” ဘယ်ကိုပြေးရမလဲ ဘယ်နေရာမှ မလုံခြုံတော့ဘူး “
ရှင်ငြိမ်း
ညဉ့်အမှောင်ထုက မိုးကုတ်မြို့ကို ခြုံလွှမ်းစပြုချိန် ခါတိုင်းလူသွားလူလာနည်းပေမယ့် ဒီနေ့မှာတော့ မီးဖွားပြီးစ ဒေါ်အေးသက်ရဲ့အိမ်လေးထဲမှာတော့ လူအများနဲ့စည်းကားနေပါတယ်။
ဒါကတော့ မိခင်လောင်း ဒေါ်အေးသက်ဟာ ရင်သွေးငယ်ကို အောင်မြင်စွာမွေးဖွားလိုက်နိုင်တာကြောင့် သတင်း လာမေးသူတွေ၊ ပြန်သွားကြသူတွေနဲ့ လူအဝင်အထွက်များနေတာဖြစ်ပါတယ်။
မီးဖွားထားရလို့ ပင်ပန်းနွမ်းနယ်နေပေမယ့် ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့အတွက် လှဲနေရာကနေ ကိုယ်ကို မတ်လိုက်တဲ့အချိန်မှာပဲ ဗုံးတစ်လုံးရဲ့အသံနဲ့အတူ သူတို့အားလုံးတစ်စစီ ကြွေမွပျက်စီးသွားခဲ့ရပါတယ်။
“စစ်တပ်က ပြည်သူကို ကာကွယ်တယ်ဆိုပြီး ပါးစပ်က အမြဲပြောနေတာ။ ဘယ်မလဲ ပြည်သူကိုကာကွယ်တာ။ ငါတို့ကို ရန်သူလို သဘောထားပြီး သတ်ဖြတ်နေတာ။ ကိုယ့်မျက်စိရှေ့မှာတင် မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ၊ ကလေးငယ်တွေ အသက်ပျောက်သွားတာ။ ဘယ်လိုမှ ဖြေမဆည်နိုင်ဘူး”လို့ ဒေသခံ ဒေါ်အီတူးက ပြောပါတယ်။
ဒါကတော့ သြဂုတ်လ ၁၄ ရက်၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ငါးပတ်တောင်ကုန်းပေါ်က လူနေအိမ်တွေကို ပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၁ ဦးသေဆုံးခဲ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။
သေဆုံးသူများထဲမှာ မီးဖွားပြီးစ ဒေါ်အေးသက်နဲ့ ရင်သွေးငယ်လည်းပါဝင်ခဲ့တယ်။ သူတို့နေအိမ်ပေါ်ကို ဗုံးတည့် တည့်ကျ ရောက်ခဲ့တာကြောင့် ဒေါ်အေးသက်နဲ့အတူ မိသားစုဝင် ၅ ဦးလုံးအသက်ဆုံးရှုံးခဲ့ရတာပါ။
“ဒီလုပ်ရပ်က ဂျီနီဗာကွန်ဗန်းရှင်းမှာ အထူးအကာအကွယ်ပေးထားတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အသက် ရှင်သန်ခွင့်ကို တိုက်ရိုက်ချိုးဖောက်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်”လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မဖြူက ရှုတ်ချပြောဆိုပါတယ်။
နောက်ပြီး ဒီလုပ်ရပ်က စစ်ရေးပစ်မှတ်နဲ့ အရပ်သားတွေကကို ခွဲခြားနိုင်စွမ်းမရှိတာ၊ ဒါမှမဟုတ်ရင် တမင်တကာ အရပ်သားတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ ထင်ရှားစေတာပဲလို့ သူက မှတ်ချက်ပြုပါတယ်။
ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) က စစ်ပွဲကာလအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေဖြစ်ပြီး၊ သူရဲ့အဓိကရည်ရွယ်ချက်မှာ စစ်ပွဲထဲတိုက်ရိုက်မပါဝင်တဲ့ အရပ်သားပြည်သူတွေ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ နဲ့ ဒဏ်ရာရစစ်သည်တွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။
ကွန်ဗန်းရှင်းမှာ စစ်ရေးအရ လိုအပ်တာထက်ပိုပြီး အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီး စေမယ့် တိုက်ခိုက်မှုမျိုးတွေကို တားမြစ်ထားပါတယ်။
အမျိုးသမီးများနှင့် ကလေးသူငယ်များကို အထူးဂရုပြု အကာအကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားတာဖြစ်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မိခင်များကို တိုက်ခိုက်ခြင်းမှ လုံးဝရှောင်ကြဉ်ရမည်လို့ ဆိုထား ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တွေက ဒီအခြေခံမူအားလုံးကို လျစ်လျူရှုကာ ကျူးလွန်နေကြောင်း ထင်ရှားတယ်လို့ မဖြူက ထောက်ပြပါတယ်။
စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် မိုးကုတ်မြို့မှ မီးဖွားပြီးစ မိခင်နဲ့ကလေးအပါအဝင်အမျိုးသမီး ၁၆ ဦး၊ ဖာ ဆောင်းမြို့မှ အမျိုးသမီး ၈ ဦး၊ ပေါက်မြို့နယ်မှလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ကျောက်မဲမြို့မှာလည်း စစ်ရှောင်နေတဲ့အမျိုးသမီးတွေအပါအဝင် လူ ၂၀ နီးပါးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ စိုးရိမ်သောကတွေနဲ့ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့အချိန်မှာတောင် စစ်တပ်ရဲ့အကြမ်း ဖက်မှုတွေကို ဆိုးဆိုးဝါးဝါးထိခိုက်ခံစားနေကြရတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာမျိုးမရှိဘူး လို့ သတင်း ဌာနတွေက မေးမြန်းတိုင်းမှာ ဖြေလေ့ရှိပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ထုတ်ပြန်စာရင်းတွေအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တစ်လထဲမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၂ ဦး သေဆုံးခဲ့ပြီး ဒီထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
BWUရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) မယဉ်မျိုးလှိုင်က“ဒီလိုမျိုးအကြမ်းဖက်မှုတွေ ကျူးလွန်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ ကျမတို့ BWU ရဲ့မူအရ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို လုံးဝလက် မခံပါဘူး။ အခုလိုအသက်တွေဆုံးရှုံးတဲ့အထိ ဖြစ်နေတာဟာ လုံးဝမဖြစ်သင့်တဲ့အရာဖြစ်ပြီး ကျူးလွန်သူတွေ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိရပါမယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်မှု မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု တွေက အရပ်သားပြည်သူတွေအတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့အသက်ဘေးအန္တရာယ်တစ်ခုဖြစ်လာခဲ့တယ်။
တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်တွေကိုသာမက အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေ၊ နေအိမ်တွေနဲ့ ဆေးရုံတွေ ကိုပါ ပစ်မှတ်ထားလာတာက နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်။
အထူးသဖြင့် ဒီတိုက်ခိုက်မှုတွေရဲ့ဒဏ်ကို အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက အဆိုး ရွားဆုံး ခံစားနေကြရတာပါ။
သက်သေဆိုရရင် ဩဂုတ်လ ၁၇ ရက် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃၂ ဦး သေဆုံးရတာဖြစ်ပါတယ်။
သေဆုံးသူများထဲမှာ အတည်ပြုနိုင်တဲ့ အမျိုးသမီး ၈ ဦးနဲ့ ဘယ်သူမှန်း ခွဲခြားမရအောင် ခန္ဓာကိုယ်အစိတ်အပိုင်း တွေ ပြန့်ကြဲနေတဲ့ အမည်မသိရုပ်အလောင်း ၆ ခုလည်းပါဝင်ခဲ့ပါတယ်။
“ဘယ်လိုတောင် ရက်စက်နိုင်ကြတာလဲ။ ရင်ထဲမှာ မီးလိုပဲ ပူလောင်နေတယ်။ စကားတောင် ကောင်းကောင်း မထွက်နိုင်တော့ဘူး” လို့ ဒေသခံ မအေးမယ်က ဆိုပါတယ်။
မနက် ၇ နာရီ ၄၅ မိနစ် ဝန်းကျင်မှာ တိုက်နယ်ဆေးရုံကို တစ်ကြိမ်၊ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ၁၆ ကုန်းကို တစ်ကြိမ် စုစုပေါင်း တစ်ရက်ထဲ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ဗုံးထိမှန်ပြီး လူ့ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရတယ်ဆိုထဲက ဒီဗုံးရဲ့ဖျက်စွမ်းအား ဘယ် လောက်ပြင်းလဲဆိုတာ သက်သေပဲလေ။ ဒါအရပ်သားတွေအပေါ် သနားညှာမှုကင်းကြောင်းပြနေတာ။ ဘာမှမသိ ရတဲ့ ရုပ်အလောင်းတွေထဲမှာလည်း မိန်းကလေးတွေလည်းပါနိုင်တယ်”လို့ မအေးမယ်က ပြောပါတယ်။
ဒီလုပ်ရပ်ဟာ လူ့အသက်ကို တန်ဖိုးမထားရုံသာမက လူ့ဂုဏ်သိက္ခာကိုပါ စော်ကားနေတာဖြစ်ပါတယ်။ အကြောင်းက တိုက်ပွဲမရှိတဲ့ အရပ်သားတွေနေထိုင်ရာဒေသကို အင်အားပြင်းလက်နက်နဲ့ အခုလိုတိုက်ခိုက်တာက ဂျီနီဗာကွန်ဗန်းရှင်းရဲ့ “အခြေခံမူ”ကို ဆိုးရွားစွာ ချိုးဖောက်နေတာကြောင့်ဖြစ်ပါတယ်။
အလားတူ သြဂုတ်လ ၁၈ ရက် မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မြေပြင်မှာ စစ်တပ်က စစ်ကြောင်းထိုး တာကြောင့် အရပ်သားတွေ ဘေးလွတ်ရာထွက်ပြေးနေချိန်မှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာလည်း စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ စစ်ခေါင်းဆောင် မင်း အောင်လှိုင် မကွေးမြို့ကို ရောက်ရှိနေချိန်နဲ့လည်း ဒီတိုက်ခိုက်မှုတွေက တိုက်ဆိုင်နေခဲ့တာပါ။
