တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၄ ရက်အထိ တစ်ပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်
အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး ကြိုးပမ်းနေကြောင်း KNU အသိပေး
အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်လျက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ပါတယ်။
KNUအနေနဲ့ စစ်ပွဲအတွင်း နိုင်ငံတကာဥပဒေတွေကို လေးစား လိုက်နာပြီးအရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျုးလွန်ခြင်းက ကာကွယ်ဖို့ တပ်ဖွဲ့ဝင်တွေကိုသင်တန်းပေးနေတယ်လို့လည်းဖော်ပြထားပါတယ်။
KNUအနေဖြင့်၂၀၁၃ ခုနှစ်၊ဇူလိုင်လမှာ ကလေးအခွင့်အရေး စောင့်ရှောက်ကာကွယ်ရေး၊ အမျိုးမီးများအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုကာကွယ်တားဆီးရေးဆိုင်ရာသဘောတူညီချက်ကို နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ Geneva Call နဲ့ သဘောတူညီ ချက် လက်မှတ်ရေးထိုး ချုပ်ဆိုထားတာဖြစ်ပါတယ်။
စစ်သားတွေသာမကအုပ်ချုပ်ရေးဌာနတွေမှ တာဝန်ရှိသူတွေဖြစ်တဲ့ ဌာန အတွင်းရေးမှူး နဲ့ရုံးအုပ်များကို လည်း သင်တန်းပေးနေတယ်လို့သိရပါတယ်။
Source – People’s Spring
ဒေါ်စောမြရာဇာလင်း၊ လီလီနိုင်ကျော်နှင့် စိုးမြတ်သူဇာအပါအဝင် အမျိုးသမီး ၁၅၁ ဦးကို စစ်ခေါင်းဆောင် ဘွဲ့တံဆိပ်များပေး
စစ်ကောင်စီက မြန်မာအမျိုးသမီးများနေ့အတွက် ရည်ရွယ်ပြီး အမျိုးသမီး ၁၅၁ ယောက်ကို ဝဏ္ဏကျော်ထင်ဘွဲ့၊ ရဲဗလဘွဲ့၊ ရဲကျော်စွာဘွဲ့၊ လူမှုထူးချွန်ဆု၊ စီမံထူးချွန်၊ လယ်ယာထူးချွန်ဆု၊ စီးပွားထူးချွန်ဆု၊ အနုပညာထူးချွန်ဆုနဲ့ စာပေထူးချွန်ဆုတွေကို ဇူလိုင် ၃ ရက်နေ့ကပေးခဲ့ပါတယ်။
ဝဏ္ဏကျော်ထင်ဘွဲ့ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီ ဦးဆောင်သူဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ရဲ့ ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနဲ့ ပညာရေးဝန်ကြီးဌာနက ပါမောက္ခ/ ဌာနမှူး (ငြိမ်း) ဒေါက်တာဒေါ်ပို တို့ကို ပေးခဲ့ပါတယ်။
ရဲဗလဘွဲ့ကို မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်၊ အဆိုတော် လီလီနိုင်ကျော်၊ ဒေါပုံမြို့နယ်က ဓာတ်ဆီနဲ့ပက်ခံရလို့ သေသွားတဲ့ ဆယ်အိမ်မှူး ဒေါ်နှင်းသီတာ အပါအဝင် အမျိုးသမီး ၆၅ ယောက်ကို ပေးခဲ့ပြီး ရဲကျော်စွာဘွဲ့ကို ရဲအုပ် နှင်းဝေငြိမ်းနဲ့ ရဲအုပ် သဲစုဝင်းတို့ကို ပေးခဲ့ပါတယ်။
လူမှုထူးချွန် (ပထမအဆင့်) ကို သရုပ်ဆောင် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး အပါအဝင် အမျိုးသမီး ၉ ယောက်၊ ဒုတိယအဆင့် ၄ ယောက်၊ တတိယအဆင့် ၄၄ ယောက် စုစုပေါင်း ၅၇ ယောက်ကို ပေးခဲ့ပါတယ်။
အနုပညာထူးချွန်ဆု(ပထမ)အဆင့်ကို သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်ကို ပေးခဲ့ပြီး စာပေထူးချွန်ဆုကို စာရေးဆရာမကြီး ဒေါ်မြမြသန်း(ခ)မနှင်းဖွေးကို ပေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒေါ်တိုးနန္ဒာတင် အပါအဝင် အမျိုးသမီး ၂၁ ယောက်ကို စီမံထူးချွန်ဆု ဒုတိယအဆင့်၊ တတိယအဆင့်၊ လယ်ယာထူးချွန် (တတိယအဆင့်)၊ စီးပွားထူးချွန် (တတိယအဆင့်) ဘွဲ့တွေကို ပေးခဲ့ပါတယ်။
Source – DVB
သက်ကြီးအမျိုးသမီးကို ရိုက်ခဲ့သည့် ရာအိမ်မှူးနှင့်မိသားစုကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
လှည်းကူးမြို့နယ် မြို့မ (၈/၁)ရပ်ကွက်မှာ အသက် ၆၂ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးကို ရိုက်ခဲ့တဲ့ ရာအိမ်မှူးနဲ့ မိသားစုဝင် ၃ ဦးကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။
ဇွန် ၂၄ ရက် မနက်က မြို့မရပ်ကွက် (၈/၁) မှာ နေတဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းဌေးနေအိမ်ကို ရာအိမ်မှူးနဲ့ အဖွဲ့ဟာ စစ်မှုထမ်းအတွက် သွားခဲ့ရာ အချေအတင် စကားများခဲ့ပြီးနောက် ညနေပိုင်းမှာ ရုံးကိုခေါ်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် စစ်ဆေးခဲ့တာလို့ မြို့ခံတဦးကပြောပါတယ်။
ရာအိမ်မှူး ဦးသာဉာဏ်မှာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအလုပ်အမှုဆောင်တဦးဖြစ်ပြီး ဇနီးနဲ့ သားသမီးတွေလည်း ပါတီဝင်တွေဖြစ်ကာ အခင်းဖြစ်တဲ့နေ့က ဒေါ်စန်းဌေးအား စစ်မှုထမ်းကိစွနဲ့ ပါတီဝင်ဖို့ စည်းရုံးရာမှ စကားအချေအတင်ဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“အဓိကဖြစ်တဲ့ ပြဿနာက စစ်မှုထမ်းဖို့ရယ် ပြည်ခိုင်ဖြိုးပါတီဝင်ဖို့ ပြောကြရင်း စကားများတာ။ မဝင်ဘူးပြောတာကို အဖွဲ့အစည်းကို ဆဲတယ်၊ စစ်မှုမထမ်းနိုင်ဘူးပြောတယ်လို့ ရုံးကိုလိမ်ပြောပြီး ခေါ်ရိုက်တာ။ ရာအိမ်မှူးကို တာဝန်ကနားလိုက်ပြီ၊ ရဲစခန်းက အမှုဖွင့်ထားတယ်” လို့ဆိုပါတယ်။
Source – DVB
စဥ့်ကူးတွင် ပေါင် ၃၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခံရ၍ အမျိုးသမီးသေဆုံး
စစ်ကောင်စီက မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို ပေါင် ၃၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် နေအိမ်သုံးလုံးလည်းပျက်စီးသွားပါတယ်။
စဉ့်ကူးမြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အလုံးစုံထိန်းချုပ်ထားတဲ့ မြို့နယ်တခုဖြစ်ပြီး မြေပြင်စိုးမိုးမှု မရှိတော့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကစစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း ဆေးရုံ ၊ ဘုန်ကြီးကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။
Source – Mizzima
စစ်ကောင်စီရဲများအားပစ်ခေတ်တိုက်ခိုက်၍ နိုင်ငံရေးပုဒ်မတပ်ဖမ်းဆီးခံထားရသူကို ကယ်ထုတ်တွေဟာ တော်လှန်ရေးရန်ပုံငွေများလိမ်လည်ယူသွားပြီး စစ်ကောင်စီထံလက်နက်ချထားသူများဖြစ်နေ
ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲစခန်းမှာ နိုင်ငံရေးပုဒ်မတပ်ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ် ကယ်ထုတ်သွားတဲ့ဖြစ်စဉ် ဇူလိုင်လ ၁ ရက်နေ့ညကဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ ဒုရဲအုပ်(ကျား)သေဆုံးပြီး ဒုရဲအုပ်(မ)မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ကယ်တင်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကယ်တင်သွားသူတွေကို ဇူလိုင်လ ၂ ရက်နေ့ကပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြထားပါတယ်။
ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ တော်လှန်ရေးရန်ပုံငွေတွေကိုလိမ်လည်ယူသွားပြီးစစ်ကောင်စီထံ လက်နက်ချခဲ့သူတွေဖြစ်တယ်လို့ တော်လှန်အင်အားစုတွေကထုတ်ဖော်ပြောဆိုထားပါတယ်။
စစ်ကောင်စီထံ အဖမ်းခံရတဲ့ အမျိုးသမီးဟာ ထောက်ပို့ အမည်ခံဆက်လက်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
Source – People’s Spring
ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီး ၂ ဦး အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ရာ ကျောက်မဲမြို့ကို စစ်ကောင်စီက ဇွန်လ (၂၉)ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားလေးဦး စုစုပေါင်း (၆)ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကျောက်မဲမြို့၊ ရပ်ကွက် (၁) ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်ပါတယ်။အရပ်သားနေအိမ် ၁၀ လုံးခန့် ထိမှန်ပျက်စီးခဲ့ပါတယ်။
Source – Mizzima
စဉ့်ကူး လက်ပန်လှရွာကို လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး တဦးသေဆုံး
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတဦး သေဆုံးကာ နေအိမ်၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး အလောင်းဟာအရိုးအသား တစစီဖြစ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖတာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပတာ ၊ အပစ်ရပ်ကြေညာချက် ထုတ်ပြန်တာ စတဲ့ ဟန်ပြ အလုပ်တွေလုပ်နေသလို တဖတ်မှာလည်း ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊စစ်ဘေးရှောင်စခန်း၊ ဆေးရုံ စတဲ့ ပြည်သူလူထုနေထိုင်ရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
Source – People’s Spring
လူထုခေါင်းဆောင်ကို လျှို့ဝှက်ဖမ်းဆီးပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်နေကြောင်း MPW ထုတ်ဖော်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုကာလကြာရှည် လျှို့ဝှက် ထိန်းသိမ်းထားပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဇွန် ၂၈ ရက်က ထုတ်ဖော်ပြောပါတယ်။
MPW ရဲ့ စုံစမ်းမှုအရ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ ဧပြီလမှာ အပူချိန် မြင့်မားမှုကို အကြောင်းပြုပြီး နေပြည်တော်အကျဉ်းထောင်ကနေ ၁၄ မိုင်လောက်ဝေးတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကျပ်စွာနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဲဒီနေရာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုံးအနီးမှာ တည်ရှိကြောင်း၊ ထိန်းသိမ်းထားတဲ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သွားနာတာ၊ နှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ သက်ကြီးရောဂါတွေ ဖြစ်ပွားနေပေမဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုမရဘဲ စစ်တပ်ခန့်ဆရာဝန်တွေနဲ့သာ ဆေးကုသမှုခံနေရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) က ထုတ်ပြန်ထားပါတယ်။
မိသားစုနဲ့ တွေ့ဆုံခွင့်မပေးဘဲ အခုလိုချုပ်နှောင်ထားတာဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတခုအဖြစ် သတ်မှတ်နိုင်တယ်လို့လည်း MPW က ဆိုပါတယ်။
Source – DVB
မင်းလှမြို့နယ်ကအမျိုးသမီး ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထား
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ကို နှစ်ပတ်အကြာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဇရစ်မျှောင်ရွာခံ အမျိုးသမီး ၅ ဦးကို ဖမ်းဆီးထားတယ်လို့ မင်းလှမြို့နယ်ပကဖထံက သိရပါတယ်။
ဇူလိုင် ၂ ရက်နေ့က ဇရစ်မျှောင်ရွာက နေအိမ်တွေကို စစ်တပ်ကဝင်ရောက် မီးဝင်ရှို့ချိန် ရွာထဲကို ပြန်လာတဲ့ မသင်းသင်းဦး၊ မပါပါ၊ မအသေး၊ မမိချိုနဲ့ အမည်မသိရသူအမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီအမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့တဲ့ စစ်ကြောင်းမှာ အင်အား ၄၀ ကျော်ပါပြီး ၎င်းတို့ကို ဇရစ်မျှောင်ဘုန်းတော်ကြီးကျောင်းမှာ ထိန်းသိမ်းထားကာ ဇူလိုင် ၃ ရက်နေ့ ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။
Source – မြေလတ်အသံ
အမျိုးသမီးတဦးသေဆုံးတဲ့အထိ အက်ဆစ်နဲ့ပက်ခဲ့သူကို သေဒဏ်ချမှတ်
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ အမျိုးသမီးတဦးကို သေဆုံးအောင် အက်ဆစ်နဲ့ပက်ခဲ့သူကို တောင်ငူ တရားရုံးက သေဒဏ်အမိန့်ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလက တောင်ငူမြို့၊ (၁၂)ရပ်ကွက်၊ ဘုရားလမ်းမှာ နေထိုင်တဲ့ ဒေါ်အေးမြစန္ဒာမြင့်ကို ကို အောင်ဆွေလတ် (ခ) အီစာဆိုသူက အက်ဆစ်နဲ့ပက်ခဲ့တဲ့အတွက်
အသက် ၄၀ ကျော်အရွယ် ဒေါ်အေးမြစန္ဒာမြင့်မှာ မျက်နှာ၊ လက်မောင်း ၂ ဖက်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် အရေပြားများ လောင်ကျွမ်းဒဏ်ရာတွေနဲ့ မျက်လုံးနှစ်ဖက်မှာ ဒဏ်ရာရခဲ့ပြီး တောင်ငူခရိုင်ပြည်သူဆေးရုံမှာ ဆေးကုနေချိန် အောက်တိုဘာ ၂၃ ရက်မနက်မှာ သေဆုံးခဲ့ပါတယ်။
တရားခံကို တောင်ငူခရိုင် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။
Source – မြေလတ်အသံ
ပဲခူးက အသက်မပြည့်သူကို တရုတ်ဇနီးအဖြစ်ရောင်းချဖို့စီစဥ်သူကို နှစ် ၂၀ ထောင်ချ
ပဲခူးမြို့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနဲ့ ရက်ပေါင်းသင်းဖို့ စီစဥ်ရောင်းချခဲ့တဲ့ အမျိုးသမီးကို လူကုန်ကူးပုဒ်မနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံဖို့ ဇွန် ၃၀ ရက်မှာ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
ပဲခူးမြို့ ဥဿာမြို့သစ်မှာနေတဲ့ အရပ်အခေါ် ပွဲစားအမျိုးသမီးတစ်ဦးက ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ကိုင်နေတဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို ရန်ကုန်မှာ တရုတ်အမျိုးသားတစ်ဦးနဲ့ ရက်တိုပေါင်းသင်းနေထိုင်ဖို့ငွေကျပ်သိန်း ၅၀ ရရှိနိုင်မယ်လို့ စည်းရုံးလုပ်ဆောင်ခဲ့တယ်လို့ အမှုထွက်ချက်မှာဖော်ပြထားပါတယ်။
ဒါအပြင် အသက်ပြည့်ပြီးပါက တရားဝင်ငွေကျပ်သိန်း ၁၅၀ နဲ့ တင်တောင်းပြီး တရုတ်နိုင်ငံကို ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားက ထောက်ပံ့မယ်ဆိုတဲ့ မက်လုံးလည်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၃၀ ရက် တစ်ရက်တည်းမှာပဲ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်ဇနီးမယားအဖြစ်ရောင်းချခဲ့တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ပွဲစားအမျိုးသမီးကို လူကုန်ကူးပုဒ်မအရ မြစ်ကြီးနားခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Source – BBC
မုဒိမ်းပြုကျင့်ရန်ကြံစည်သူကို အာမခံနဲ့လွတ်ထားတဲ့ တရားသူကြီးစစ်ဆေးခံနေရ
ရခိုင်ပြည်၊ မြေပုံမြို့နယ် လွန်းလုံးပိုက်ကျေးရွာမှာ မုဒိမ်းပြုကျင့်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ အမျိုးသားကို ပြန်လည်ဖမ်းဆီးထားပြီး အာမခံပေးလွတ်ထားတဲ့ တရားသူကြီးကိုပါ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ကိုယ်ဝတ်ဗလာနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် ၂၃ နှစ်အရွယ် အိမ်နီးချင်း အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး မုဒိမ်းကျင့်ရန်ကြံစည်မှုလို့သိရပါတယ်။
အဆိုပါကြံစည်သူကို ရွာသားတွေဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ရဲ့ ရဲဌာနကို အပ်နှံအမှုဖွင့်ခဲ့ပေမယ့် ပြစ်မှုကျူးလွန်သူကို တရားသူကြီးက အာမခံပေးခဲ့တဲ့အတွက် ချုပ်နှောင်မခံရဘဲ လွတ်မြောက်နေခဲ့တာ တစ်နှစ်ကျော်ထိ အချိန်ကြာခဲ့ပြီလို့ အမျိုးသမီးငယ်ရဲ့ မိခင်က ပြောပါတယ်။
အခုလို အမှု့ကြန့်ကြာပြီး ပြစ်မှုကျူးလွန်သူ လွတ်မြောက်နေခြင်းကို တရားမျှတမှုရလိုတဲ့သူတွေက လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းဌာနတွေမှာ ဖွင့်ချလာတာကြောင့် ပြစ်မှုကျူးလွန်သူကို ပြန်လည် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Source – HI
ရန်ကုန်တွင် မွေးကင်းစကလေးငယ် စွန့်ပစ်မှု များလာ
ရန်ကုန်မှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ၈ ကြိမ်ရှိခဲ့ပြီး အဆိုပါ ပြစ်မှုတွေကို ရဲတွေက အခုချိန်ထိ အရေးယူနိုင်တာမရှိဘူးလို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ရန်ကုန်မြို့လယ်ကောင် လသာမြို့နယ် ၁၈ လမ်းထိပ်မှာ ဇွန် ၃၀ ရက် နေ့လယ်က စည်ပင်အမှိုက်ပုံးအတွင်း ထဘီနဲ့ ပတ်ကာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ ကလေးရုပ်အလောင်းကို ရပ်ကွက်နေသူတွေက တွေ့ရှိပြီး လူမှုကူညီရေးအသင်းနဲ့ ဆက်သွယ်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ပေးရတယ်လို့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။
မွေးကင်းစ ကလေးငယ် စွန့်ပစ်ခြင်းရဲ့ နောက်ကွယ်မှာ ဆင်းရဲမွဲတေမှု၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာ အားနည်းမှု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။
“တချို့ကျsex education ကျအားနည်းကြတယ်။ အကာအကွယ်၊တာဆေးတွေဘာတွေသုံးရမယ်လို့အသိရှိရင်တောင် ဝယ်သုံးဖို့ ငွေကြေးမတက်နိုင်တာတွေကလည်း မလိုအားအပ်တဲ့ကိုယ်ဝန်တွေနောက်ဆက်တွဲ ကလေးစွန့်ပစ်မှုတွေအထိဖြစ်နိုင်တယ်”လို့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် (၂၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒီလို မွေးကင်းစကလေးငယ်တွေ စွန့်ပစ်တာဟာ ရန်ကုန်တိုင်းတင်မကဘဲ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ကျိုက်ထို၊ မြိတ်၊ တောင်ငူ၊ မုံရွာနဲ့ ရေတာရှည်မြို့နယ်မှာ ဖြစ်ခဲ့ပါတယ်
Source – DVB
ပလက်ဝတွင် ၈လအတွင်း အမျိုးသမီး ၄ ဦး မုဒိန်းကျင့်ခံရပြီး ၂ ဦးအသတ်ခံရ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ၈လအတွင်း အမျိုးသမီး ၄ ဦး မုဒိန်းပြုကျင့်ခံခဲ့ရပြီး ၂ ဦး အသတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီမုဒိန်းမူကျူးလွန်သူဟု သံသယရှိသူတွေထဲမှာ အာရက္ခတပ်တော်(AA)က အရာရှိအဆင့်တစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးကျူးလွန်တဲ့ ဖြစ်စဉ်လည်းပါဝင်တယ်လို့ သိရပါတယ်။
အခုလို မုဒိန်းပြုကျင့်စဉ်တွေမှာ အမျိုးသမီးတွေကို ရိုက်နှက်ခဲ့လို့ ဒဏ်ရာတွေလည်း တွေ့ရသလို သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေမှာလည်း သေလောက်အောင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်(AA)ဘက်က တရားဝင်ထုတ်ပြန်ပေးတာမရှိပေမယ့် ပလက်ဝမြို့နယ်က ကလေးသုံးယောက်မိခင်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရမိဖို့ တရားခံပြေးအဖြစ် ကြော်ငြာဆိုင်းဘုတ်ထောင်ထားတာကို တွေ့ရပါတယ်။
Source – HI
ရခိုင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ ကလေးအသေမွေးဖွား
လက်နက်ကိုင်ပဋိပက္ခ ဒဏ်ကိုခံနေကြရတဲ့ ရခိုင်က ကိုယ်ဝန် ဆောင် အမျိုးသမီးတချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းမရအကျိုးဆက်အဖြစ် ကလေးအသေမွေးတာများလာပြားလာတယ်လို့ သိရပါတယ်။
အရင်စစ်ရေးပဋိပက္ခ မဖြစ်ပွားမီအချိန်ကဆိုရင် ရခိုင်ပြည်အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာကွယ်ဆေးတွေကို အခမဲ့ထိုးနိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန္ဓေစလွယ်ချိန်မှ စပြီး မိခင်နဲ့ ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုခံယူပြီး ကိုယ်ဝန်ဆောင်ချိန် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရပါတယ်။
ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီဟာ ဆေးရုံတွေ၊ လူသူထူထပ်တဲ့နေရာတွေကို လေကြောင်းကနေပစ်မှတ်ထား တိုက်ခိုက်လာတော့ ရခိုင်ရှိ ဆေးရုံတွေလည်း ပုံမှန်မလည်ပတ်နေ ဖြစ်နေပါတယ်။
အခုလို အခြေအနေတွေကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကာကွယ်ဆေးတွေလည်း ပုံမှန်မထိုးရဘူးလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆီက သိရပါတယ်။
Source – HI
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025