အမျိုးသမီးစစ်မှုထမ်းစုဆောင်းမှုရဲ့နောက်ဆက်တွဲ
ခိုင်ကျည်
အခုရက်ပိုင်း အမျိုးသမီးတွေကို စစ်မှုထမ်းစုဆောင်းပြီး သင်တန်းလုပ်နေတဲ့သတင်းတွေ မီဒီယာတော်တော် များများမှာ တက်လာတာတွေ့ရပါတယ်။ သတင်းတွေအရဆိုရင် စစ်ကောင်စီဟာ အမျိုးသမီးစစ်မှုထမ်းသင်တန်းကို ကျိတ်လုပ်နေခဲ့တာဖြစ်ပြီး အဲဒီကနေ သတင်းတွေပေါက်ကြားလာတာလို့ ယူဆမိပါတယ်။ ပြည်သူ့စစ်မှု ထမ်းဥပဒေထဲမှာ အမျိုးသားတွေကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကိုတော့ အသက် ၁၈ နှစ်မှ ၂၇ နှစ်လို့ သတ်မှတ်ထားတယ်လို့သိရပါတယ်။ ၂၀၂၄ နှစ်လည်ပိုင်းထဲက မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ အမျိုးသမီးစစ်မှုထမ်းဖို့ စာရင်းကောက်ယူမှုတွေ လုပ်ခဲ့တာရှိပါတယ်။ ရန်ကုန်၊ မန္တလေး စက်မှုဇုံတွေမှာလည်း အမျိုးသမီးဝန်ထမ်းတွေရဲ့ စာရင်းကောက်ယူမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။
မူအရဆိုရင်တော့ လုံခြုံရေးစနစ် ကာကွယ်ရေးစနစ်ထဲ အမျိုးသမီးတွေကို ပါဝင်စေတာဟာ လိင်မခွဲခြားပဲ နိုင်ငံ ကာကွယ်ရေးထဲမှာ ပါဝင်ခွင့်ပြုတယ်လို့ ယူဆစရာရှိပါတယ်။ ခေတ်အဆက်ဆက် မဟာဖိုဝါဒကြီးစိုးခဲ့လို့ အမျိုးသမီးတွေကို နိမ့်ချဆက်ဆံတဲ့ မြန်မာစစ်တပ်ထဲမှာ အမျိုးသမီးတွေကို မြင်တွေ့လာစေသလို အမျိုးသမီးတွေ အတွက်လည်း အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပုံစံသစ်တခု လမ်းစပေါ်လာတာလို့ တွေးလို့ရပါတယ်။
သတိပြုစရာက အခုအမျိုးသမီးစစ်မှုထမ်းစုဆောင်းမှုကို အာဏာသိမ်းစစ်ကောင်စီက လုပ်နေတာဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့ဖြစ်တဲ့ စစ်ပွဲအတွက်မဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်တိုက်နေတဲ့ စစ်ပွဲထဲမှာ အမျိုးသမီးတွေကို အဓမ္မစုဆောင်းပါဝင်စေခြင်းဖြစ်တယ်လို အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ အကျိုးဆက်ကတော့ စစ်ကောင်စီရဲ့ အမျိုးသမီးစစ်မှုထမ်းစုဆောင်းမှုဟာ လူထုကြားထဲမှာ စိတ်မလုံခြုံမှုနဲ့ ကြောက်ရွံမှုတွေကို ထပ်တိုးဖြစ်စေပါတယ်။ နောက်ဆက်တွဲ လူမှုစီးပွားရေးဘဝတွေကိုပါ ထပ်မံထိခိုက်နိုင်ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့ စစ်ဗျူရိုကရေစီယန္တယားအောက်က အုပ်ချုပ်ရေးအဆင့်ဆင့်က လုပ်ကိုင်အကောင်အထည်ဖော်တာမို့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပိုဖြစ်လာနိုင်ပါတယ်။ ၂၀၁၀ စစ်မှုထမ်းဥပဒေအရဆိုရင်တော့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွက် အမျိုးသမီးစစ်မှုထမ်းနဲ့ပတ်သက်ပြီး ပြောထားရာမှာ အမျိုးသမီးတွေကို ရုံးလုပ်ငန်းများ၊ ဆေးဘက်ဆိုင်ရာမှာဖြစ်စေ နည်းပညာဆိုင်ရာ အခန်းကဏ္ဏနဲ့ နောက်တန်းလုပ်ငန်းများမှာ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ လူထုဆန္ဒနဲ့တက်လာတဲ့ အစိုးရတွေမှာတော့ အမျိုးသမီးစစ်မှုထမ်းဆိုတာဟာ မိမိဆန္ဒအလျှောက် ပါဝင်ကြတာဖြစ်ပါတယ်။ ဖိအားပေးပြီး အဓမ္မစုဆောင်းမှု နည်းပါးကြပါတယ်။ စစ်မှုထမ်းနဲ့ပတ်သက်လို့ နာမည် ကျော်တဲ့ တောင်ကိုးရီယားနိုင်ငံမှာဆို အမျိုးသားတွေဟာ မဖြစ်မနေ စစ်မှုထမ်းကြရသော်လည်း အမျိုးသမီးတွေ အတွက်က မိမိဆန္ဒအလျှောက်သာဖြစ်ပြီး ကျား၊ မတန်းတူညီမျှမှုအားပေးတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ တောင်ကိုးရီး ယားသူတွေကလည်း မိမိဆန္ဒအလျှောက်ပါဝင်ကြတာဖြစ်တဲ့အတွက် လူထုအကျိုးပြုမှုအဖြစ် ခံယူကြတာ တွေ့ရ ပါတယ်။ လူထုရွေးချယ်တဲ့ အစိုးရတွေဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတာဝန်ခံမှုနဲ့ လူထုယုံကြည် ထောက်ခံ မှုကို ရရှိရန်ကြိုးစားကြရပါတယ်။ ၂၀၂၁ ခုနှစ်အာဏာမသိမ်းခင်ကတည်းက မြန်မာစစ်တပ်ဟာ တိုင်းရင်းသား အများစုနေထိုင်တဲ့ ပဋိပက္ခဒေသများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် တိုင်းရင်းသူအမျိုးသမီး ကြီးငယ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့စွပ်စွဲချက်များစွာ ရင်ဆိုင်နေရတဲ့ စစ်တပ်ဖြစ်တယ်။ အဲဒီလို အကျင့်စရိုက်ရှိတဲ့စစ်တပ်က အခုချိန်မှာ အမျိုးသမီးစစ်မှုထမ်းတွေကို စုဆောင်းလာ တာဖြစ်ပါတယ်။
ပြည်တွင်းစစ်ကာလတလျှောက်မှ ယနေ့တိုင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံအရပ်ဖက် အဖွဲ့အစည်းတွေ၊ အခါအားလျှော်စွာ ထုတ်ပြန်တဲ့ အစီရင်ခံစာများတွင် ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီ၊ ရခိုင်၊ ချင်း စတဲ့ဒေသများမှာ စစ်ဆင်ရေးတွေ လုပ်စဥ်အတွင်း တပ်ရင်း တပ်ဖွဲ့များရဲ့ အုပ်စုလိုက် မုဒိမ်းကျင့်မှုနှင့် လိင်ပိုင်း ဆိုင်ရာ စော်ကားမှုများကို မှတ်တမ်းများအဖြစ် မကြာခဏ တွေ့ရလေ့ရှိပါတယ်။
စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို တစိုက်မတ်မတ်ငြင်းဆိုလေ့ရှိသလို ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှု များနဲ့ တာဝန်ယူမှုယန္တရားများ မရှိတာကို တွေ့ရပါတယ်။ ငြင်းမရတဲ့ သက်သေအထောက်အထားများကြောင့် နိုင်ငံတကာက ပြင်းထန်စွာ ဝေဖန်ခံရတဲ့အခါ ဟန်ပြအရေးယူပြလေ့ရှိပါတယ်၊ အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦးအား ဥပဒေမဲ့ သတ်ဖြတ်မှုတွင် တာဝန်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် လွှတ်ငြိမ်း ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆိုလိုတာက စစ်တပ်ဟာ လူအခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိန်းမှုများကို စနစ်တကျ ပြစ်ဒဏ်ကင်းလွှတ်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်တပ်ဟာ အမျိုးသမီးတွေကို စစ်မှုထမ်းစုဆောင်းနေခြင်းဟာ မဖြစ်သင့်တဲ့ လက်ခံ လို့မရတဲ့ လုပ်ဆောင်ချက်သာဖြစ်ပါတယ်။
စစ်တပ်ရဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် တာဝန်ခံစေရန် ပြည်တွင်းမှ ကြိုးပမ်းမှုများဟာ များသောအားဖြင့် အကျိုးသက်ရောက်မှုမရှိခဲ့ပါ။ နိုင်ငံတကာ ဝင်ရောက်ဖြေရှင်းမှု လိုအပ်ကြောင်း တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ တရားရုံး (ICJ) ၌ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အင်အားမမျှမတ အသုံးပြုမှုနှင့် အရပ်သားပိုင် ပစ္စည်းဥစ္စာများကို ကာကွယ်ရန် ပျက်ကွက်မှုကဲ့သို့သော အလွန်အမင်း လုပ်ရပ်အချို့ကို ဝန်ခံခဲ့ပါတယ်။ အရပ်သားပိုင်ပစ္စည်းဥစ္စာများကို ကာကွယ်ရန်ပျက်ကွက်မှုဆိုတာကလည်း ရွာတွေကိုမီးတင်ရှို့တဲ့လုပ်ရပါဖြစ်ပါတယ်။ ဒီလိုစစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအတွင်း ဖြစ်ပွားမှုအဖြစ်သာ ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။ အခုလိုပုံဖော်မှုဟာ ရိုဟင်ဂျာတွေအပေါ်နဲ့ တိုင်းရင်းသားဒေသတွေမှာ ကျယ်ပြန့်စွာ ကျူးလွန်ခဲ့သော မုဒိန်းမှုများအပါအဝင် စစ်ရာဇဝတ်မှုများကို ပိုမိုဆိုးရွားစေသလို စစ်တပ်ရဲ့တာဝန်ခံမှု၊ တာဝန် ယူမှုတွေကို အမြဲဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံတွင်း တာဝန်ယူမှု ယန္တရားများ အားနည်းခြင်းနဲ့ ၂၀၂၁ ခုနှစ် ရွေး ကောက်ပွဲ ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းမှုတွင် စစ်တပ်ရဲ့ နိုင်ငံရေးဩဇာကြီးမားမှုနဲ့ လုပ်ချင်တာလုပ်၊ ဖိနှိပ်နေမှု တွေကြောင့် အရပ်သားအမျိုးသမီးများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုရရှိရေး နိုင်ငံတကာ ယန္တရားများ လိုအပ်နေကြောင်း ထောက်ပြနေချိန်မှာ အမျိုးသမီးစစ်မှုထမ်းစုဆောင်းမှုကို ရှေ့တိုးလုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်တဲ့ဆို လုပ်ငန်းလမ်းညွန်နဲ့လုပ်တာပါ။ စစ်ကောင်စီရဲ့ အမျိုးသမီးစစ်သားစုဆောင်းနေမှုဟာ မတည်ငြိမ်မှုကို ပိုတိုးပွားစေမယ့် စစ်အင်အားတိုးချဲ့မှုသာ ဖြစ်ပါတယ်။ လူ့အခွင့်ရေးရှု့ဒေါင့်က ကြည့်ရင်လည်း အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေနဲ့ အန္တရာယ်ဖြစ်စေမဲ့ စီမံချက်တခုပဲဖြစ်ပါတယ်။ တနည်းအားဖြင့် လူ့အခွင့်ရေးချိုး ဖောက်မှု၊ အမျိုးသမီးတွေကို ခွဲခြားနိမ့်ချမှုတွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် အောင်မြင့်မယ်နည်းတွေ မဟုတ်ပါဘူး။ အမျိုးသမီးတွေကို အသိအမှတ်ပြုလေးစားတန်းဖိုးထားခြင်းကသာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သေချာတာကတော့ စစ်ကောင်စီရဲ့ အမျိုးသမီးစစ်မှုထမ်းစနစ်ကို တိုးချဲ့လုပ် ဆောင်တာဟာ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုကျယ်ပြန့်စေနိုင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ လူမှုရေး၊ နိုင်ငံရေး ဆိုးကျိုးတွေကိုသာ ထပ်တိုးဖြစ်ပေါ်လာစေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။