မဖြူက “ဒီလိုဖြစ်စဉ်တွေက စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာနဲ့ လူထုကို အကြောက်တရားသွတ်သွင်းတဲ့ နည်းလမ်းကို မီးမောင်းထိုးနေတာပဲ”လို့ ပြောပါတယ်။
ဒါကလည်း စစ်ကြောင်းရန်ကြောက်ပြီး ထွက်ပြေးနေရတဲ့ အရပ်သားပြည်သူတွေကို လေကြောင်းမှတဆင့် ထပ်မံ ပစ်မှတ် ထားနေတာက ဘယ်နေရာမှလုံခြုံမှုမရှိဘူးဆိုတာ စစ်တပ်အနေနဲ့ သက်သေပြချင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီးကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံစစ်ရှောင်နေကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံးခဲ့ရပါတယ်။
တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်းကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး တစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“သူတို့က ဘာအပြစ်လုပ်လို့လဲ။ စစ်ဘေးလွတ်မယ်ထင်လို့ ဘုရားကျောင်းကန်ကို လာခိုလှုံတာ။ အခုတော့ အသက်တောင် မမြဲရဘူး။ ပေါင် ၅၀၀ ဗုံးနဲ့တဲ့။ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး တမင်ကြဲချတာ။ ဒါလူစိတ် ရှိတဲ့လုပ်ရပ်လား”လို့ စစ်ဘေးရှောင် ဒေါ်နန်းရွှေစင်က ပြောပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးဟာ နေရပ်စွန့်ခွာရတဲ့ ဒုက္ခသည်တစ်ဦးဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အကာ အကွယ်ပေးရမည့်သူပါ။ ထွက်ပြေးတိမ်းရှောင်နေသူတွေကို လိုက်လံတိုက်ခိုက်နေတာက အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့စစ်တပ်ရဲ့ ဗျူဟာကို ဖော်ပြနေပြီး စစ်တပ်ဟာ ဂျီနီဗာကွန်ဗန်းရှင်းရဲ့အကာအကွယ်ပေးမှုကိုလည်း လုံးဝမျက်ကွယ်ပြုထားပါတယ်။
မြန်မာနိုင်ငံ၌ တိုက်ပွဲဖြစ်ပွားချိန်တွင် ဖြစ်ပွားလေ့ရှိတဲ့အရပ်သားနဲ့ နေအိမ်အဆောက်အအုံတွေကို တမင်ရည်ရွယ် ပြီး ပစ်ခတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာနဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေက အပြည်ပြည် ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဥပဒေအား ကြီးလေးစွာချိုးဖောက်ရုံသာမက စစ်ရာဇဝတ်မှုလည်း မြောက်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA- Myanmar)ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်မှုတွေအတွက် မည်သည့်စစ်သားကိုမျှ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် အပြစ်ပေး၊ အရေးယူနဲ့ခြင်းတွေနဲ့ ပတ်သက်လို့ အချက်အလက်တစုံတရာမျှမရရှိသေးပေ။ စစ်သားတွေဟာ ပြစ် ဒဏ်ခံရခြင်းမှ လုံးဝကင်းလွတ်နေတဲ့အလေ့အထဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေတယ်လို့ ကုလရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းထားတဲ့ ဂျီနီဗာကွန်ဗန်းရှင်းကို စနစ်တကျချိုးဖောက်နေတဲ့ စစ် ရာဇဝတ်မှုတွေကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်စွာ အရေး ယူဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ အမြန်ဆုံး ကြိုးစားဆောင်ရွက်သွားဖို့လိုကြောင်း အမျိုး သမီးအရေးတက်ကြွလှုပ်ရှားသူ မဖြူက ပြောပါတယ်။
သို့မဟုတ်ပါက အမျိုးသမီးတွေရဲ့အသက်တွေဟာ လေယာဉ်သံ၊ ဗုံးသံတွေ အောက်မှာ အဓိပ္ပါယ်မဲ့ ကြွေလွင့်နေ ရဦးမှာ ဖြစ်ပါတယ်။
ဗုံးဒဏ်သင့်ဒေသခံတွေကလည်း “ဘယ်ကိုပြေးရမလဲ။ ဘယ်နေရာမှ မလုံခြုံတော့ဘူး”လို့ ရင်ဖွင့်နေကြပါတယ်။
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 15/11/2025
- မောင်တောမြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရ ပိုများလာ - 11/11/2025
- ပုခက်လွှဲတဲ့ဖေဖေနဲ့ ထမင်းစားပွဲနောက်ကွယ်က မျှတတဲ့တာဝန် - 11/11/2025











