခင်သတ်ဖြတ်ခံရ၊ သမီးဖြစ်သူ မီးရှို့ခံရမှု တရားခံမမိသေး

· ချောင်းဦးမြို့နယ်၌ လက်နက်ကြီးပစ်ခံရပြီး ဒေသခံအမျိုးသမီး ၂ ဦးသေဆုံး

· မြေပဲသိမ်းနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးကို ဒရုန်းဗုံးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

· အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေဟုဆို

· တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တည်ထောင်ခြင်း ၂၅နှစ်ပြည့် အခမ်းအနား ကျင်းပ

မိတ္ထီလာထောင်မှ အမျိုးသမီး နိုင်ကျဉ်းတဦးထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်

မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတဦးဟာ စက်တင်ဘာလ ၁၅ရက်က မိတ္ထီလာထောင်အတွင်း အမျိုးသမီးဆောင်(မူဆယ်ဆောင်)ရှိ၊ မိလ္လာမြောင်းပေါက်မှတဆင့် ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။

မိတ္ထီလာအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူဟာ အသက်(၃၀)အရွယ် အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတဦးဖြစ်ပါတယ်။

မိတ္ထီလာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူတဦး လွတ်မြောက်ခဲ့တဲ့အတွက် ထောင်အာဏာပိုင် တွေက အမျိုးသမီးထောင်ဝန်ထမ်းတွေကို ဒဏ်ခတ်တဲ့ အနေနဲ့ ၁၀ရက် အိမ်ပြန်ခွင့်မပေးဘဲ ထောင်ထဲမှာ နေခိုင်းခဲ့တယ်လို့ သိရပါတယ်။

Source – Myanmar Press Photo Agency

ဘုန်းကြီးတပါးရဲ့ အဓမ္မပြုကျင့်ခံရပြီး အတင်းအကြပ်ကိုယ်ဝန်ဖျက်ချခံခဲ့ရတဲ့ ၅ တန်းကျောင်းသူရဲ့ ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဘုန်းကြီးတစ်ပါးရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ပါ အတင်းအဓမ္မ ဖျက်ချခံခဲ့ရတဲ့ ၅ တန်းကျောင်းသူဟာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့် သားအိမ်ထုတ်ပယ်ရနိုင်တဲ့အထိ အခြေအနေဆိုးရွားနေပြီး၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဖြစ်တာကြောင့် ဆေးဝါးကုသမှုအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်းမြမြို့၊ ဘုရားငုတ်တို ရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတပါးက ဒီနှစ် ဇွန်လကတည်းက ကျောင်းတိုက်မှာ မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ကိုယ်ဝန် ၅ လ ရရှိချိန်မှာတော့ တရားစခန်းပွဲများကို သွားရောက်ရန်လို့ အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချစေခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကို ကလေးငယ်တက်ရောက်ပညာသင်ကြားနေတဲ့ စာသင်ကျောင်းမှ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း ကလေးငယ်အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေက သိရှိသွားကြပြီး မြောင်းမြရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ချိန်မှာ အဆိုပါဘုန်းကြီးဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ ဘုန်းကြီးကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်ခံရသူ ကလေးရဲ့ မိသားစုဟာ နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစု ဖြစ်တာကြောင့် ဆေးဝါးကုသစရိတ်အတွက် အလွန်အခက်အခဲဖြစ်နေပြီး၊ လက်ရှိမှာတော့ ကလေးငယ်ရဲ့ စာသင်ကျောင်းက တာဝန်ရှိသူတွေကပဲ အဓိကလိုက်လံကူညီပေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကျူးလွန်သူဟုဆိုသူ ဦးဥတ္တမ ခေါ် ဦးအေးလွင်ကို မြောင်းမြမြို့မရဲစခန်းက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Source – CJPlatform

မြောက်ချွန်း ပလဖ ခေါင်းဆောင်က အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာမှာ ကျေးရွာလုံခြုံရေး (ပလဖ) တပ်ဖွဲ့ဝင်တဦးက အိမ်ထောင်ရှင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အမှုအတွက် ဖြေရှင်းအရေးယူတာမရှိသလို နစ်နာသူအမျိုးသမီးပါ ထိန်းသိမ်းခံနေရတဲ့အပြင် မိသားစုတွေနဲ့ပါ တွေ့ဆုံခွင့်မရဘူးလို့ ဒေသခံတွေနဲ့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူတို့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နစ်နာသူအမျိုးသမီး မဖြူ (အမည်လွှဲ) နဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ) တို့ စကားများရန်ဖြစ်ရာ မြောက်ချွန်းကျေးရွာ ပလဖက ကိုနီ(အမည်လွှဲ)ကို ဖမ်းဆီးသွားပြီး ထိပ်တုံးခပ်ကာ ထိမ်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မြောက်ချွန်းကျေးရွာ ပလဖခေါင်းဆောင် ဦးအိုက်နိုင်း (ခ) ကိုသိန်းတန်က သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုနီ(အမည်လွှဲ)နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟုဆိုကာ မဖြူ(အမည်လွှဲ)ကို လာရောက်ခေါ်ဆောင်ပြီး ပလဖရုံးကို ခေါ်ဆောင်မသွားဘဲ တောတွင်းတနေရာမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ချွန်း ပလဖအဖွဲ့ခေါင်းဆောင်ရဲ့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမှုအပေါ် နစ်နာသူ မိသားစုက ကျေးရွာ ပလဖအဖွဲ့ကို တိုင်ကြားခဲ့ကြောင်း၊ စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျေးရွာအတွင်း အမှုမှန်ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီးနောက် ကျေးရွာ ပလဖ၊ ပအဖ၊ ပကဖ အဖွဲ့က ဦးအိုက်နိုင်းကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ အဲဒီနောက် ရွာသစ်ကုန်းတိုက်နယ် ပလဖရုံးမှာပါ ခေါ်ယူစစ်ဆေးရာမှာ ဦးအိုက်နိုင်းက သူကျူးလွန်ခဲ့မှုကို ဝန်ခံခဲ့ကြောင်း၊ အမှုဖြစ်စဉ်ကို ပိုက်ဆံပေးကာ ကျေအေးစေရေး ဦးအိုက်နိုင်းက ညှိနှိုင်းရာ နစ်နာသူမိသားစုက ဥပဒေအရသာ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

နစ်နာသူရဲ့ မိသားစုဝင်တွေက တိုက်နယ်တာဝန်ရှိသူတွေရဲ့ ငွေကြေးရယူကာ ကျေအေးစေရေး ဆုံးဖြတ်ချက်ကို လက်မခံတာကြောင့် မင်းကင်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သွားရောက် တွေ့ဆုံကာ ဥပဒေအရ အရေးယူပေးရေး တောင်းဆိုချိန် မင်းကင်းမြို့နယ် ပလဖက နစ်နာသူ အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ နစ်နာအမျိုးသမီးရဲ့ ခင်ပွန်း ကိုနီ (အမည်လွှဲ)က ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့မှာ မင်းကင်းမြို့နယ် ပလဖ တာဝန်ရှိသူ ရဲမှူးဦးနိုင်ဝင်းက နစ်နာသူ မဖြူ(အမည်လွှဲ) လာရောက်တိုင်ကြားတဲ့ ဖြစ်စဉ်ဟာ အဓမ္မပြုကျင့်မှု မဟုတ်ဘဲ အိမ်ထောင်ရေး ဖောက်ပြန်သည့် ဖြစ်စဉ်ဟု စွပ်စွဲကာ နစ်နာမှုအတွက် လာရောက်ဖြေရှင်းဆောင်ရွက်သူ မဖြူ(အမည်လွှဲ)ကို ပျဉ်းကိုင်းကျေးရွာမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီနေ့အချိန်ထိ ပြန်မလွှတ်သေးဘူးလို့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ)ကဆိုပါတယ်။

Source – CJPlatform

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသူများကို အကြမ်းဖက်ပုဒ်မများဖြင့် ပြန်လည်ဖမ်းဆီးနေ

မြန်မာနိုင်ငံဒေသအသီးသီးက အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့နဲ့ နိုင်ငံရေးအကျဉ်းသူတွေ ပြန်လည်လွတ်မြောက်လာပေမဲ့ ထောင်ဝမှာတင် ပြန်လည်ဖမ်းဆီးတာ၊ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူတွေနဲ့ မသက်ဆိုင်တဲ့ အမှုတွေနဲ့ ထပ်မံစွဲဆိုပြီး လွတ်မြောက်မယ့်အပေါ် ရည်ရွယ်ချက်ရှိရှိ ဥပဒေကို အသုံးချပြီး ပြန်လည်ဖမ်းဆီးမှုဟာ ဒီနှစ်ထဲမှာ ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တရားမဲ့ဖမ်းဆီးတာ၊ မဟုတ်မမှန်ပုဒ်မတပ်ပြီး ထပ်မံဖမ်းဆီး ချုပ်နှောင်တာတွေကို ကျူးလွန်နေတာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း Article-9 အရ “တရားမဲ့ ဖမ်းဆီးခြင်း မပြုရ” ဆိုတဲ့ အချက်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာလို့ ဆိုပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်းတရားမဲ့ ဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေ အလုံးစုံလွတ်မြောက်ရေးအတွက် အကျဉ်းထောင်တွေကို စောင့်ကြည့် လေ့လာပြီး စုံစမ်းဖော်ထုတ်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Source – DVB

ပြင်ဦးလွင်တွင် မိခင် သတ်ဖြတ်ခံရ၊ သမီးဖြစ်သူ မီးရှို့ခံရမှု တရားခံ မမိသေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ အောက်တိုဘာလ ၈ ရက်ကဖြစ်ပွားခဲ့တဲ့ မိခင်ဖြစ်သူအား သတ်ဖြတ်ပြီး သမီးဖြစ်သူကို မီးရှို့ မှု တရားခံကို ဖမ်းမမိသေးဘူးလို့သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် အရွယ် အမျိုးသမီးဟာ ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တခုမှာ G – 12 တက်နေတဲ့ သမီးဖြစ်သူထံ သွားရောက်လည်ပတ်ရာမှ သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျူးလွန်သူဟာ ဘော်ဒါဆောင်မုန့်ဈေးတန်းမှု ဈေးရောင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ မီးရှို့ခံရရာမှ အသက်ရှင်လွှတ်မြောက်လာတဲ့ သမီးဖြစ်သူက စွပ်စွဲပြောဆိုထားပါတယ်။

အောက်တိုဘာလ ၈ ရက်က မိခင်တည်းခိုတဲ့ ဟိုတယ်ကို စွပ်စွဲခံထားရသူက မုန့်လာပို့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မိခင်ကို အလည်သွားရန် အပြင်သို့ ခေါ်ဆောင်သွားပြီးနောက် အချိန်အတန် ကြာတဲ့အထိ မိခင်ဖြစ်သူ ပြန်မရောက်လာသေးအတွက် ဖုန်းဆက်ရာ ဖုန်းစက်ပိတ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်စွပ်စွဲခံရသူ ထပ်မံရောက်ရှိလာပြီး မိခင်ဖုန်းပျက်သွားပြီး မိခင်ဖြစ်သူက ခေါ်ခိုင်းလိုက်တဲ့အတွက် သမီးဖြစ်သူက အတူလိုက်သွားခဲ့တယ်လို့သိရပါတယ်။

လမ်းတနေရာအရောက် ခေတ္တနားမယ်လို့ ပြောဆိုကာ နားနေတဲ့အချိန် ဝိုင်ပုလင်းနဲ့ ရိုက်နှက်တာ၊ ဦးခေါင်းကို မြေကြီးမှာ ဆောင့်ရိုက်ခြင်းတို့ ပြုလုပ်ခံခဲ့ရပြီး မေ့မျောသွားခဲ့ပါတယ်။

မေ့မျောနေချိန် ဓာတ်ဆီလောင်းကာ မီးရှို့ခံခဲ့ရပြီး မီးလောင်ကျွမ်းနေစဉ် သတိပြန်လည်လာရာ ထွက်ပြေးရာမှ အနီးပတ်ဝန်းကျင်ရှိသူတွေ ကူညီခဲ့တယ်လို့ဆိုပါတယ်။

မီးလောင်မှုကြောင့် သမီးဖြစ်သူဟာ ပေါင်နဲ့လက်တခြမ်း မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ပြည်ဦးလွင် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေကဆိုပါတယ်။

မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို သမီးဖြစ်သူမီးရှို့ခံခဲ့ရတယ်ဆိုတဲ့နေရာအနီးမှာ လည်ပင်းညှစ်၊ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပါတယ်။

လက်ရှိမှာ စွပ်စွဲခံထားရသူ အမျိုးသမီးကို ပြင်ဦးလွင်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားသော်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး တပတ်နီးပါးရှိလာချိန်အထိ ဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။

Source – Mizzima

ချောင်းဦးမြို့နယ်၌ လက်နက်ကြီးပစ်ခံရပြီး ဒေသခံအမျိုးသမီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံအမျိုးသမီး ၂ဦးသေဆုံးပြီး ကလေးငယ် တဦး ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။

ချောင်းဦးမြို့နယ် ၊ ငါးလုံးတင်ရွာကို ချောင်းဦးမြို့ပေါ် ဘောလုံးကွင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၀ရက် ညက ၁၂၀ မမ ဗုံးသီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီး ၂ဦးသေဆုံးပြီး ၁၁ နှစ်အရွယ်ကျော် ယောကျ်ားလေး တဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးနှစ်လုံးတွင် ပထမအလုံးမှာ ထိခိုက်သေဆုံးသူများနေထိုင်သည့် နေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယအလုံးမှာ လူနှင့် အဆောက်အဦများ ထိခိုက်ခြင်းမရှိဘူးလို့သိရပါတယ်။

Source – Mizzima

မြေပဲသိမ်းနေတဲ့ စစ်ဘေးရှောင်အမျိုးသမီး တဦးကို ဒရုန်းဗုံးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာအနီးမှာ မြေပဲသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၄၅ အရွယ် အမျိုးသမီးတဦးရဲ့ လက်မောင်းထိမှန်ကာ ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။

ဗုံးစထိမှန်သွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးဟာ မိသားစုနဲ့အတူ မြေပဲ သိမ်းယူနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက်မှာ စစ်ကော်မရှင်တပ်တွေ လှုပ်ရှားသွားလာ နေတာကြောင့် တော်လှန်ရေးတပ်တွေက လုံခြုံရေးသတိထားပြီး သွားလာဖို့ တိုက်တွန်းထားပါတယ်။ ဒေသခံတွေကတော့ သီးနှံရိတ်သိမ်းရာသီဖြစ်တာကြောင့် အရဲစွန့်ကာ တောင်ယာသွားပြီး ရိတ်သိမ်းကြ သူတွေလည်း ရှိနေတာပါ။

ယခုရက်ပိုင်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲ တစုံတရာဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Source – ကန္တရဝတီ

အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေဟုဆို

ဖမ်းဆီးခံထားရတဲ့အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ဖို့ အာဏာပိုင်တွေ ဘက်က ဖိအားပေးနေတယ်လို့ Solidarity of Trade Union Myanmar (STUM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြိုမဲထည့် ဖို့ ငြင်းဆန်ပါက ကန့်ကွက်မဲ အဖြစ်သတ်မှတ်ပြီး တိုက်ပိတ်ခြင်း စတဲ့ ထောင်တွင်း ပြစ်ဒဏ်များချမှတ်မယ်လို့ ခြိမ်းခြောက်ကြိမ်းမောင်းတယ်လို့ STUM က အသိပေးထုတ်ပြန်ထားပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာ သူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေအိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေကို ထပ်မံဖမ်းဆီးခဲ့ကာ စစ်ကော်မရှင် လက်အောက်ခံတွေက ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့အရေးယူခဲ့ပြီးနောက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။

Source – Myanmar Labour News

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တည်ထောင်ခြင်း ၂၅နှစ်ပြည့် အခမ်းအနား ကျင်းပ

တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)ရဲ့ ငွေရတုအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်နေ့က အွန်လိုင်းကတစ်ဆင့်ကျင်းပခဲ့ပါတယ်။ ဒီအခန်းအနားမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်း တွေနဲ့ပတ်သက်ပြီး သ‌ဘောထားထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ်ရေးအတွက် တော်လှန် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဖိုဝါဒကြီးစိုးရေးကို ဦးတည်တဲ့ မည်သည့်အဖွဲ့အစည်း လှုပ်ရှားမှုမျိုးကိုမဆို တော်လှန် သွားမယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင်နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့အဆင့်တိုင်းမှာ အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ အမျိုးသမီး စွမ်းရည် မြှင့်တင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ လူမှုတရားမျှတမှု၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းကြောင်းလည်းဖော်ပြထားပါတယ်။

Source – HI

Author: