အာဏာရှင်စနစ်နဲ့ ဖိုဝါဒကို တစ်ပြိုင်ထဲ တော်လှန်နေသူ – စနိုက်ပါသမား GiGi

ရှင်ငြိမ်း

ပတ်ဝန်းကျင်တစ်ခုလုံးကို ကျည်ဆန်တွေက မိုးတွေလို ရွာချနေပါတယ်။ လက်နက်ကြီးတွေရဲ့ပေါက်ကွဲသံ၊ လေယာဉ်တွေရဲ့ တဝီဝီ မြည်ဟီးသံတွေကလည်း ချင်းတောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းထားပါတယ်။

ဒီလိုအသက်အန္တရာယ်တွေကြားမှာ အမျိုးသမီးရဲဘော်တစ်ဦးကတော့ တုန်လှုပ်ခြင်းမရှိ။ သူ့ရဲ့စနိုက်ပါရိုင်ဖယ်ကို ကျစ်ကျစ် ပါအောင်ဆုပ်ကိုင်ရင်း မိုင်ပေါင်းများစွာဝေးတဲ့ ပစ်မှတ်ကို အာရုံစူးစိုက်ကာ ပစ်ခတ်နေပါတယ်။

ရန်သူ့တပ်တွေကလည်း စစ်ဗျူဟာကုန်းမကျရေးအတွက် စစ်လေယာဉ်တွေ၊ ဒရုန်းတွေ၊ အမြောက်တွေနဲ့ အပြင်းအထန် ခုခံ နေချိန် ဒီအမျိုးသမီးကတော့ ရန်သူ့လက်နက်တွေကို တစ်ခုပြီးတစ်ခု ပစ်ချတိုက်ခိုက်နိုင်ခဲ့တယ်။

သူ့ရဲ့တိကျကျွမ်းကျင်တဲ့ပစ်ခတ်မှုတွေကြောင့် ရန်သူ့ဒရုန်းတွေ၊ လက်နက်ကြီးတွေဟာ လေထဲမှာပဲ ထိမှန်ပေါက်ကွဲသွားခဲ့ပါ တယ်။ ဒီတိုက်ပွဲဟာ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သိမ်းနိုင်ဖို့ ၅ လနီးပါး တိုက်ယူခဲ့ရတဲ့တိုက်ပွဲပါ။

ကျည်မိုးတွေကြားထဲမှ ဒီတာဝန်ကို အကြောက်အရွံ့ကင်းစွာ တာဝန်ထမ်းဆောင်ခဲ့သူကတော့ အများထင်သလို အမျိုးသား တစ်ယောက်ဖြစ်မနေဘဲ ထူးထူးခြားခြား အမျိုးသမီးစနိုက်ပါတစ်ယောက်ဖြစ်နေပါတယ်။

သူ့နာမည်ကတော့ GiGi ပါ။ ချင်းပြည်နယ် တီးတိန်ဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ PDF-Zoland မှ လက်ဖြောင့်တပ်သား တစ်ဦးဖြစ်တဲ့ GiGi ဟာ တပ်စိတ်မှူးတာဝန်ယူထားသူတစ်ဦးပါ။

ချင်းပြည်နယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း အမျိုးသမီးတွေကို ရှေ့တန်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်ခွင့်ရဖို့၊ စနိုက်ပါ သမားအဖြစ် လေ့ကျင့်ပါဝင်ခွင့်ရဖို့ လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။

PDF Zoland နဲ့ CNDF ကို စနိုက်ပါသင်တန်းပေးနေတဲ့ AIF က သင်တန်းသား ၂၀ ကျော်မှာ အနည်းဆုံး ၄၀ ရာခိုင်နှုန်းက အမျိုးသမီးသင်တန်းသူဖြစ်နေမှ သင်တန်းပေးမယ်ဆိုတာကြောင့် ချင်းတပ်ဖွဲ့တွေဟာ မဖြစ်မနေလိုက်လျောပေးခဲ့ရတယ်လို့ ချင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ AIF ကပေးတဲ့ စနိုက်ပါသင်တန်းဆင်းတဲ့အခါ အပတ်စဉ်နှစ်ခုစလုံးမှာ အတော်ဆုံးသင်တန်းသားတွေက အမျိုးသမီး တွေဖြစ်နေလို့ အမျိုးသမီးတွေကို လေ့ကျင့်ခွင့်ပေးဖို့ သဘောမတူခဲ့တဲ့ အမျိုးသားတွေကိုယ်တိုင် အံ့အားသင့်ခဲ့ကြရတယ်လို့ ဆိုထားပါတယ်။

GiGi ဆိုလည်း စနိုက်ပါသင်တန်းမှာ လက်ဖြောင့်ဆု ပထမရခဲ့ပြီး အခြေခံသင်တန်းမှာလည်း ဇွဲဆုနဲ့ တန်းမြင့်သင်တန်းမှာ တော့ ရဲဘော်ရဲဘက်ဆုရရှိခဲ့သူဖြစ်ပါတယ်။

ဒီဖလမ်းမြို့သိမ်းတိုက်ပွဲမှာဆိုလည်း GiGi အပါအဝင် အမျိုးသမီးရဲဘော်တွေဟာ စနိုက်ပါသမားတွေအဖြစ် ရှေ့တန်းမှာ  ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး သူတို့ရဲ့သတ္တိနဲ့ တိုက်ရည်ခိုက်ရည်ကို သက်သေပြခဲ့တာဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က အာဏာရှင်တော်လှန်ရေးတွေမှာ အမျိုးသမီးတွေဟာ ကျရာကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်။

အမျိုးသားတွေနဲ့တန်းတူ စွန့်လွှတ်အနစ်နာခံခဲ့ကြရပေမယ့် အသိအမှတ်ပြုခံရမှုကတော့ မရှိသလောက် နည်းခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကျား၊ မခွဲခြားမှုစံနှုန်းတွေကြောင့် အမျိုးသမီးဆိုရင် စစ်မတိုက်နိုင်ဘူးလို့ အရိုးစွဲလာခဲ့ကြတာဖြစ်ပါတယ်။

စစ်သားလုပ်ဖို့လာခေါ်ရင် မိန်းကလေးတွေ လိုက်သွားတာတွေ့ဖူးတယ်။ ဒါပေမဲ့ ရွာထဲစစ်ကြောင်းဖြတ်သွားရင် မိန်းကလေး တွေပါတာ မတွေ့ရဘူး။ စစ်ပြေးရင်တော့ လာကူတာ၊ ဘာညာတော့ နဲနဲတွေ့ရတယ်။

တခါတလေ ကျန်းမာရေးအရဆိုရင်တောင် အမျိုးသားကျန်းမာရေးမှူးတွေပဲလာတာ။ ကေအင်ယူတပ်မှာ တူ၊ တူမတွေရှိတဲ့ အမျိုးသမီးတွေ လက်နက်ကိုင်တာနဲ့ပတ်သက်လို့ ဒေါ်ဌေးကြည်ကပြောပါတယ်။

 “မိန်းကလေးတွေ စစ်တိုက်ရတယ်လို့လည်း မကြားဖူးဘူး။ ဒီလိုစနိုက်ပါကိုင်ပြီး တိုက်တယ်ဆိုတာ အခုမှ ကြားဖူးတာ။ တကယ်ပဲ တို့နိုင်ငံက အဲဒီလိုဖြစ်နေပြီလား။ မိန်းကလေးတွေ အဲဒါတွေကိုင်နိုင်ပြီလား။ အခုနောက်ပိုင်း မိန်းကလေးတွေ ကိုယ်တိုင်ဝင်တိုက်နေတာ သတင်းတွေမှာတွေ့တယ်” လို့ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ဌေးကြည်က မှတ်ချက်ပြုပြော ဆိုပါတယ်။

“ ဪ … မိန်းကလေးတွေ တော်ကြတယ်။ သတ္တိကောင်းတယ်လို့တောင် ပြောမိသေးတယ်။ တကယ်လည်း သူတို့သေနတ် ကိုင်ရင် အားရစရာကောင်းကြီး။  ယောကျာ်းလေးတွေနဲ့အတူတူလေ့ကျင့်နေတာမြင်တော့  ပိုတောင်အံ့သြမိသေးတယ်လို့ ဒေါ်ဌေးကြည်က ဆိုပါတယ်။

အခုဆိုရင် လက်ဖြောင့်တပ်သား GiGi ရဲ့လုပ်ရပ်ဟာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူ ရှေ့တန်းမှာ တိုက်ပွဲ ဝင်နိုင်တယ်ဆိုတာကို သက်သေပြနေတဲ့ဥပမာတစ်ခုပါ။

“အစကတော့ မိန်းကလေးတွေ တိုက်နိုင်မှာမဟုတ်ဘူးဆိုပြီး ရှေ့တန်းမခေါ်ဘူး။ ဒါပေမယ့် တခြားတပ်တွေမှာပါတဲ့ မိန်း ကလေးတွေ မထင်ရအောင် လုပ်နိုင်ကြတယ်။ သေနတ်အလေးကြီးတွေထမ်း၊ လူနာတွေလည်းထမ်း။ မညီးညူကြဘူး။ တကယ်လုပ်နိုင်ကြတယ်” လို့ အညာဒေသ PDF တပ်တစ်ခုမှ တာဝန်ခံ ရဲဘော်နိုင်စိုးက တလေးတစားနဲ့ မှတ်ချက်ပြု ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းကဆိုရင်လည်း ဆိုဗီယက်ယူနီယံရဲ့တပ်မှာ အမျိုးသမီးစနိုက်ပါ (female snipers) များစွာပါဝင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေရှိပါတယ်။

ဆိုဗီယက်အစိုးရက အမျိုးသမီးများကို တခြားနိုင်ငံများလို မလိုလားအပ်သလို မခံစားဘဲ စစ်တပ်ထဲတွင် လုံးဝစွဲစွဲမြဲမြဲ ပါဝင်ခိုင်းခဲ့ပြီး၊ စနိုက်ပါအဖြစ်လည်း အထူးအာရုံစိုက်ထားခဲ့တာကထူးခြားမှုတခုပါ။

ဆိုဗီယက်တပ်မှာ အမျိုးသမီး ၂,၀၀၀ ကျော် ခန့်ကို စနိုက်ပါအဖြစ် တာဝန်ထမ်းဆောင်စေခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ ရပါတယ်။

အထူးသဖြင့် အမျိုးသမီးစနိုက်ပါတွေ ဖိအားအောက်မှာ တည်ငြိမ်မှုရှိတဲ့သဘောဖြစ်တယ်လိုဆိုပါတယ်။ ရင်ဆိုင်ရတဲ့ဖိအား အကြပ်အတည်းအတွင်း အမျိုးသမီးစနိုက်ပါတွေက ပိုမိုသည်းခံတတ်တယ်လို့ ဒုတိယကမ္ဘာစစ် စစ်မှတ်တမ်းများအရ သိပါတယ်။

လူဒါပေမဲ့ စိတ်မကောင်းစရာက နွေဦးတော်လှန်ရေးရဲ့တကယ့်‌မြေပြင်မှာ အမျိုးသမီးတွေရဲ့တိုက်ခိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း တွေဟာ လျစ်လျူရှုခံနေရဆဲဖြစ်ပါတယ်။

စစ်အာဏာမသိမ်းမီကတော့ GiGi ဟာ သာမန် ၁၀ တန်းကျောင်းသူလေးတစ်ဦးသာဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ် အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲအဖြစ် ကျောင်းတံခါးတွေ ပိတ်လိုက်ရချိန်မှာ သူ့အသက်ဟာ ၁၇ နှစ်အရွယ်သာ ရှိပါသေး တယ်။

အာဏာရှင်စနစ်ဆိုးကို မိဘဘိုးဘွားလက်ထက်ကတည်းက ကြုံတွေ့ခဲ့ရပြီး ချင်းတောင်တန်းဒေသတွေမှာ စစ်တပ်ရဲ့လူမဆန် တဲ့ ဖိနှိပ်အုပ်ချုပ်တာတွေ ပြည်သူပိုင်ပစ္စည်းတွေကို မတရားဖျက်စီးလုယူတာနဲ့ သတ်ဖြတ်ဖမ်းဆီးတာတွေကို မြင်တွေ့ခဲ့တာ တွေက GiGi ကို တော်လှန်ရေးလမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ခဲ့တာဖြစ်ပါတယ်။

 “ကျမတို့လိုလူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်တာ၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်နေတာတွေ မြင်ရ၊ ကြား ရတဲ့အခါမှာ မနေနိုင်ဘူး။ ဒီလုပ်ရပ်ဆိုးကြီးကို ဒီတိုင်းရပ်ကြည့်နေလို့ ပြီးဆုံးသွားမှာမဟုတ်ဘူး။ ဒါကို တခါထဲရပ်သွား အောင် မလုပ်ရင်တောင်မှ ကျမတို့ရဲ့ခံစားချက်ကို ဖော်ထုတ်မယ်ဆိုပြီး လက်နက်ကိုင်ထဲ ဝင်လာတာ” လို့ GiGi ကတော်လှန် ရေးထဲဝင်ဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ဖွင့်ဟပါတယ်။

GiGi ဟာ တောင်သူလယ်သမား မိဘနှစ်ပါးနဲ့ မောင်နှမငါးယောက်ကြားမှာ ကြီးပြင်းခဲ့သူပီပီ သူ့ဆုံးဖြတ်ချက်ကို မိဘတွေ က အစပိုင်းမှာ ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမယ့် သမီးငယ်ရဲ့ခေါင်းမာပြီး မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ စိတ်ဓာတ်ကို သိရှိထားတဲ့အတွက် ကန့်ကွက်မယ့်အစား ဆု တောင်းပေးရင်း ဖခင်ကိုယ်တိုင် တော်လှန်ရေးနယ်မြေသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက် တောခိုတာဟာ ရွယ်တူယောကျာ်းလေးတွေနဲ့စာရင် အများကြီးခက်ခဲ ပင်ပန်းပါတယ်။ ဖြစ်သလိုနေထိုင်စားသောက်လို့ မရသလို သူတို့မှာ ယောကျာ်းလေးတွေနဲ့မတူတဲ့ လိုအပ်ချက်တွေကလည်း မနည်းပါဘူး။

ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲထက် GiGi ကို ပိုလို့နာကျင်စေတာကတော့ “အမျိုးသမီးမို့လို့ လက်နက်ကိုင်နိုင်မှာ မဟုတ်ဘူး” ဆိုတဲ့ အမျိုးသားရဲဘော်တချို့ရဲ့အထင်သေးတဲ့အကြည့်တွေနဲ့ နောက်ပြောင်စကားတွေ ဖြစ်ပါတယ်။

“သူတို့လုပ်နိုင်ရင် ငါတို့လည်းလုပ်နိုင်တယ်ဆိုပြီး ငြင်းမနေတော့ဘူး။ လုပ်ရပ်နဲ့ပဲ သက်သေပြလိုက်တယ်။ မြေတူးတာက အစ ထင်းသယ်တာအဆုံး ရှေ့တန်းအထိပေါ့။ အဲဒီလိုသက်သေပြပြီးတဲ့နောက် သူတို့လည်း ကျမကို အဲဒီလောက် မစရဲတော့ ဘူး”လို့ GiGi က ပြောပါတယ်။

သူတို့ဟာ အမျိုးသားတွေနည်းတူ တိုက်ခိုက်ရေးမှာ ပါဝင်လိုတာကြောင့် အမျိုးသား၊ အမျိုးသမီးလို့ မခွဲခြားတဲ့ အခြေခံစစ် သင်တန်းသုံးလအတွင်းမှာ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အစွမ်းကုန်ကြိုးစားသင်ယူခဲ့ကြတယ်။

“ကျမတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေ ပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော၊ စားဖိုဆောင် ပြန်ပို့ခံရတယ်၊ ကျမတို့ မိန်းကလေးတွေက တော်လှန်ရေးထဲဝင်တာ ထမင်းချက်ဖို့ဝင်လာတာများလားလို့တောင် ကိုယ့်ကိုကိုယ် ပြန်မေး ရတယ်” လို့ သူက ရင်ဖွင့်ပါတယ်။

အခြေခံစစ်သင်တန်းမှာလည်း သူရဲ့ကြိုးစားအားထုတ်မှုကြောင့် ဇွဲဆုရခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းပြီးတဲ့အချိန်မှာ သေ နတ်ကိုင်ပြီး စစ်တိုက်ချင်လို့ ဝင်လာတဲ့ GiGi ရဲ့ဆန္ဒကတော့ ဖြစ်မလာခဲ့ပါဘူး။

“သင်တန်းမှာတော့ ယောကျ်ား၊ မိန်းမ ခွဲခြားတာ မရှိဘူး။ အတူတူတက်၊ အတူတူ အပြစ်ပေးခံရတယ်။ ဒါပေမယ့် သင်တန်း ပြီးသွားတော့ စားဖိုဆောင်ကို ပြန်ပို့ခံရတယ်။ မိန်းကလေးတွေ ရှေ့တန်းမှာ မပြေးနိုင်မှာ၊ ကြောက်မှာစိုးလို့တဲ့။ ဒါက ကျမတို့ အတွက် တကယ်စိတ်ဓာတ်ကျစရာပဲ”လို့ GiGi က ပြောပါတယ်။

သူလိုချင်တာက အမျိုးသမီးရဲဘော်တိုင်း တိုက်ပွဲဝင်ရမယ်လို့ မဆိုလိုပါ။ ဆေးဘက်၊ ဆက်သွယ်ရေး၊ ဒရုန်း၊ စနိုက်ပါစတဲ့ ကိုယ်ကျွမ်းကျင်ရာ ကဏ္ဍအလိုက် တန်းတူအခွင့်အရေးနဲ့ တာဝန်ယူခွင့်ရချင်တာဖြစ်ပါတယ်။

“ကျမတို့ ဘာစိတ်ဝင်စားလဲဆိုတာ မေးကြည့်ပါ။ ကျမတို့မှာလည်း ကျွမ်းကျင်တဲ့အပိုင်းတွေရှိပါတယ်။ ထမင်းချက်တာ အပြင် တခြားကိစ္စတွေမှာ တကယ်တော်တဲ့အပိုင်းတွေရှိပါတ်”လို့ သူက အသိပေးထားပါတယ်။

GiGi ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်လိုစိတ်တစ်ခုထဲနဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်ခဲ့တာမဟုတ်ဘဲ တော်လှန်ရေးထဲ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေနဲ့ ရှေးရိုးစွဲအယူအဆတွေပါ တစ်ပြိုင်ထဲတွန်းလှန်နေသူ ဖြစ်ပါ တယ်။

တော်လှန်ရေးထဲစတင်ဝင်လာထဲက GiGi ရဲ့ပန်းတိုင်ဟာ ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ရှေ့တန်းလိုက်ရတဲ့ စနိုက်ပါ (လက် ဖြောင့်တပ်သား) ဖြစ်ချင်ခဲ့တာပါ။

“မိန်းကလေးတွေက အများအားဖြင့် ရှေ့တန်းသိပ်မထွက်ရဘူး။ စနိုက်ပါဆိုရင်တော့ ရှေ့တန်းကို မဖြစ်မနေပို့မှာပဲဆိုတဲ့ မျှော် လင့်ချက်နဲ့ ဝင်ဖြစ်တာ” လို့ သူက ဆိုပါတယ်။

အဲ့ဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ဖို့ PDF-Zoland နဲ့ CNF (ချင်းအမျိုးသားတပ်ဦး) တို့မှာ သင်တန်းပေးနေတယ်ကြား တော့ သူက တက်ချင်နေခဲ့တာဖြစ်ပါတယ်။ ဒါနဲ့လက်နတ်ကိုင်ဖို့ဆိုပြီး PDF-Zoland ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

PDF – Zoland မှာ အမျိုးသမီးစနိုက်ပါ မရှိသေးဘဲ သင်တန်းခေါ်ချိန်တိုင်းမှာ အမျိုးသားတွေသာ ဦးစားပေးခံရပါတယ်။ ဒါပေမယ့် ဇွဲမလျှော့ဘဲ စောင့်ဆိုင်းခဲ့ပြီးနောက် အမျိုးသမီးတွေအတွက် အခွင့်အရေးရလာတဲ့အခါ GiGi က အရောက်လှမ်း နိုင်ခဲ့တယ်။

၁၀ ပေါင်ကျော်လေးတဲ့ စနိုက်ပါရိုင်ဖယ်ကို ထမ်းပိုးရင်း ခွန်အားချင်းမတူညီတဲ့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း လေ့ကျင့်ရ တဲ့အခါ အခက်အခဲများစွာရှိခဲ့ပါတယ်။ သို့ပေမယ့် အမျိုးသမီးတွေလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ထင်မြင်မှုတွေကို ချေဖျက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။

GiGi ရဲ့ကြိုးစားမှုက အချည်းနှီးမဖြစ်ခဲ့ပါဘူး။ စနိုက်ပါသင်တန်းမှာ ပိုပြီးလက်ဖြောင့်ဖို့၊ မြန်ဆန်နိုင်ဖို့၊ ဆုံးဖြတ်ချက် ခိုင်ခိုင် မာမာချတတ်ဖို့ မီတာ ၁၀၀ မှာ ကလစ်ဘယ်လောက်ရွှေ့ရမယ်။ လေတိုက်နှုန်းက ဘယ်လိုဆိုတဲ့အချက်တွေက အရေးကြီး ဆုံးဖြစ်ပါတယ်။

သူဟာ အမျိုးသားတချို့ရဲ့အထင်သေးမှုတွေကို ချေပနိုင်ဖို့ မသိနားမလည်တာရှိရင် စီနီယာတွေကို အကြိမ်ကြိမ်မေးမြန်းသင် ယူတာကြောင့် သင်တန်းဆင်းချိန်မှာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၂ ဦးထဲမှာ လက်ဖြောင့်ဆု ပထမကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒီထဲက အမျိုးသမီးစနိုက်ပါ ၄ ဦးမှာ နှစ်ယောက်က ကျန်းမာရေးကြောင့် အနားယူသွားတဲ့အတွက် GiGi နဲ့နောက်တစ်ဦးသာ ကျန်နေခဲ့ပါတယ်။

GiGi ဟာ ယနေ့ထိဆိုရင် ရှေ့တန်းတိုက်ပွဲသုံးကြိမ်ပါဝင်ခဲ့ဖူးပြီး သူပထမဆုံး လိုက်ပါခဲ့ရတဲ့ တီးတိန်မြို့ပေါ် စခန်းသိမ်း တိုက်ပွဲက ထင်သလောက် မကြာခဲ့တဲ့အတွက် ပစ်ခွင့်မရခဲ့ပါ။

“ကျမ‌ရှေ့တန်းဝင်ဖူးတဲ့ တီးတိန်မြို့ပေါ် micro စခန်းသိမ်းတုန်းကပေါ့။ ကျမတို့က micro နဲ့ မီတာ ၈၀၀ လောက်မှာ နေရာ ယူတော့၊ အဲဒီနေ့ကလဲ စစ်သားတွေပဲ ကံကောင်းတာလား။ ကျမကပဲ ပစ်ဖို့ကံမပါတာလား။ တိမ်ထူတော့ ပစ်မှတ်ကို ရှင်းရှင်း လင်းလင်း မမြင်လို့ မပစ်ခဲ့ရဘူး”လို့ လက်ဖြောင့်တပ်သား GiGi က ရှင်းပြပါတယ်။

လက်ရှိ တိုက်ပွဲတွေမှာ GiGi ကိုင်နေတဲ့ စနိုက်ပါရိုင်ဖယ်သေနတ်က မကြာသေးမီကမှ စစ်ကောင်စီ အသစ်ထုတ်ထားတဲ့ MA SB သေနတ်ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲကနေ ရလာတဲ့စနိုက်ပါရိုင်ဖယ်သေနတ်ပါ။

MA SB ဆိုတာ MA-S ကတော့ Myanmar Army – Sniper, B ကတော့ bolt action ဖြစ်တယ်။ serial number 640 ဆိုတော့ ထုတ်လုပ်နေတာ အလက် ၅၀၀ အထက်ရှိနေပြီလို့ သတ်မှတ်လို့ရပါတယ်။

သေနတ်ကိုယ်ထည်က လေးလံပြီး ပြောင်းကလည်း ထူတယ်။ ဒါပေမယ့် ကန်အားလျော့ချပေးတယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမှာပါ။ ပစ်ခတ်တဲ့အခါ နောက်ကန်အားလျော့ရင် ပစ်ခတ်သူကို သက်တောင့်သက်သာ ဖြစ်စေတာကြောင့်ဖြစ်ပါတယ်။

မကြာသေးခင်က ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအပြီး ချင်းပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းမိခဲ့တဲ့ လက်နက်တွေထဲ မှာ ဒီစနိုက်ပါရိုင်ဖယ်အသစ်တွေလည်း ပါလာခဲ့ပါတယ်။

MA-SB ကို သုံးနေတာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆိုတာလည်း bolt action စနိုက်ပါရိုင်ဖယ်တစ်လက်ကို ကောင်း ကောင်းအသုံးချနိုင်အောင် သေချာလေ့ကျင့်ပေးထားတဲ့ စနိုက်ပါတွေ မဟုတ်ပြန်ဘူးလို့ ချင်းဒေသမှာ စနိုက်ပါ သင်တန်းပေး နေတဲ့ AIF က သုံးသပ်ထားပါတယ်။

ဒါပေမယ့် အမျိုးသမီးစနိုက်ပါသမားတွေ ကင်းထောက်ရင်း စစ်ကြောင်းထိုးတာနဲ့တွေ့လို့ အသက်လုပြေးခဲ့ရတာကလည်း သူ့ အတွက် အမှတ်တရဖြစ်နေခဲ့ပါတယ်။

“အဲဒီနေ့ကဆို နေ့လည်တစ်နာရီခွဲလောက် တိမ်မရှိတော့ Sniper နဲ့ သွားထောက်တာ။ ရဲဘော်နှစ်ယောက်က ပျင်းလို့ဆိုပြီး လိုက်လာတယ်။ ထောက်မဲ့နေရာရောက်တာနဲ့ နေရာယူနေတုန်း လက်နက်ကြီးနဲ့လာထုတယ်။ မကြောက်သေးဘူး။ ဘာလို့ဆို အရင်နေ့တွေလည်း လာလာထုနေတာဆိုတော့”လို့ GiGi က  ပြောပါတယ်။

ဒါနဲ့ GiGi တို့တွေလည်း ပုန်းအောင်းနေကြတယ်။ အဲ့ဒီအချိန်မှာ ရန်သူ့တပ်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ပြန်တယ်။

“40mm လာထုတော့ မဟုတ်တော့ဘူးနော်။ မီတာ ၈၀၀ ကနေ ပစ်စရာအကြောင်း မရှိဘူးလို့ပြောတော့ သူငယ်ချင်းကလည်း ထောက်ခံတယ်။ စစ်သားတွေအနီးနားမှာ ရှိတာနေမှာဆိုပြီး ပြောတုန်းရှိသေး လက်နက်ငယ်နဲ့ လာပစ်တယ်”လို့ သူက ဆက် ပြောပါတယ်။

နေအိမ်တွေနဲ့ ကွယ်နေလို့ မီတာ ၅၀ အကွာမှာရှိတဲ့ ရန်သူစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး အသက်လုထွက်ပြေးခဲ့ရတဲ့ အဖြစ် အပျက်က သူ့အတွက် မမေ့နိုင်စရာ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။

GiGi ရဲ့ရဲရင့်မှုတွေဟာ စစ်အာဏာရှင်ကို တော်လှန်ရင်း အမျိုးသမီးတွေရဲ့တန်ဖိုးနဲ့ တန်းတူအခွင့်အရေးအတွက်ပါ တပြိုင် ထဲ ကြိုးစားသက်သေပြနေတဲ့ တော်လှန်အမျိုးသမီးအားလုံးရဲ့ကိုယ်စားပြုပုံရိပ်တစ်ခုလည်းဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေရုံသာမက လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေတဲ့  အတွေးအခေါ်ဟောင်းတွေကိုပါ တပြိုင်တည်းတော်လှန်နေကြရသူတွေဖြစ်လို့ သူတို့က နှစ်ဆပိုပြီးပင်ပန်းနေကြရတယ် ဆိုတာ အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။