ကိုယ်ဝန်ဆောင်ဖို့ ကြောက်လာကြတဲ့ ရခိုင်က စစ်ရှောင် အမျိုးသမီးတွေ ‎ ‎

🔳 ရိုက်ကူး/ တည်းဖြတ် – ညီထွေး

လေကြောင်းတိုက်မှုတွေအပါအဝင် စစ်ရေးပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေကြတဲ့ ရခိုင်ရှိ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင် ကလေးမွေးဖို့ ကြောက်နေကြတယ်လို့ ဆိုပါတယ်။ ‎ ‎

“အခုဆိုရင် ကာကွယ်ဆေးလည်း မထိုးရဘူး။ ဒီမှာဆိုရင် ကလေးတွေ လမစေ့ဘဲ မွေးတာတွေရှိတယ်။ လမစေ့ဘဲ မွေးဖွားလို့ ကလေးတွေ သေသွားကြတာလည်း ရှိပါတယ်။ မွေးပြီးလို့ တစ်လ ‎နှစ်လဆိုတာနဲ့ ကလေးတွေ သေသွားကြတာလည်းရှိပါတယ်။ မိခင်က အဟာရချို့တဲ့ လို့ ကလေးတွေ ဆုံးရှုံးသွားတာရှိပါတယ်။အဲဒါတွေကို တွေးပြီး ကျမလည်း ကြောက်မိပါတယ်။

” ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်မင်းကလာ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန် ၈ လ ရှိနေပြီဖြစ်တဲ့ ဒေါ်မတင်လှ ၃၅နှစ်က ပြောပါတယ်။ ‎တချို့ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်အတွင်း ကာကွယ် ဆေးမထိုးရတာတွေ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်း မရတာတွေနဲ့ စားဝတ်နေရေး ပြသနာဖြေရှင်းဖို့ ကိုယ်ဝန်အရင့်အမာတွေနဲ့အလုပ်လုပ်နေရတာတွေကြောင့် ကလေးအသေမွေးတဲ့အထိ ‎ရှိလာတယ်လို့ စစ်ဘေးရှောင်ကျန်းမာရေး အသိုင်းအဝန်းက ပြောကြပါတယ်။ ‎ ‎ ‎

မြို့နယ် ၁၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် အေအေက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါတယ်။ ‎ ‎ဒါပေမဲ့ ဆေးရုံဆေးခန်းတွေ လူနေထူထပ်တဲ့ နေရာတွေကို စစ်ကောင်စီကလေကြောင်းနဲ့ ‎ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အေအေ ထိန်ချုပ်ထားတဲ့ မြို့နယ်တွေမှာလည်းဆေးရုံဆေးခန်းတွေ ပုံမှန် မလည်ပတ်နိုင်ဘူးလို့သိရပါတယ်။စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ကာကွယ်ဆေးအပါအဝင် ဆေးဝါးစျေးနှုန်းတွေလည်း ‎အရင်အတိုင်းပဲ မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။

Author: