လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေး ညွှန်ကြားချက် KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကတိကဝတ်ပြုလွှာအား ထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညွှန်ကြား ချက်တစ်ရပ်ကို စက်တင်ဘာလ (၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းနှင့်ပတ်သက်၍ ထိုင်း-ကော်သူးလေ နယ်စပ်တစ်နေရာတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် သတင်းဌာန အသီးသီးမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။ ပဒိုစောတောနီးက ညွှန်ကြားချက်ပါ အဓိကအချက်များကို ရှင်း လင်းတင်ပြခဲ့ပြီးနောက် သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

ပဒိုစောတောနီးက “ယခုထုတ်ပြန်ကြေညာချက်ဟာ အပိုင်းအားဖြင့် (၃) ခုရှိတယ်။ ပထမတစ်ခုက ကျွန်တော်တို့ လူထုဆီကို ထုတ်ပြန်မယ်။ ဒုတိယတစ်ခုက ကျွန်တော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထုတ်ပြန်မယ်။ နောက်တစ်ခုက အုပ်ချုပ်ရေး လုပ်ငန်းမှာဖြစ်တဲ့ဌာနဆိုင်ရာ တာဝန်ရှိတဲ့သူအားလုံးကို ထုတ်ပြန်သွားမယ်” ဟု ပြောကြားခဲ့သည်။

ညွှန်ကြားချက်တွင် အရပ်သားများ၊ အကျဉ်းသားများနှင့် စစ်ပွဲတိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသူများအပေါ်လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ မည်သည့်အခြေအနေတွင်မျှ ကျူးလွန်ခြင်းမရှိစေရန် တားမြစ်ခြင်း၊ အကျဉ်းကျခံနေရသူများနှင့် အရပ်သားပြည်သူများအား လိင်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှု၊ မတရားပြုကျင့်မှု သို့မဟုတ် နှောင့်ယှက်မှုပုံစံအားလုံးမှ ကာကွယ်ရန်အပါအဝင် အချက် (၈) ချက်ပါအမိန့်များကို ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။

ဤညွှန်ကြားချက်သည် ထုတ်ပြန်သည့်အချိန်မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ဌာနတိုင်းသည် မိမိတို့၏ လုပ်ပိုင်ခွင့် နယ်ပယ်အတွင်း အခြေခံမူများကို အကောင်အထည်ဖော်ရန်နှင့် လေးစားလိုက်နာရန် တာဝန်ရှိသည်။ ချိုးဖောက်မှုများရှိပါက လက်သင့်ခံမည်မဟုတ်ဘဲ KNU ၏ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြင်းထန်သော အကျိုးဆက်များကို ခံစားရမည်ဟုလည်း ဆိုထားပါသည်။

KNU သည် ဂျီနီဗာခေါလ်အဖွဲ့အစည်းနှင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကတိကဝတ်ပြုလွှာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

အဆိုပါကတိကဝတ်ပြုလွှာအရ KNUသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာသက်ရောက်သည့် နယ်မြေအားလုံးတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုအား အကြွင်းမဲ့တားမြစ်ပိတ်ပင်ပြီး ကျား/မ ခွဲခြားဆက်ဆံမှုပြဿနာပပျောက်စေရေးအတွက် ကြိုး ပမ်းသွားမည်ဖြစ်သည်။

Author: