တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၃၁  ရက်ကနေ စက်တင်ဘာ ၅  ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ  HI ဆွေးနွေးလိုတဲ့သတင်းတပုဒ်ကတော့   “ဩစတြေးလျမှာမြန်မာအမျိုးသမီးတစ်ဦး ရိုးရာဝတ်စုံနဲ့ တာဝေးမာရသွန်ဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်”ဆိုတဲ့ခေါင်းစဥ်နဲ့ People’s Spring ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။

 “ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတစ်ဦးဟာရိုးရာဝတ်စုံကို ဆင်မြန်းပြီး ပန်းဝင်တဲ့ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

 စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲအပါအဝင် တိုက်ပွဲသဏ္ဏန်မျိုးစုံနဲ့ ခုခံစစ်ဆင်နွဲနေကြချိန်မှာ လက်နက်မကိုင်ထားတဲ့ အမျိုးသမီးတဦးက တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ “မြန်မာ့နိုင်ငံအကြောင်းကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာစေဖို့  အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်မှု ရယူဖို့ ကြိုးစားနေတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတာ၊ သတ်ဖြတ်တာမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ဆန့်ကျင်ရပ်တည်ကြောင်း ပြသဖို့ အခုလို ထူးထူးခြားခြား စိတ်ကူးမျိုးနဲ့ ပြိုင်ပွဲဝင်ခဲ့တာ” ဆိုတဲ့ အချက်ဟာ အမျိုးသမီးတဦးက အကြမ်းမဖက် နှလုံးရည်ပြည့်ဝစွာဖြင့် တီထွင်ဆန်းသစ်တိုက်ပွဲဝင်ခဲ့တာလို့  HI က မှတ်ယူပါတယ်

 အထူးသဖြင့် မြန်မာအမျိုးသမီးတဦး ဂင်းနစ်စံချိန်တင်နိုင်တဲ့ အဖြစ်အပျက်ဟာ အမျိုးသမီးတွေအတွက် ဂုဏ်ယူစရာသတင်းတပုဒ်လည်းဖြစ်ပါတယ်။ 

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေး ညွှန်ကြားချက် KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနဲ့ ကျား/မ ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကတိကဝတ်ပြုလွှာအား ထပ်လောင်းအတည်ပြုခြင်းနဲ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညွှန်ကြား ချက်တစ်ရပ်ကို စက်တင်ဘာလ (၁) ရက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ထိုင်း-ကော်သူးလေ နယ်စပ်တစ်နေရာမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။

ညွှန်ကြားချက်မှာ အရပ်သားများ၊ အကျဉ်းသားများနဲ့ စစ်ပွဲတိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ခြင်းမရှိသူများအပေါ်လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ မည်သည့်အခြေအနေတွင်မျှ ကျူးလွန်ခြင်းမရှိစေရန် တားမြစ်ခြင်း၊ အကျဉ်းကျခံနေရသူများနဲ့ အရပ်သားပြည်သူများအား လိင်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှု၊ မတရားပြုကျင့်မှု သို့မဟုတ် နှောင့်ယှက်မှုပုံစံအားလုံးမှ ကာကွယ်ရန်အပါအဝင် အချက် (၈) ချက်ပါအမိန့်များကို ထုတ်ပြန်ထားပါတယ်။

ညွှန်ကြားချက်သည် ထုတ်ပြန်တဲ့အချိန်ကစပြီးအကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ဌာနတိုင်းဟာ မိမိတို့ရဲ့ လုပ်ပိုင်ခွင့် နယ်ပယ်အတွင်း အခြေခံမူတွေကို အကောင်အထည်ဖော်ရန်၊ လေးစားလိုက်နာရန် တာဝန်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

 ချိုးဖောက်မှုများရှိပါက လက်သင့်ခံမည်မဟုတ်ဘဲ KNU ရဲ့ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနဲ့အညီ ပြင်းထန်သော အကျိုးဆက်များကို ခံစားရမယ်လို့လည်းဆိုထားပါတယ်။

အဆိုပါကတိကဝတ်ပြုလွှာအရ KNUသည် ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာသက်ရောက်တဲ့ နယ်မြေအားလုံးမှာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို အကြွင်းမဲ့တားမြစ်ပိတ်ပင်ပြီး ကျား/မ ခွဲခြားဆက်ဆံမှုပြဿနာပပျောက်စေရေးအတွက် ကြိုး ပမ်းသွားမှာလို့ဆိုပါတယ်။

