တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

🔳 သြဂုတ်လ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

အခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI ကဆွေးနွေးလိုတဲ့သတင်းတခုကတော့ ဧရာဝတီသတင်းဌာနက “အမျိုးသမီးတွေကိုစစ်သင်တန်းစခေါ်” ဆိုတဲ့ခေါင်းစဥ်နဲ့သတင်းပဲဖြစ်ပါတယ်။”အမျိုးသမီး စစ်မှုထမ်းအပတ်စဉ် (၁)  ဖွင့်လှစ်ခဲ့သည်မှာ ၂ လ ကြာပြီ ဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားမှုမရှိစေရန် တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဧရာဝတီသတင်းထဲမှာ ရေးသားထားပါတယ်။

စစ်ကောင်စီက အမျိုးသမီးများကို စစ်သင်တန်းတက်ရန် အတင်းအကြပ်တက်စေခြင်းဟာ လူ့အခွင့်အရေး အခြေခံကျစွာ ချိုးဖောက်ခြင်းဖြစ်ပြီး လုံခြုံရေး၊ အသက်ရှင်ပိုင်ခွင့်နှင့် ကိုယ်ပိုင်ရွေးချယ်ခွင့်တို့ကို ဖျက်ဆီးသောအရေးကြီး ပြစ်မှုတစ်ရပ်လို့ရှု့မြင်ပါတယ်။ အမျိုးသမီးများကို စစ်ရေးသင်တန်းများသို့ အတင်းအကြပ် စုဆောင်းခြင်းသည် အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းစွာနေထိုင်ခွင့်ကို ဖျက်ဆီးခြင်းဖြစ်သလို၊ နောက်ဆက်တွဲ စစ်ပွဲထဲသို့ တိုက်ရိုက် စေလွတ်ခြင်းတွေဖြစ်နိုင်တာမို့  နိုင်ငံအတွင်း တင်းမာမှုနှင့် အကြမ်းဖက်မှုအန္တရာယ်ကို အမျိုးသမီးတွေပိုခံလာရဖို့ရှိပါတယ်။

နိုင်ငံခြားပြည်ပကျူးကျော်စစ်မဟုတ်တဲ့ လက်ရှိပြည်တွင်စစ်မှာ အမျိုးသမီးများကို စစ်သင်တန်းတက်ခိုင်းခြင်းသည် လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အမျိုးသမီးများကို အသုံးချမှုတခုဖြစ်ပြီး၊ အမျိုးသမီးများကိုစစ်မှုထမ်းစေခြင်းဟာ လူမှုဘဝတည်ငြိမ်မှုကို ဖျက်စီးသည့် အကြမ်းဖက်မှုအမျိုးအစားများအဖြစ် ထည့်သွင်းရမည်ဖြစ်ပြီး၊ အမျိုးသမီးများ၏ အသက်တာ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို မလေးစားခြင်း၏ သက်သေတစ်ရပ်လည်း ဖြစ်တယ်လို့ HI ကဆွေးနွေးလို့ထောက်ပြချင်ပါတယ်။

 စစ်သင်တန်းများသည် အမျိုးသမီးများရဲ့ အိပ်မက်များနှင့် ပညာရေးအခွင့်အလမ်းများကို ဆုံးရှုံးစေပြီး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိအားများကို ရင်ဆိုင်ရစေနိုင်ပါတယ်။ ဥပမာအားဖြင့်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများပင် စစ်သင်တန်းများတက်ရောက်ရန် ဖိအားပေးခံရခြင်းကြောင့် ၎င်းတို့ရဲ့ ပညာရေးနဲ့  အနာဂတ်အလားအလာများ ဆုံးရှုံးခဲ့ကြတာတွေရှိပါတယ်။ ဒီအပြင် စစ်သင်တန်းများတွင် ပါဝင်ရသည့် အမျိုးသမီးများသည် အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တွေလည်း ရှိလာနိုင်ပါတယ်။

အမျိုးသမီးစစ်သင်တန်း စခေါ်

ပြည်သူ့စစ်မှုထမ်း(အမျိုးသမီး)သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ-၄) မှာ ဖွင့်လှစ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံကသိရတယ်လို့ Myanmar  Defense & Security Institute – MDSI က သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသမီး စစ်မှုထမ်းအပတ်စဉ် (၁)  ဖွင့်လှစ်ခဲ့သည်မှာ ၂ လ ကြာပြီ ဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားမှုမရှိစေရန် တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ယခုစစ်သင်တန်းပေးရာ ရကသ-၄ဟာ တပ်ကြပ်ကြီး၊ စာရေး(အမျိုးသမီး)သင်တန်းနဲ့ အခြေခံ တပ်သားသစ် (အမျိုးသမီး)သင်တန်းကို ပုံမှန်ဖွင့်လှစ်လေ့ကျင့်ပေးနေတဲ့အမျိုးသမီးစစ်သင်တန်းကျောင်း တကျောင်းဖြစ်ပါတယ်။

စစ်မှုထမ်း(အမျိုးသမီး) သင်တန်းအတွက် စစ်တပ်ဟာ  နိုင်ငံအနှံ့ အမျိုးသမီးငယ်တွေကို စစ်မေးတာ၊ ဖမ်းဆီးတာ၊မြို့ရွာရပ်ကွက်အလိုက် စာရင်းကောက်ခံ ခေါ်ယူတာတွေ လုပ်ဆောင်လျက်ရှိတဲ့အတွက် ရန်ကုန်မြို့ နဲ့အချို့ဒေသတွေမှာ အမျိုးသမီးငယ် ပျောက်ဆုံးမှုတွေ ရှိလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source – ဧရာဝတီ

အမျိုးသမီးလစဉ်သုံးနှင့် ကလေးဒိုင်ပါ အပြင် ကုန်ပစ္စည်း ၈ မျိုးကို စစ်တပ်က သယ်ခွင့်ကန့်သတ်

စစ်ကိုင်းမြို့အဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေနဲ့ ကလေးဒိုင်ပါတွေအပြင် ကုန်ပစ္စည်း ၈ မျိုးကို ကန့်သတ်ပစ္စည်းတွေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းခွင့်ကို ပိတ်ပင်တားဆီးလိုက်ပြီး ကုန်ပစ္စည်းတွေကိုတင်းတင်းကြပ်ကြပ်စစ်‌ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို ကန့်သတ်လိုက်တဲ့ ကန့်သတ်ကုန်ပစ္စည်း ၈ မျိုးကတော့ ရွှေတူးဖော်ရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ၊ ဝါယာကြိုး၊ ဘက်ထရီ၊ ဆိုလာ၊ ပါဝါဘန့် စတဲ့ လျှပ်စစ်ဆက်စပ်ပစ္စည်းတွေ၊ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊ အောက်ဆီဂျင်အိုး၊ စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ၊ အမျိုးသမီးလစဉ်သုံး၊ ဒိုင်ပါ၊ အဝတ်အထည် စတဲ့ ဆေးဝါးဆက်စပ်ပစ္စည်းတွေနဲ့ ၃ လက်မအထက် ရှိတဲ့ သံပိုက်နဲ့ ပိုက်တွေ ပါဝင်ပါတယ်။

အရင်ကတည်းက စစ်ကိုင်းတိုင်းအဝင် စစ်တပ်ဂိတ်တွေမှာ အဲဒီပစ္စည်းတွေကို စစ်ဆေးပေမဲ့ အခုလဆန်းပိုင်းကစပြီး တိုင်းအဆင့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ပါမှ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ထပ်တိုးကန့်သတ်လိုက်တာ ဖြစ်ပါတယ်။တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်လာရင် စစ်တပ်ဂိတ်တွေက သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ကန့်သတ်ပိတ်ပင်လိုက်တဲ့အတွက် ဒေသတွင်းမှာ ကျန်းမာရေး၊ တကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာတဲ့အပြင် ဈေးကြီးပေးဝယ်နေရတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

Source – DVB

STUM ဦးဆောင်သူနှင့် အဖွဲ့ဝင်များကို ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် အမှုဖွင့်

စည်းလုံးညီညွတ်သော အလုပ်သမားသမဂ္ဂ (STUM)ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၊အမျိုးသမီး(၅)ဦး၊အမျိုးသား(၄)ဦးတို့ကိုခြေချုပ်နဲ့ ခံဝန်အက်ဥပဒေဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေထံကသိရပါတယ်။

အသက် ၅၆ နှစ်အရွယ် ဒေါ်မျိုးမျိုးအေးကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က နေအိမ်မှာ  အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန်ကာ ခြိမ်းခြောက်ခဲ့တယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေအိမ်မှ လက်ကိုင်ဖုန်း၊ ပစ္စည်းတွေနဲ့ အိမ်ထောင်စုစာရင်း အပါအဝင် အရေးကြီးစာရွက်စာတမ်းတွေကိုလည်းသိမ်းဆည်းသွားခဲ့ပါတယ်။

ဇူလိုင်လ ၂၈ ၊ ၂၉ ရက်နေ့တွေမှာ ဒေါ်မျိုးမျိုးအေးရဲ့ သမီးဖြစ်သူ မခြူးသွယ်နဲ့ အခြား STUM ဝန်ထမ်းတွေကိုဆက်တိုက်ဖမ်းဆီးခဲ့ကာ STUM နဲ့ပတ်သက်တဲ့ ရုံးသုံးခုလုံးကိုလည်း ချိတ်ပိတ်ခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရပြီးနောက်ဘယ်နေရာမှာထိန်းသိမ်းထားတာကိုမသိရတဲ့အတွက် မိသားစုဝင်တွေကစိုးရိမ်နေခဲ့ကြပြီး ဒေါ်မျိုးမျိုးအေးရဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးတွေပို့ဆောင်ခွင့်မရသေးဘူးလို့သိရပါတယ်။

Source – HI

ချုပ်ရက်စေ့၍ လွတ်လာသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်းသမီးကို စစ်ကောင်စီ ပြန်ဖမ်း

ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးဖြစ်သူ မမိုးဆန်းစုကြည်ဟာ

သာယာဝတီအကျဉ်းထောင်ကနေ ဩဂုတ် ၇ ရက်နေ့က  ချုပ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထပ်မံအမှုဖွင့်ပြီးဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူတွေက ဩဂုတ် ၇ ရက်က မမိုးဆန်းစုကြည်ကို သာယာဝတီမြို့နယ်မှူးရုံးသို့ ခေါ်ထုတ်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အကျဉ်းထောင်သို့ ပြန်ပို့ဆောင်ကာ ၅၂ (က) ပုဒ်မဖြင့်ထပ်မံ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

မမိုးဆန်းစုကြည်ဟာ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံတစ်ဦး ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်မှာ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၇ (၁)တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Source – DMG

ပေါက်မြို့နယ်၌ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ ဆရာမ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မုန်းကုန်းကျေးရွာကို သြဂုတ် ၁၂ ရက် ညက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်  အသက်(၃၀)အရွယ်ဒေသခံ အမျိုးသမီးတယောက် သေဆုံးပြီး အသက်(၂၀)အရွယ် ဆရာမ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ‌ဒေသခံတစ်ဦးကပြောပါတယ်။

“ဆုံးသွားတဲ့သူက နောက်စေ့ကို လက်နက်ကြီးထိပြီး ဆုံးတာ။ ဆေးရုံသွားတဲ့လမ်းမှာ ဆုံးသွားတာ။ အဲဒီရွာနဲ့ ဆေးရုံရှိတဲ့ရွာကလည်း ယောချောင်းခြားနေတာ။ ည ၁၂ လောက်မှာ ဆုံးသွားတယ်။ ထိထားတဲ့နောက်တယောက်က အဲဒီရွာမှာ စာသင်နေတဲ့ စေတနာ့ဝန်ထမ်း ဆရာမ။ မျက်နှာကို ဆိုးဆိုးရွားရွားထိတာဆိုတော့ စိုးရိမ်ရတယ်။ မျက်နှာက မျက်စိတဖက်ရယ်၊ နှာခေါင်းရယ်၊ ပါးစပ်ရယ်က မရှိတော့ဘူး။ တွဲလောင်းကြီးနဲ့ အဲဒီနေရာက ချိုင့်ခွက်ကြီး ဖြစ်သွားတယ်။ သတိတော့ အကုန်ရှိတယ်၊ စကားမပြောနိုင်တော့ဘူး။”လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်းက ဒေသခံတွေ ရှောင်တိမ်းနေထိုင်နေကြတယ်လို့ သိရပါတယ်။

Source – DVB

မိတ္ထီလာမှာ သူနာပြုသင်တန်းသူတဦးအိပ်ဆောင်အိမ်သာအတွင်း မီးလောင်သေဆုံးနေပြီး အဆုံးစီရင်မှုဟုဆို

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်ရှိ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနလက်အောက် သူနာပြုသင်တန်းတက်ရောက်နေတဲ့ အသက်(၂၀)ကျော်မပြည့်ပြည့်ဆိုသူ အမျိုးသမီးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၂ ရက် မနက် ၂ နာရီကျော်မှာ ကျောင်းဝန်းအတွင်းရှိ သင်တန်းသူအိပ်ဆောင်အိမ်သာအတွင်းမှာ မီးလောင်သေဆုံးနေတာကို အဆောင်နေသင်တန်းသူတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။သေဆုံးသူအမျိုးသမီးဟာ ကရင်နီ(ကယား)ပြည်နယ်ကနေ မိတ္ထီလာသူနာပြုသင်တန်းကိုတက်ရောက်နေသူဖြစ်ပါတယ်။

မီးလောင်သေဆုံးသွားတဲ့ ကျောင်းသူအလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

ကျောက်မဲမြို့မှာ အသက်ငါးနှစ်အရွယ်မိန်းကလေးငယ်ကို အိမ်နီးချင်းအမျိုးသားက သတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့မှာ အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်း အမျိုးသားက မုန့်ကျွေးမယ်ဆိုပြီးခေါ်ဆောင်သွားပြီးနောက်သတ်ဖြတ်ခဲ့ကာ လမ်းဘေးမှာစွန့်ပစ်ထားတဲ့အမှုဖြစ်ပွားခဲ့တယ်လို့ ရုပ်အလောင်းသွားရောက်သယ်ယူခဲ့တဲ့ ကူညီရေးအဖွဲ့ဝင်ထံကသိရပါတယ်။

အဲဒီအမှုဟာ ကျောက်မဲမြို့ ၊ ရပ်ကွက် ၈ ၊ အင်ကြင်းတောင်ရပ်ကွက်မှာ  ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ်လ ၉ ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဦးခေါင်း နဲ့ နောက်ကျောဘက်မှာ ဒဏ်ရာ တွေရထားတယ်လို့သိရပါတယ်။ သတ်ဖြတ်ပြီးရှောင်ပြေးနေတဲ့အမျိုးသားကိုလည်း ဖမ်းမိထားတယ်လို့သိရပါတယ်။

Source – People’s Spring

ရခိုင်လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ကာကွယ်မှု အပြည့်အဝ ပေးထားဟုဆို

အာရက္ခတပ်တော် AA  ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ အမျိုးသမီးတွေကို ဥပဒေအရ ကာကွယ်မှုနဲ့ လုံခြုံမှု အပြည့်အဝပေးထားတယ်လို့ သြဂုတ်လ(၁၂)ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရက္ခတပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ခဲ့တဲ့ အခြေအနေနဲ့လက်ရှိ အချိန်ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးမှာ အရင်ကထက် ပိုမိုတိုးတက်လာနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ ကျူးလွန်မှုတခုခုခံရပါက သက်ဆိုင်ရာဥပဒေအဖွဲ့တွေကို ချက်ချင်းတိုင်ကြားနိုင်ပြီး အရေးယူခြင်းတွေလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

သို့သော် အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အဓမ္မမှုတွေ မကြာခဏ ကျူးလွန်ခံရတဲ့ အခြေအနေနဲ့ အမှုကြန့်ကြာမှုတွေ ရင်ဆိုင်နေကြရတယ်လို့ ပြည်သူတွေကဆိုပါတယ်။

ဒါကြောင့် အမျိုးသမီး အဖွဲ့အစည်းတွေအနေနဲ့ သက်ငယ်မုဒိန်းမှုအပါအဝင် အဓမ္မ ပြုကျင့်မှုတွေကို ကျူးလွန်တဲ့ တရားခံတွေကို သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

ဒီလိုတောင်းဆိုချက်တွေ ရှိနေသော်လည်း အာရက္ခတပ်တော် AA  အနေဖြင့် ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေဘောင်အတွင်းကသာ အရေးယူသွားမယ်လို့ ဦးခိုင်သုခကဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်မှာ သက်ငယ်မုဒိမ်းမှုနဲ့ အဓမ္မ ပြုကျင့်မှုတွေ မြင့်တက်နေပြီး ကျူးလွန်သူတွေကိုထိရောက်တဲ့ ပြစ်ဒဏ်ပေးမှုပိုင်းမှာ အားနည်းမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့အရပ်ဘက်လူမှုအသိုင်းအဝိုင်းတွေကထုတ်ဖော်ပြောဆိုထားကြပါတယ်။

