အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ
ဒေဝီ
မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာသုံးရပ်စလုံးကို အရေးပေါ်အခြေအနေကြေညာလို့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးပျက်ပြားခဲ့ရပါတယ်။ အထူးသဖြင့် လုံခြုံရေးထိန်းသိမ်းမှု၊ ဖမ်းဆီးမှု၊ တရားစွဲဆိုမှုတွေဟာ အရင်ဥပဒေများအတိုင်း လေးစားလိုက်နာခြင်း မရှိတော့တာ တွေ့ရပါတယ်။ တိုင်းပြည်ရဲ့နေရာအနှံ့မှာ သိသိသာသာကြုံတွေ့ရတာက မလုံခြုံမှုတွေပါ။ လမ်းသွားရင်း လုယက်မှု၊ ခိုးယူမှုကစလို့ နေအိမ်ထဲအထိ ပစ္စည်းလု၊ လူသတ်မှုတွေအထိ ဖြစ်ပွားနေတော့ ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်နေရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအုပ်ချုပ်တဲ့ဒေသတွေမှာ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်လုယက်မှုတွေ တနေ့ထက် တနေ့များပြားလာပြီး ပြည်သူတွေ မလုံခြုံတဲ့အခြေအနေနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ လုယက်သတ်ဖြတ်မှုတွေတင်မက မုဒိန်းပြုကျင့်ခံရမှုတွေကြုံတွေ့ရတဲ့အထိ မလုံခြုံတဲ့အခြေအနေတွေ ဆိုးရွားလာပါတယ်။
ပြီးခဲ့တဲ့ရက်တွေက စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မိန်းကလေးတဦးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူမိန်းကလေးမှာ အသက်က ၂၁ နှစ်အရွယ်ရှိသူဖြစ်ကာ မြင်းခြံကနေ ဂျပန်နိင်ငံသွားအလုပ်လုပ်ဖို့ ရန်ကုန်က အဆောင်မှာ လာရောက်နေထိုင်သူဖြစ်ပြီး အလုပ်က ပြန်မလာဘဲ ပျောက်ဆုံးသွားရာကနေ ငါးရက်အကြာမှာ အလောင်းကို လှော်ကားဘက်မှာ ရှာတွေ့ခဲ့ကြတယ်လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
ကျူးလွန်သူတွေကလည်း အဆောင်နေအမျိုးသားသုံးဦးဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။
“ဆေးကြောင်ပြီး လုပ်ကြတယ်လို့ကြားတယ်၊ လူရောပစ္စည်းရောယူပြီး သတ်ပစ်ထားတာ၊ အလောင်းကို ကိုင်းတောထဲ ပစ်ထားတာ၊ အလောင်းတွေ့ပြီး စုံစမ်းတော့မှ အဲဒီကောင်မလေးဖြစ်နေတာ၊ ပျောက်နေတာ ရက်ပိုင်းလောက်ရှိပြီ” လို့ အဆိုပါ ရပ်ကွက်နေပြည်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း မင်္ဂလာတောင်ညွှန့် ၁၀၈ လမ်းမှာနေထိုင်တဲ့ သက်ကြီးအမျိုးသမီးကြီးကို လူသတ်ပြီး ရွှေထည် ပစ္စည်းတွေနဲ့ ငွေကြေးတွေ လုယက်မှုတခုလည်း ဖြစ်ပွားခဲ့သလို မန္တလေးမြို့နယ်မှာလည်း အငြိမ်းစားပါမောက္ခတဦးကို ခင်မင်ရင်းနှီးတဲ့ အိမ်ပွဲစားက အိမ်လိုက်ပြမယ်လို့ ခေါ်ယူကာ လူကိုသတ်ဖြတ်ပြီး ပစ္စည်းတွေ ယူဆောင်သွားပါတယ်။
စစ်ကောင်စီအုပ်ချုပ်တဲ့ မြို့တွေမှာ မလုံခြုံမှုတွေ ပိုဆိုးလာသလို ခိုးမှု၊ လုယက်မှုတွေတင်မက ပြန်ပေးဆွဲသတ်ဖြတ်မှုတွေ အထိ လက်ရဲဇက်ရဲကျူးလွန်လာကြပြီး ဒါတွေက စီးပွားရေးကြပ်တည်းမှုတွေကြောင့်သာမက လောင်းကစားနဲ့ မူးယစ်ဆေးတွေ အလွယ်တကူရနေတာတွေကြောင့်လည်း ပါတယ်လို့ Content writer တဦးဖြစ်သူ မီကိုက ပြောပါတယ်။
“စလေ့ာဂိမ်းငါးပစ်ဂိမ်းလို လောင်းကစားတွေက တော်တော်ဆိုးတယ်၊ လောင်းကစားအကြွေးတွေကြာင့် ငွေလိုပြီး သူငယ်ချင်း အချင်းချင်းသတ်တာ၊ မောင်က အစ်မကိုသတ်တာ၊ တူကအဒေါ်ကို သတ်တာတို့ဖြစ်လာတယ်”လို့ မီကိုက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ခိုးဆိုးလုနှိုက်ရာဇဝတ်မှု ကျူးလွန်သူတွေကို အကျဉ်းထောင်တွေက လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး ဒီ လူတွေက ပြင်ပရောက်လာတဲ့အခါမှာ သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်တာမဟုတ်ပဲ အရင်ထက်ပိုပြီး ဒုစရိုက်မှု တွေကို လက်ရဲဇက်ရဲကျူးလွန်လာကြတာကလည်း အဓိကအကြောင်းရင်းတခုဖြစ်တယ်လို့ သူကဆိုပါတယ်။
သူကိုယ်တိုင်လည်း လိုင်းကားစီးရင်း ခါးပိုက်နှိုက်ခံရတာ၊ အိတ်ခွဲခံရတာ၊ လမ်းလျှောက်ရင်း ဖုန်းလုခံရတာတို့ ဒီကာလအ တွင်း ကြုံခဲ့ရတဲ့အတွက် အသွားအလာ သတိထားနေထိုင်ရတယ်လို့ မီကိုက ပြောပါတယ်။
“တခါဆို လမ်းသွားရင် လုတဲ့သူက ဆိုင်ကယ်နဲ့ ဘေးကနေ အိတ်ကိုဆွဲလုသွားတာ၊ လူကပစ်ကျတာ၊ လက်တွေဒူးတွေမှာ ဒဏ်ရာတွေချည်းပဲ၊ အဲဒီကတည်းက လမ်းသွားလည်း သတိထားပြီး ဟိုဟိုဒီဒီ ကြည့်နေရတယ်”လို့ မီကိုက ပြောပါတယ်။
ဒါ့အပြင် မြို့ပြနဲ့ နယ်မြို့တွေမှာ နေထိုင်သူတွေအတွက် မလုံခြုံမှုတွေ သိသိသာသာဖြစ်လာတဲ့အထဲက လူပျောက်မှုတွေ လည်း အပါအဝင်ပဲလို့ သူကဆိုတယ်။ ကလေးကစလို့ အမျိုးသမီး၊ အမျိုးသား၊ လူကြီးမရွေးပျောက်ဆုံးနေတာက နေ့စဉ်နဲ့ အမျှ ဖြစ်နေတဲ့အတွက် နေ့စဉ်လူနေမှုဘဝတွေမှာ စိတ်မလုံမခြုံဖြစ်စေတယ်လို့ ဆက်ပြောတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း ဖျာပုံမြို့နယ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးဟာ ဖေဖော်ဝါရီလကတည်းက ပျောက်ဆုံး ခဲ့ပြီးနောက် နှစ်လကျော်အကြာ ဧပြီလမှာ အရိုးစုဖြစ်နေတဲ့အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ကျူးလွန်တယ်လို့ သံသယရှိထားတဲ့ ယင်းမိန်းကလေးရဲ့ မောင်ဝမ်းကွဲအပါအဝင် လူ ၄ ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးစစ်ဆေး နေပြီး၊ လောင်းကစားနဲ့ဂိမ်းတွေကြောင့် ငွေကြေးလိုအပ်တဲ့အတွက် ပစ္စည်းလုသတ်ဖြတ်တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပြည်သူတွေမှာလည်း စားဝတ်နေရေး ကြပ်တည်းမှုတွေအပြင် ရာဇဝတ်မှုတွေ ထူပြောလှတဲ့အခြေအနေမှာ ကျီးလန့်စာ စားဘဝတွေနဲ့ နေထိုင်နေရပြီး အသွားအလာ၊ အနေအထိုင်ကစလို့ မိမိဖာသာ ကာကွယ်ဆင်ခြင်ပြီး နေထိုင်ရပါတယ်။
စစ်ကောင်စီအုပ်ချုပ်နေတဲ့ မုံရွာမြို့မှာလည်း နယ်မြေမငြိမ်မသက်တာကို အခွင့်ကောင်းယူလို့ လူမိုက်ဂိုဏ်းတွေကို ငွေပေး ပြီး လူသတ်တာ၊ ပြန်ပေးဆွဲတာ၊ လုယက်ဓားမြတိုက်တာတွေက မကြာခဏဖြစ်နေတယ်လို့ မုံရွာဒေသခံကိုသက်က ပြောပါတယ်။
“အာဏာသိမ်းပြီးနောက် ပိုများလာတာပေါ့၊ လုယက်ပြန်ပေးဆွဲတာတွေက ပုံမှန်လိုတောင်ဖြစ်နေတာ” လို့ သူကပြောတာပါ။
မုံရွာမြို့ပေါ်မှာတင်ပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်နဲ့ပစ်ခတ်လို့ မိခင်ရော၊ ဗိုက်ထဲကကလေးပါ သေဆုံးတာ၊ သေ နတ်ပြချိန်းခြောက်ပြီး ဓားမြတိုက်တာ၊ လမ်းသွားနေတဲ့ ဇနီးမောင်နှံကို လုယက်ရိုက်နှက်ပြီး အမျိုးသမီးကို မုဒိမ်းကျင့်တာ စသဖြင့် ဒုစရိုက်ကျုးလွန်မှုအများအပြားဖြစ်နေပြီး နေရထိုင်ရတာ မလုံခြုံတဲ့အတွက် သတိထားသွားလာနေရတယ်လို့ သူက ပြောတယ်။
အကြမ်းဖက်လုယက်မှုတွေကို လူတိုင်းကျူးလွန်ခံရနိုင်ပေမယ့် အမျိုးသမီးတွေကို ပစ်မှတ်ထားကျူးလွန်တဲ့ဖြစ်စဉ်တွေ ပို များပြီး ဒါကအမျိုးသားတွေထက် အမျိုးသမီးတွေကို အကြမ်းဖက်ရလွယ်တာနဲ့ ဉပဒေကို အလေးထားစရာ မလိုတာတွေ ကြောင့်ဖြစ်တာလို့ သူကပြောပါတယ်
“Rule of Law မရှိတဲ့ တိုင်းပြည်က အစစအရာရာ ပျက်စီးတာ မဆန်းပါဘူး၊ ကလေးငယ်တွေကိုကအစ ကျူးလွန်နေတာ”လို့ သူကပြောတယ်။
ပြည်သူတွေမှာ လူမှုရေး၊ စီးပွားရေး၊ အဖက်ဖက်က ကြပ်တည်းလာတဲ့အပြင် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေး လျော့ရဲလာမှုတွေ၊ ဒုစရိုက်မှုကျူးလွန်သူတွေကို စောင့်ကြည့်အရေးယူရမဲ့အစား စစ်ကောင်စီကို ဆန့်ကျင်မှုတွေကိုသာ ပစ် မှတ်ထား ဖမ်းဆီးအရေးယူတာတွေ၊ အကျဉ်းထောင်တွေကနေ ခိုးဆိုးလုယက်သူ၊ ဒုစရိုက်မှုကျူးလွန်သူတွေကို လွှတ်ငြိမ်းပေးမှုတွေကြောင့် နေရာစုံ၊ မြို့နယ်စုံမှာ လုယက်သတ်ဖြတ်မှုတွေက ပိုများလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာလည်း ပခုက္ကူမြို့မှာ ဆိုင်ကယ်ဆီဖြည့်ပြီး ပြန်လာတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတဦးကို ဆိုင်ကယ်နဲ့ လူနှစ်ဦးက လမ်းပိတ်ရပ်ပြီး ဓားထောက်ကာ ဖုန်းနဲ့လက်စွပ်ကို လုယက်ခဲ့သလို ယင်းမိန်းကလေးလက်ကို ဓားနဲ့ ခုတ်ပြီး ဆိုင်ကယ်လုယူသွားတာ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး ကားအရောင်း အဝယ်လုပ်ဖို့ချိန်းဆိုတဲ့ နေရာသွားရောက်စဉ် အသတ်ခံလိုက်ရတာ၊ အမှိုက်ကောက်တဲ့ အမျိုးသမီးကို လုယက်ရာမှာ ငွေ ကြေးမရရှိတဲ့အတွက် ဓားနဲ့ထိုးသွားလို့ သေဆုံးရတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ပါသေးတယ်။
ဒီလိုနိုင်ငံအနှံ့မှာ လုယက်မှုတွေ၊ ခိုးမှုတွေ၊ မိန်းကလေးတွေကို အကြမ်းဖက်ရိုက်နှက်မှုတွေက ခပ်စိပ်စိပ်တွေ့လာရသလို ကျူးလွန်သူတွေကိုလည်း ဆိုင်ရာအဖွဲ့အစည်းတွေက အရေးယူမှုမပြုဘဲ လွတ်ထားတာကြောင့် ပြည်သူတွေမှာ မလုံမခြုံနဲ့ နေထိုင်နေရတာလို့ အကြမ်းဖက်လုယက်ခံရသူတွေက ဆိုပါတယ်။
” အခုလိုဖြစ်တာ ဖမ်းမယ့်သူ မရှိလို့၊ တာဝန်ရှိသူတွေက မဖမ်းဘဲလွှတ်ထားတာကြောင့် လုယက်တာတွေ၊ ရိုက်နှက်ခံရတာ တွေဖြစ်နေတာ” လို့ မိတ္ထီလာမြို့နယ်မှာ နေထိုင်တဲ့ မစုစုကပြောပါတယ်။
သူကတော့ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာ မုန့်ထိုင်စားနေတုန်း စားပွဲပေါ်တင်ထားတဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်ကို လုပြေး သွားတဲ့ဖြစ်စဉ်ကို လွန်ခဲ့တဲ သုံးနှစ်ဝန်းကျင်တုန်းက ကြုံခဲ့ရတယ်။
လုယက်သူနောက်ကို ပြေးလိုက်ခဲ့ပေမယ့် ဆိုင်ကယ်နဲ့ထွက်ပြေးတာကြောင့် မမိခဲ့သလို၊ ထွက်မပြေးနိုင်အောင် ဆိုင်ကယ်ကို နောက်ကနေ ဆွဲထားတဲ့ မစုစုကိုယ်တိုင်လည်း အရှိန်လွန်ပြုတ်ကျခဲ့ပြီး လက်နဲ့နဖူးတွေမှာပါ ဒဏ်ရာရခဲ့ပါတယ်။
သူတို့ကိုလုယက်သူကလည်း ဆိုင်ထဲဝင်ရောက်ပြီး ပစ္စည်းမလုယူခင် အပြင်မှာရပ်ထားတဲ့ ကားကို လိုက်လံဖွင့်ကြည့်ပြီး ကားထဲက ပစ္စည်းတွေကို ခိုးယူဖို့ ကြံစည်ခဲ့သေးတယ်လို့ ဆိုပါတယ်။
မစုစုတို့နေထိုင်တဲ့ မိတ္ထီလာမြို့နယ်က စစ်တပ်မြို့ဖြစ်ပေမယ့်လည်း လူသတ်မှုတွေ လုယက်မှုတွေကတော့ ရှိနေပြီး ဖုန်းလုမှု၊ ပစ္စည်းခိုးယူမှုဆိုတာတွေကတော့ ပုံမှန်လို မကြာခဏဖြစ်နေတာလို့ သူကပြောပါတယ် “ မနှစ်ကဆို အမေနဲ့သမီး၊ သားအမိ နှစ်ဦးကို အိမ်ထဲမှာပဲ အနုကြမ်းစီးပြီး သတ်သွားတဲ့ဖြစ်စဉ်လည်းရှိတယ်လို့ သူက ဆိုပါတယ်။
မြို့ပြနဲ့ နယ်မြို့တွေမှာ ယခင်ထက် ဒုစရိုက်မှုတွေ တစ်နေ့တခြားပေါများနေပြီး ဒါတွေကို အဓိက တာဝန်ရှိအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့က တာဝန်ယူတားဆီးဆောင်ရွက်ရမှာဖြစ်တယ်လို့ CDM ရဲဝန်ထမ်းဖြစ်သူကိုထွေးက ပြောပါတယ်။
ရာဇဝတ်မှုတွေ လျော့ပါးအောင် ဆောင်ရွက်ရမှာက ရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ဖြစ်ပေမယ့် လက်ရှိကျူးလွန်နေတဲ့ အမှုအခင်း တွေကို ထိထိရောက်ရောက်နှိမ်နင်းတားဆီးတာမျိုးမတွေ့ရဘဲ စစ်ကောင်စီရဲ့ညွှန်ကြားမှုတွေနဲ့ ပြည်သူတွေကိုသာ ဆန့်ကျင် သူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးအရေးယူတာ၊ အမှုအခင်းတွေကို လာဘ်လာဘမျှော်ကိုးပြီး လုပ်ဆောင်နေတာမျိုးတွေပဲ တွေ့ရကြားရတယ်လို့လည်း ကိုထွေးကပြောပါတယ်။
” မတည်ငြိမ်တဲ့အခြေအနေကို အခွင့်ကောင်းယူပြီး သူတို့အကျိုးအတွက်မျှော်ပြီး လုပ်နေတာတွေများတယ်၊ ပြည်သူတွေ ဘယ်လောက်ထိခိုက်ထိခိုက်၊ မလုံမခြုံဖြစ်လည်း သူတို့နဲ့မဆိုင်သလိုနေနေတာ၊ ဒီအမှုအခင်းတွေကို အရေးတယူနဲ့ ဖိဖိစီးစီး ဖမ်းဆီးတာမျိုးမရှိဘူး”လို့လည်း သူက ဆက်ပြောပါတယ်။
အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး အနိုင်ကျင့်စော်ကားမှုတွေက အရင်ကတည်းက အခုထိရှိနေဆဲ ဖြစ်သလို၊ လက်ရှိကာ လမှာလည်း စစ်ကောင်စီအုပ်စိုးတဲ့ဒေသတွေမှာရော စစ်ကောင်စီအုပ်ချုပ်မှု လစ်လပ်နေတဲ့ဒေသတွေမှာပါ ဒီလိုရာဇဝတ် ကျူးလွန်မှုတွေက ရှိနေပြီး အဓိကအားဖြင့် တရားဉပဒေစိုးမိုးမှု လျော့ရဲတာ၊ ပြည်သူကိုကာကွယ်ပေးမယ့်အဖွဲ့အစည်းတွေ က ပျက်ကွက်နေတာကြောင့် မသမာသူတွေမှာ ဒီလိုအမှုအခင်းတွေကို ကျူးလွန်ဖို့ အခွင့်အရေးပိုရနေသလိုဖြစ်နေတာလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မြတ်နိုးဖြူကပြောပါတယ်။
“စည်းနှောင်မှုမရှိတဲ့ တရားရေးကိစ္စရပ်တွေကြောင့် ဒါတွေက ကျူးလွန်လို့ကောင်းနေတာ၊ ကျူးလွန်တဲ့သူတွေအတွက် အခွင့် အရေးရနေတယ်လို့မြင်တယ်။ တရားရေးတခုလုံး ပျက်စီးနေတယ်”လို့ မြတ်နိုးဖြူကပြောပါတယ်။
စစ်ကောင်စီအုပ်စိုးတဲ့ နယ်မြေမှာဖြစ်စေ၊ စစ်ကောင်စီအုပ်ချုပ်မှု ကင်းလွတ်နေတဲ့ နေရာဒေသတွေမှာဖြစ်စေ၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက တရားဉပဒေစိုးမိုးမှုရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး ဒါမှသာ ရာဇဝတ်ကျူးလွန်မှုတွေ လျော့နည်းသွား မှာဖြစ်တယ်လို့ဆိုတယ်။
“အမျိုးသမီးတွေ လုံခြုံဖို့ဆိုရင် ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေသည် ဒါမျိုးလုပ်ရင် ဒါမျိုးခံရမယ်ဆိုတာ သိဖို့လိုသလို တရား ရေးသည်လည်း တကယ့်စည်းနှောင်မှု ရှိရမယ်၊ ရဲတွေတာဝန်ရှိသူတွေသည်လည်း တကယ်ကိုမှ စနစ်တကျနဲ့ လုပ်ဆောင် ပြီးတော့မှ ကာကွယ်ပေးနိုင်မယ့် ယန္တရားစနစ်တခုကို တည်ဆောက်ဖို့ လိုမယ်လို့ ထင်ပါတယ်လို့ မြတ်နိုးဖြူက ပြောတယ်။
ဘယ်လိုရာဇဝတ်အမှုအခင်းကြုံတွေ့ရပါစေ၊ ပြည်သူတွေ လက်လှမ်းမှီနိုင်တဲ့ တရားရေးစနစ်ရှိဖို့ လိုသလို၊ ပြည်သူတွေ တရားရေးစနစ်ကို ယုံကြည်အားကိုးနိုင်အောင်လည်း ဖန်တီးဖို့လိုတယ်လို့ သူက ဆက်ပြောတယ်။
မည်သို့ပင်ဖြစ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ပျက်သုဥ်းနေချိန်မှာ စတုတ္တမဏ္ဏိုင်ဖြစ်တဲ့ မီဒီယာတွေကို ဖိနှိပ်ဖမ်းဆီးနေတာကြောင့်လည်း အစကတည်းက တိုးနေတဲ့ အမျိုးသမီးတွေရဲ့အသံဟာ ပျောက်ကွယ်လု မတတ်ဖြစ်လာပါတယ်။
အထူးသဖြင့် ဒီလိုလုံခြုံမှုကင်းမဲ့နေတဲ့ အခြေအနေမှာ အမျိုးသမီးတွေဟာ အကာအကွယ်မဲ့နေကြပြီး မတရားအနိုင်အထက် ပြုကျင့်မှုတွေ ခံရရင်တောင်မှ အနေအထိုင်မတတ်လို့၊ အသွားအလာမဆင်ခြင်လို့ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ သမရိုးကျပြစ်တင် ရှုတ်ချမှုတွေကို ရင်ဆိုင်ကြရပြန်ပါတယ်။
လက်ရှိမှာတော့ ရာဇဝတ်မှုကျူးလွန်လိုက်ပေမယ့်လည်း ကောင်းမွန်တဲ့တရားရေးစနစ်မရှိတဲ့အပြင် ကျူးလွန်သူထက် ကျူးလွန်ခံရသူကို အပြစ်တင်ပြောဆိုတဲ့ အလေ့အထတွေကြောင့်လည်း မိမိရဲ့နစ်နာမှုကို ထုတ်ဖော်ပြောဖို့ ဝန်လေးလာကြတာ ဟာ မသမာသူတွေကို ပိုကျူးလွန်လို့ကောင်းတဲ့အခြေအနေဖြစ်စေတယ်လို့ သူကဆက်ပြောတယ်။
“တရားရေးသည် အချိန်တွေဆွဲနေတာမျိုး၊ မေးခွန်းပေါင်းများစွာ မေးနေတာမျိုး၊ တဖက်ကလည်း ငွေကြေးကုန်ကျမှု တွေကြောင့် လူတွေက မသွားချင်တော့ဘူး၊ တရားခွင်မှာ တက်မလာတော့ဘူး၊ ဒီလိုတက်မလာတော့ရင် မုဆိုးတွေက သား ကောင်လိုက်လို့ အရမ်းကောင်းတဲ့ဝန်းကျင်ပဲပြန်ဖြစ်လာဦးမှာ”လို့ မြတ်နိုးဖြူက ပြောပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025