Source – HI

ဩစတြေးလျမှာမြန်မာအမျိုးသမီးတစ်ဦး ရိုးရာဝတ်စုံနဲ့ တာဝေးမာရသွန်ဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်

ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတစ်ဦးဟာရိုးရာဝတ်စုံကို ဆင်မြန်းပြီး ပန်းဝင်တဲ့ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့ပါတယ်။

ဒေါက်တာ မြင့်မိုရ်ဦးဟာ ဩဂုတ် ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဆစ်ဒနီ မာရသွန်မှာ ၄၂.၂ ကီလိုမီတာ( ၂၆ မိုင်ကျော်)အထိ အကွာအဝေးကို မြန်မာ့ရိုးရာ ဝတ်စုံ ဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီနောက် ၄ နာရီ၊ ၁၂ မိနစ်နဲ့ ၁၉ စက္ကန့် အကြာမှာတော့ အောင်အောင်မြင်မြင် ပန်းဝင်နိုင်ခဲ့ပါတယ်။သူမဟာ နမည်ကြီးမင်းသား ဦးကျော်သူရဲ့ သမီးလည်းဖြစ်ပါတယ်။

သူမဟာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့က ပေးအပ်တဲ့ ရိုးရာဝတ်စုံနဲ့ မာရသွန်ပြိုင်ပွဲမှာ ခရီးအရှည်ဆုံး ဝင်ပြေးခဲ့တဲ့၊ အမြန်ဆုံးပန်းဝင်တဲ့ စံချိန်တွေကိုလည်း ရရှိခဲ့ပါတယ်။

သူမရဲ့အဓိကရည်မှန်းချက်ကမြန်မာ့နိုင်ငံအကြောင်းကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာစေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ဒေါက်တာမြင့်မိုရ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်မှု ရယူဖို့ ကြိုးစားနေတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတာ၊ သတ်ဖြတ်တာမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ဆန့်ကျင်ရပ်တည်ကြောင်း ပြသဖို့ အခုလို ထူးထူးခြားခြား စိတ်ကူးမျိုးနဲ့ ပြိုင်ပွဲဝင်ခဲ့တာလို့Heart Beams Rising ကဖော်ပြထားပါတယ်။

Source – People’s Spring

မြန်မာအမျိုးသမီးငယ် ၄ ဦးကို တရုတ်ဇနီးမယားအဖြစ်ရောင်းစားတဲ့ ပွဲစားတွေကို ထောင် ၁၀ နှစ်ချ

ရန်ကုန်၊မန္တလေး၊ကချင်နဲ့ရှမ်းပြည်နယ်က အမျိုးသမီးငယ်(၄)ဦးကိုတရုတ်နိုင်ငံမှာ အလုပ်ရမယ်လို့မက်လုံးပေးပြီး တရုတ်ဇနီးမယားအဖြစ်ရောင်းချဖို့ လုပ်ဆောင်ခဲ့တဲ့သူ (၄)ဦးကိုအလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က အသက် ၁၉ နှစ်အရွယ်အမျိုးသမီးငယ် ဟာ တရုတ်နိုင်ငံက ဆံပင်တု၊ လက်သည်းတုစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး အကျိုးဆောင်(အရပ်အခေါ် ပွဲစား) နဲ့ချိတ်ဆက်သွားခဲ့ပေမဲ့ မူဆယ်ရောက်မှ တရုတ်ဇနီးမယား အဖြစ်လုပ်ကိုင်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် တရုတ်ဇနီးမယားမလုပ်ရင် လမ်းစရိတ် သိန်း ၄၀ ပြန်လျော်ရမယ်ဆိုတဲ့ ပွဲစားရဲ့ အကျပ်ကိုင်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီပွဲစားအမျိုးသမီးကို သြဂုတ် ၂၉ ရက်မှာ သန်လျင်ခရိုင်တရားရုံးကနေ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

တောင်သာ၊မိုးညှင်းနဲ့ လားရှိုးမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး ကိုလည်းတရုတ်ဇနီးမယားအဖြစ် တစ်နှစ်လုပ်ကိုင်ရင် ယွမ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ရမယ်လို့ ပွဲစားလုပ်ငန်းလုပ်တဲ့ လူကုန်ကူးသူတွေက စည်းရုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီလိုလူကုန်ကူးဖို့ စည်းရုံးလုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး ၃ ဦးကို မန္တလေးမြို့၊ အောင်မြေသာစံ ခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

Source – BBC

နေပြည်တော်တွင် အမျိုးသမီး ၁ ဦး မုဒိမ်းကျင့် သတ်ဖြတ် လုယက်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ လျှပ်စစ်ဝန်ထမ်းအိမ်ရာ အနောက်ဘက်မှာ  သြဂုတ် ၃၀ ရက်က အမျိုးသမီးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ဖုန်းလုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လျှပ်စစ်ဝန်ထမ်းအိမ်ရာ အနောက်ဘက် နေပြည်တော် မြိုပ့တ်လမ်းမြောင်း ချုံပုတ်ထဲမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရှိပြီး အဝတ်ဗလာနဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဇလောင်းကျေးရွာနေသူတွေက မြင်တွေ့ခဲ့တယ်လို့ မြို့ခံတယောက်ကပြောပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ ဥတ္တရသီရိမြို့၊ မောင်းရမ်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ်ရှိ အိအိငြိမ်း ဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က ဇလောင်းကျေးရွာမှ ယောက္ခမဖြစ်သူက ဖုန်းဆက်ပြီး ဟင်းလာယူခိုင်းလို့ သွားယူရာ လမ်းမှာ သတ်ဖြတ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

Source – DVB

လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော် ဖမ်းဆီးခံရ

လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ နတ်သမီးလေးဖြိုး (ခ) မဖြိုးအိအိဇော်ကို ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းမပေါ်က WYNDHAM GRAND Yangon ဟိုတယ်ကနေ သြဂုတ် ၃၀ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ ဟိုတယ်မှာ တည်းခိုတဲ့ မဖြိုးအိအိဇော်အနေနဲ့ လူမှုကွန်ရက်မှာ လူပြောများလာပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

မဖြိုးအိအိဇော်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ နေထိုင်သူတယောက်ဖြစ်ပြီး  ၂၀၂၄ ခုနှစ် မေလမှာ WYNDHAM GRAND Yangon  မှာ တည်းခိုနေထိုင်ခဲ့သူဖြစ်ပြီး စစ်တပ်က ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

Source – DVB

ရေစကြိုရေလယ်ကျွန်းဒေသ ဗုံးကြဲခံရမှုတွင် သေဆုံးသူ အမျိုးသမီး၂ ဦး ထပ်တိုး

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာအတွင်းကိုစစ်ကော်မရှင်တပ်ဖွဲ့ က လေကြောင်းကနေ ရုရှားထုတ် MI -35 ရဟတ်ယာဉ်နဲ့ ဗုံးနှစ်လုံးတွဲ ကြဲချ တိုက်ခိုက်သွားသလို စက်သေနတ်တွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးနောက် ညနေပိုင်းမှာဒဏ်ရာရသူတွေထဲက နှစ်ဦးထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ခုနစ် ဦး အထိ ရှိခဲ့ပါတယ်။

သေဆုံးသူများမှာ အမျိုးသမီးများ ဖြစ်ကြပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

Source – Mizzima

လန်ဆယ်တွင် အမျိုးသမီးကိုရိုက်နှက်မှုကြောင့် KIA တပ်ရင်းမှူး ဆန္ဒပြခံရ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )တပ်ရင်းမှူး ဗိုလ်မှူး ဂျာလီအောင်ဟာ အမျိုးသမီး တဦးကို ရိုက်နှက်ကာ ခြောက်ပေါက်ထဲ ချုပ်ထားတဲ့အတွက် ဒေသခံတွေက ဆန္ဒပြနေကြပါတယ်။

ဩဂုတ် ၂၉ ရက်နေ့က လန်ဆယ်ကျေးရွာရှိ Lang Ze စားသောက်ဆိုင်မှာ အသက် ၃၀ ကျော် မအာလူးမီး နဲ့ KIA တပ်ရင်း(၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူး ဂျာလီအောင် တို့ အချင်းများရာမှ မအာလူးမီးကို ဗိုလ်မှူး ဂျာလီအောင် နဲ့ ရဲဘော်နှစ်ဦးတို့က ရိုက်နှက်ခဲ့ကြတာဖြစ်ပါတယ်။

KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကမူ ဆိုင်တွင်းမှာ အချင်းများတာကို KIA တပ်ရင်းမှူးက ဝင်တားရင်း အခင်းဖြစ်ပွားရာမှ မအာလူးမီး က တပ်ရင်းမှူးကို ရိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒေသခံများက KIA တပ်ရင်းမှူးကို အလိုမရှိကြောင်း  ဩဂုတ် ၃၀ ရက်နေ့ကလန်ဆယ်မြို့ရှိ KIO ရုံးရှေ့မှာ ဒေသခံတွေက စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံအမျိုးသမီးတွေ ဆန္ဒပြတောင်းဆိုမှုကြောင့် မအာလူးမီးကို  ဩဂုတ်လ ၃၀ ရက်နေ့ကပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Source – Mizzima

ရခိုင်နှင့် ရန်ကုန်က ရခိုင်အမျိုးသမီးငယ်များကို အလုပ်ကောင်းရမည်ဟု ဖြားယောင်းပြီး တရုတ် ဇနီးမယားအဖြစ် ရောင်းစားမှုများရှိနေ

ရခိုင်ပြည်အတွင်းက အမျိုးသမီးတွေနဲ့ ရန်ကုန်မှာရောက်ရှိနေတဲ့ ရခိုင်အမျိုးသမီးငယ်တွေကို တရုတ်မှာ အလုပ်ရမယ်လို့ ဖြားယောင်းကာ တရုတ်မယားအဖြစ် ရောင်းစားမှုတွေရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပွဲစားတချို့မှနယ်ဒေသခံအမျိုးသမီးငယ်တွေကို လူတစ်ဦးလျှင် သိန်း(၁၀၀) ခရီးစရိတ်သတ်မှတ်ပြီး အကြွေး (တရုတ်ရောက်မှငွေပေးချေ) စနစ်နဲ့ ရခိုင်ပြည်ပြင်ပသို့ ခေါ်ထုတ်ကာ ရောင်းစားနေတယ်လို့ဒေသခံပွဲစားနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အမျိုးသမီးငယ်များမှာ အသက် ၁၈ နှစ်အောက်အရွယ်များလည်းပါဝင်ပြီး ကျောက်ဖြူကနေ လေကြောင်းနဲ့ ခေါ်ထုတ်သလိုတစ်ခြား မှောင်ခိုလမ်းကြောင်းတွေကခေါ်ထုတ်ကာ မန္တလေးမှာ စုရပ်သတ်မှတ်ပြီး တရုတ်သို့ ပို့ဆောင်ကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခြင်းခံနေကြရတာဖြစ်တယ်လို့ဆိုပါတယ်။

ဩဂုတ်နောက်ဆုံးပတ်ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းလုပ်စားနေတဲ့ ပွဲစားတွေက နယ်ခံအမျိုးသမီးအပါအဝင် အမျိုးသား(၅၀)နီးပါးကို ‌ကျောက်ဖြူလေဆိပ်မှတဆင့် ပြည်မဖက်သို့ ပို့ဆောင်ခဲ့ပြီး နောက်ထပ်လည်း သွားရောက်ခေါ်ယူနေသေးတယ်လို့ဆိုပါတယ်။

ရန်ကုန်မှာ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ ရခိုင်အမျိုးသမီးငယ် ၁၂ ဦးကို ကျောက်တော်မှ ရန်ကုန်မှာ အခြေချ နေထိုင်နေတဲ့ လူပွဲစားတစ်ဦးက အလုပ်အကိုင်ရမယ်လို့ဆိုကာ  တရုတ်သို့ ခေါ်ဆောင်သွားပြီး တရုတ်သားမယားအဖြစ် ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

Source – နိရဥ္စရာ

ပြည်အကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းသူတွေအပါအဝင် အကျဉ်းသားတွေအားလုံး အပုပ်နံ့ ထွက်နေတဲ့ သောက်သုံးရေတွေကိုသာ သောက်သုံးနေရပြီး ကျန်းမာရေးပြဿနာနဲ့  ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့ကထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ဆောက်လုပ်ထားတဲ့ ရေသန့်စက်ကို ထိန်းသိမ်းပြုပြင်မှု မရှိတဲ့အတွက် ရေတွေမသန့် ရှင်းဘဲ ၂ ရက်အကြာမှာ အပုပ်နံ့တွေထွက်ပေါ်လာတယ်လို့ဆိုပါတယ်။

မသန့်ရှင်းတဲ့ရေတွေကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ကျောက်ကပ်ရောဂါ၊ ဝမ်းဗိုက်ပြဿနာတွေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေသော်လည်း ထောင်အရာရှိတွေက ပြုပြင်ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ဆိုပါတယ်။သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း ဆံပင်ကျွတ်ခြင်း၊ ယားနာ၊ ပွေး၊ ဝဲစတဲ့ အရေပြားရောဂါ အဖြစ် များနေတယ်လို့ဆိုပါတယ်။

ရာသီလာချိန်မှာ တကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးတဲ့အပြင် မသန့်ရှင်းတဲ့ရေတွေကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်ပိုးဝင်ခြင်းနဲ့ အရေပြားရောဂါကဲ့သို့ ကျန်းမာရေးပြဿနာတွေလည်း ပိုမိုဖြစ်ပွားနိုင်တဲ့အတွက် အမျိုးသမီးတွေရဲ့ကျန်းမာရေးအခွင့်အရေးတွေ ရရှိဖို့လိုအပ်နေတာဖြစ်ပါတယ်။

Source – HI

ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှုပြပွဲ ချင်းမိုင်တွင် ပြုလုပ်

ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှုကို အများသိရှိစေဖို့ရည်ရွယ်တဲ့ Rohingya Cultural Night ဆိုတဲ့ ပြပွဲတရပ်ကို Rohingya Mayafunor Collaborative Network က ဦးဆောင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ ရိုဟင်ဂျာ အမျိုးသမီးတွေကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ ရိုဟင်ဂျာ ရိုးရာ အစားအစာတွေကို ညစာအဖြစ် ပွဲတက်ရောက်သူတွေကို တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ရိုဟင်ဂျာတွေကို ဆန့်ကျင်တဲ့ အမုန်းစကားတွေကို အသုံးချပြီး အမုန်းတရား ပြန့်ပွားအောင် လှုံ့ဆော်နေတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ Resist Hate ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပြီး အမုန်းတရားတွေကို တွန်းလှန်ကြဖို့ဆိုတဲ့ ခေါင်းစဉ်ကိုလည်း စကားဝိုင်းဆွေးနွေးခဲ့ကြပါတယ်။

Source  – DVB

မြိတ်မြို့တွင် စစ်ရှောင်အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်နယ်‌မြေမှာ ပလမြို့ကနေ ပြောင်းရွှေ့နေထိုင်တဲ့ လူငယ်အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ယောက်ဟာ ပုလောမြို့နယ်၊ ပလမြို့က အသက် ၂၆ နှစ်အရွယ်ရှိ မခင်မှီမှီကျော်နဲ့ မနီလာသဇင်မြင့် ဆိုသူတို့ဖြစ်ကြပြီး စက်တင်ဘာ ၂ ရက်နေ့ ညနေမှာ စစ်ကောင်စီလက်ပါးစေဖြစ်တဲ့ စရဖ တွေကနေ နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပုလောမြို့နယ်၊ ပလမြို့တဝိုက်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်တာကြောင့်   မြိတ်မြို့ကို မိသားစုအလိုက် ရွှေ့ပြောင်းနေထိုင်လာကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ပလဒေသခံအမျိုးသမီး ၂ ယောက်ကို လက်ရှိအချိန်ထိ မြိတ်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပေမဲ့ တွေ့ဆုံခွင့်မရသေးကြောင်း အဆိုပါ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Source – DVB

အမျိုးသမီး ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့သူကို  ထောင်ဒဏ်နှစ် ၄၀ ချ

ရခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်သုံးခုက အမျိုးသမီးငယ် ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အမှုလေးခုအတွက် ထောင်ဒဏ်နှစ် ၄၀ အမိန့်ချမှတ်ခဲ့ပြီး ၇မှုအအတွက်ထပ်မံအမိန့်ချရန် ကျန်သေးတယ်လို့ သတင်းရရှိပါတယ်။

ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်(ခ)လဖြူချေဟာ အမျိုးသမီးငယ်တွေကို  အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆိုပြီး မုဒိမ်းကျင့်ခဲ့တာလို့ အာရက္ခတပ်တော်၊ ရဲဌာနရဲ့ မှတ်တမ်းတွေမှာ ရေးသားထားပါတယ်။

အခုချမှတ်လိုက်တဲ့ ထောင်ဒဏ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်က အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှု၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်က မြောက်ဦးမြို့နယ် ဆင်အိုးကျေးရွာက အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှု၊

ဇန်နဝါရီ ၂၄ ရက်က ကျောက်တော်မြို့နယ်၊ မြင်းကပ်ရွာက အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှုနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာက အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာဖြစ်ပါတယ်။

မုဒိမ်းကျင့်ခဲ့သူကို အမှုတခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ အမှုလေးခုအတွက် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခံရတာဖြစ်ပြီး သူဟာ နောက်ထပ် မုဒိမ်းကျင့် ၇ မှုအတွက် ဆက်လက် စစ်ဆေးခံရမှာဖြစ်ပါတယ်။

Source – HI

Author: