တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
စက်တင်ဘာ ၂၇ရက်ကနေ အောက်တိုဘာ ၃ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။
ယခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲကမှ သတင်းဖတ်သူတွေအတွက် စိတ်အထိခိုက်ရဆုံးဖြစ်လို့၊ HI က ကောက်နှုတ်သုံးသပ်လိုတဲ့ သတင်း၂ပုဒ်ကတော့ DVB ကဖော်ပြထားတဲ့ မဲဆောက်မှာနေထိုင်သူ ရွှေပြောင်း မြန်မာအမျိုးသမီးတဦး မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်တဲ့သတင်းနဲ့ နေမကောင်းတဲ့ သားငယ်ကိုဆေးကုသနိုင်မယ့် စရိတ်ရှာဖွေနေတဲ့ မိခင်တဦး ပလုံ(ပလပ်စတစ်ဘူးခွံ၊ ခွက်ခွံများ) ကောက်ရင်း ရေနုတ်မြောင်းထဲ သေဆုံးဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ မဲဆောက်မြို့ကို တိမ်းရှောင်လာတဲ့ ဇနီးမောင်နှံအနက် အမျိုးသမီးဖြစ်သူက မဲဆောက်မှာ ခက်ခက်ခဲခဲရပ်တည်နေရင်း မိမိကိုယ်ကို အဆုံးစီရင်သွားတာဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေအဖို့ မဖော်ပြနိုင်တဲ့ လူမှုစီးပွားအခက်အခဲတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြား ရုန်းကန်နေရတာကို ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။ စစ်အာဏာရှင်လက်ထက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ လူမှုအကြပ်အတည်းတွေရဲ့ လက္ခဏာတခုလို့ ဆိုနိုင်ပါတယ်။
နေမကောင်းနေတဲ့ ကလေးငယ်ကိုဆေးဝယ်တိုက်ဖို့ ဝင်ငွေရနိုင်အောင် ပလုံကောက်ရင်း ရေနုတ်မြောင်းထဲ သေဆုံးခဲ့ရတဲ့ သားသည်မိခင်တဦးရဲ့ ဖြစ်စဉ်ကလည်း ပြည်တွင်းနေ ပြည်သူတွေရဲ့ အလွန်အမင်းဆင်းရဲ ကြပ်တည်းမှုကိုညွှန်းဆိုနေပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းမြင့်တက်လာမှု၊ လုပ်ခလစာနည်းပါးမှု စတဲ့အကြောင်းအရင်းတွေကို အခြေခံနေတာပါ။ မြန်မာပြည်သား အခြေခံလူတန်းစားတွေအဖို့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ကျန်းမာရေးကုသမှု ခံယူနိုင်ရေးအတွက် ပြင်းထန်တဲ့ ဖိအားတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီဝမ်းနည်ဖွယ်ဖြစ်ရပ်နှစ်ခုက စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေကြုံနေရတဲ့ ဒုက္ခအကြပ်အတည်းထဲက အစိတ်အပိုင်းတခုဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ၊ အတင်းအကြပ် စစ်တပ်ထဲဆွဲသွင်းတဲ့ စစ်မှုထမ်းဥပဒေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မိသားစုကို စောင့်ရှောက်ရတဲ့ အမျိုးသမီးတွေ၊ သားသည်မိခင်တွေမှာ ပဋိပက္ခစစ်ပွဲ၊ စီးပွားရေးနဲ့ လူမှုရေးဖိအားတွေဒဏ်ကို ၂ဆတိုး ပိုခံစားနေရတယ်လို့ HI က သုံးသပ်ပါတယ်။
မဲဆောက်မှာ မြန်မာအမျိုးသမီးတဦးဆွဲကြိုးချသတ်သေ
စစ်မှုထမ်းဥပဒေကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို တိမ်းရှောင်လာတဲ့ဇနီးမောင်နှံအနက် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်သူမှာ စက်တင်ဘာ ၂၅ ရက်က ဆွဲကြိုးချသတ်သေသွားတယ်လို့ အနီးအနား နေထိုင်သူတွေ ဆီက သိရပါတယ်။
ယင်းဇနီးမောင်နှံက မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက်မှာ ခက်ခက်ခဲခဲရပ်တည်ရင်း မိန်းမဖြစ်သူက အခုလို သတ်သေသွားသလို ယင်းအမျိုးသမီးမှာ သေဆုံးချိန်မှာ ကလေး ၁ ယောက်နဲ့ သူ့ရဲ့အမျိုးသားကျန်ရစ်ခဲ့ပြီးဘာကြောင့် ခုလိုလုပ်တာလဲဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားအာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြလို့ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ရှောင်တိမ်းကြသူတွေ၊ စစ်မှုထမ်းဥပဒေကြောင့် ဘေးလွတ်ရာပြေးရင်း ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ မြန်မာအများအပြား ရောက်ရှိနေထိုင်နေတာ ဖြစ်ပါတယ်။
Sources -DVB
ချောင်းဦးမြို့ပေါ်တွင် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၂ဦးထက်မနည်းကို စစ်တပ် ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်မှာ စက်တင်ဘာ၂၈ရက်နေ့ မနက်ပိုင်းက အမျိုးသမီးတွေအပါအဝင် ပြည်သူ ၁၂ဦးထက် မနည်းကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့မရဲစခန်းကထွက်လာတဲ့ စစ်သား ၂၀ခန့်က ချောင်းဦးမြို့၊ ရန်အောင်မြေရပ် ဇာတ်ရုံကြီးအနီးမှာ ပြည်သူတွေကို စစ်ဆေးမှုပြုလုပ်ပြီး အမျိုးသမီး ၂ဦးကို ဖမ်းဆီးသွားသလို၊ စက်တင်ဘာ ၂၇ရက်၊ မွန်းလွဲ ၂နာရီခန့်ကလည်း ချောင်းဦးမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ကုန်းခင်ရပ်၊ မန်းကျည်တောကျောင်း အနီးက ပြည်သူ ၁၀ဦးကျော်ကို ဖမ်းဆီးခဲ့တယ်လို့ Chaung U Revolution အဖွဲ့ထံက သိရပါတယ်။
Sources – MPA
ကလေးဆေးဝယ်တိုက်ဖို့ ပလုံကောက်တဲ့ အမျိုးသမီးရေနစ်သေဆုံး
နေမကောင်းဖြစ်နေတဲ့ ၁ နှစ်ကျော်အရွယ် ကလေးငယ်ကို ဆေးဝယ်တိုက်ဖို့ ပလုံကောက်တဲ့ အမျိုးသမီးဟာ စက်တင်ဘာ၂၆ရက် နေ့လည်ပိုင်းမှာ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်က ရေနုတ်မြောင်းကျယ်ထဲမှာ ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ဥသာမြို့သစ်၊ ၉ ရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် မသင်္ကြန်မိုးဖြစ်ပြီး ၂၀၂၄ ခုနှစ်က ကလေးတယောက်ရရှိချိန်မှာ ယောက်ကျ်ားဖြစ်သူက ထားခဲ့ချိန်မှာ သူက ကလေးကို ပလုံကောက်ရင်း ထိန်းသိမ်း စောင့်ရှောက်နေတဲ့ မိခင်တဦးဖြစ်ပါတယ်။
လက်ရှိမှာ ကျန်ရစ်ခဲ့တဲ့ ကလေးကို ပရဟိတအဖွဲ့တွေက ဆေးကုပေးနေသလို သေဆုံးသူ မိခင်ရုပ်အလောင်းကို ဆင်ဖြူကွင်းသုသာန်မှာ စက်တင်ဘာ ၂၇ ရက် သင်္ဂြိုလ်ဖို့ ပရဟိတအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်နေတယ်လို့ သိရပါတယ်။
Sources – DVB
ဘုတ်ပြင်းမှာ အသက် ၂၀အရွယ် အမျိုးသမီးငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်
ဘုတ်ပြင်းမြို့နယ်၊ ထောင်စုံမဟက်ကျေးရွာအုပ်စု၊ စခန်းသာကျေးရွာ (ဒေသအခေါ် ရဲဘက်ရွာ) မှာ နေထိုင်တဲ့ အသက်၂၀ အရွယ်အမျိုးသမီးတဦးကို စစ်အာဏာရှင်တပ်သားတွေက ဖမ်းသွားပြီးနောက် အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က အဲဒီကျေးရွာမှာ နေထိုင်တဲ့ အသက်၂၀နဲ့ အသက်၃၀အရွယ်ရှိ အိမ်ထောင်သည် အမျိုးသမီး ၂ဦးကို ခင်ပွန်းသည်တွေ နေအိမ်မှာမရှိတဲ့အချိန် ဘိုးဒါးကျေးရွာမှာ အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်က လမ်းပြပေးဖို့ ခေါ်ဆောင်သွားပါတယ်။ အမျိုးသမီး ၂ဦးထဲက အသက်၃၀အရွယ် အမျိုးသမီးကို ရိုက်နှက်ကာ ပြန်လွှတ်လိုက်ပြီး နောက်တဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရတယ်။
ဘိုးဒါးကျေးရွာမှာ ဂိတ်ချပြီး အထိုင်စခန်းချထားတဲ့ ဘုတ်ပြင်းအခြေစိုက် ခမရ ၃၅၈ တပ်ရင်းက တပ်သားတွေက ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုမီးရှို့ဖျက်စီးတာ၊ လူမရှိတဲ့နေအိမ်တွေက ပစ္စည်းခိုးယူတာကို မကြာခဏ လုပ်ဆောင်လေ့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
Sources – Dawei Watch
စဉ့်ကူးမြို့နယ်က စာသင်ကျောင်း လေကြောင်းတိုက်ခံရမှု အမျိုးသမီး ၄ဦး သေဆုံး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျေးရွာ ၂ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၄ဦးသေဆုံးပြီး ဒေသခံပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၂၈ရက်၊ ညနေ ၅နာရီကျော်မှာ တံတားဦးလေတပ်က ဂျက်ဖိုက်တာတစီးဟာ ကံတောင်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး၂ဦး သေဆုံးပြီး၊ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အလားတူ မိတ္တီလာလေတပ်က ဂျက်ဖိုက်တာ တစီးကလည်း မာလဲကျေးရွာဆည်အနီးကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး၂ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာကို စစ်တပ်က ၂၀၂၄အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေ အပါအဝင် မကြာခဏ လူသေဆုံးမှု ဖြစ်ထားတဲ့ ရွာဖြစ်ပါတယ်။
Sources -People’s spring
ပလက်ဝတွင် စစ်ကော်မရှင်တပ်ဗုံးကြဲ၍ အမျိုးသမီး၂ ဦး သေဆုံး၊ ၂၀ နီးပါးဒဏ်ရာရ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂၉ ရက်မွန်းလွဲပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ သက်ကြီးပိုင်း အမျိုးသမီးတဦးတို့ သေဆုံးသွားတယ်လို့သိရပါတယ်။
ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ အာရက္ခမင်းသမီး မီဒီယာရဲ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ၃ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက်၁၉နှစ်နဲ့ ၄၂နှစ်အရွယ် အမျိုးသမီး ၂ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ယခုရက်ပိုင်းအတွင်း AA ထိန်းချုပ်နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်နေသလို၊ စက်တင်ဘာလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ဟာ ယခုလထဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားနှင့် ကလေးငယ် အနည်းဆုံး ၁၉ ဦးခန့် သေဆုံးခဲ့ပါတယ်။
Sources -Mizzima
သထုံမှာ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ်ဝင်ရောက်စီးနင်းပြီးနောက်၊ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၅ နာရီကျော် လောက်မှာ ကရင်လေးဆိပ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ ကလေးငယ် ၅ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့အမျိုးသား ၁၅ ဦးထက်မနည်း ၊ စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို သထုံအခြေစိုက် အမှတ် (၉) လေ့ကျင့်ရေးတပ်ထံ ခေါ်ဆောင်သွားပြီး စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးသလို၊ ဒီဖမ်းဆီးမှုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းနဲ့ သိမ်ဆိပ် ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း သထုံမြို့နယ်၊ ပုတိန်ရိုးကျေးရွာမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၄၀ ကျော်ကို စစ်ကော်မရှင်တပ်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီး ပြီးနောက် အဲဒီထဲက စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းတပ်သား စုဆောင်းခဲ့ပါတယ်။
Sources -Than Lwin Times
သာယာဝတီထောင်က လွတ်ရက်စေ့ နိုင်ကျဥ်းသူ ၁ဦးအပါအဝင် နိုင်ကျဉ်း ၅ဦး နောက်ထပ်အမှုနဲ့ ပြန်အဖမ်းခံရ
ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်ကနေ အောက်တိုဘာ၁ ရက်နေ့မှာ လွတ်ရက်စေ့လို့ လွှတ်ပေးရမယ့် နိုင်ငံရေး အကျဉ်းသူ ၁ဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၄ဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ နဲ့ ထပ်မံတရားစွဲဆိုရန် ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့သတင်းထုတ်ပြန်ပါတယ်။
လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအနက် ၆ ဦးအား သာယာဝတီထောင်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၅၀၅၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ – ၁၇(၁) တို့ဖြင့် ပြစ်ဒဏ်ကျခံရပြီး ထောင်ဗူးဝမှာပဲ ပြန်လည်ဖမ်းဆီးခဲ့ပြီး သူတို့ထဲမှ တဦးကိုသာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ပြန်လည်ဖမ်းဆီးခံရသူတွေက ကိုစိုင်းအောင်းငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး(ခ)နတ်ဆိုးနှင့် မမေမြတ်သူတို့ ဖြစ်သလို၊ လွတ်ရက်စေ့လို့ လွှတ်ပေးပြီးမှ ထောင်ဗူးဝမှာ ပြန်လည် ဖမ်းဆီးခံသူ (၇၄)ဦး ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က ၅၀၅ (က)၊ ၁၇(၁) တို့နဲ့ ထောင် ၆နှစ် ချမှတ်ခံထားရတဲ့ NLD ပါတီ ဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်ကိုလဲ လွတ်ရက်စေ့နေပေမယ့် ပြန်မလွတ်ပေးပဲ ၅၂ (က) နဲ့ နောက်မှုကပ်ပြီး ဆက်လက် ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်ဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်ရက်စေ့နေပေမယ့် ယခုအချိန်အထိ ပြန်မလွတ်သေးဘဲ ရမည်းသင်းအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။
Sources –Irrwaddy & Burma VJ
ရန်ကုန်တွင် စစ်မှုထမ်း မပါရေး အမျိုးသမီးများ လစဉ်ငွေပေးနေရ
ရန်ကုန်တိုင်းရှိ မြို့နယ်အများစုမှာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေက အမျိုးသမီးတွေရှိတဲ့ နေအိမ်တွေပါ လစဉ်ငွေပေးရန် အစည်းအဝေးတွေဆင့်ခေါ် ပြောဆိုမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတဲ့အတွက် စစ်မှုမထမ်းရရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကော်မရှင်တပ်ကို ငွေပေးနေရတယ်လို့ သိရပါတယ်။
အသက် ၁၈-၄၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈-၃၅ နှစ်အတွင်း အမျိုးသမီးတွေရှိတဲ့ နေအိမ်တွေဟာ စာရင်းအတိုင်း ဝင်ငွေပေါ်မူတည်၍ ၅၀,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ်အထိ ပေးနေရတယ်လို့ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ လှိုင်မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသမီးအချို့က ပြောကြားပါတယ်။
လစဉ်ကြေးတွေကို စစ်ကော်မရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက နေအိမ်အထိ လက်နက်ကိုင်ဆောင်ကာ လာရောက် ကောက်ယူခြင်းရှိတယ်လို့ ဆိုပါတယ်။
လစဉ်ငွေ ပေးနေတဲ့ ကာလအတွင်း ပေါ်တာဆွဲခံရတာအပါအဝင် စစ်မှုထမ်းဆင့်ခေါ်ခံရရင်လည်း တာဝန်ယူမှာ မဟုတ်ဘူးလို့ အစည်းအဝေးမှာပဲ ပြောကြားခဲ့ပြီး၊ လက်ရှိကာလက ငွေကြေးဖောင်းပွမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုတွေ ကြောင့် လူထု အကျပ်အတည်းရှိနေကြစဉ် ယခုလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ငွေကြေးပေးနေရပေမယ့် အချိန်မရွေး စစ်မှုထမ်းဆင့်ခေါ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သာမန်အရပ်သား အမျိုးသားတွေဟာ အသက် ၁၈- ၃၅ နှစ်အတွင်းနဲ့ အမျိုးသမီးတွေက ၁၈- ၂၇ နှစ်အတွင်းဖြစ်ပြီး၊ ဆရာဝန်၊ အင်ဂျင်နီယာတို့လို အတတ်ပညာရှင်တွေက အမျိုးသား အသက် ၁၈- ၄၅ နှစ်၊ အမျိုးသမီး အသက် ၁၈-၃၅ နှစ်လို့ သတ်မှတ်ထားပါတယ်။
စစ်တပ်ဟာ အမျိုးသမီးတွေကို ၂နှစ်အထိ စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်ပြီး၊ အရေးပေါ်အခြေအနေ သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅နှစ်အထိ သက်တမ်းတိုးနိုင်တယ်လို့ ဆိုထားပါတယ်။
Sources -Mizzima








