လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၄ ဦးသေဆုံးခဲ့ဟု BWU ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် လတစ်လတည်းတွင် နိုင်ငံတစ်ဝှမ်းအမျိုးသမီး ၆၄ ဦးသေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU)က မနေ့က ထုတ်ပြန်လိုက်သည်။
သေဆုံးသူ ၆၄ ဦးအနက် ၅၂ ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး၊ ၁၁ ဦးမှာ ပြည်သူ့နေအိမ်များကို ပစ်မှတ်ထားသည့် လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်ကာ၊ ၁ ဦးမှာ ဆေးဝါးကုသမှု မရရှိ ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
အသက်ဆုံးရှုံးခဲ့ရသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၄ ဦး ပါဝင်ခဲ့ကြောင်း BWU ၏ ထုတ် ပြန်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် အမျိုးသမီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ရာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၇ ဦး၊ လက်နက်ကြီးကြောင့် ၉ ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ ဦးနှင့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၅ ဦးတို့ ပါဝင်ကြောင်း သိရသည်။
BWU ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က “ဒီလိုမျိုး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ ကျမတို့ BWU ရဲ့မူအရ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို လုံးဝ လက်မခံပါဘူး။ အခုလို အသက်တွေဆုံးရှုံးတဲ့အထိ ဖြစ်နေတာဟာ လုံးဝမဖြစ်သင့်တဲ့အရာဖြစ်ပြီး ကျူးလွန်သူ တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရပါမယ်” ဟု ပြောကြားသည်။
စစ်အုပ်စုသည် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ယခင်လများထက် ပိုမိုအသုံးပြုလာပြီး တာဝန် ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြည်သူနှင့်အမျိုးသမီးများကို ပစ်မှတ်ထားကာ လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် ထိုး စစ်များကို ဆက်တိုက်ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
BWU အနေဖြင့် ဤကဲ့သို့ လစဉ်အချက်အလက်များ ထုတ်ပြန်ရခြင်းမှာ နစ်နာဆုံးရှုံးခဲ့ရသူများအတွက် မှတ် တမ်းတင်ရန်၊ ကျူးလွန်သူများ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုရရှိရေး ဖော်ဆောင်ရန်တို့ကို ရည်ရွယ်ကြောင်း အတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင်က ရှင်းပြသည်။
ယင်းအချက်အလက်များသည် တိုင်းပြည်အနာဂတ်အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် တရားမျှတမှုဖော်ဆောင်နိုင် ရန်အတွက် ခိုင်မာသော သက်သေအထောက်အထားများအဖြစ် အသုံးပြုနိုင်ရန် စုဆောင်းမှတ်တမ်းတင်နေခြင်း လည်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုပါသည်။
BWU သည် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူအပြစ်ပေးရန်နှင့် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစု များအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ပြင်းထန်စွာ တောင်းဆိုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။











