ညဖက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ ၂ဦး သေဆုံး
ကျောက်တော်၊ စက်တင်ဘာ ၁၃ ရခိုင်ပြည်
ကျောက်တော်မြို့နယ်၊ သရက်တပင် ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၉ဦးသေဆုံးရာ ကျောင်းသူ ၂ဦးပါဝင်ကြောင်း အာရက္ခတပ်တော် AA ထုတ်ပြန်ချက်အရသိရပါတယ်။
စတင်ဘာလ ၁၂ရက်၊ နံနက် ၁ နာရီကျော်အချိန်မှာဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင်း ၁၉ ဦးသေဆုံးပြီး၊ ၂၂ ဦး ဒဏ်ရာရကာကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိခိုက်သေဆုံးဒဏ်ရာရသွားကြတဲ့အထဲမှာ ဆယ်ကျော်သက်အရွယ်တွေအပါအဝင် အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့သိရပြီး အများစုကတော့ အဆောင်နေကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။
” ဗုံးကြဲခဲ့တဲ့နေရာက ရစရာမရှိိအောင်ပျက်စီးသွားခဲ့တာပါ။ အိပ်မောကျနေတဲ့ အချိန်ဆိုတော့ ထိခိုက် သေဆုံးတာလည်း များသွားတယ်” လို့ ကျောက်တော်မြို့ခံအမျိုးသမီး တစ်ယောက်က ပြောပါတယ်။ သေဆုံးကြတဲ့ သူတွေမှာ အသက် ၂၁ နှစ်အရွယ်၊ မလှနှင်းနွယ်နဲ့ အသက် ၁၈ နှစ်အရွယ်၊ မခိုင်ခိုင် ကျော်တို့ဖြစ်ပါတယ်။
ဒဏ်ရာရသွားကြတဲ့ သူတွေမှာတော့ အသက် ၂၆ နှစ်၊ မမြတ်မြတ်သိန်း၊ အသက် ၄၂နှစ်၊ ဒေါ်ဦးသောင်းယဥ်၊ အသက် ၁၉ နှစ်၊ မစန္ဒာလင်း၊ အသက် ၂၉ နှစ်၊ မဝင်းဝင်းသိန်း၊ မဆုမြတ်အိမ် အသက် ၂၃ နှစ်၊ ဒေါ်စံမြ ၃၈ နှစ်၊ မလုံးလုံးခိုင် အသက် ၂၀၊ မဝင်းနွယ်သိန်း အသက် ၂၉ နှစ်နဲ့ မမြတ်နိုးခန့် အသက် ၁၉ နှစ်တို့ ဖြစ်ကြပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ ကျောင်းသူ၊ ကျောင်းသား မိဘတွေက သားသမီးတွေကို ကျောင်းဆက်ထားပညာသင်ခိုင်းရမှာ စိုးရိမ်မှုရှိနေကြတယ်လို့ ပြောဆိုနေကြပါတယ်။
” နောက်ထပ်ဒီလိုမျိုး ဖြစ်လာမှာကိုတော့ စိုးရိမ်စိတ်တွေရှိတာပေါ့။ အခုဆိုရင် သားသမီးတွေကိုတောင် ကျောင်းလွှတ်ရဲ့ဖို့ သတ္တိမရှိဖြစ်နေတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကိုလည်း ပစ်မှတ်မထားဖို့ ပြောချင်ပါတယ်။” လို့ မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာက ကျောင်းသားမိဘ တစ်ယောက်က ပြောပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံံငွေ အဖွဲ့ UNICEF ကလည်း ကျောက်တော်မြို့နယ်ထဲက ဘော်ဒါဆောင် ကျောင်းတစ်ကျောင်းကို ညအချိန် တိုက်ခိုက်တာ့ကြောင့် အိပ်ပျော်နေချိန် ကလေးငယ်တွေသေဆုံးကာ ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေကြောင့် UNICEF အနေနဲ့ လွန်စွာစိုးရိမ်ပူပန်လျက်ရှိတယ်လို့လည်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုမျိုးလေကြောင်း တိုက်ခိုက်မှုတွေဟာ ရခိုင်ပြည်ရဲ့ ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုပုံစံကို ပိုဆိုးရွာလာစေတယ်လို့လည်း ဆိုပါတယ်။ ” မရပ်မနား မညှာမတာ ကြောက်မက်ဖွယ်ရာဖြစ်စေတဲ့ တိုက်ခိုက်မှုတွေဟာ မိသားစုတွေကို တွယ်တာရာမဲ့ ဖြစ်စေခြင်းနဲ့ သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ပိုမိုနက်ရှိုင်း ခက်ခဲစေတယ်” လို့ UNICEF က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်ကလည်း၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင်း အမျိုးသမီး ၃ ဦးသေဆုံးပြီး၊၁၃ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော် AA အနေနဲ့ တိုက်ပွဲနဲ့ မသတ်ဆိုင်တဲ့ စာသင်ကျောင်းဗုံးကြဲခံရမှုအတွက် တရားမျှတမှု ရအောင် ဆောင်ရွက်သွားမှာဖြစ်သလို ကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာလက်တုံ့ ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီဟာ အရပ်သားနေထိုင်ရာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ လူနေထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင်း အရပ်သားသေဆုံးဒဏ်ရာသူတွေ လစဥ်မြင့်တက်လာကိုတွေ့ရတယ်လို့ လူအခွင့်အရေးစောင့်ကြည့်လေ့လာသူတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင်း အမျိုးသမီး ၇၃ ဦးသေဆုံးပြီး၊ ဒဏ်ရာရသူ ၈၀ အထိရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ကသတင်းထုတ်ပြန်ထားပါတယ်။












