မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရသူများထဲမှ  အမျိုးသမီးတဦး ထပ်မံသေဆုံး

သန့်ရှင်းထွန်း ၊မောင်တော

မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲက ဆေးကုသနေတဲ့ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံး ၁၅ဦးရှိသွားကြောင်း သိရပါတယ်။

 ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီကျော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငါးဦး၊အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့ ကလေး၊ အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသားအပါအဝင် စုစုပေါင်း ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဒဏ်ရာရသူတွေထဲက အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဟာ ဩဂုတ် ၂၆ ရက်၊ ညနေ ၄ နာရီမှာသေဆုံးခဲ့ပြီးတော့ ဆေးကုသမှုခံယူနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးထပ်မံ သေဆုံးခဲ့တာဖြစ်ပါတယ်။

“တိုက်ခိုက်ချင်တယ်ဆိုရင် စစ်တပ်အချင်းချင်း တိုက်ကြပါ။ ကလေးတွေ၊ အမျိုးသမီးတွေ အရပ်သားတွေကို မတိုက်ခိုက်ပါနဲ့။ တောင်းပန်ပါတယ်”လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်တွေကြောင့် ဘုန်းတော်ကြီးကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်သူ အလွန်နည်းပါးလျက်ရှိနေကြတယ်လို့ သိရှိရပါတယ်။

 “လပြည့်လကွယ်တောင် ဥပုသ်ဆောက်သူတွေ ကျောင်းတက်ဖို့ မရဲ ကြတော့ဘူးဖြစ်နေတယ် “လို့ ကျောက်ဖြူ မင်းပြင်ရွာသားတဦးက ပြောပါတယ်။

လက်နက်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်တွေကိုပြင်းထန်စွာရှုတ်ချပြီး ဒီလုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းဆီကို ပေးပို့သွားမယ့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေကိုဆက်လက် လုပ်ဆောင်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

မြောက်ဦးကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူထဲက သေဆုံးခဲ့သည့် အမျိုးသမီး၊ ဓာတ်ပုံ-APM