Source – DMG

ဘန်ကောက်တွင် အလုပ်လာရှာသည့် မြန်မာအမျိုးသမီး ၁၉ ဦးအပါအဝင် ၅၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အလုပ်လာရှာနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၁၉ ဦးအပါအဝင် ၅၅ ဦးကို ထိုင်းရဲတပ်ဖွဲ့ထံ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမီဒီယာတခုဖြစ်တဲ့ Khaosod English က ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့အထဲတွင် မြန်မာအမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၃၆ ဦးပါဝင်ပြီး သြဂုတ် ၁၁ ရက်နေ့က ခါခီဖိုခရိုင်၊ သစ်တောဧရိယာအတွင်း ရပ်ထားတဲ့ စွန့်ပစ်ယာဉ်သုံးစီးအတွင်းမှ ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သူတို့ဟာတာ့ခ်ခရိုင် မဲဆောက်မှတဆင့် ဘန်ကောက်သို့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့ကိုတင်ဆောင်လာတဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

Source – နိရဉ္စရာ

တောင်ကုတ်တွင် အမျိုးသမီးတွေအပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး

ရခိုင်ပြည်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို ဩဂုတ်လ ၉ ရက်က အာရက္ခတပ်တော်(AA)က ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

လွှတ်ပေးလိုက်သူတွေဟာ တောင်ကုတ်မြို့၊ စကခ ၅ နဲ့ အခြားတပ်ရင်းတွေ ကဖြစ်ပြီး အမျိုးသမီး၊ ကလေးသူငယ် အများအပြားပါဝင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ သုံ့ပန်းမိသားစုဝင်တွေကို အာရက္ခတပ်တော်ရဲ့ နိုဗာ ၂ စစ် ဒေသက အခမ်းအနားပြုလုပ်ပြီး သူတို့သွားလိုတဲ့ နေရာတွေကို လိုက်လံပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေပါတယ်။

Source – DGM

သီတာယုမွန်ဦးဆောင်တဲ့ အင်အားထောင်ချီစစ်ကြောင်းတွေနဲ့ မြင်းခြံ PDF တွေ ၁၃ရက်ကြာ တိုက်ပွဲဖြစ်ပြီး စခန်း ၅ ခု ထက်မနည်း လက်လွှတ်ထားရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အရှေ့နဲ့အရှေ့တောင်ဘက်က ကျေးရွာတွေအနီးမှာ စစ်ကော်မရှင်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ ၁၃ ရက်ကြာတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ စခန်း ၅ ခုထက်မနည်း လက်လွှတ်ထားရတယ်လို့ Myingyan Black Tiger MBT တပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က စတင်ကာ မြင်းခြံပျူစောထီးတပ်ဖွဲ့ခေါင်းဆောင် သီတာယုမွန် ဦးဆောင်လာတဲ့ အင်အား ၇၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ မြင်းခြံမြို့နယ်အတွင်းကို စစ်ကြောင်းထိုးရာကနေ   MBT အပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့  သြဂုတ် ၁၂ ရက် မနေ့ကအထိ ၁၃ ရက်ကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာလို့ MBT တာဝန်ခံ ဗိုလ်မိုက်ခဲကပြောပါတယ်။

ဩဂုတ် ၁၀ ရက်အထိ တိုက်ပွဲတွေအတွင်းမှာ သမုန်းကိုင်း၊ ကံဆင့်မြောက်၊ ဗလုံရွာတွေအနီးက MBT တပ်ဖွဲ့ရဲ့ စခန်းနေရာ ၃ ခု၊ စစ်ကြောင်း ၅ တပ်ဖွဲ့  စခန်းနေရာ ၁ ခုနဲ့ နတ်ထားနဲ့စံပြကျေးရွာတွေအနီးက ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စခန်း ၂ ခု စုစုပေါင်း စခန်း ၆ ခု သိမ်းပိုက်ခံခဲ့ရပြီး အထူးကွန်မန်ဒိုစစ်ကြောင်းက တပ်စိတ်မှူး ဝန၊ ဒု- တပ်စိပ်မူး ကျွဲကြီး၊ တပ်ဖွဲ့ဝင် ဇော်ကြီး၊  Black Shar နဲ့ စစ်ကြောင်း ၅ က တပ်ဖွဲ့ဝင် ကိုဖက် တို့ တိုက်ပွဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူ အဆက်မပြတ် သုံးပြီး တိုက်ခိုက်တာကြောင့် စခန်းတွေကို လက်လွှတ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

Source – မြေလတ်အသံ

Author: